နွေညအိမ်မက်ရှည်

စဆရ ႀကီးNovember 25, 20121min1248

အချိန်ကား ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးမှ ပြည်သူ့သမ္မတ ဗမာနိုင်ငံတော်ဟု အစိတ်စိတ်အမွှာပြိုကွဲပြီးသကာလ ဖြစ်သည်။

ယခင်ကာလကမူ အနောက်ဘက်ခြမ်းတွင် မုတ်ဆိတ်နှင့် ရခီးများ အငြင်းပွားနေသည်ကို ဗမာအစိုးရမှ ထ်ိရောက်စွာ မကိုင်တွယ်ခဲ့သဖြင့် မုတ်ဆိတ်များ လွှတ်တော်တွင် အားကောင်းလာခဲ့ပြီး သီးခြားအုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ်တောင်းရာမှ အနိုင်ရပြီးသည့်နောက် လွတ်လပ်သည့်နိုင်ငံတော်အဖြစ် ကမ္ဘာသိကြေငြာရာမှတစ်ဆင့် ဗမာအစိုးရနှင့် အကြီးအကျယ်အငြင်းပွားပြီးသည့်နောက် မြန်မာ့ရေပိုင်နက်ကိုကိုုးကျွန်းတွင် ရေတပ်အခြေစိုက်စခန်းဖွင့်ထားသည့် အန်ကယ်ဆမ်တို့၏ အကူအညီဖြင့် ရခီးများ ကိုယ်ပိုင်တိုင်းပြည် ထူထောင်ပြီးစအချိန်၊ ပင်လုံစာချုပ်ပါ အချက်အလက်များကို ဖောက်ဖျက်သည်ဟူသော ခေါင်းစဉ်ဖြင့် အန်တီကြီးခေါင်းဆောင်ပြီး ဒုတိယ ပင်လုံညီလာခံကို အင်းလျားလမ်းတွင် နှစ်ဖက် ခေါင်းဆောင်များ မစုံမညီစွာဖြင့် ဖက်ဒရယ်မူကို အတည်ပြုပြီးသည့်နောက် ကိုယ့်လူမျိုး၊ ကိုယ့်အစိုးရဖြင့် ကိုယ့်ပြည်နယ်ကို မည်မျှတိုးတက်အောင် စွမ်းဆောင်နိုင်ကြောင်း သိရှိလာရပြီးနောက် သျှမ်းလူမျိုးများသည်လည်း သီးခြားတိုင်းပြည်ထူထောင်ပြီးစအချိန်၊ မြစ်ဆုံအကြောင်းပြပြီး ကိုယ့်ပြည်နယ် ကာကွယ်မည်ဟုဆိုပြီး စတင်တိုက်ပွဲဝင်လာသော ကချင်တပ်မတော်မှာ အန်ကယ်ဆမ်ကြီးနှင့် ဦးပြောင်ကြီး လုံးလားထွေးလား ရှိလာသည်ကို မနာလို မရှုစိမ့်သည်ကတစ်ကြောင်း၊ ဗမာလူမျိုးများ ပေါက်ဖော်ကြီးဘာလုပ်လုပ် လမ်းမပေါ်ထွက်ပြီး လမ်းလျှောက်ပြနေသဖြင့် ဗမာပြည်တွင်း စီးပွားလုပ်ငန်းများ ရပ်တန့်ကုန်သဖြင့် ပြည်မကြီးသို့ ဒေဝါလီခံပြီး ပြန်ရောက်လာသော စီးပွားရေးဒုက္ခသည်များကို လက်ခံထားရသဖြင့် တိုင်းပြည်ဘက်ဂျက်ထိခိုက်ရသည်ဟူသော အကြောင်းပြချက်ဖြင့် တရားအားထုတ်သူများအား စစ်ရေး၊ စီးပွားရေး အကူအညီများ အပြည့်အဝပေးပြီး တော်လှန်ပုန်ကန်စေရာ ကချင်ပြည်နယ်ကြီးသည်လည်း ကချင်ပြည်ထောင်စုကြီးအဖြစ်သို့ ကမ္ဘာသိ ကြေငြာနိုင်ခဲ့ပြီဖြစ်သည်။ ထိုမှတစ်ဖန်အရှေ့တောင်သို့ လှမ်းမျှော်ကြည့်လိုက်ရာတွင် ဗိုလ် တစ်ခမ်းမွှေးမှ ၎င်းအား ခြံစည်းရိုးစောင့်အဖြစ် တောင်းဆိုလာသည်ကို မခံမရပ်နိုင်သဖြင့် တော်လှန်ပုန်ကန်ရာမှ ကိုယိုးဒယားတို့လည်း နှစ်ပေါင်းထောင်ချီနေသည့် သမိုင်းကျွေးကို ပြန်ဆပ်ရလေပြီဟု အောက်မေ့သည်ကတစ်ကြောင်း၊ ဗမာလူမျိုးများ သူတို့ပြည်ကို တက်သိမ်းမည်ကို ကြောက်သည်ကတစ်ကြောင်းကြောင့် လိုသမျှ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးနည်းလမ်းများဖြင့် ထောက်ပံ့ပေးကမ်းလေရာ ကရင်ပြည်နယ်မှစပြီး တနင်္သာရီတိုင်းတိုင်အောင် ကရင်နိုင်ငံတော်အဖြစ် တည်ရှိလေသည်။ မြန်မာပြည်အနေနှင့်ရှိစဉ် စတင်ခဲ့သော ထားဝယ်ရေနက်စီမံကိန်းမှ ကောက်ခံရရှိသော ဝင်ငွေသည်ပင် ကရင်နိုင်ငံတော်ကြီးသို့ လာရောက်လုပ်ကိုင်လိုသော အလုပ်သမားများကို လက်ယပ်ခေါ်နေသလိုပင်။ ဆင့်ကာပူရနိုင်ငံမှပင် PR လျှောက်ထားသူများကို နိုင်ငံတော်လုံခြုံရေး အထူးစီမံချက်ဖြင့် Reject လုပ်နေရပြန်သေးသည်။ ယခုအချိန်တွင် ယခင်က ပွဲစားနိုင်ငံအဖြစ်မှ အပန်းဖြေ ကျွန်းနိုင်ငံလေးသာသာ ရှိတော့သဖြင့် ကရင်နိုင်ငံသား အမြဲတမ်းနေထိုင်ခွင့်ရလိုသူများ ဖြစ်လိုကြခြင်းမှာလည်းမဆန်းပေ။ တစ်ချိန်က ချင်းပြည်နယ်ကြီးသည်ကား အာသံပြည်နယ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ချင်းမလေးများကို ဆာရီလေးကိုယ်စီ၊ ချင်းအမျိုးသားများကို ခေါင်းပေါင်းဖြူလေးများဖြင့် တွေ့မြင်နိုင်ပြီဖြစ်လေသည်။ သူတို့လူမျိုးများ ဘာသာတရားလဲ ကိုင်းရှိူင်းကြပေသည်။ သောကြာနေ့ဆိုလျင် မြို့လည်ကောင် ဆိုင်ခန်းများသည်ကား သော့ခတ်လျက်သား။

*******************************************************************************************

ထိုအချိန်သည်ကား စာသင်ခန်းများတွင် ဆိုဗီယက်ပြည်ထောင်စုကြီးနှင့် နင်လားငါလား အပြိုင်ကျဲခဲ့သည့် ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကြီးအကြောင်းကို လေ့လာကျက်မှတ်နေသံကို အမြဲလိုလိုကြားနေရသဖြင့် ကိုရင်စိုင်းတို့မှာလည်း ထိုခေတ်ကြီးတွင် လူမဖြစ်ခဲ့ရသည်မှာ ကောင်းလေစွဟု တွေးမိလေသည်။ ကိုရင်စိုင်းအဘိုး အဘရှူံးဆိုလျင် ထိုခေတ်တွင်လူဖြစ်ခဲ့ရပြီးမှ ကိုရင်စိုင်းအဖေကို လူဖြစ်အောင် မွေးခဲ့ရသည်ကိုတွေးမိပြီးသည့်နောက် များစွာ သနားခြင်းဖြစ်တော့သည်။

ကိုစိုင်းလဲ PFP ဟူသော ဆိုင်းဘုတ်ကြီး ခန့်ညားစွာတပ်ဆင်ထားသော ဆိုင်တစ်ဆိုင်၏ တံခါးဝကို တွန်းဖွင့်လိုက်သည့်တစ်ခဏ၊ နွေးထွေးသော လေထုကြီးက ဆီးကြိုနေသဖြင့် တစ်အောင့်မျှ လေပြင်းပြင်းရှူသွင်းလိုက်ပြီး ဆိုင်အတွင်းသို့ ဝင်လိုက်သည့်နောက် အပြုံးလှလှလေးများဖြင့် ဆီးကြိုနေသည့် အရောင်းစာရေးမလေးများမှ သျှမ်းလို၊ ဘိုလို နှစ်မျိုးဖြင့် နှုတ်ဆက်သည်ကို လက်တစ်ချက်ဝှေ့ရမ်းပြလိုက်ပြီး ဆိုင်နောက်ဖေးသို့ တန်းတန်းမတ်မတ်ကြီး ဝင်သွားတော့သည်။

ဆိုင်နောက်ဖက်တွင်မတော့ ဝုန်းဒိုင်းကျဲလျက်သား၊ အလုပ်သမားများနှင့် အလုပ်ကြီးကြပ်သူများမှ မမျှော်လင့်ပဲ ကိုရင်စိုင်းရောက်လာသဖြင့် တစ်ရှူးစက္ကူများဖြင့်ပဲ သန့်ရှင်းရေး လုပ်ရတော့မလို၊ သွားဖြဲပဲ ကြိုရတော့မလို ဖြစ်နေစဉ်မှာပင် ပါးနပ်လှသော ဆိုင်မန်နေဂျာမှ ဝမ်းသာအားရ ဖက်လှဲတစ်ကင်း ကြိုဆိုပြီး မဆီမဆိုင် ဆိုင်အရှေ့ဘက်နှင့် ဆိုင်ပါတ်ပါတ်လည်ကို တစ်နာရီခန့်ကြာအောင် လိုက်လံရှင်းလင်းပြသလေသည်။ တစ်နာရီခန့်ကြာပြီးသည့်နောက် ကိုရင်စိုင်းလဲ မီးဖိုချောင်သို့ ပြန်လှည့်လာတော့သည်။ ထိုအချိန်တွင်မတော့ အရာရာသည် နေသားတကျ၊ သန့်ရှင်းသပ်ရပ်လျက်သားရှိနေပြီ ဖြစ်လေသည်။ ကိုရင်စိုင်းလဲ ဆီလို အပေါက်ရှာပြီး ချို့ယွင်းချက်များကိုလိုက်ရှာပြီး နောက်ဆုံးတွင် FVR (Field Visit Report ) တွင် ရေးသားပြီးသည့်နောက် အီးမှန်သည့်မျက်နှာနှင့် ကျန်ခဲ့သည့် မန်နေဂျာအား အောင်နိုင်သူကြီးပမာ လက်ပြနှုတ်ဆက်ရင်း ရုံးချုပ်သို့ ပြန်ခဲ့တော့သည်။

ကိုရင်စိုင်းရုံးချုပ်သည် ပြင်ဦးလွင်တွင် လွန်စွာဆိတ်ငြိမ်သော ယူဂိုဆလပ် ရပ်ကွက်တွင် တည်ရှိလေသည်။ တစ်ချိန်က ကိုရင်စိုင်းအဘိုး တစ်မြေရပ်ခြားမှ ပြန်လာပြီး ဇာတိမြေပြန်မရောက်တာ အနှစ် (၂၀)ခန့်ရှိသွားလေသဖြင့် ခဏအလည်ပြန်ဦးမည်ဟုဆိုပြီး ပြန်လာရာမှ နောက်တစ်ခေါက် ထပ်မခွဲချင်တော့သဖြင့် အိမ်တွင် စုဆောင်းထားသမျှလေးများကို ထိုင်စားရင်း ဘွားပွင့်အကြိုက် ဟင်းများချက်ကျွေးရာမှ ဘွားပွင့်ကြိုက်ရာ ဝက်သားများကို နည်းမျိုးစုံလုပ်ကိုင် ကြော်ချက်ကျွေးမွေးရင်းမှ အိမ်သို့လာလည်သော ဧည့်သည်များမှ ဆိုင်ဖွင့်ကြည့်ပါလားဟု အကြြံ့ပုကြသဖြင့် ယခင်က ကြက်ကြော်ခဲ့သော ဘရှူံးလည်း အိမ်ရှေ့တွင် အိမ်ဆိုင်လေးဖွင့်၊ လူသိများလာရာမှတစ်ဆင့် အိမ်တိုင်ရာရောက် တွန်းလှည်းလေးဖြင့် လိုက်ရောင်း၊ ထိုမှတစ်ဆင့် လူစည်ကားရာတစ်နေရာတွင် ခွေးခြေပုလေးများဖြင့် ထိုင်ရောင်းရာမှ စီးပွားရေးကောင်းမွန်လာသဖြင့် ကိုယ်ပိုင်ဆိုင်မဖွင့်တော့ပဲ ဖရန်ချိုင်းများပေးပြီး ရုံးခန်းတွင်းတွင်သာ နေတော့သည်။

ရေနွေးငွေ့ပေးခန်းများ၊ နံမည်ကျော်တံဆိပ်ပေါင်းစုံ အရက်များကိုလည်း ထားရှိလေရာ PFP (Pwinoolwin Fried Pork) စီးပွားရေးလုပ်ငန်းကြီးသည်ကား အရှေ့အလည်ပိုင်းဒေသမှလွဲပြီး နိုင်ငံတစ်ကာ မရှိသည့်နိုင်ငံ မရှိသလောက်အောင်ပင် အောင်မြင်ဖြစ်ထွန်းလာသဖြင့် ကိုရင်စိုင်းလဲ အဘရှူံးနှင့် ဘွားပွင့် နောက်ဆုံးခေါင်းချခဲ့သည့် အိမ်လေးကို ပြတိုက်အနေနှင့်ဖွင့်၊ အဘရှူံး စကားလုံးတိုက်ပွဲဝင်ခဲ့ရာ မန့်သလေးဂွဇွတ် ဆိုက်ကြီးမှ အမှတ်တရ စကားလုံးစစ်ထိုးပွဲများကို ပရိုဂျက်တာဖြင့် တစ်ကွက်ခြင်းစီထိုးပြခြင်းဖြင့်လည်းကောင်း၊ အဘရှူံး ဘွားပွင့်အား မအိပ်မနေ၊ မရမက ကြိုးစားခဲ့စဉ်က ဂယောင်ခြောက်ခြားဖြင့် ရေးသားခဲ့သော စာများအား ပရင့်ထုတ်ပြီး မှန်ဘောင်သွင်းပြီးသော်လည်းကောင်း၊ PFP လုပ်ငန်းကြီး အစပျိုးခဲ့ရာ မီးဖိုချောင်လေးအတွင်းတွင် အဘရှူံးပုံတူ ဖယောင်းရုပ်ဖြင့် ပြုလုပ်ထားသော ပြခန်းသည်လည်းကောင်း လူအများ ကြိုက်နှစ်သက်ရာဖြစ်သဖြင့် ထိုပြတိုက်မှ ဝင်ငွေသည်ပင် အဘရှူံးတည်ထောင်ခဲ့သော မိဘရှိ မေတ္တာငတ် လူငယ်များပရဟိတဂေဟာအတွက် များစွာ ပိုလျှံနေပေသေးသည်။

ကိုရင်စိုင်းလည်း အတွင်းရေးမှူးမလေးမှ သတိပေးသဖြင့် လာမည့်နှစ်တွင် ထပ်မံဖွင့်လှစ်မည့် ဆိုင်များအတွက် ဝန်ထမ်းများ ရွေးချယ်ခေါ်ယူရေး အစည်းအဝေးကို ပြုလုပ်ရန်သတိရသဖြင့် အဘရှူံးရေးသားခဲ့ရာ စာဖွတ်များကို ပြန်လည်ဖတ်ရှူနေရာမှ အပြေးတစ်ပိုင်း ခြေလှမ်းဖြင့် အစည်းအဝေးခန်းသို့ လှမ်းခဲ့ရာ တံခါးမှ အလိုအလျောက်ပြန်ကန်ပြီး နဖူးကိုရိုက်မိသဖြင့် ကိုရင်စိုင်းလဲ လောကကြီးနှင့် အဆက်ပြတ်သွားလေသည်။

*******************************************************************************************

“……………..” ဟု အသံများကို ကြားလိုက်ရသည့်တစ်ခဏ

ကိုရင်ရှူံး မျက်လုံးကို အသာဖွင့်ကြည့်လိုက်သည်။ သံတန်းများကိုသာမြင်ရသည်။ နဖူးကို စမ်းကြည့်လိုက်တော့ ရေခဲအိပ်ကိုကိုင်မိသည်။ ရေခဲအိပ်ကို ဖယ်ပြီး စမ်းကြည့်လိုက်သည့်အခါတွင်မတော့ မဟာနဖောင်ပြူး၊ နဖူးပြောင်ကြီးအလည်တွင် ဘုကြီးကြီးတစ်ခု နေရာယူလျက်သား၊ အသာလေးဖိလိုက်မိသည့်နောက် တစ်ကျွတ်ကျွတ်မြည်ပြီး လက်ကိုအမြန်ရုပ်လိုက်ရလေသည်။

အခန်းဖော်တစ်ယောက်မှ ပြန်ရှင်းပြသဖြင့် ညဘက်အိပ်နေရင်း ကိုရင်ရှူံးတစ်ယောက် ရုတ်ချည်းထလိုက်ရာ အပေါ်ခုတင်သံတန်းနှင့်ရိုက်မိပြီး သတိမေ့သွားသကြောင်းပြောသဖြင့် ကိုရင်ရှူံးလည်း မျက်လုံးကို အသာမှိတ်၊ သက်ပြင်းတစ်ချက်ချလိုက်ရင်း ယခင်မက်လက်စ အိမ်မက်လေးကို မရမက ပြန်မက်စေရန် ကြိုးစားရင်း၊ ကြိုးစားရင်းနှင့် လောကကြီးတစ်ခုလုံး မှောင်အတိကျသွားပြန်တော့သည်။

စိုင်း ကွမ်းခေး
(မန့်သလေး ဂွဇွတ်)

8 comments

  • တိမ်မည်း

    November 25, 2012 at 11:37 am

    ဖြစ်ချင်တာလား…
    ဖြစ်နိုင်တာလား…
    ဖြစ်သင့်တာလား…

    ခွဲခြားမရပါ……………………………………

    • စိုင်း ကွမ်းခေး

      November 25, 2012 at 5:36 pm

      ဖြစ်ချင်တာတွေရယ်
      ဖြစ်လာနိုင်တာတွေရယ်
      ဖြစ်သင့်တာတွေရယ်
      ဖြစ်များဖြစ်လေမလားဆိုတာတွေရယ်
      ဖြစ်လာခဲ့ရင်ကောဆိုတာတွေရယ် စဉ်းစားပြီး

      ဖြစ်ခဲ့ရင်ဆိုပြီး…………။

  • pooch

    November 25, 2012 at 2:59 pm

    အဲ့ဒီဘက်မှာ နွေပဲ ဖြစ်နေတုန်းလား
    ဒီဖက်က အေးစပြုနေပြီဆိုတော့ ဆောင်းတွင်းအိမ်မက် ဂယောက်ဂယက်လို့ပဲ ပြောရမှာ :mrgreen:

    • စိုင်း ကွမ်းခေး

      November 25, 2012 at 5:38 pm

      ဒီမှာတော့ နည်းနည်းအေးစပြုလာပါပြီဗျိ့… မေမြို့ဆောင်းကို ပြန်လွမ်းလွမ်းနဲ့ ရေးလိုက်တာဖြစ်ပါကြောင်း

  • Shwe Ei

    November 25, 2012 at 3:54 pm

    စိတ်ကူးယဉ် PFP လုပ်ငန်းကြီး အပြင်မှာ
    အမှန်တကယ် အကောင်အထည်ဖေါ်အောင်မြင်
    နိုင်ပါစေ ကိုရှုံးရေ။

  • kai

    November 25, 2012 at 5:51 pm

    ဗမာတွေ.. ယဉ်ကျေးမှုဓလေ့ကိုဆွဲကိုင်.. အစွန်း.. ဆက်ရောက်ကြဦးရင်ဖြင့်.. ပြည်ထောင်စုအစိတ်စိတ်ကွဲမယ့်..အခြေအနေရှိနိုင်ပါတယ်..။
    အနီးစပ်ဆုံးမိုဒယ်ကတော့.. ချက်ကိုကြည့်ပေါ့…

    အဟမ်း..
    ဖြစ်လာနိုင်တယ်လို့.. တွေးထားတဲ့လူတွေလည်း.. ရှိပါတယ်.. :kwi:
    နွေညအိပ်မက်က.. မှန်ချင်မှန်နေမှာ. :buu:

Leave a Reply