သပွတ်အူ ရှင်းတမ်း

CourageNovember 22, 20121min20712

သပွတ်အူ ရှင်းတမ်း

 

ပြောင်းလဲမှုဆိုသည့်စကားကို ကြားသာကြားခဲ့ဖူးသည်။ ကျွန်ုပ်အသက်တစ်လျှောက် ကောင်းကောင်းမတွေ့ဘူးခဲ့တာ လွန်ခဲ့ သည့်နှစ်နှစ်ဝန်းကျင်အထိပေ။ တစ်ကယ်တန်းတွေ့မယ့်တွေ့တော့လဲ ပြောင်းလိုက်တဲ့အပြောင်း လဲလိုက်တဲ့အလဲ။ လူကိုမျက်စိတွေ တော်တော်တောင် လည်သွားတယ်။အစကတော့ ဒီလူနဲ့ဒီမူ မကိုက်ပါဘူးလို့ ဝေဖန်ခဲ့ကျတဲ့သူတွေ အခုတော့လဲ ဒီလူရှိမှဒီမူမြဲမှာဟေ့ ဆို ပြီး သဘောထားလိုက်ကျတာ လက်ခုပ်သံတွေတစ်ဖြောင်းဖြောင်းဆိုပဲ။ ထားတော့။ဒါတွေက နိဒါန်းအနေနဲ့ စာလှအောင်ရေတာတွေ။ တစ်တမ်း ကျွန်ုပ် ပြောချင်သည်ကတစ်ခုပင်။

အစစ ပြောင်းလဲသွားခဲ့သော ကျွန်ုပ်တို့ရဲ့နိုင်ငံကြီးကိုမြင်ရတာ အရင်ကလိုမဟုတ်တော့၊ အားလုံးအသစ်သစ်တွေပင်ဖြစ်နေ ပြီ။ ပြောင်းသင့်တာကိုပြောင်းပြီး လဲသည်တာကိုလဲလိုက်၍လားမသိ အရင်ကလိုအခြေအနေ(တစ်အုံနွေးနွေးဖြင့် လှုပ်မရ၍ငုံရခဲ့သည့် အခြေအနေ)များကို မတွေ့ရတော့။ ပွင့်လင်းမြင်သာသောလူ့အဖွဲ့အစည်းမှ ပွင့်လင်းစွာ ထုပ်ဖေါ်ပြောဆိုမှုများကို တွေ့လာရသည်။ ကောင်းလေစွ။ သို့သော်လည်း တစ်ခါတစ်လေတော့ လူတို့၏ထုံးစံအတိုင်း အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းကိုတော့ တစ်မျှော်မျှော်ဆိုသည့် အဖြစ်တွေကိုလဲတွေ့ရသေး၏။ အင်းလေ ကြိုက်တဲ့နေရာက လမ်းကိုဖြတ်ကူး ဘယ်သူ့ကိုမှအရေးလုပ်စရာ မလိုတဲ့ ဘဝကနေ မျဉ်းကြားကနေမှမကူးရင် အဖမ်းခံရမည့်ဘဝရောက်သွားတော့လဲ နည်းနည်းတော့ကျဉ်းကျက်သလိုခံစားသွား ရမည် မှာ အမှန်ပေါ့။

ထားဦး။ဒါကလည်းစပ်မိလို့ပြောတာ။ အဓိက ကျွန်ုပ်ပြောချင်သည်က ပြည်သူများ၏ဝင်ငွေ၊တစ်နည်းပြောရရင်တော့ ဝန်ထမ်း များ၏အခြေခံလစာတိုးမြင့်ပေးခြင်း၊ တိုးမြင့်ပေးရန်တောင်းဆိုမှုများပြုနေခြင်းနှင့် ပက်သတ်သည့် အတွေးစကို ပုံကြီးချဲ့လိုခြင်းပေ။

အမိမြန်မာပြည်ကြီးမှ မွေးဖွားသန့်စင်လာသော ဒီမိုကရေစီဆိုသည့် ရင်နှစ်သည်းခြာ ရတနာကလေး လသားအရွယ်လောက် ကတည်းကပင် ဝန်ထမ်းများ၊ အစိုးရဝန်ထမ်းမျာသာမက အားလုံးသောဝန်ထမ်းများ၏ အခြေခံလစာသည် ဘယ်လောက် ရှိရ မည်ဟု တာဝန်ရှိသူများက သတ်မှတ်ပေးလိုက်သည်။ ဝမ်းသာခဲ့ကျရသည်။ သို့သော် တစ်ရက်မပြည့်လိုက်။ တိုးမြင့်လိုက်သည့်လစာက လမကုန်သေး၍မရသေးမှီမှာပင် ကုန်ဈေးနှုန်းဆိုသည့်အရာက လေဖမ်းတရားနာကာ တက်လိုက်ပြီ။ဒီတော့ဘာဖြစ်လဲ။ ဖြစ်သွားသည်က လစာဆိုသည့် ပမာဏတိုးသွားခြင်းသာအဖက်တင်သွားလေသည်။စားဝတ်နေရေးက ကျက်မြဲ ကျက်စဲ။

အဓိကအားဖြင့် ဝန်ထမ်းများလစာတိုး၍လိုချင်သည်ဟု ပြောဆိုနေရခြင်း၏ အကြောင်းအရင်းအစစ်မှာ စားဝတ်နေရေး မပြေလည်ခြင်းကြောင့်ပင်။ ၃၀၀၀ဝ ဆိုသော လစာငွေပမာဏကိုတွက်ကြည့်လိုက်ပါက ထိုလစာငွေ ပိုင်ရှင်သည် တစ်ရက်ကို တစ်ထောင်သာ သုံးနိုင်သည်ဟုအဓိပ္ပါယ်သက်ရောက်သည်။ တစ်ကယ်ကောသုံးလို့ လောက်ရဲ့လား။ သူများတွေတော့မသိ။ ကျွန်ုပ် အတွက်တော့ ထိုငွေမှာ ကွမ်းဖိုး၊လက်ဖက်ရည်ဖိုး အတွက်တောင်မလောက်ချင်။

ကဲ ကျွန်ုပ်တို့စပြီးစဉ်းစားခန်းဝင်စို့မိတ်ဆွေ။ လစာပမာဏနည်းလို့ သုံးလို့မလောက်တာလား။ အသုံးပြုရသည့် ငွေပမာဏက မြင့်မားနေလို့(အရပ်သုံးစကားအရဆို ကုန်ဈေးနှုန်းကမြင့်နေလို့) သုံးလို့မလောက်တာလား။ စာရေးသူ၏သက်တမ်းတစ်လျှောက်တွင် ဝန်ထမ်းများလစာတိုးပေးခြင်းကို အနည်းဆုံး ၃ကြိမ်(သူငယ်နှပ်စားအရွယ်ကဟာတွေမမှတ်မိလို့ပါ) ကြုံခဲ့ဖူးသည်။ အသုံးစရိတ် မလောက်ပါဟုဆိုသဖြင့် လစာတိုးပေးလိုက်သည်။ တိုးပေးပြန်တော့လဲ အသုံးစရိတ်ကမလောက်ပါ။ တိုးပေးသည့်ငွေပမာဏနည်းလို့ လား။မဟုတ်။ လစာငွေနှင့်အတူ ကုန်ဈေးနှုန်းကပါလိုက်တိုးသွားခြင်းကြောင့်ပင်။ လစာငွေနှင့် စတူ  ကုန်ဈေးနှုန်းကပါလိုက်တိုး သွားခြင်း ကြောင့်ပင်။ ဒါနှင့်ပတ်သက်ပြီ ကျွန်ုပ် ပေါက်တက်ကရတွေးကာ မိတ်ဆွေ(မွေးသဖခင်၏ မိတ်ဆွေ) စီးပွားရေးသမားတစ်ဦးကို မေးကြည့်ဖူးသည်။“လစာတိုးတာနဲ့ ကုန်းဈေးနှုန်းတိုးတာ ဘာဆိုင်သလဲပေါ့”။ သူကပြန်ဖြေပါသည်။ ရိုးရိုးလေးပါ။ “အစိုးရဝန်ထမ်းတွေ ကိုပေးနေတဲ့လစာက နိုင်ငံတော် ဘတ်ဂျက်(budgets)ထဲကနေပေးရတာ။ ဝန်ထမ်းတွေကို လစာများများပေးရလေလေ၊ သူတို့ကိုပေးဖို့ ဘတ်ဂျက် များများလိုလေပဲတဲ့။ ဘတ်ဂျက်များများလိုတော့ ဘာဖြစ်လဲဆိုတော့ အခွန်များများကောက်ရရောတဲ့။ အခွန်များများကောက် တော့ ဘယ်သူတွေက များများဆောင်ရလဲဆိုတော့ သူတို့လိုစီပွားရေးသမား ကုန်သည်တွေက များများဆောင်ရတယ်တဲ့။ ဒီလို များများ ဆောင်ရတော့ ဘာဖြစ်သလဲဆိုတော့ သူတို့တွေအတွက် အရင်းအနှီးကြီးသွားပြီး ဝင်ငွေနည်းနည်းပဲရတော့တယ်တဲ့။ ဝင်ငွေနည်းနည်းပဲ ရတော့ သူတို့ရဲလုပ်ငန်း လယ်ပတ်ဖို့ တော်တော်လေးခတ်သွားတယ်၊ လုပ်ငန်းလုပ်ရတာမကိုက်တော့ဘူးတဲ့။ ဒီအခက်အခဲကိုဖြေရှင်းဖို့  ဝင်ငွေများများမဟုတ်ရင်တောင် အမြတ်ငွေလေးတော့ကျန်အောင်လုပ်ရမယ်တဲ့။ဒါနဲ့ပဲနောက်ဆုံးတော့ ထုတ်ကုန်ဈေးနှုန်း(ကုန်ဈေးနှုန်း) ကို မြင့်လိုက်ရရောတဲ့”။ ရှင်းပါတယ်။ ရှင်းသွားပါတယ်။ ဒီလူကြီးရဲ့အဖြေစကားကိုကြားလိုက်တော့ ကျွန်ုပ်ရင်ထဲမှာတော်တော်ကြီးကို ရှင်းသွားပါတယ်။ ဂျာအေးကို သူ့အမေတော့ရိုက်နေပြီလို့။

ကဲ စာဖတ်သူတွေရော ဒီကိစ္စကို ဘယ်လိုရှင်းမယ်လို့စိတ်ကူးထားလဲ။ “ဟာ တစ်ကမာ္ဘလုံးဆီက ပိုက်ဆံလိုက်ချေး၊ ရှိသမျှ သယံဇာတတွေကိုထုတ်ရောင်းထားတာတောင် ဘတ်ဂျက်ကလိုနေတုန်းလား။ဒီငွေတွေဘယ်ရောက်သွားလဲ” ဆိုုပြီး ကပ်သီးကပ်သပ် တော့ ပြန်မမေးပါနဲ့မိတ်ဆွေ။ ဘဏ္ဍာငွေအပိုကုန်အောင်လုပ်နေတာပါဆိုသည့် မြို့တော်ကြီး၏စီမံကိန်းကြီးမှာလဲ ရပ်သင့်သလောက် ရပ်သွားပါပြီ။ ခုခံကာကွယ်ရန်အသုံးပြုနေရသည့်ငွေများမှာလဲ ကျူးကျော်သူမရှိ၍ လျော့သင့်သလောက် လျော့သွားလေပြီ။ (ဒီနေရာတော့ ဒီလောက်ပဲ ရှင်းပရစေတော့)။ နိုင်ငံတော်ဘဏ္ဍာကို ဘယ်လိုအချိုးကျသုံးစွဲနေသည်ဆိုခြင်းကိုလဲ ဖွဲ့စည့်ပုံ အခြေခံဥပဒေတွင်အတိအလင်း တွေ့မြင်နိုင်ပါသည်။(စာဖတ်သူများအားအတိအကျပြောပြလိုသော်လည်း ထိုစာအုပ်ကြီးအားဖတ်ရန် အလွန်တရာမှပျင်းမိသဖြင့် ဤမျှ လောက်သာ ဖေါ်ပြနိုင်ခြင်းကိုခွင့်လွှတ်ပါ)။ ယခုအခါ ကုန်သင့်သည့်နေရာတွင်ကုန်ပြီး၊ မကုန်သင့်သည့်နေရာတွင် မကုန်တော့ကြောင်း (အချို့အချို့ကို မေ့လိုက်ပါမိတ်ဆွေ) ကျွန်ုပ်ကတော့ ရဲရဲကြီး ယုံကြည်ပါသည်။

ထို့ကြောင့် အခွန်ငွေကောက်ခံခြင်း၊နည်းခြင်း များခြင်းကို အပြစ်မဆိုပါနှင့်။ လွတ်လပ်သော ဤစနစ်ကြီးအတွက် နိုင်ငံတော် ၏ အဓိကဝင်ငွေ(သို့) ဘတ်ဂျက်မှာ အခွန်တစ်ခုတည်းသာရှိကြောင်း၊ နိုင်ငံ၏ ငွေကြေးလည်ပတ်စီးဆင်းမှုမှာ အခွန်အပေါ်တွင်သာ အား ပြုနေရကြောင်းကိုတော့ သတိပြုမိသင့်ပါသည်။

ပြောနေရင်း ဦးတည်ချက်လွဲသွားတော့မည်။ ဆက်ပြီးစဉ်းစားရအောင်မိတ်ဆွေ။ ကုန်ဈေးနှုန်းမြင့်လို့ လစာတိုးပေးပါဟု ဆိုသူ များနှင့် လစာတိုးလို့(သွယ်ဝိုက်သောအားဖြင့်အခွန်တိုးလို့) ဈေးနှုန်းမြင့်တာပါဟုဆိုသည့် လူတို့၏အကြား ဘယ်နားတွင်ကျွန်ုပ်တို့နေရ ပါမည်နည်း။ သုံးချက်တွက်နည်းဖြင့် အရိုးရှင်းဆုံးသောဖြေကို ကျွန်ုပ်ထုတ်ကြည့်မည်။

အကယ်၍များ သင်သည် စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသည်ဆိုပါက အခွန်တိုးမြင့်သွားခြင်းကြောင့် စီးပွားရေးကျက်တည်း ရသည်ဟု ဆိုလိမ့်မည်။

အကယ်လို့များ သင်သည် ဝန်ထမ်းဖြစ်နေရပါ လစာနည်းခြင်းကြောင့် စီးပွားရေးကျက်တည်းရသည်ဟု ဆိုပေမည်။

တစ်ကယ်တမ်းမှာတော့ လစာငွေတိုးကာ ကုန်ဈေးနှုန်းကျသွားမည်သာဆိုပါက ဘယ်လောက်တောင်များကောင်းပါမည်နည်း၊ ဒီအရှုပ်ကြီးကို ရှင်းနိုင်သည့်နေ့ ရောက်လာလေပြီဟု အိမ်မက်ထဲတွင်ထည့်မက်ကာ အားတိုင်း အချိန်ရှိတိုင်း ကျွန်ုပ်စိတ်ကူးယဉ်ခဲ့ဖူးလေ သည်မှန်တော့ အမှန်ပင်ဖြစ်ပေတော့သည်။

 

စာကြွင်း။              ။အခွန်ဘဏ္ဍာငွေနှင့် ပက်သတ်၍ နိုင်ငံသားများတွင်မည်မျှတာဝန်ရှိကြောင်း တင်ပြနိုင်ရန်                                          ကြိုးစားပါဦးမည်။

Too Much,

So Much,

Very Much,

Thanks.

Courage

12 comments

  • pazflor

    November 22, 2012 at 9:19 pm

    ကျနော်ကတော့ စွမ်းဆောင်ရည်မပြည့်ဝလို့ယူဆပါတယ်။ (not efficient)
    မြန်မာပြည်ရဲ ့ဘယ်ဌာနဆိုင်ရာမဆို မမြင်နိုင်တဲ့ ကုန်ကျစရိတ်တွေ၊ နှောင့်နေးမူ့တွေရှိပါတယ်။
    လုပ်ငန်းရှင်တွေဘက်ကလောဘတက်၊ ဈေးကစားတာမျိုးဆိုတာလေးပါမယ်ထင်ပါတယ်။

  • မောင်ပေ

    November 22, 2012 at 10:01 pm

    အိုဘယ့် ကားရေ
    သင်သည်သာ အိပ်မက်မက် ၊ အားရှိ စိတ်ကူးယဉ်တတ်သူ မဟုတ်
    သင်ရေးသော အကြောင်းအရာ အထူးသဖြင့် ကုန်ဈေးနှုန်းကျဆင်းရေး ဆိုသည်ကို ကျဆင်းရင်ကောင်းတယ် ဆိုသော အသိဝင်ကတဲက မျှော်လင့်ခဲ့သည်မှာ… ဟူး မောတာ

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 22, 2012 at 11:53 pm

    ဒီအကြောင်းအတွက်ကတော့ သဂျီးမင်းအာဘော်နဲ့ ကွက်တိဘဲ
    ဘာဒဲ့
    စနစ် ဆိုလား
    သေဂျင်းဇိုးစစ်အာဏာရှင်ဒေ စနက်မကောင်းတော့ စနစ်ဆိုတာလည်းဘယ်ကောင်းမလဲ
    မျှော်လင့်ချက်လေးတစ်ခုတော့ရှိသပေါ့
    ကျုပ်သေပြီးသဂျားမင်းဂျီးဖြစ်လို့ကတော့
    မြန်မာနိုင်ငံပေါ် ရွှေမိုးငွေမိုးကျောက်မျက်ရတနာမိုးဒေ ရွာချပေးနိုင်မယ်ထင်ဘာဂျောင်း

    • MaMa

      November 23, 2012 at 3:30 pm

      မြန်မာနိုင်ငံပေါ် ရွှေမိုးငွေမိုး ကျောက်မျက်ရတနာမိုးဒေ မြန်မြန်ရွာစေချင်ရင် ဘယ်လိုဆုတောင်းရမလဲ ဘပု :kwi:

      • Courage

        November 23, 2012 at 6:46 pm

        ဝေသန္တရာမင်းကြီးနဲ့တစ်ကွ အခြားအခြားသော ဇာတ်နိပါတ်တော်လာမင်းများလက်ထက်တုန်းက ပေါက္ခရဝဿ ဆိုတဲ့ စွတ်ဆိုလိုသူအား စွတ်ဆိုစေ သည်ဆိုတဲ့ မိုး ရွာတက်ပါတယ်။ အုပ်ချုပ်တဲ့မင်းက သိက္ခာ သမာဓိနဲ့ မင်းကျင့်တရား အညီနေလို့ပါ။ အခုအချိန်မှာတော့ အဲ့မိုးနဲ့ နာမည်ဆင်ဆင် မိုးတစ်ခုရွာနေပါတယ်။ အချိန်မဟုတ် အခါမဟုတ်။ မရွာသင့်တဲ့အချိန်ရွာ ရွာသင့်တဲ့အချိန်မရွာတဲ့ ပေါက်ရ ဝဿမိုးပါတဲ့။ အားတင်းထားလိုက်ပါ မိတ်ဆွေ။ ရတနာမိုးတော့မသိ ရိုးရိုးမိုးတောင် ပုံမှန်မရှိတဲ့ ခေတ်မို့ပါ။

  • jullies cezer

    November 23, 2012 at 12:47 pm

    စိတ်ညစ်လို့ကမ်းဘေးထိုင်သပွတ်အူမျောတာနဲ့တိုး အဲလိုဖြစ်နေတာ

  • surmi

    November 23, 2012 at 1:11 pm

    အခွန်တစ်မျိုးတည်းကြောင် ့တော ့ကုန်ဈေးနှုံးမတက်လောက်ပါဘူး
    တခြားအကြောင်းတွေရှိပါသေးတယ်
    လုပ်ငန်းရှင်ဆိုတာ အခွန်ရှောင်နည်း အထူးကျွမ်းကျင်ပါတယ်
    နိုင်ငံတော်အနေနဲ ့ အခွန်ကောက်ခံနည်းကလည်းပုံမကျသေးပါဘူး
    ပြန်သုံးသပ်ရပါလိမ် ့ဦးမယ် ။

  • koyinmaung

    November 23, 2012 at 2:42 pm

    စီးပွားရေးမတိုးတက်သေးတဲ့နိုင်ငံမှာ
    လုပ်ငန်းတွေကတိုးတက်မှု့မရှိဘဲ…
    ကုန်ဈေ းနှုန်းနဲ့ဝင်ငွေလစာနဲ့မကိုက်ညီလို့
    လစာတိုးပေးလိုက်ယင်..
    အစိုးရအနေနဲ့ငွေစက္ကူတွေကိုပိုထုတ်ရပါတယ်
    ဒီအခါငွေဖေါင်းပွမှု့ဖြစ်လာတော့တာပေါ့
    တကယ်ကတိုင်းပြည်မှာစီပွားရေးလုပ်ငန်းတွေ
    တိုးတက်အောင်ဖန်တီးပေးရမှာပါ
    ဒီအခါ လုပ်အားခလဲအလိုလိုတိုးလာမှာပါ
    ဒီလိုတိုးလာတဲ့ဝင်ငွေဟာခိုင်မြဲလာပါလိပ်မယ်
    လုပ်ငန်းများလာလေ စီပွားရေပြိုင်ဆိုင်မှု့ရှိလာမှာပါ..
    ဒီအခါလုပ်သားတွေရဲ့ဝင်ငွေဟာလဲပြိုင်ဆိုင်မှု့နဲ့အတူပါလာမှာပါ…
    ဒီလိုစီးပွားရေးတိုးတက်မှု့မရှိဘဲ ဝင်ငွေကိုတိုးပေးလိုက်လို့ကတော့
    ကုန်ဈေ းနှုန်းကနောက်ကကပ်ပါလာမှာပါ………
    မြန်မာပြည်အနေနဲ့ စီပွားရေးတိုးတက်ဘို့အလားအလာအရမ်းကောင်းနေပါပြီ..
    အစိုးရအနေနဲ့ပြုပြင်သင့်တာက မလိုအပ်ဘဲရှိနေတဲ့
    သမဝါယမ တို့ ကုန်သွယ်လယ်ယာတို့ စားသောက်ကုန်နဲ့အပျော်ယမက တို့
    စတဲ့ဌာနမျိုးတွေဖြုတ်ပစ်ရပါ့မယ်……

  • အလင်းဆက်

    November 23, 2012 at 7:16 pm

    ရွာထဲကို ဝင်လာတာ မကြာသေးဘူး..နော် ။
    ဒါပေမယ့်…
    အရေးနဲ ့အတွေးက..
    တော်တော်ကောင်းနေတာလေး..သတိထားမိပါတယ် ။

    ဝါရင့် စာရေးသူ.တစ်ယောက်ယောက်များလား..လို ့..တွေ းမိပါတယ် ။

    ခင်မင်လေးစားလျက်…

    • Courage

      November 23, 2012 at 7:29 pm

      ဟုတ်တာမဟုတ်တာအပထား။ ကောင်းချီးပေးခံရတာတော့ သဘောကျတယ်ဗျို့။ သို့ပေသိ နောင်ကြီး ပြောတဲ့စကားလုံးတွေနဲ့ ကျုပ်နဲ့က မသင့်တော်သေးပါဘူးဗျာ။

      ကျေးဇူးပဲ နောင်တော်ရေ……..

      • MaMa

        November 24, 2012 at 6:41 am

        ပညာရှိသတိဖြစ်ခဲမို့ သတိပေးတယ်လို့ မှတ်ယူပေးပါ။
        (ခဲနဲ့ပေါက်မှာစိုးသဖြင့် ကြိုကာခြင်း) :kwi:
        ကျက်တည်း နေရာမှာ ကျပ်တည်း
        ပက်သတ် နေရာမှာ ပတ်သက် လို့ ပြင်ချင်ပါတယ်။

        အချို့အချို့ကို မေ့လိုက်ပါပြီ။ :harr:
        အခွန်ဘဏ္ဍာငွေနှင့် ပက်သတ်၍ နိုင်ငံသားများတွင်မည်မျှတာဝန်ရှိကြောင်း သိလိုပါသဖြင့် စောင့်မျှော်နေပါမည်။ :hee:

        • Courage

          November 24, 2012 at 11:02 pm

          စာလုံးပေါင်းမှာ တတ်တာက ကျုပ်ရဲ့ဉာည်ဆိုးလိုဖြစ်နေတာလေးကိုတော့ ခွင့်လွှတ်ပေးဗျို့။ ခဲနဲ့လဲ မပေါက်ပါဘူး။ ဂျင်ကလိနဲ့လဲ မပြစ်ပါဘူး။ ကျေးဇူးကတော့ လွှတ်တင်ပါတယ်။ အခွန်နဲ့ပတ်သတ်တဲ့ ကိစ္စကို တင်ပြနိုင်ဖို့ ကျွမ်းကျင်သူတွေဆီက နည်းနာယူနေပါတယ်။
          အမြန်ဆုံး တင်ပြပေးပါ့မယ် အမတော်ရေ့

Leave a Reply