သူသည် လူငယ်တစ်ယောက်ဖြစ်သည် ၊ သူသည် ကျွန်တော်တို့၏ နှလုံးသားဖြစ်သည်

သူရႆဝါNovember 23, 20121min1143

 

 

 

 

 

 

 

 

 

 

 

 

သူသည် လူငယ်တစ်ယောက်ဖြစ်သည် ၊ သူသည် ကျွန်တော်တို့၏ နှလုံးသားဖြစ်သည်
– သူရဿဝါ –

ထို ကစားသမား ကို သူအခုလို နာမည် မကြီးလာခင်၊ ရန်ကုန် ယူနိုက်တက် အသင်းတွင် ပုံမှန် နေရာ မရသေးခင် ကာလ ကတည်းက (သူလူစားဝင် ကစားသော အချိန် များတွင်) သူ၏ ကစားပုံကို ကြည့်ပြီး သဘောကျ ခဲ့သည်။ ဘောလုံးပွဲ ကြည့်ဖော် သူငယ်ချင်း များကိုလည်း “သူ့ကို ကြည့်ရတာ တစ်ချိန် ကျရင် အောင်မြင် လာဦးမှာ၊ ကစားတာ ကောင်းတယ်” ဟု ကျွန်တော် ဟောကိန်းထုတ် ပြောဆိုခဲ့ ဖူးသည်။ ကြည်လင်း အတွက် ကျွန်တော် ခန့်မှန်းသည့် “တစ်ချိန်ကျရင်” ဆိုသည်က မြန်မြန် ဆန်ဆန် ရောက်လာသည်။ အချိန် တစ်နှစ် ကျော်ကျော် အတွင်းမှာ ရန်ကုန် ယူနိုက်တက် အသင်းမှ မထင်မရှား လူငယ် ကစား သမား လေး ကြည်လင်းသည် ပရိသတ် အချစ်တော် ကြည်လင်း ပြည်တွင်း ပြည်ပ ပြိုင်ဖက်များမှ ဂရုတစိုက် စောင့်ကြည့်ရသည့် ကြည်လင်း ဖြစ်လာသည်။ အဲဒါကို သူ အလကား ရခဲ့တာ မဟုတ်၊ အချောင် ရခဲ့တာ မဟုတ်။ ဘောလုံးကွင်းထဲမှာ ရင်ဘတ်ကလေး ကော့ကော့ပြီး သူပြေးလွှား နေခဲ့ရသည့် ခွန်အား စိုက်ထုတ်မှုတွေ၊ ပွဲပြီးလျှင် ချွေးစက်လက် ကြားထဲမှ ဘယ်လောက် ပင်ပန်းသည် ဖြစ်စေ ပရိသတ်ဖက်ကို အနည်းဆုံးတော့ လက်ကလေး တစ်ဖက် ဝှေ့ယမ်းပြခဲ့သည့် လေးစားမှုတွေ၊ အဲဒါတွေကို ထည့်သွင်းပေါင်းစပ်နိုင်ခဲ့သဖြင့် ပရိသတ်က ချစ်သော၊ အားကိုး သော ကြည်လင်း ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

အရပ်ခပ်ပြတ်ပြတ်၊ ကိုယ်လုံးကိုယ်ထည် ခိုင်ခိုင်သန်သန်နှင့် ကြည်လင်း ..။
ဘောလုံး ကစားနေချိန်တွင် ဘောလုံးမှ လွဲ၍ ဘာမှ ခေါင်းထဲရှိနေပုံ မရသော ကြည်လင်း။
တစ်ကိုယ်တော် ဘောလုံးစွမ်းရည်ကောင်းသော ကြည်လင်း။
သူ ကွင်းထဲတွင် ကစားသည့် ပုံစံကို ကြည့်ရချိန် အတော်များများတွင် သူ့ကို အားပေးရတာ လျော့တိလျော့ရဲ မရှိ။ ပွဲချိန်ပြည့် ခွန်အားစိုက်ထုတ်၍ ပြေးလွှား ရုန်းကန်နေတတ်သော၊ သူ့ဆီ လာမည့် အခွင့်အရေးကို စနစ်တကျ စောင့်ဆိုင်း ယူတတ်သော၊ လာမည့်အခွင့်အရေးမရှိလျှင် ကိုယ်တိုင် ဖန်တီးယူတတ်သော၊ ကိုယ် ဖန်တီးလိုက်သည့် အခွင့်အရေး တစ်ဖက် အသင်း ခြေထောက်တွင်း ရောက်သွားလျှင် မရ ရအောင် ပြန်လည် ဖျက်ထုတ်ယူငင်တတ်သော ကြည်လင်း ဟူသည့် ကစားသမားလေးသည် တဖြည်းဖြည်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတွင် မရှိမဖြစ် ဖြစ်လာသည်။ နိုင်ငံ အသင်းတွင် ဦးစားပေး ရွေးချယ် ရသူတစ်ဦး ဖြစ်လာသည်။

သူ့ကို အားပေးရတာ ဘယ်တုန်းကမှ အချည်းနှီးမဖြစ်ခဲ့။ ကွင်းထဲတွင် လမိုင်း မကပ်သဖြင့် သူ့ကစားပုံ မကောင်းခဲ့ လျှင်တောင်၊ သူအလွဲလွဲ အချော်ချော်တွေ လုပ်နေခဲ့လျှင်တောင် သူ၏ ကြိုးစားအားထုတ်မှုနှင့် ကျားကုတ်ကျားခဲ ဟန်ပန်က လျော့မသွား။ တချို့ကစားသမား တွေလို ကစားရတာ အဆင်မပြေလို့၊ အသင်းရှုံးနေလို့ ဆိုကာ စိတ်ဓါတ်ကျပြီး ကွင်းထဲတွင် လမ်းလျှောက်မနေ၊ သူအမြဲတမ်း ကြိုးစားပြနေခဲ့သည်။ ကျွန်တော်တို့ မြန်မာ ပရိသတ် လိုချင်တာလည်း ဒီလို လူမျိုးတွေပဲ ဖြစ်သည်။ ကြည်လင်းသည် တဖြည်းဖြည်းနှင့် မြန်မာဘောလုံးပရိသတ်၏ အားကိုးအားထား ပြုစရာ၊ မြန်မာ အသင်း အောင်မြင်မှုကို တစိတ်တပိုင်း ယူဆောင်ပေးနိုင်မည့်သူဟု မျှော်လင့်ချင်စရာ ကောင်းသော ကစားသမား တစ်ဦး ဖြစ်လာခဲ့သည်။ သိပ်ပြီး မကွာဝေး သေးသော ကာလတုန်းက မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ ကစားခဲ့သည့် ယူ – ၂၁ ဘောလုံး ပြိုင်ပွဲတွင် ကြည်လင်း၏ အောင်မြင်မှု အပေါ် ဆာလောင်ပုံက ပို၍ ပြင်းထန် လာသလို ထင်ရသည်။ ပရိသတ်၏ သူ့အတွက် လက်ခုပ်သံ ကလည်း ပို၍ ပို၍ ကျယ်လောင် လာတာကို မြင်ရသည်။ ထိုပွဲတွင် မြန်မာ အသင်း ကလည်း ပရိသတ်၏ ယုံကြည်မှုကို အကောင်းဆုံး ပြန်လည် ပေးဆပ်ကာ (ကိုရီးယားလို အသင်းမျိုးကိုပင် သရေ ကစားပြခဲ့ပြီး) ခြေစစ်ပွဲ အောင်ခဲ့သည်။ ထိုပွဲတွင် ကြည်လင်း ဖန်တီးမှုတွေ အများကြီးပြုလုပ်ခဲ့သည်၊ ဂိုးတွေ အများကြီး သွင်းယူ နိုင်ခဲ့သည်။ ကြည်လင်းကြောင့် မြန်မာအသင်း ခြေစစ်ပွဲ အောင်ခဲ့ခြင်း မဟုတ်သော်လည်း မြန်မာ အသင်း၏ ခြေစစ်ပွဲ အောင်ရခြင်း အကြောင်းအရင်းတွင် ကြည်လင်း၏ ပေးဆပ်စိုက်ထုတ်မှု ရာခိုင်နှုန်း အတော်များများ ပါဝင်ခဲ့သည် ဆိုတာကိုတော့ ပရိသတ်အားလုံး လက်ခံခဲ့ကြသည်။

ထိုခြေစစ်ပွဲတွင် ခြေစွမ်းပြခဲ့သည့် ဆုလာဘ်ကို ကြည်လင်း ယခု ခံစားရသည်။ ပြီးခဲ့သော အောက်တိုဘာလ အာရှ အကောင်းဆုံး ဆယ်ဦးစာရင်းကို Goal.com မှ ထုတ်ပြန် ကြေငြာတော့ ကြည်လင်း ပါဝင် လာခဲ့သည်။ အာရှတွင် သူ့ထက် ကစားသက်ရင့်သော၊ စွမ်းရည် ပိုကောင်းသော ကစားသမား အချို့ကို ကျော်တက်ပြီး ကွင်းလယ် တစ်နေရာစာ အတွက် ကြည်လင်း အရွေးချယ် ခံခဲ့ရသည်။ ကြီးကြီးမားမား အောင်မြင်မှုဆီ ချက်ချင်း မရောက်ရှိ နိုင်သေးသော မြန်မာ ဘောလုံး လောကနှင့် မြန်မာ ဘောလုံး ပရိသတ်အတွက်တော့ ဒါသည်ပဲ ကြီးကျယ် ခမ်းနားသည့် ဝမ်းသာ ဂုဏ်ယူစရာ ကိစ္စတစ်ခု ဖြစ်နေသည်။ မနက်ဖြန် ဆူဇူကီးဖလား ယှဉ်ပြိုင် ကစားတော့မည်။ မြန်မာ့ လက်ရွေးစင် အသင်းတွင် ကြည်လင်း ပါဝင် နေသည်။ မြန်မာ့ လက်ရွေးစင် အသင်းတွင်ပင် ပါဝင်နေတာ မဟုတ်။ espnstar.com မှ ရွေးချယ်သည့် ဆူဇူကီးဖလားတွင် စောင့်ကြည့်ရမည့် ကစားသမား (၈)ဦး စာရင်းတွင်ပါ ပါဝင်နေခဲ့ခြင်း ဖြစ်သည်။ ဆိုလိုတာက .. ကြည်လင်းကို ကျွန်တော် တို့ မြန်မာ ဘောလုံး ပရိသတ်တွေသာ စောင့်ကြည့်မည် မဟုတ်။ ဆူဇူကီး ဖလား ပြိုင်ပွဲဝင် အသင်းတိုင်း၏ ကစားသမား များလည်း စောင့်ကြည့်မည်၊ နည်းပြများလည်း စောင့်ကြည့်မည်၊ ကျန်ပြိုင်ဖက် အသင်းများ၏ ဘောလုံး ပရိသတ် များလည်း စောင့်ကြည့် နေကြလိမ့်မည်။ အဲဒါတွေ အပေါ် ကြည်လင်း ပြောမည့် စကားတွေကို အနည်းငယ် ကြားချင် သည်။ ကံကောင်းချင်တော့ အဲဒီဆန္ဒကလည်း Soccer Myanmar ၏ ကျေးဇူးကြောင့် ပြည့်ဝ ခဲ့ရသည်။

ကြည်လင်းနှင့် အင်တာဗျူးကို Soccer Myanmar Website တွင် ဖတ်ရသည်။ ကြည်လင်း၏ တိတိကျကျ ပြတ်ပြတ် သားသား ကစားပုံ၊ ကိုယ်နေ ဟန်ထားနှင့် လိုက်ဖက်စွာ သူ၏ အဖြေ စကားတွေ ကလည်း ပြတ်ပြတ်သားသား၊ တိတိ ကျကျ။ သူ့အဖြေ စကားတွေ ထဲတွင် သူ၏ လူငယ်စိတ်၊ ရဲရင့်မှုနှင့် ဘာကိုမဆို ကျော်ဖြတ်မည် ဟူသော ယုံကြည်ချက် တို့ကို အတိုင်းသား မြင်နေရသည်။ မျှော်မှန်းသည့်အတိုင်း ဖြစ်ချင်မှ ဖြစ်မည် .. ဒါပေမယ့် ကိုယ့်ဖက်ကတော့ အစွမ်းကုန် ကြိုးစားမည် ဟူသော သဘောမျိုးတွေ သူဖြေထားသည်။ ကြည်လင်း၏ ပရိသတ် တစ်ဦး ဖြစ်သော၊ ကြည်လင်း ကစားပုံကို နှစ်သက်သော ကျွန်တော့်အနေဖြင့် သူ၏ စိတ်ဓါတ်ရေးရာနှင့် စိတ်ထား ခိုင်ကျည်မှုကို ထပ်၍ လေးစားရပြန်သည်။

“သူတို့က ကျွန်တော့်ကို ထိန်းချုပ်ဖို့ ကြိုးစားရင် ကျွန်တော်က သူတို့ကို ကျော်ဖြတ်နိုင်အောင် နှစ်ဆ ပိုအားစိုက်မယ်”
“ဒဏ်ရာမရဖို့ထက် မြန်မာအသင်း အောင်မြင်မှု ရဖို့က ပိုပြီးအရေးကြီးပါတယ်။ ကျွန်တော်နာရင် တစ်ခြားလူ ဝင်လိမ့်မယ်။ မနာခင် အထိကတော့ အသေရုန်းမယ်။ နာမှာစိုးလို့ ထိန်းကစားနေရင် နစ်နာမှာက မြန်မာအသင်းလေ။ အသင်းမှာ ဘယ် တစ်ယောက်မှ ကစားအားကို လျော့လို့ မရပါဘူး။ ကျွန်တော်ကတော့ ချမှာပဲ”
သူနှင့်ပြုလုပ်သည့် အမေးအဖြေ (၇)ခုလုံးကို ကျွန်တော် သဘောကျသည်။ စိတ်တိုင်းကျသည်။ အထက်တွင် ဖော်ပြသည့် စကားနှစ်ခွန်း ကတော့ ကျွန်တော့်ရင်ကို အရိုက်ခတ်ဆုံး။ ကြည်လင်း၏ ပြတ်သား ရဲဝင့်သည့် အဖြေစကား များကို ဖတ်ရင်း ကျွန်တော့် လက်ဖျားတွေ တုန်ရီလာသည်။ အပိုစကား၊ ချွဲနွဲ့ပြောသော စကား တစ်ခွန်းမှ မပါဘဲနှင့် ကျွန်တော့် ရင်ထဲတွင် လှိုက်ခနဲ ..။ ကျွန်တော့် ရင်ထဲ ဆို့နစ်နေမိသည်။ ဝမ်းသာမှုကြောင့် ဖြစ်လာသော တုန်ရင်လှိုက်မောစိတ်ကို ကျွန်တော် ခံစားလိုက်ရသည်။ ကြည်လင်းလို လူငယ်မျိုး၊ စိတ်ဓါတ်မျိုး တွေသာ ကျွန်တော်တို့ နိုင်ငံမှာ အများအပြား ရှိခဲ့လျှင် .. ဟူသော အတွေးကိုပါ တွေးမိလာသည်။ လူငယ်ဆိုတာ .. ဒါပါပဲ။ ကြည်လင်းသည် တကယ့်ကို လူငယ် တစ်ယောက် ဖြစ်သည်။

ကျွန်တော်သည် သာမာန်အချိန်တွင် မန်ချက်စတာယူနိုက်တက် ပရိသတ် ဖြစ်ချင်ဖြစ်မည်၊ အာဆင်နယ်လ် ပရိသတ် ဖြစ်ချင် ဖြစ်မည်၊ စာဖတ် နေသော ပရိသတ် တို့သည်လည်း မိမိ စိတ်ခံစားချက် အလိုက် ကျွန်တော်နှင့် မတူသော ကလပ် အသင်းများ၏ ပရိသတ်တွေ ဖြစ်ချင် ဖြစ်မည်။ သာမာန် အချိန် များတွင် ရွန်နီ ပိုကောင်းသည်၊ ခရစ္စတီယာနို ရိုနာလ်ဒို ပိုသာသည်၊ ဖာဂူဆန်က ပိုတော်သည်၊ အာဆင်ဝင်းဂါး အကွက်မြင်သည် စသည်ဖြင့် ကျွန်တော်တို့ ဂုဏ်တု ဂုဏ်ပြိုင် ငြင်းခုန်ချင် ငြင်းခုန်ကြမည်။ သာမာန် အချိန်များတွင် ထိုကစားသမားများ၊ ကလပ်အသင်းများ အကြောင်း ဆွေးနွေး မိသဖြင့် ကြည်လင်းကို မေ့ချင် မေ့နေမည်၊ မြန်မာ အသင်းကို မေ့ချင် မေ့နေမည်။ သို့သော် အရေးကြုံ လာသော အချိန် တွင်မူ ကျွန်တော်တို့ အားလုံးသည် တစ်သားတည်း ဖြစ်သွားကြသည်၊ နှလုံးသား တစ်ခုတည်း ဖြစ်သွားကြသည်။ မန်ချက်စတာ ယူနိုက်တက်သည်၊ ချယ်လ်ဆီးသည်၊ ရီးရဲလ်သည်၊ မန်စီးတီးသည်၊ အရာ အားလုံးသည် မြန်မာ အသင်း၏ နောက်ကွယ်သို့ ရောက်သွားသည်။ ရွန်နီသည်၊ တီဗက်ဇ်သည်၊ မက်ဆီသည်၊ တောရက်စ်သည်၊ သူတို့ အားလုံးသည် ကြည်လင်းနှင့်တကွ မြန်မာ ကစားသမား အားလုံး၏ အနောက်သို့ အလိုလို ရောက်သွားသည်။ မြန်မာအသင်း ကစား နေချိန်တွင် ကျွန်တော်တို့ ချစ်သော မြန်မာအသင်းသည် ကျွန်တော်တို့ အားလုံး၏ မန်ယူလည်း ဖြစ်သည်၊ ချယ်လ်ဆီး လည်း ဖြစ်သည်၊ အာဆင်နယ်လ်လည်း ဖြစ်သည်၊ လီဗာပူးလ်လည်း ဖြစ်သည်။ ဗဟာဒူး တို့မှ စ၍ မျိုးလှိုင်ဝင်း၊ သန်းတိုးအောင် အလယ် ယခုနောက်ဆုံး ကြည်လင်း၊ ကျော်ကိုကို၊ သိန်းသန်းဝင်း၊ ပိုင်စိုး၊ ဒေးဗစ်ထန်၊ သီဟစည်သူ တို့ အားလုံးသည် ပြိုင်ပွဲဝင် နေချိန်တွင် ကျွန်တော်တို့ ပရိသတ်များ အားလုံး၏ ရွန်နီလည်း ဖြစ်သည်၊ ရိုနာလ်ဒိုလည်း ဖြစ်သည်၊ ဒရော့ဂ်ဘာလည်း ဖြစ်သည်။ အဲဒီလို အချိန်မျိုးတွင် ကျန်တာ အားလုံး နောက်ထား၊ ကျွန်တော်တို့သည် မြန်မာ ဆိုတာ ကိုသာ စိတ်ဝင်တစား အားပေး ခဲ့ကြသည်။ မြန်မာ ဆိုသည့် စကားလုံးသာ ကျွန်တော်တို့ နှလုံးသား ထဲတွင် မှတ်ကျောက်တင် ထားခဲ့သည်။

မနက်ဖြန် (၂၄) ရက်နေ့ စတင် ကစားမည့် ဆူဇူကီး ဖလားပွဲ တွင်လည်း ကျွန်တော်တို့ ဘာမှ မပြောင်းလဲ။ မနက်ဖြန်မှ စ၍ မြန်မာ အသင်း၏ ပွဲစဉ် အားလုံး ကျွန်တော်တို့နှင့် ဆိုင်သည်။ လူအမျိုးမျိုး၊ စိတ်အထွေထွေ အားလုံး မြန်မာ အသင်း ကစားမည့် ပွဲချိန် မိနစ် (၉၀) တိုင်းတွင် နှလုံးသား တစ်ခုတည်း အဖြစ်ပေါင်းစည်း ကြမည်။ အားလုံး၏ ဂရုစိုက် စောင့်ကြည့် ခံနေရသော ကြည်လင်း ဖိအားများအေက် ကျရောက် နေမည်လား၊ သူ့ကို ဖိထားသော အားများ အောက်မှ အားမာန် အပြည့်ဖြင့် ရုန်းကန် တွန်းထိုး ထွက်လာကာ ကွင်းအတွင်း လှလှပပ ပေါက်ကွဲပြလေ မည်လား။ ဘာနှင့်မျှ  မတူသော ကျွန်တော်တို့၏ ရင်ခုန်သံသည် မြန်ဆန် ကြပါတော့မည်။

စတော့မည် ဖြစ်ပါသည်။
ကျွန်တော်၏ နှလုံးသားသည် ကြည်လင်း ဖြစ်၍ နေပေတော့မည်၊ မြန်မာအသင်း ဖြစ်၍ နေပေတော့မည်။
ကျွန်တော်တို့ မြန်မာ ဘောလုံး ပရိသတ် များ၏ တသားတည်း ပေါင်းစည်း ထားသော နှလုံးခုန်သံ သည် ကြည်လင်း ကြည်လင်း ဟု ယုံယုံကြည်ကြည် အော်ဟစ်နေလိမ့်မည် ဖြစ်သည်။
မြန်မာ မြန်မာ မြန်မာဟု စူးစူးနစ်နစ် အော်ဟစ်နေလိမ့်မည် ဖြစ်သည်။

၂၃ – နိုဝင်ဘာ – ၂၀၁၂

(မှတ်ချက်။ ။ Soccer Myanmar နှင့် ကြည်လင်းတို့၏ အင်တာဗျူးစာသားများကို ပြန်လည်ဖော်ပြလိုက်ပါသည်။ Soccer Myanmar တွင် သွားရောက်ဖတ်ရှုလိုလျှင်လည်း ဒီမှာ သွားရောက် ဖတ်ရှုနိုင်ပါသည်။)

ဆူဇူကီးဖလား ပြိုင်ပွဲမှာ မြန်မာအသင်း ဘယ်အဆင့်ထိ ရောက်မယ်လို့ ထင်လဲ။
အုပ်စုကလွတ်အောင် အရင်ဆုံး ကြိုးစားရမယ်။ ကျွန်တော်တို့မှာ အခွင့်အရေး ရှိပါတယ်။ ဗီယက်နမ်ကို နိုင်အောင် ကစားနိုင်ရင် ကျွန်တော်တို့မှာ အခွင့်အရေး ရှိတယ်။ ထိုင်းကောင်းပေမယ့် ကျွန်တော်တို့ မကြောက်ပါဘူး။ အဓိက,က စိတ်ဓါတ်ပါ။ ကျွန်တော်တို့မှာ နိုင်ရမယ် ဆိုတဲ့ စိတ်ရှိတယ်။

ထိုင်းက အိမ်ရှင်လေ။ သူတို့မှာ အိမ်ရှင် အားသာချက် ရှိနေတယ် မဟုတ်လား။
ဟုတ်ပါတယ်။ ဒါပေမယ့် ထိုင်းမှာ ကျွန်တော်တို့ မြန်မာ ပရိသတ် တွေလည်း အများကြီး ရှိနေတာပဲ။

ကြည်လင်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဘောလုံးဝက်ဘ်ဆိုက် တွေရဲ့ ဂရုတစိုက် ဖော်ပြလာမှုက ပြိုင်ဘက် တွေရဲ့အာရုံစိုက်မှုကို ပိုပြီး ခံလာရနိုင်လား။
အဲလိုတော့ မထင်ဘူးဗျ။ ပြိုင်ဘက်တွေ ကတော့ တစ်သင်းလုံးကို အာရုံစိုက်ကြမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ကို ပြိုင်ဘက်တွေ ကြောက်ပါတယ်။

အကယ်၍ပေါ့….ပြိုင်ဘက်တွေက ပွဲထဲမှာ ကြည်လင်းကို အာရုံစိုက် ထိန်းချုပ်လာခဲ့ရင် ဘယ်လိုလုပ်မလဲ။ အဲဒါက အခက်အခဲ ဖြစ်စေမလား။
အခက်အခဲ ဖြစ်စေမယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်ကတော့ မြန်မာအသင်း အောင်မြင်မှုရဖို့အတွက် အစွမ်းကုန် ကြိုးစားမှာပါ။ သူတို့က ကျွန်တော့်ကို ထိန်းချုပ်ဖို့ ကြိုးစားရင် ကျွန်တော်က သူတို့ကို ကျော်ဖြတ်နိုင်အောင် (၂)ဆ ပိုအားစိုက်မယ်။

ကြည်လင်းရဲ့ ကစားပုံက ဒဏ်ရာရဖို့ နီးစပ်တယ်လို့ ပရိသတ်တွေက ပြောကြတယ်။ ဒဏ်ရာမရအောင် ကစားပုံ ပြောင်းဖို့ ရှိလား။
ဒဏ်ရာမရဖို့ထက် မြန်မာအသင်း အောင်မြင်မှု ရဖို့က ပိုပြီးအရေးကြီးပါတယ်။ ကျွန်တော်နာရင် တစ်ခြားလူ ဝင်လိမ့်မယ်။ မနာခင် အထိကတော့ အသေရုန်းမယ်။ နာမှာစိုးလို့ ထိန်းကစားနေရင် နစ်နာမှာက မြန်မာအသင်းလေ။ အသင်းမှာ ဘယ်တစ်ယောက်မှ ကစားအားကို လျော့လို့ မရပါဘူး။ ကျွန်တော်ကတော့ ချမှာပဲ။

ခုနောက်ပိုင်း ဂိုးတွေ အရမ်းရလာတာ ဘာကြောင့်လဲ။
ကျွန်တော် ဂိုးတွေရလာတာက နည်းပြက ဂိုးသွင်းခွင့် ရမယ့်နေရာမှာ ပေးကစား လာတာရယ်၊ အသင်းဖော်တွေရဲ့ ပံ့ပိုးမှု ရယ် ကြောင့်လို့ထင်ပါတယ်။ နောက်ပြီး ကျွန်တော် ကိုယ်တိုင်ကလည်း ပွဲအတွင်းမှာ ဂိုးရအောင် အရမ်း အားစိုက်တယ်။ လေ့ကျင့်ရေး ကွင်းမှာလည်း ဂိုးသွင်းတာတွေကို အမြဲလေ့ကျင့်ပါတယ်။

ဒီပြိုင်ပွဲမှာရော ဂိုးသွင်းနိုင်ပါ့မလား။
ပြောရင် ယုံမလားတော့ မသိဘူး။ ကျွန်တော် ဒီပြိုင်ပွဲမှာ ဂိုးသွင်းဘုရင်ဆုနဲ့ အကောင်းဆုံး ကစားသမား ဆုတွေရဖို့ မှန်း ထားတယ်။

3 comments

Leave a Reply