သားကို ပြန်လည်ပြောပြဖြစ်တဲ့ အကြောင်းများမှ (ကျွန်မနှင့် အင်တာဗျူးအတွေ့အကြုံ)

TheWinner GetprizeNovember 25, 20121min18311

Mandalay Gazette ချစ်သူများရှင့်၊

ကျွန်မရဲ့ ဒီ POST လေးမှာတော့ သားကိုပြန်ပြောပြဖြစ်တာလေးတွေကို ပြန်လည် မျှဝေပါရစေ။

သားကို ပြန်လည်ပြောပြဖြစ်တဲ့ အကြောင်းများမှ (ကျွန်မနှင့် အင်တာဗျူးများ)

ယခုနောက်ပိုင်းတွင် company တွေ အတော်များများရင်ဆိုင်နေရသည့် လူရှာရခက်ခဲသည့် ပြသာနာအတိုင်း ကျွန်မတို့ company လည်း မကြာခဏ လူခေါ်ရပါသည်။ ကျွန်မ အင်တာဗျူး လုပ်ရတာကို အတော်လေး စိတ်ညစ်မိခဲ့ပါသည်။ အဓိကကတော့ ကျွန်မရဲ့ ပုံမှန်အလုပ်တွေကို ဘေးဖယ်ထားပြီး ထိုအင်တာဗျူး အတွက် အချိန်ပေးနေရလို့ပါ။

အဲဒီတော့ အင်တာဗျူးရင်လည်း ကျွန်မစိတ်သိပ်မရှည်မိပါ။ ကိုယ်မေးချင်တာ၊ ကိုယ်သိချင်တာ၊ ကိုယ်လိုချင်တဲ့ အရည်အချင်းနဲ့ အနီးစပ်ဆုံး ဖြစ်နိုင်၊ မနိုင်ကိုသာ ကျွန်မအဓိကထားပြီး ကျန်တာတွေကို သိပ်ပြီး အချိန်မပေးမိပါ။ ပြီးတော့ အတော်ဆိုးခဲ့တဲ့ ကျွန်မပါပဲနော်။ ကျွန်မဘာလုပ်မိသေးလဲဆိုတော့ – လာဖြေတဲ့အထဲမှာ ထောင့်မကျိုးတဲ့ ပုံစံလေးတွေ ပါရင်လည်း နည်းနည်းလေး ပိုပြီးဖိမေးဖြစ်သေးတယ်ရှင့်။

အခုရောတဲ့?? ကျွန်မနည်းနည်း ပြောင်းလဲသွားပြီရှင့်။

အင်တာဗျူး လုပ်ရတာလေးကို အရင်ကထက် စိတ်ကျေနပ်မှု ဖြစ်လာပါတယ်။ မဖြစ်လို့လဲမရဘူးလေ။ တိုးချဲ့လာတဲ့လုပ်ငန်းတွေနဲ့ လက်ရှိဝန်ထမ်း မလောက်တော့တဲ့ အချိန်မှာ ကျွန်မစိတ်မရှည်လည်း မဖြစ်မနေကို လုပ်နေရတာကိုး။ အဲဒီတော့ လုပ်နေရတဲ့ အလုပ်တခုအပေါ်မှာ ပျော်ရွှင်လာအောင် လုပ်ယူရတော့မှာပါပဲ။ အဲဒီမှာ ကျွန်မအတွက် အဓိကတွန်းအားဖြစ်လာ စေတာကတော့ ကျွန်မရဲ့ ကိုယ်ချင်းစာစိတ်ပါပဲ။

အခုတော့ အင်တာဗျူး လုပ်တိုင်း – လာဖြေတဲ့ သူတွေကို – ဪ ငါ့အစ်ကိုသာဆိုရင် – ဪ ငါ့အမသာဆိုရင် – ညီမလေးသာဆိုရင်စသဖြင့်နဲ့ ရင်ထဲမှာ အထိဆုံးကတော့ ငါ့သား၊ သမီး လေးသာဆိုရင် ဆိုတဲ့ စိတ်ကို ကျွန်မသွင်းလိုက်မိတဲ့ အချိန်ကစလို့ပါပဲ။ အဲဒီအချိန်ကစလို့ ကျွန်မရဲ့ အင်တာဗျူး အချိန်တွေဟာ ကျွန်မအတွက်တော့ တန်ဖိုးတစ်ခု ဖြစ်လာခဲ့ပါတယ်။

စကားပြောကြည့်ရင်းနဲ့ ပျော်မွေ့လာတတ်သလို အခုတော့ ကျွန်မလိုတဲ့ အင်တာဗျူး အတွက် သူတို့ကို မခန့်ဖြစ်ရင်တောင် နောက်ထပ် သူတို့ထပ်သွားမယ့် အင်တာဗျူးတွေအတွက် အဆင်သင့်ဖြစ်အောင် စိတ်ရှည်ရည်နဲ့ ပြန်လည်ရှင်းပြ ဖြစ်တတ်လာပါတော့တယ်။
ပညာရပ်ဆိုင်ရာမေးခွန်းပဲဖြစ်ဖြစ်၊ လုပ်ငန်းအတွေ့အကြုံပဲဖြစ်ဖြစ်ပေါ့။ ပြန်လည် မျှဝေရတာကိုလည်း ကျွန်မသဘောကျလာမိပါတယ်။

လာဖြေကြတဲ့ သူတွေ ၊ Position အမျိုးမျိုးတွေထဲမှာ တချို့ကလည်း Over Proud ပါ။ တချို့ကျတော့လည်း Confident မရှိလွန်းပါ။ တချို့ကျတော့လည်း ယဉ်ကျေးမှုအားနည်းလွန်း။ တချို့သောသူများကျတော့လည်း ချိုသာလွန်းသလို၊ တချို့ကတော့ အပိုအလိုမရှိ စမတ်ကျလွန်းကြပါတယ်။ သိရင်လည်း သိသလိုပြောပြပြီး မသိသေးရင်လည်း မရွှီးပဲနဲ့ မသိတဲ့အကြောင်း ပြောတဲ့သူတွေရှိသလို၊ တချို့ကျတော့လည်း ခပ်တည်တည်နဲ့ အင်မတန် အရွှီးကောင်းပါတယ်။


“ကဲ – မိခင်တစ်ဦးဖြစ်တဲ့ ကျွန်မကရော? ကျွန်မရဲ့သားလေး အရွယ်ရောက်လာတဲ့ တချိန်၊ Interview သွားဖြေရတဲ့ တစ်နေ့မှာ ထိုအမျိုးမျိုးသော လူတွေထဲက ဘယ်လိုလူမျိုးဖြစ်အောင် ကျွန်မ Drive လုပ်မှာလဲ?”


ပညာရပ်ဆိုင်ရာမေးခွန်းတွေကို ခဏဖယ်ထားလို့ ကျွန်မ သားကို ပြန်ပြောပြဖြစ်တာကတော့ အင်မတန်မှ ရိုးရှင်းသော အချို့သော ယဉ်ကျေးမှု ကျင့်ဝတ်လေးတွေပါ။

၁) ကျွန်မ ဘယ်လောက်ပဲ အလုပ်များများ လာဖြေသူက ကျွန်မကို ပြန်စောင့်မနေစေချင်သူပါ။ အဲလိုကျွန်မအတွက်တော့ သူတို့ရဲ့ အချိန်တိကျမှုကိုလည်း ကျွန်မအမြဲအလေးထားကြည့်မိပါတယ်။
တချို့သော သူများကတော့ ချိန်းထားတဲ့ အချိန်ထက် နောက်ကျပြီးမှ ရောက်လာတတ်ပါတယ်။
သူတို့ပေးတဲ့ အဖြေကတော့ ရုံးခန်းရှာနေရလို့ပါ၊ ကားလမ်းပိတ်နေလို့ပါ၊ စသဖြင့်ပေါ့ရှင်။ အခုခေတ်က လူအတော်များများမှာ ဖုန်းရှိနေတတ်တော့ တချို့သော သူများကတော့ Reception ကို အကျိုးအကြောင်းကို ဖုန်းလှမ်းဆက်ပြီး ပြောတတ်သူများရှိသလို တချို့ကျတော့လည်း နောက်ကျပြီးမှ ရောက်လာတတ်ကြပါတယ်။ ဘာမှ မပြောပဲ ရောက်လာသူများကိုတော့ မိုးပျံအောင် တော်နေပါစေရှင်၊ ကျွန်မအတွက်တော့ အဲလိုလူမျိုးကို ဘယ်တော့မှ မခန့်ဖြစ်တော့ပါ။

၂) နောက်တခုကလည်း အဲဒီဖုန်းပါပဲရှင့်။ တချို့သောသူတွေက အင်တာဗျူးရင်းနဲ့ ဖုန်းခဏ ခဏ လာတာပါ။ တချို့ကျတော့လည်း လာတဲ့ဖုန်းကို ပိတ်လိုက်ပါတယ်။ တချို့ကျတော့လည်း ကျွန်ကရှေ့မှာပဲ ဖုန်းကို နောက်မှပြန်ခေါ်မည့်အကြောင်း ပြန်ဖြေနေတတ်သလို၊ တချို့ကတော့ ကျွန်မကို ခဏနော်ဆိုပြီး တစ်ဘက်လူနဲ့ စကားပြန်ပြော လိုက်ပါသေးတယ်။

တကယ့်ကိုရယ်ရတဲ့ တစ်ခါမှာတော့ ကျောင်းပြီးစ အင်ဂျင်နီယာလေးတစ်ယောက်ကတော့ ကျွန်မကိုထားခဲ့ပြီး အပြင်ကို ဖုန်းထွက်ပြောနေတာပါပဲ။ ပြန်လာတော့လည်း ကျွန်ကကို sorry ပြောဖို့ သူနားမလည်ပါ။ သူ့ကိုကြည့်ရင်းနဲ့ ကျွန်မလည်း သားအတွက် အတော်လေးကိုရင်လေးမိသွားပါတယ်။
တချို့ကျတော့လည်း အင်တာဗျူးမဝင်ခင် အပြင်မှာ တခါတည်း ဖုန်းကို Ring Off / Power Off ခဲ့ကြပါတယ်။

၃) ကျွန်မကတော့ အခန်းတံခါးကို ဖွင့်ပြီး ဝင်လာကတည်းကနေ ဖြေမယ့်ခုံကို ဝင်ထိုင်တဲ့အထိ စောင့်ကြည့်တတ်သူဆိုတော့ လာသူတွေရဲ့ ကိုယ်အမှုအရာဟာလည်း မျိုးစုံပါပဲ။ တချို့ကျတော့လည်း ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်သူတွေ ရှိသလို၊ တချို့ကျတော့လည်း ကြောက်နေတတ်ကြပါတယ်။ တချို့ကျတော့လည်း ယဉ်ကျေးပျူငှာကြပါတယ်။ ဪ – တချို့ကျတော့လည်း ဝင်ထိုင်မဲ့ခုံကို ခြေနဲ့လှမ်းဖယ်တဲ့သူတွေလည်း ကြုံဖူးရပါတယ်။

၄) အင်တာဗျူးမဝင်ခင် Reception မှာ ထိုင်စောင့်နေစဉ်မှာလည်း တချို့သော သူများ အရင်အလုပ်မကောင်းကြောင်းကို အာဘောင်အာရင်းသန်သန်နဲ့ ပြောနေတတ်သူမျိုးများလည်း မကြာခဏ ပါလာတတ်ပါတယ်။ ကျွန်မကတော့ အလုပ်ခန့်ရင် ထိုသူများကို ရှောင်လေ့ရှိပါတယ်။

၅) အင်တာဗျူးကို ဝတ်စားလာပုံရောတဲ့။ ကျွန်မကတော့ သတိထားကြည့်မိတတ်ပါတယ်။ ကောင်းဖို့၊ သစ်လွင်ဖို့မဟုတ်ဘူးနော်။ လူတစ်ယောက်ဟာ သူ့ကိုယ်သူ ဘယ်လောက်ထိ သပ်သပ်ရပ်ရပ်နေတတ်သလဲ ဆိုတာကိုပါ။
ရှိတာလေးကိုပဲ သပ်ရပ်စွာ ဝတ်စားလာတတ်ဖို့ပါ။ (ကျွန်မနဲ့ အယူအဆ မတူတဲ့ မေးမြန်းသူတွေလည်း အများကြီးပါ။ ဒါကတော့ ကျွန်မအယူအဆသပ်သပ်ပါ။)

၆) အင်တာဗျူးတဲ့ အခါမှာလည်း အောက်ခြေဝန်ထမ်းကစလို့ Sr. Staff, Team Leader, Supervisor, Manager, General Manager, Marketing, Sales, Reception, Engineer, Security, Graphic Designer, Web Designer, Coordinator, Production စတဲ့ အမျိုးမျိုးသော ရာထူးများ၊ Nature of Job များအတွက် လိုအပ်တဲ့ အရည်အချင်းတွေကလည်း အားလုံးသိကြတဲ့အတိုင်း အမျိုးမျိုးပါပဲ။ ကျွန်မတို့ရဲ့ Job Nature အရကတော့ Basic Level ကအစ အနည်းဆုံးတော့ ဘွဲ့ရပြီး ဖြစ် ရမယ်ပေါ့နော်။ English လေးလည်း အနည်းငယ်တော့ communicate လုပ်နိုင်ရမယ်ပေါ့နော်။
အဲဒီမှာပဲ ကျွန်မအင်မတန်ကို နှမြောမိတာကတော့ တချို့ကလေး အတော်များများဟာ “MY SELF” ကိုတောင်မှ မပြောနိုင်တာပါပဲ။ ဒီအပေါ်မှာတော့ ကျွန်မ ဘယ်သူ့ဘယ်သူကိုမှ အပြစ်မတင်မိပါဘူး။ ကျွန်မတို့ရဲ့ ပညာရေး စနစ်ကြောင့်လို့ပဲ ပြောမယ့်သူများမယ်နဲ့ တူပါတယ်။

“ကဲ – မိခင်တစ်ဦးဖြစ်တဲ့ ကျွန်မကတော့ ကျွန်မရဲ့သားလေး အလှည့်ရောက်ရင် –

– အချိန်တိကျစွာ အရောက်သွားဖို့၊ ရုံခန်းရှာရမယ်ဆို ကြိုထွက်ဖို့၊

– အင်တာဗျူးခန်းမဝင်ခင်မှာ ဖုန်းပိတ်ရန် မမေ့ဖို့

– ကိုယ်အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေးမှုရှိဖို့

– အင်တာဗျူးမဝင်မှီမှာလည်း အပြင်မှာ စကားမဖွာမိဖို့၊ မလိုလာတွေ မပြောမိဖို့

– သပ်သပ်ရပ်ရပ် ဝတ်စားသွားတတ်ဖို့

– MY SELF လေးတော့ အနည်းဆုံး ပြောတတ်ဖို့

ကျွန်မသားကို အခုချိန်ကတည်းက ပြန်လည်မျှဝေနေမိပါတယ်ရှင်။

(မှတ်ချက် ။ ပညာရပ်ဆိုင်ရာ မေးခွန်းများကို ခဏအသာထားလို့ တတ်သစ်စ လူငယ်၊ လူရွယ်လေးတွေ အင်တာဗျူးသွားစဉ် အင်မတန်ရိုးရှင်းတဲ့ အချက်လေးတွေကို သတိမထားမိလိုက်မှာဆိုးလို့ ပြန်လည်မျှဝေမိယုံပါ။ ဖြေဆိုမည့် အင်တာဗျူးများ အောင်မြင်ကြပါစေ။)

11 comments

  • thit min

    November 25, 2012 at 4:48 pm

    အရမ်းကောင်းတဲ့ ဆောင်းပါးလေးပါဘဲဗျို့။
    အင်တာဗျူးခံရမဲ့ သူများရော
    အင်တာဗျူးရမဲ့သူ ကလုပ်သင့်လုပ်ထိုက်တာတွေရော ပြည့်စုံပါပေတယ်။
    ကျနော်ကို ဒီဆောင်းပါးအား မှတ်တမ်းတခု အဖြစ်သိမ်းထားဖို့ ခွင့်ပြုပါခင်ဗျ။
    အမှန်အတိုင်းပြောရရင်…
    ကျနော် TheWinner ကိုအင်တာဗျူးဘို့ (လိုအပ်ရင်)ငှါးချင်စိတ်ပေါက်လာတယ်။

  • TheWinner

    November 25, 2012 at 5:01 pm

    ကိုသစ်မင်းရှင့်၊
    ပထမဆုံး အားပေးတဲ့အတွက် ကျေးဇူးပါနော်။ အထောက်အကူဖြစ်စေတယ်ဆိုတဲ့အတွက် ဝမ်းသာမိပါတယ်။
    ငှါးရင်တော့ ဈေးအများကြီးတောင်းပစ်လိုက်မှာနော်။

  • kai

    November 25, 2012 at 5:08 pm

    နောင်ဆယ်စုနှစ်ထဲ.. မြန်မာပြည်ထဲ ကုမ္ပဏီ..အလုပ်.. လာလုပ်တဲ့သူတွေလည်း.. အလုပ်သမား.. ပညာရှင်.. စတာတွေရှားပါး..ရှာမရတဲ့ပြဿနာတွေနဲ့.. ရင်ဆိုင်ရဖို့ရှိပါတယ်..
    အလုပ်လုပ်နိုင်တဲ့အရွယ်တွေ.. စစ်သားလုပ်..ဘုန်းကြီးဝတ်.. ကိုရင်ဝတ်.. တရားထိုင်.. နိုင်ငံခြားထွက်.. စတာတွေလုပ်နေကြတာကိုး…
    ကုန်ထုတ်စွမ်းအားမရှိတဲ့..အဲဒီလူတန်းစားတွေ.. အကျင့်ဓလေ့တွေ.. လျှော့ချသင့်တယ်လို့.. အကြိမ်ကြိမ်ပြောခဲ့တာပဲ..

    ဆိုတော့..
    အင်တာဗျုးသူအပါအဝင်.. အလုပ်ပေးမယ့်သူတွေ.. လူကောင်းလိုချင်ရင်.. အလုပ်အကိုင်ဈေးကွက်မှာ..အသာစီးနေရာမရှိနေပါကြောင်း…
    နိုင်ငံခြား.. အိနိ္ဒယ..ချိူုင်းနား.. ဘင်္ဂလားဒေ့ချ်က.. လူတွေသွင်းရလိမ့်မယ်… ထင်ကြောင်း..
    ကိုလိုနီခေတ်ကလို.. သမိုင်းဘီးတပါတ်လည်မယ်ထင်ကြောင်း…။ :kwi:

    • ကထူးဆန်း

      November 25, 2012 at 9:04 pm

      ဖြစ်နေပါပြီ သူကြီးရေ ။ နိုင်ငံခြားသား ခေါ်ခိုင်းရမလိုဖြစ်နေပါပြ။ီ

  • garuda

    November 25, 2012 at 6:16 pm

    အင်တာဗျုးရင်းဖုန်းပြောတာတော့ တကယ်ဆိုးတာပါပဲ။ အပြင်ထွက်ပြောတာကတော့ အခုမှပဲကြားဖူးတော့တယ်။ ဆောင်းပါးလေးက တော်တော်ကောင်းပါတယ်။ ကျေးဇူးပါ။

  • မောင်ပေ

    November 25, 2012 at 7:19 pm

    ကိုယ့်ရဲ ့အလုပ်နဲ ့မသက်ဆိုင်ပေမယ့် ၊ ကုမ်ပဏီဝန်ထမ်းလုပ်မယ့် အသိတွေ ကို ပြန်ပြောစရာအဖြစ် ဖတ်ရှု မှတ်သားသွားကြောင်းပါ
    အဲဒါ အဲဒါ (ခရက်ဒစ် တူ သဂျီး)

    • TheWinner

      November 25, 2012 at 9:03 pm

      ဝင်ရောက်ဖတ်ရှုပေးတဲ့ သူကြီး၊ ကိုဂရုတနဲ့ လေးပေတို့ကို ကျေးဇူးတင်ပါတယ်ရှင့်။

  • တိမ်မည်း

    November 25, 2012 at 7:33 pm

    အမရေ

    တကယ်ကို အပိုအလိုမရှိပါဖူး……….
    အင်မတန်အသုံးဝင်တဲ့ ပို ့စ်လေးပါ

    ဒါပေမဲ့ စိတ်မရှိပါနဲ ့ အမရေ….
    ကျွန်တော်ကလည်း လျှာလေးက နဲနဲရှည်တက်တယ်ဆိုတော့………
    ဖြည့်စွက်ပြောပါရစေ………. ကျွန်တော်ရဲ့ အတွေ ့အကြုံလေးနဲ ့ယှဉ်ပီးတော့ပေါ့လေ……

    – လျှောက်မယ့် Company သို ့မဟုတ် Organization ရဲ့ အကြောင်း ကို နဲနဲပါးပါးတော့ သိထားဖို ့လိုပါတယ်…..

    – လိုအပ်တဲ့ စာရွက်စာတမ်းများလည်း ပြင်သွားဖို ့လိုပါတယ် (ဖိုင်လေးကိုင်သွားတာက ပြင်ဆင်ခြင်းဟု ထင်မှတ်စေသလို စိတ်ဂနာမငြိမ် ဖြစ်တက်တဲ့သူများအတွက်လည်း အထောက်အကူဖြစ်ပါတယ်….)

    – အစားအသောက်ကို ဆင်ခြင်စေချင်ပါတယ်….. အပေါ့အလေးကိတ်စ မဖြစ်စေချင်လို ့ပါ… ပီးတော့ စိတ်လှုပ်ရှားသူ တော်တော်များများဟာ ရေသောက်ပါတယ်… ရေကို အာစွက်ရုံပဲ သောက်ပါ မဟုတ်ရင် အခန်းထဲမှာ အပေါ့သွားချင်စိတ်က သင့်ကို ဒုက္ခပေးပါလိမ့်မယ်…..

    – တောက်လွန်းတဲ့ အကျင်္ ီ အိုက်လွယ်မဲ့ အကျီ များဝတ်ခြင်းကို ရှောင်ရှားသင့်ပါတယ်…. မိုးရာသီများဖြစ်ရင် အကျင်္ ီ အပိုဆောင်ယူလာဖို ့ အားမနာပါနဲ ့ ဒါဟာ အမှတ်မလျော့စေသလို ပြင်ဆင်မှူကောင်းတယ်လို ့လည်းထင်စေပါတယ်……

    – အင်တာဗျူးခန်းထဲရောက်လာတာကို မေ့ပစ်လိုက်ပါ…. (လူတယောက်ခြင်းကို အာရုံစိုက်ပီး တလေးတစား မေးသမျှ ဖြေပေးခြင်းဟာ အကျိုးပိုမို ဖြစ်ထွန်းစေမှာပါ……. စဉ်းစားသင့်တဲ့ မေးခွန်းကို စဉ်းစားပါ…. မေးခွန်းတိုင်းကို လျှပ်တပြတ် ဖြေနိုင်ခြင်းဟာလည်း သင့်ကို ဆန္ဒစောသူလို ့ ထင်မှတ်မှားစေနိုင်ပါတယ်……….)

    ဒီလောက်ပါပဲ အမရေ

    လေးစားလျက်
    တိမ်မည်း

    • TheWinner

      November 25, 2012 at 9:09 pm

      ကိုတိမ်မည်း ဝင်ဖြည့်စွက်ပေးတော့ ပိုပြည့်စုံတာပေါ့။ ကျွန်မလည်း ဒီထက်အများကြီး ထပ်ရေးချင်သေးတာပါ။ ပို့ (စ်) က ရှည်လွန်းသွားလို့။ အခုခေတ်မှာတော့ ကိုယ်သွားဖြေမယ့် company အကြောင်းကို Internet မှာ ကြိုကြည့်သွားလို့ အလွန်လွယ်သွားပါပြီ။ Company အသေးလေးတွေဆိုရင်လည်း CV သွားတင်ကတည်းက ကြိုတင်စပ်စုလို့ ရနိုင်ပါတယ်။ ဒါလေးတွေတော့ မဖြစ်မနေကို အထူးသတိထားပြီးလေ့လာသွားသင့်တာပါ။

  • အင်တာဗျူးဖြေမယ့်လူငယ်တွေအတွက်တော်တော်အကျိုးရှိတဲ့ဆောင်းပါးပါရှင်။
    ကျွန်မလည်း ကျောင်းပြီးကာစက အင်တာဗျူးတွေဖြေဖူးပါတယ်။
    အခုအစ်မကြီးရေးတာကတော့ မေးရတဲ့သူရဲ့စိတ်အနှောက်အယှက်လေးတွေပါဝင်ပါတယ်။
    ဖြေရမယ့်သူတွေရဲ့စိုးရိမ်ပူပန်စိတ်လေးတွေကတော့ ဒီထက်အများကြီးပိုကြပါတယ်။
    အင်တာဗျူးဖြေရင်း ဖုန်းထွက်ပြောတတ်သူတွေကတော့ တော်တော့်ဆိုးဆိုးပါရှင်။
    လုံးဝမဖြစ်သင့်ဘူးနော်။ဆက်ဗျူးဖို့တောင်မသင့်တော့ဘူး။
    :gee:

Leave a Reply