စိတ်မာဆတ် (၃)

black chawNovember 21, 20121min19818

နှုတ်ထွက်တာတွေ ခေတ်စားနေပါသတဲ့…ကျောင်းဒကာ…။
မကြာခင်ကပဲ အမေရိကန် စီအိုင်အေ ညွှန်ကြားရေးမှူး ဒေးဗစ်ပက်ထရေးယပ်စ် နှုတ်ထွက်သွားတယ်တဲ့…။
ဘလက်ကြီးတို့ မန်းဂဇက်က ရွာသူ ဒေါ်ပုချ်ကတောင် ဒီလူ ဘာကြောင့်ထွက် ဆိုပြီး ပို့စ်တစ်ပုဒ်ရေးတင်ခဲ့ပါရောလား…။
ဟုတ်တယ်လေ…။
ဒီပုဂ္ဂိုလ် နှုတ်ထွက်ခြင်းနဲ့အတူ အိမ်ထောင်ရေးဖေါက်ပြန်ခဲ့တယ်ဆိုတဲ့အပုတ်နံ့ကလည်း တစ်ပြိုင်တည်းလိုလိုထွက်လာခဲ့ပေသကိုး…။
တစ်ပြိုင်နက်မှာပဲ လစ်ဗျားနိုင်ငံက အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ကွန်ဂရက်လွှတ်တော်အမတ်များရဲ့
တံခါးပိတ် စစ်ဆေးမေးမြန်းမှုကိုလည်း ရင်ဆိုင်နေရသေးတယ်တဲ့ဗျာ…။
ဆိုတော့ အိမ်ထောင်ရေးဖေါက်ပြန်လို့ နှုတ်ထွက်တာထက် လစ်ဗျားနိုင်ငံက အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုကြောင့် နှုတ်ထွက်တာက ဖြစ်နိုင်ခြေပိုများနေပါတယ် ဒေါ်ပုချ်ရေ…။

အိမ်ထောင်ရေးဆိုလို့ လက်ရှိနိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ရဲ့ ခင်ပွန်း သမ္မတကြီးကလင်တန်လည်း
အိမ်ထောင်ရေးဖေါက်ပြန်ခဲ့သေးတယ်ဆိုတာ လက်ပူးလက်ကြပ်ကြီးဆိုသလို လူမိခဲ့သေးတာ မနေ့တစ်နေ့ကဖြစ်ခဲ့သလို
မှတ်မိနေသေးတယ်ဗျာ…။
အော် မော်နီကာလူဝင်းစကီးလေး အခုလောက်ဆို အိမ်ထောင်တွေဘာတွေကျပြီး အခြေတကျ ဖြစ်နေလောက်ရောပေါ့…။
ဆိုတော့ ကလင်တန်ကြီးတောင် ရာထူးက နှုတ်မထွက်ပဲ သက်တမ်းကုန်သည်အထိ သမ္မတကြီးလုပ်သွားခဲ့သေးတာပဲ…။
စီအိုင်အေညွှန်ကြားရေးမှူး အိမ်ထောင်ရေးဖေါက်ပြန်တာလောက်ကတော့ အေးဆေးပါဗျာ…။
စကားအတင်းကြီး စပ်ရရင်ဖြင့်…
ကျွန်တော်တို့ရွာက မန်းဂဇက် ဖတ်ရွေးအဖွဲ့ဝင်တွေဖြစ်တဲ့…
လင်းဝေ၊ နိုဇိုမိ၊ အင်ဇာဂီ နဲ့ ဘလက်ချော တို့တစ်သိုက်
အစုလိုက် အပြုံလိုက် နှုတ်ထွက်သွားကြခြင်းမှာလည်း
အိမ်ထောင်ရေးဖေါက်ပြန်မှု တစ်စုံတစ်ရာ ပါဝင်ပတ်သက်မနေဘူးလို့
ဘယ်သူပြောနိုင်ပါသလဲ…။
တစိတ်ရှိ နယ်ထွက်တယ်နယ်ထွက်တယ်နဲ့ အိမ်မကပ်တဲ့ ကိုလင်းဝေ…။
ဗန်ကောက်သွားလိုက်…၊ စင်္ကာပူသွားလိုက်…၊ အိမ်ကအသည်းကြီးနဲ့ ဝေးရင်ပြီးရောဆိုတဲ့ အချိုးချိုးပြနေတဲ့ ကိုနိုဇိုးမိ…။
အင်ဇာဂီလေးကတော့ လူပျိုလေးဆိုတော့ ဖေါက်ပြန်တယ်လို့ ပြောမရလို့ ရည်းဇားတွေထည်လဲတွဲနေတဲ့ အသည်းစားဘီလူးကြီး…။
နန်းခင်ဇေယျာလေးကိုပြစ်မှားလိုက်…၊ ချမ်းမီမီကိုလေး ကို ပြစ်မှားလိုက်နဲ့ အိမ်က အသည်းကြီးကို မေ့ဖို့ ကြိုးစားနေတဲ့ ဘလက်ချောကြီး…။
အေးလေ…တရားရမိပါရဲ့ဗျာ…။
ဒီလူကြီးတွေ ရဲ့ နှုတ်ထွက်မှုမှာ အိမ်ထောင်ရေးဖေါက်ပြန်မှုတစ်စုံတစ်ရာ ပါမပါကို
ဥက္ကဌကြီး ကိုပါလေရာက အခန်းတံခါးပိတ်
စစ်ဆေးဖို့ ပြင်နေတယ်ဆိုတဲ့ သတင်းလည်းကြားနေရတယ်ဗျာ…။
နောက်ထပ်နှုတ်ထွက်မယ်ဆိုသူများအားလုံး အိမ်ထောင်ရေးဖေါက်ပြန်မှု ရှိမရှိ စုံစမ်းစစ်ဆေးခံရမည်ဆိုတဲ့ စည်းကမ်းအသစ်ကိုလည်း ထုတ်ပြန်ဦးမယ် ဆိုတဲ့အကြောင်း…။

မှတ်ချက်။ ။ ဒီနေ့…နေ့လယ်ခင်း ကိုကြီးမိုက်၊ ကိုနိုဇိုးမိ နှင့် ဘလက်ချော တို့ သုံးယောက် လဖက်ရည်သောက်ကြရင်း
စပ်မိစပ်ရာ ပြောဖြစ်ကြရာမှ ကိုကြီးမိုက် နှင့် ကိုနိုဇိုးမိတို့၏ ဟာသအတွေးကို ကျွန်ုပ်ဘလက်ချောက ပို့စ်အဖြစ်ရေး တင်လိုက်ခြင်းဖြစ်ပါသည်…။
ရွာသူား မိတ်ဆွေများ ဖတ်ပြီး ပြုံးမိရုံလောက်ကိုသာ ရည်ရွယ်ပါသည်…။
အမှားအယွင်းတစ်စုံတရာပါသည်ဆိုပါက အဆိုပါ ကိုကြီးမိုက်နှင့် ကိုနိုဇိုးမိတို့ ကိုသာ ဆဲဆိုကြပါကုန်…။

စိတ်ကို စိတ်ဖြင့် နှိတ်မည်…
ရှေးဟောင်း နန်းတွင်း စိတ်အကြောပညာရှင်ကြီး…
ဘလက်…။

18 comments

  • ဦးဦးပါလေရာ

    November 21, 2012 at 7:52 pm

    ဟေး… ဟေး…
    နေကြဦးလေ…
    ဥက္ကဌအသစ် ပြန်လာရင် ကျုပ်ပါ နှုတ်ထွက်မလို့ကြံနေတာကို..
    သူတို့လုပ်တာနဲ့ ကိုယ်ပါ အိမ်ထောင်ရေးဖေါက်ပြန်သလား အစစ်ခံနေရဦးမယ်….
    :harr:

  • aye.kk

    November 21, 2012 at 8:08 pm

    စိတ်မာဆတ်
    လိပ်ကာယတ်
    တိတ်ခါဇတ်
    နှိပ်တာအပြတ်။။

  • Inz@ghi

    November 21, 2012 at 8:24 pm

    ကျနော် အခုပြန်အားနေပြီ ဖြစ်ပေမယ့် ဖတ်ရွေးတော့ မဝင်လိုတော့ပါဘူး ဘဘ ဘလက်ရေ.
    တလခွဲ နှစ်လလောက်. မအားခဲ့လို့ ဖတ်ရွေးကထွက်တယ် ဆိုပေမယ့်.
    အဲ့သည့်အချိန် စာရေးသူကောင်းတွေ. ပိုစ့်ကောင်းတွေ တက်လာတာ တွေ့ ဖြစ် သိဖြစ်နေတော့.

    ၁). ကိုယ့်ထက် လက်ရည်မြင့်တဲ့ ဆြာတွေ ဖန်တီးတာကို ဝေဖန်သလို အကဲ ဖြတ်သလို လုပ်ရမှာ စိတ်မလုံတာ ပထမ အချက်ဗျ.
    ကိုယ်က စတီဗင်တိုင်လာ မို့လို့ အမေဒစ်ကန် အိုင်ဒိုးလ် မှာ ဒိုင်လုပ်တယ်ဆို ထားဦး. ကိုယ်က ဘာမှ မဟုတ်
    တကယ့် ပဂေးကြီး ဝင်ရေးရင်ရေးမယ်. အဲ့လာကို ရွေးရမှာလို ဖစ်ချင်ဖစ်မယ်. ဆိုတော့ လမ်းဘေးက မောင်ဂီ့က
    ဘရုစ် စပင်းစတင်းဂ် ကို ဒီဘဲကြီး မကောင်းပါဝူးကွာ ဝေဖန်သလို ဖြစ်မယ်.
    အဲ့ဒါ ကြောက်မိတယ်ဗျာ. တကယ်ပါ. အဲ့လို ဖြစ်မှာ.

    နောက်ဒုတိယတချက်ကတော့. ဖတ်ဖို့ အချိန်ပေးတဲ့ကိစ္စပါပဲ.
    ဖတ်ရွေး တည်မြဲချင်ရင် ဝန်နဲ့အားနဲ့ မျှဖို့ လိုပါတယ်.
    ကျနော့်မှာ ဖတ်ရွေးလ တလစာ စာရင်းရှိပါတယ်.
    တလအတွင်း ပိုစ့် ၇၀ဝ ကျော်တက်ပါတယ်.
    အဲ့သည့် ၇၀ဝ ကို ကျနော် excel မှာ စစီလိုက်တယ်. ပထမ စာမျက်နှာ.
    ပစ်စာလို ပိုစ့်တွေပယ်. သိပ်မထူးခြားတဲ့ သတင်းလိုပိုစ့်တွေပယ်
    ကိုယ့်ပိုစ့်တွေကိုယ်ပယ်. အကျုံးမဝင်တဲ့ ပိုစ့်တွေ ပယ်. (ကဗျာ တို့ ဓာတ်ပုံတို့ပြောပါတယ် )
    အဆင့်ဆင့် ပယ်လာလိုက်တာ စာမျက်နှာ ၇-၈ လောက်ရောက်မှ ဖတ်ရွေးနဲ့ အကျုံးဝင်တဲ့
    သုတ ဒါမှ မဟုတ် ရသ ပိုစ့် တေ ကျန်ခဲ့ပါတော့တယ်. အဲ့ ပိုစ့် ၂၀ဝ ကို ဆယ်ရက်လောက်နဲ့
    ဆိုတော့ တနေ့ ပိုစ့် ၂ဝ ဖတ်ရမှာနော.

    ပြောချင်တာ သည်လိုပါဗျာ. မဖြစ်နိုင်တဲ့ အလုပ်တခုလို့ မြင်မိလို့ပါ.
    အဲ့လောက် စနစ်တကျ ခွဲခြမ်းစိတ်ဖြာပြီး စကာတိုက်ရင်တောင် သေခြာတယ် တလ ပိုစ့် ၂၀ဝလောက်က ဘောင်ဝင်နေတယ်
    ဖတ်ကြည့်ပပြီးမှ. မကောင်းတာတို့ မသေသပ်တာတို့ကတော့ တပိုင်းပေါ့လေပြောချင်တာ.က
    တကယ်တမ်း ဖတ်ကြကြေးဟေ့ ရွေးကြေကြေးဟေ့ဆို. သည်လောက်စိစစ်ရင်တောင် သည်လောက်တော့
    အနည်းလေး ဖတ်ရမှာဖြစ်ကြောင်းပြောချင်တာပါ.

    အဲ့ ၂၀ဝလေးက်ထဲမှာ အလွန်ကောင်းတာ ၂ဝ လောက်ပါမယ်. ကျန်တဲ့ထဲက ၅၀-၇ဝကြားက မဆိုးဘူး အလားအလာရှိတယ် ဆိုတာလောက်ပါမယ်
    ကျန်တာတွေကတော့. ဘာမှ မဟုတ်တာတွေဖြစ်မယ်ဗျာ.
    ဘယ်သူ့မှ မပုတ်ခတ်ပါဗျာ. နော. ကျနော်တို့ အပျော်ရေးတင်တဲ့ ဟာသပိုစ့်တွေလိုမျိုးပေါ့ လို့ ဆိုလိုချင်တာပါ.
    ဆိုတော့. ပြောရရင်. ကျနော် ခုရေးနေတဲ့ ဟာသတွေလို ပေါက်ပန်းလေးဆယ် တွေက ပျမ်းမျှ တလ အပုဒ် တရာလောက်
    သည်လူကြီးလူကောင်းတွေ ဆီက အချိန် ယူနေရတာ ဖတ်ပေးနေရတာ. အဆင်ပြေရဲ့လား သင့်တော်ရဲ့လား ဆိုတာ.
    တွေးမိပေရဲ့ဗျာ.

    နောက်ဆုံးကတော့. ဖတ်ရွေးလူကြီးတွေ စာရေးအား ကျသွားကြတယ်.
    ဖတ်ရွေးပုံစံပြောင်းဖို့လိုပြီ. သည်လိုပဲ မြင်တယ်.

    ကျနော် ဒါတွေ ခွဲခြမ်းစိတ်ဖြာပြီးနောက်မှာ.
    ကျနော်မြင်ပ့တယ်. ကျနော်လျောက်သင့်တဲ့ လျောက်ရမယ့်လမ်းကို.
    ကျနော် ဆက်လေ့လာရဦးမယ်
    ပညာကို သေရွာ ယူမသွားကြေး ဆောင်ပုဒ် အရ စာဆက်ရေးနေရပါဦးမယ်.
    ကိုယ့်ထက် လက်ရည်မြင့်တဲ့လူတွေရဲ့ စာကိုလည်း အကဲမဖြတ်ရဲသလို
    အပျော်တမ်း ပေါက်ပန်းလေးဆယ် စာတွေဖက်ပီး အထက်က တာဝန်တွေ လစ်ဟင်းမှာကိုလည်း
    စိုးရိမ်မိပါတယ်.

    အဘဖောစကား ငှားပြောမယ်.
    ဒီတခါ အတည်. မောင်ဂီ့ပြောမယ်. လူကြီးများတို့ရယ်.
    စဉ်းစားကြစေချင်တယ်.

    Kaizen !

  • Mobile

    November 21, 2012 at 8:30 pm

    နှိပ်တာအပြတ်
    နံနက်စာငတ်
    မိဘလဲဆဲ
    မယားမကြည်
    ပိုက်ဆံကုန်သော
    ထိုမာဆတ်အား
    နောင်ခါမသွား
    စိတ်ပိုင်းခြားလဲ
    ညနေစောင်းလာ
    သွားချင်ပြန်၍
    ထပ်ခါထပ်ခါ
    သွားမိပြန်၏
    ဤသည်ကား စီးပွား ပျက်ကြောင်းတည်း။
    မှတ်ချက်။ ။စီးပွားတက်ကြောင်း ကို
    21-11-2012 ဒီညမှာ ဒီလိုလေးတွေရှိတယ် ပိုစ်ထဲ၌
    ကွန်မန်း အဖြစ်ဖော်ပြထားပါသည်။

  • Mobile

    November 21, 2012 at 8:35 pm

    ကျနော် ကဗျာဖွဲ့နေတုန်းမှာ
    Inz@ghi says: ကွန်မန်းကဝင်လာပါသည်
    ကဗျာအားပေးသူများ
    aye.kk says:
    စိတ်မာဆတ်
    လိပ်ကာယတ်
    တိတ်ခါဇတ်
    နှိပ်တာအပြတ်။။ နှင့် ကျနော် ကွန်မန်း တစ်ဆက်တည်း ဟူ၍အားပေးကြပါရန်

  • blackchaw

    November 21, 2012 at 10:53 pm

    ညီလေး ဂီရေ…။
    ဒီပို့စ်က အပျော်ရေးတာဆိုတော့…အတည်မပြောကြေးဗျာ…။
    စိတ်လွတ်ကိုယ်လွတ် ပျော်ပျော်နေကြရအောင်ပါ…နော့်…။

  • pooch

    November 21, 2012 at 11:00 pm

    ကိုဘလက်ကျမလည်း နှုတ်ထွက်ချင်တယ်။ စိတ်တွေ ဖောက်ပြန်နေလို့ပါ။
    ကိုယ်ဘယ်လောက်ညံ့လဲ ပိုပိုပြီး သိလာလို့ ဂရပ်နဲ့ ကြည့်ရင် ခုချိန်မှာ သုညတန်းရောက်နေမလားပဲ နောက်ဆို အဝီဇိကို ဖောက်တော့မှာမို့

    အားလည်းနာတယ် ခင်လည်း ခင်တယ် စိတ်လည်းကုန်တယ် 🙁

    နောက်ဆို ဘယ်တော့မှ မငြင်းတော့ဘူး စိတ်ကူးတယ်
    ယုံလားတော့မသိဘူး ( ဝါသနာ တားမရလို့ပါ) ဟီး :mrgreen:

  • blackchaw

    November 21, 2012 at 11:20 pm

    ဒေါ်ပုချ်ရေ…။
    ကျွန်တော်ရယ် ကိုကြီးမိုက်ရယ် ကိုနိုဇိုးမိရယ်…
    ညနေ ၃ နာရီလောက်က ကန်လမ်းက အိုင်တီမှာ…
    ရွှေတိုက် မင်္ဂလာဖိတ်စာတွေပေးဖို့ တွေ့ဖြစ်ကြတယ်ဗျ…။
    အဲဒီမှာ…
    ရွာထဲက အကြောင်းတွေ အပျော်သဘောပြောဖြစ်ကြတယ်ဗျာ…။
    အဲဒီမှာ ကိုကြီးမိုက်ကြီးက
    ခင်ဗျားတို့ နှုတ်ထွက်သွားကြတာ
    စီအိုင်အေညွှန်ကြားရေးမှူးကြီးလိုပဲ
    အိမ်ထောင်ရေးဖေါက်ပြန်တာ ရှိလို့ လိပ်ပြာမသန့်ဖြစ်ပြီး
    ထွက်သွားကြတာ မဟုတ်လား ဘာညာနဲ့ နောက်ပြောပြောပါတယ်…။
    အဲဒါလေးကို အပျော်သဘောပို့စ်လေးရေးဖို့လည်း ပြောပါတယ်…။
    ဆိုတော့…
    ဒီပို့စ်ကို ဖတ်ကြသူများ ပျော်စေချင်ပါတယ်ခင်ဗျာ…။
    ဘာကိုမှ မရည်ရွယ်ပါဘူးခင်ဗျာ…။
    ဘုရားစူး…
    မိုးကြိုးပစ်…
    စကိုင်းနက်က သတင်းကြေညာတဲ့ စန္ဒီသိန်းထွန်းလေးနဲ့ ညားရပါစေရဲ့…။
    :mrgreen:

  • MaMa

    November 22, 2012 at 8:13 am

    နှုတ်ထွက်သွားရတဲ့အကြောင်းကို ဝန်ခံချက်ထုတ်တာတောင်………
    စန္ဒီသိန်းထွန်းလေးက အဆစ်ပါသွားသေးတယ်။ :harr:
    နောက်ထပ် နှုတ်ထွက်မယ့် ဥက္ကဌကြီးလည်း ထုချေလွှာတင်ဖို့ ပြင်ဆင်နေတယ် ထင့်ပါ့။ :kwi:

  • kyeemite

    November 22, 2012 at 9:50 am

    ရဲဘော်ဘလက်က သူ့ဖါသူ ဖေါ်ကောင်ဘညွန့် လုပ်ပြီးတော့…
    “အမှားအယွင်းတစ်စုံတရာပါသည်ဆိုပါက အဆိုပါ ကိုကြီးမိုက်နှင့် ကိုနိုဇိုးမိတို့ ကိုသာ ဆဲဆိုကြပါကုန်…။”
    ဆိုပဲ… ကောင်းကြသေးရဲ့လားအရပ်ကတို့… :hee: :harr: :kwi:

  • surmi

    November 22, 2012 at 10:23 am

    အစ်ကိုရေ
    စိတ်မာဆတ်မှာ အနှိတ်ခံပြီးမှ ဒဏ်ရာရသွားပါတယ်
    အပျော်ပို ့စ်ပေမဲ ့ နဲနဲလေး အတည်ပြောပါရစေ…….
    ဝါသနာအရ စာပေကိုအလေးသာတဲ ့အတွက် ဒီအစီစဉ်ကိုစကတည်းက
    စိတ်ဝင်စားစွာ အားပေးဆွေးနွေးခဲ ့ပါတယ် ။
    အစ်ကိုတို ့တစ်တွေဟာ ကျနော်နဲ ့ ပြင်ပမှာ မဆုံဖူးပေမဲ ့ လေးစားအားကျရသူများဖြစ်သလို
    စာပေအတွက် ရွာအတွက် မိမိသဘောဆန္ဒအလျောက် ဆောင်ရွက်ကြသူများမို ့
    နှမျောတသစွာနဲ ့ စိတ်မကောင်းဖြစ်မိပါတယ် ။
    မအားကြဘူးဆိုတာသိပေမဲ ့ နားနားနေနေလေးနဲ ့ နှုတ်မထွက်ကြဘဲ
    ဖေးမပေးကြပါဦး ။ ဖတ်ရွေးအဖွဲ ့ရဲ ့ သက်တန်းဟာ နုနယ်ပါသေးတယ်
    ခြေမခိုင်သေးတဲ ့ ကလေးတစ်ယောက်လိုပါပဲ ။
    စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်တဲ ့ ဒေါက်တိုင်တွေ အများကြီး
    လိုအပ်ပါသေးတယ် ။ ဆိုတော ့…… လက်ရှိလူများကို မကြံ့ ခိုင်ဘူးလို ့ဆိတာမဟုတ်ပါဘူးနော် ။ လူအင်အားကောင်းစေချင်လို ့ပါ ။
    အကောင်းဆုံးဘောလုံးသမားတွေကို လေ ့ကျင် ့ပေးတဲ ့ နည်းပြဆရာဟာ
    ဘောလုံးကန်တတ်ချင်မှ ကန်တတ်မှာပါ ။ဒီလိုပဲ အကောင်းဆုံးဘောလုံးသမားကလည်း
    နည်းပြ ကောင်းဖြစ်ချင်မှဖြစ်မှာပေါ ့ ….. ဒါက မောင်ဂီ ့ကိုပြောချင်တာပါ ။
    ဘာပဲဖြစ်ဖြစ် နားနားနေနေနဲ ့ ဆက်ရှိနေကြပေးပါဦး ……လို ့

    လေးစားလျက်
    မောင်ဆာမိ

  • ခိုင်ဇာ

    November 22, 2012 at 10:27 am

    ဪ သူ တို့ က ဒီ လို တွေ ကိုး။ :mrgreen:
    ဘာမှဟုတ်ဘူး ကိုဘလက်။ လာလည်သွားတယ်လို့ပြောတာ။ :harr:

  • Wow

    November 22, 2012 at 11:55 am

    တော့ စီးကရက် အိုးပင်း ဘော့တွန်… တွေပေါ်ကုန်ပဟဲ့ :gee:

  • thit min

    November 22, 2012 at 2:01 pm

    အိမ်ထောင်ရေး ဖောက်ပြန်တယ် ဆိုပေမဲ့ “တဘက်လူ” ရဲ့ အမည် နာမ ဖော်ပြခြင်းအလျှဉ်းမရှိလို့
    အမှုသွားအမှူလာအရ သက်သေခံ မလုံလောက်တာမို့
    ဘယ်လိုမှတ်ချက်ပေးရမယ်မှန်း မသိတော့လို့ ဝင်ရောက်ဖတ်ရှူ့သွားတယ်ဘဲပြောပါရစေ
    ကိုဘလက်ချော ခင်ဗျား။

    ကြုံတုန်းပြောရရင် ကျနော့ရဲ့ အမှတ်တရ အိုဘားမား ပို့(စ)မှာ ထပ်တိုးလေးတွေရှိတယ်လို့။

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 22, 2012 at 3:28 pm

    အဲ့လိုဆိုတော့ တကယ်တန်းပြောရရင် စီအိုင်အေကအရာရှိကြီးနှုတ်ထွက်သွားတာ အိမ်ထောင်ရေးဖောက်ပြန်တာထက်… ပိုတဲ့အချက်တွေရှိကောင်းရှိဦးမှာပါ…

    ကလင်တန်ကြီးတောင် လူဝစ်စကီးဆန်ဒယ်လို့အမည်တွင်သွားတဲ့ မော်နီကာလူဝစ်စကီးနဲ့
    နှစ်ပါးသွားကြတုန်းက အမေရိကန်သမ္မတတစ်ယောက်အနေနဲ့ မီဒီယာတွေဘယ်လောက်ပဲ လှောင်ပြောင်တာတွေရှိပေမယ့် ပြည်သူ့ရွေးချယ်ထားတဲ့သမ္မတအဖြစ် သက်တမ်းကုန်တဲ့အထိဆက်လက်တာဝန်ထမ်းဆောင်ပြီး အခုအချိန်မှာဟောပြောပွဲနေလုပ်ရင်းနဲ့ သူ့ပရိတ်သတ်လက်ခံရှိနေတုန်းပါပဲလေ…
    ကျွန်တော့်အမြင်မှာတော့ National Security ကိုထိခိုက်နိုင်တာ တစ်ခုခုတွေ့ရှိလို့ ရာထူးကနေအနားပေးပြီးစစ်ဆေးနေတယ်လို့ထင်ပါတယ်…
    အဲဒီတော့ အိမ်ထောင်ရေးဖောက်ပြန်တဲ့ကိစ္စက ရာထူးပြုတ်ရခြင်းအကြောင်းအရင်းတော့မဟုတ်လောက်ပါဘူး…

    အဲဒီလိုဘဲ… အခုဂဇက်က ဖတ်ရွေးအဖွဲ့လစ်ဘရယ်များဘက်ကတော့…
    စာရေးကောင်းပြီး ဂဇက်ကောင်းရာကောင်းကြောင်း လုပ်ခဲ့ဖူးတဲ့လူကြီးတွေ ဘယ်လောက်ပဲ အိမ်ထောင်ရေးဖောက်ပြန်မှုဖြစ်ဖြစ် ခွင့်လွှတ်ထားပြီး… ဂဇက်ရဲ့လျှို့ဝှက်ချက်များမပေါက်ကြားလျှင် ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပြုရန် အဆိုတင်သွင်းအပ်ပါသည်…

    လစ်ဘရယ်ပါတီအမတ်…
    ကြောင်ဝတုတ်

  • အလင်းဆက်

    November 22, 2012 at 7:25 pm

    ရှေးဟောင်း နန်းတွင်း စိတ်အကြောပညာရှင်ကြီး… ရဲ ့…
    လက်ချက်ကတော့..အကြောကို…ပြေ…သွားတာပဲ..ဗျိဲု ့ .

    ပြေးပြီ….

  • padauk moe

    November 22, 2012 at 8:19 pm

    အားပေးခဲ့ပါတယ်ဗျာ

  • weiwei

    November 22, 2012 at 11:05 pm

    စိတ်ရှုပ်နေတာ သက်သာမလားလို့ စိတ်မာဆတ်ဝင်ဖတ်လိုက်ပါတယ် ….
    ဒီတစ်ခါ စိတ်အညောင်းမပြေပဲ ပိုလို့တောင် လေးလံသွားတယ် …

Leave a Reply