:gee: ပထမဆုံးအနမ်း(First kiss) :528:

:gee: ပထမဆုံးအနမ်း(First kiss) :528:

ကျွန်မ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်အနေနဲ့တုန်းက စိတ်ခံစားချက်နဲ့ ပတ်သတ်တဲ့ အကြောင်းများကို တွေးမိတဲ့အခါတိုင်း ကျွန်မရဲ့ပထမဆုံးအနမ်းအကြောင်းကိုရင်ခုန်လှိုက်မောစွာ အမြဲလိုလိုထည့်တွေးမိသည်။

ကျွန်မညစဉ် အိပ်ယာထဲမှာ ဖတ်လေ့ရှိတဲ့အချစ်ဝတ္ထုများတွင် ကျွန်မရင်ကိုလှုပ်ရှားစေသော အနမ်း အကြောင်းများပါဝင်လေ့ရှိသည်။

ကျွန်မကြည့်တတ်တဲ့ရုပ်ရှင်တွေနဲ့ဇာတ်လမ်းတွဲတွေမှာကတော့ စာကြောင်းနဲ့စိတ်မှန်းခံစားကြည့်ရုံမဟုတ်ပဲ မျက်မြင်ကိုယ်တွေ့ခံစားစေရသည်။

ဟောလိဝုဒ်ရုပ်ရှင်တွေထဲမှ ခပ်ကြမ်းကြမ်းအနမ်းတွေထက် အာရှရုပ်သံဇာတ်လမ်းတွေတွေထဲမှ နူးညံ့ညင်သာ သော ချစ်ခြင်းအပြည့်နဲ့အနမ်းများကိုကျွန်မပိုနှစ်သက်သည်။

ထိုကဲ့သို့အာရှရုပ်သံများထဲမှလို ကျစ်လစ်သန်မာပြီး၊တည်ငြိမ်ရင့်ကျက်တဲ့အမျိုးသားတစ်စုံတစ်ရာကိုမျှော် လင့်မိသည်။

အနမ်းများအကြောင်းကိုတွေးမိ၊မြင်မိတိုင်း ရင်ဖိုလှုပ်ရှားရတဲံ့ကျွန်မ…ကျွန်မရဲ့ပထမဆုံးအနမ်းပိုင်ရှင်ကိုစောင့် စားလျက်ရှိပေသည်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အထက်တန်းကျောင်းမှာတုန်းက အတန်းထဲကကောင်လေးတွေ တစ်ယောက်ချင်းစီအပေါ် ကျွန်မတွေးတော စိတ်ကူးကြည့်မိဖူးသည်။

နုနယ်ဖြူစင်တဲ့သူတို့မျက်နှာလေးတွေနဲ့ တောင့်တင်းကျစ်လစ်မှုနည်းပါးသေးတဲ့ ကိုယ်ခန္ဓာအချိုးအစားတွေက ကျွန်မတို့လိုဆယ်ကျော်သက်အချင်းချင်းသာ စိတ်ဝင်စားဖွယ်ကောင်းမှာပါ။

တစ်ချို့ တစ်ချို့အပေါ်ကျွန်မစိတ်ဝင်စားမှုရှိခဲ့ပေမယ့် သူတို့ရဲ့အနမ်းကိုကိုရရှိဖို့တော့ ကျွန်မ မလိုချင်မိသေး။

 

ဆယ်တန်းအောင်ပြီးတော့ကျွန်မက ကွန်ပျူတာသင်တန်းတစ်ခုတက်ရောက်လိုက်သည်။

သင်တန်းမှာလာတက်တဲ့အတန်းဖော်တွေဟာ အရွယ်အစားစုံလင်တာကြောင့် အသက်အရွယ်အမျိုးမျိုးရှိ ယောက်ျားမျိုးစုံအပေါ်ကျွန်မရဲ့အတွေးတို့ဖြန့်ကျက်ကြည့်မိသည်။

တစ်ချို့ တစ်ချို့က တည်ငြိမ်ရင့်ကျက်တဲ့ပုံစံ၊ကျစ်လစ်သန်မာတဲ့ အချိုးအစားနဲ့ အတော်လေးကြည့်ကောင်းကြ ပါသည်။

သို့သော်လည်း ကျွန်မနဲ့စိတ်ခံစားချက်ထပ်တူကျနိုင်မယ့် တစ်စုံတစ်ယောက်ကိုတော့ဖြင့် လက်မလှမ်းနိုင်သေး။

ကျွန်မရဲ့စိတ်ဝင်စားမှုတွေကများစွာ နယ်လွန်နေသလိုဖြစ်ဖြစ်နေတတ်သည်။

 

တက္ကသိုလ်ရောက်ပြန်တော့လည်း ကျွန်မအားကမ်းလင့်လာသူတို့က ကျွန်မအတွေးထဲကပုံစံနဲ့ကိုက်ညီသူတွေ မပါဝင်။

ရုပ်ရှင်များကြည့်ချိန်နဲ့အိပ်ယာဝင်ချိန်များတွင်သာ ကျွန်မရဲ့စိတ်ကူးထဲကအနမ်းပိုင်ရှင်နဲ့တွေ့ဆုံခွင့်ရသည်။ အတွေးထဲမှာပါ။ကျွန်မကြည့်ခဲ့တဲ့ရုပ်ရှင်(သို့)ရုပ်သံဇာတ်လမ်းတွဲများထဲမှ မင်းသမီးနေရာမှာ ကျွန်မကိုယ်ကို အစားထိုးခြင်းဖြင့် ကျွန်မရဲ့စိတ်ခံစားချက်တွေကို ရွက်လွှင့်လာခဲ့လိုက်သည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကျွန်မအတွက်စိတ်ဝင်စားစရာမကောင်းသောအရာများက ကျွန်မကိုစိတ်ဝင်စားနေလျက်၊ကျွန်မစိတ်ဝင်စားနေ သောအရာများကကျွန်မအပေါ်စိတ်ဝင်စားမှုမရှိခြင်းက နေရထိုင်ရအတော်ခက်ခဲစေခဲ့သည်။

 

တက္ကသိုလ်မှာပညာသင်ကြားချိန်တွေတစ်လျှောက် ကျွန်မလိုချင်တဲ့ရင်ခုန်လှိုက်မောဖွယ်ရာ အနမ်းကိုရရှိဖို့ ကျွန်မမျက်စိထဲအလှဆုံးအနမ်းကိုပေးစွမ်းနိုင်မယ့် ချစ်သူကိုရှာဖွေရင်း ဒီဂရီတစ်ခုကိုရင်ဝယ်ပိုက်ခဲ့ရတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။

 

“ကျော်ဇေ” ကိုကျွန်မစတွေ့တဲ့အချိန်မှာ ကျွန်မအဖေကုမ္ပဏီမှာ ကြော်ငြာရိုက်ဖိုုလာတဲ့ မင်းသား အောင်ရဲလင်း လို့ရုတ်တရတ်ထင်မြင်သွားတယ်။

“မမလာတယ်MD ကိုတွေ့ဖို့လားမမ အစည်းအဝေးလုပ်နေတယ်”

ဧည့်ကြိုကောင်တာမှမိန်းကလေးက ကျွန်မထံအပြေးလာရောက်နုှတ်ဆက်စဉ်မှာ မျက်မှန်းတန်းမိနေကျထို ကောင်မလေးကို အသားအရည်စိုပြေစွာတောင့်တင်းကျစ်လစ်ခြင်းနဲ့ကြည့်ကောင်းနေတဲ့ ကျော်ဇေ့ထံမေး ငေါ့ပြရင်း

“Meeting Room ရှေ့မှာဖုန်းပြောနေတာဘယ်သူလဲ”

“အဲ့ဒါ MD ရဲ့လက်ထောက်အသစ် ကိုကျော်ဇေ တဲ့မမ အရင်တစ်ပတ်ကမှ စလုံးကနေသင်တန်းပြီးလို့ပြန် လာတာ MD သဘောကျတဲ့လူသစ်ပဲ ”

အဖေ့ရဲ့ကိစ္စတွေကို ဖုန်းဖြေပေးနေပုံရသော ကျော်ဇေ ကဖုန်းပြောအပြီး ကျွန်မကိုမြင်ချိန်မှာ အနားသို့လျှောက် လာရင်း

“မင်္ဂလာပါ မယမုံ MD အစည်းအဝေးလုပ်နေတယ်ခင်ဗျာ”

“ကျွန်မကိုသိနေတာလား”

ကျော်ဇေ ကနှုတ်ခမ်းလေးတွန့်ရုံအပြုံး ကျွန်မမျက်စိတွေမူးနောက်သွားလောက်အောင် ရင်ဖိုသွားမိသည်။

ကျွန်မတပ်မက်တဲ့ စိတ်ကူးယဉ်ချစ်သူတစ်ယောက်ရဲ့ရူပကာနဲ့ဟန်ပန် အရည်အချင်းများစွာ ကျော်ဇေ့ထံကိန်း အောင်းနေတယ်လို့ဆိုရင် ကျွန်မကိုရူးသွပ်နေပြီဟု လူတကာရှုံ့ချတော့မည်။

အမှန်ပင် ကျွန်မရဲ့ရူးသွပ်မှုနဲ့ခံစားချက်တွေဟာ လွန်ခဲ့တဲ့နှစ်များစွာက ဆယ်ကျော်သက်မလေးတစ်ယောက်ရဲ့ ရင်ခုန်သံ အတိုင်း လတ်ဆတ်နေဆဲဆိုတာ ကျွန်မကိုယ်ကျွန်မခံစားလို့ရသည်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။

အဖေ့ရဲ့အရှိန်အဝါမပါပဲနဲ့ ကျော်ဇေကကျွန်မအပေါ်အမှန်တကယ်အရေးတယူရှိသည်လို့ ကျွန်မခံစားမိသည်။

“နင်တော်တော်ယုံနေတာလား ယမုံ”

“ကိုဇေကဘာဖြစ်နေလို့လဲသီတာရာ”

“ငါကတော့ဒီယုန်မြင်လို့ဒီချုံထွင်တယ်ပဲယူဆတယ်..နင်နည်းနည်းလောက်စဉ်းစားပါဦး”

“နင်ဘာတွေစဉ်းစားနေတာလဲ ကိုဇေက ငါ့အဖေရဲ့စီးပွားဥစ္စာကြောင့် ငါ့ကိုချစ်ခွင့်တောင်းတယ်လို့ထင်နေတာ လား ငါလည်းစဉ်းစားမိပါတယ်ဟာ..ဒါပေမယ့် ကိုဇေကအခွင့်အရေးသမားမဟုတ်ဘူး ဒီနေ့အထိ ငါ့ကို ပွေ့ဖက်ရုံကလွဲပြီး ဘာရောင်မှမစွန်းထင်းအောင် ငါ့သိက္ခာကိုသိပ်ဂရုစိုက်တယ်”

“ငါလိုချင်တဲ့ ငါ့ကိုစိတ်ဝင်စားမှုပေးနိုင်သူရဲ့ပထမဆုံးအနမ်းကိုတောင် သူမပေးသေးပါဘူး” ဆိုတဲ့စကားကတော့စိတ်ထဲကဆက်လက်ရေရွတ်လိုက်တာပါ။

သီတာက မျက်နှာကိုတစ်ချက်မဲ့ပြီး ကျွန်မကိုဆက်မပြောတော့။

သီတာတစ်ယောက် ကျွန်မအပေါ်မနာလိုများဖြစ်နေသလား။ကျော်ဇေ ကသိပ်ကြည့်ကောင်းလွန်းတာဆိုတော့ ပြောလို့တော့မရ။

ကျွန်မကတော့ ကျော်ဇေ့ကိုတကယ်အရူးအမူးဖြစ်နေပြီမို့ သီတာမပြောနဲ့ “သိကြားမင်းဖျက်တောင် မပြတ်နိုင်ပေါင်ရှင်” ဖြစ်နေပါပြီ။

နောက်…ကျွန်မ အတောင့်တဆုံး အနမ်းတစ်ပွင့်အတွက် ကျွန်မ ဆက်လက်စောင့်စားရပေဦးမည်။

စည်းစောင့်လွန်းတဲ့ကျော်ဇေအပေါ်လေးစားရပေမယ့် ရင်ခုန်လှုပ်ရှားစွာဖြင့်စိတ်ကသိကအောင့်ဖြစ်နေရတာကို တော့ ဘယ်သူ့ကိုမှမဖွင့်ဟနိုင်ပဲရှိနေရသည်။

 

။။။။။။။။။။။။။။။။။။။။။။။။။။

အဖေကလေးနက်စွာစဉ်းစားပေမယ့် ကျွန်မရဲ့အရူးအမူးစိတ်ကြောင့် ကျော်ဇေ့ကိုသားမက်တော်ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်လိုက်ရပုံ။

အဖေ့ရှေ့မှာ ကျွန်မအပေါ်ကျော်ဇေရဲ့ ဂရုစိုက် အကြင်နာပိုမှုတွေကို အဖေမြင်လျက်သားနဲ့ ဘာတွေကိုအလိုမ ကျဖြစ်နေရတာလဲ။

ဘာပဲပြောပြော ကျွန်မတို့ရဲ့မင်္ဂလာပွဲအတွက် ကျွန်မအရမ်းကိုတက်ကြွပျော်ရွှင်နေမိသည်။

“ကိုဇေက ပကာသနတွေဖက်တဲ့မင်္ဂလာဆောင်အခမ်းအနားတွေအစား ဘုန်းကြီးကျောင်းမှာမင်္ဂလာဆွမ်းကျွေး ပြီး၊မိဘမဲ့ဂေဟာတစ်ခုခုမှာ အလှူလုပ်လိုက်ချင်တယ် ယမုံရယ်”

ကျော်ဇေ့အပေါ်လေးစားနေလျက်က ပိုလို့လေးစားစရာစိတ်ဓာတ်ကောင်းလေးတွေကိုထပ်ကာမြင်တွေ့နေရ သည်။

ဘုန်းကြီးကျောင်းမှာမင်္ဂလာဆွမ်းကျွေးမယ့်အစီအစဉ်ကို အမေကသိပ်မကြိုက်ပေမယ့် ကျွန်မ ကိုယ်တိုင် ကလည်း မင်္ဂလာဝတ်စုံဝတ်ရမှာ စိတ်ကသိကအောင့်ရှိလှတာမို့ ကျော်ဇေ ပြောတဲ့အစီအစဉ် အထ မြောက်ခဲ့သည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။

မင်္ဂလာပွဲက ဘုန်းကြီးကျောင်းမှာတင်အကျဉ်းချုံးသွားတယ်ဆိုပေမယ့် အဖေ့စီးပွားဖက်တွေနဲ့ကျော်ဇေ့ သူငယ်ချင်း၊ကျွန်မသူငယ်ချင်းတွေအတွက် ခပ်သေးသေးဒင်နာတစ်ပွဲတော့ခြံထဲမှာပဲသီးသန့်စီစဉ်ပေးရသည်။

ကျွန်မနဲ့ကျော်ဇေ အဖေ့မိတ်ဆွေတွေကိုလိုက်နှုတ်ဆက်အပြီး

“ယမုံသူငယ်ချင်းတွေကိုလွတ်လွတ်လပ်လပ်သွားဧည့်ခံသိလား ကိုဇေလည်းကိုဇေ့သူငယ်ချင်းတွေကို သွားဧည့်ခံလိုက်ဦးမယ် နောက်ဆုံးညမှာ ကိုယ်တို့လွတ်လွတ်လပ်လပ်နေကြတာပေါ့”

“ကောင်းသားပဲကိုဇေ သွားလေ”

ကျော်ဇေကဒီလိုလည်းနားလည်မှုရှိသေးသည်။

တဖြည်းဖြည်း မိုးချုပ်ရာတာနဲ့အမျှ အဖေတို့မိတ်ဆွေလူကြီးတွေအလှျိုလျှိုပြန်ကုန်သဖြင့် အဖေနဲ့အမေလည်း အိမ်ထဲဝင်သွားတော့သည်။

ယမုံ့သူငယ်ချင်းတွေကလည်းသိပ်မများလှတာကြောင့် ထွေရာလေးပါးလေးတွေပြောအပြီး တစ်ယောက်စ၊နှစ် ယောက်စပြန်ကုန်ချိန်မှာ သိပ်မကျန်တော့။

ညာဉ့်နက်တော့ အမာခံအခင်ဆုံးသီတာနဲ့ယမုံသာကျန်တော့သည်။

“ကဲ ယမုံငါလည်းပြန်တော့မယ်သိလား…ညီးအမျိုးသားလည်းပြောလိုက်ချေဦး ငါနှုတ်ဆက်သွားတယ်လို့”

“အင်းပါဟာ ကျေးဇူးပဲသီတာရယ်အစစအရာရာအတွက်”

 

သီတာပြန်သွားတော့ ဧည့်သည်ဆိုလို့ နှင်းဆီရုံလေးထဲမှ ကျော်ဇေတို့ငယ်ပေါင်းကြီးဖော်တစ်သိုက်သာကျန် တော့သည်။

စောစောပိုင်းကတစ်ကြိမ်သွားနှုတ်ဆက်ပြီးပြီမို့ ကျော်ဇေလာမခေါ်ပဲ သူ့သူငယ်ချင်းတွေကြား ကျွန်မတစ် ယောက်တည်းလျှောက်မသွားချင်တာကြောင့် အိမ်ကကောင်လေး၊ကောင်မလေးတွေကို ဧည့်သည်ကုန်ရင် သိမ်းဆည်းလိုက်ကြရန်မှာကြားပြီး အိမ်ထဲဝင်ခဲ့လိုက်တော့သည်။

အိမ်ထဲရောက်တော့ အဖေနဲ့အမေလည်းအိပ်ရာဝင်နေနှင့်ပုံရသည်။အခန်းမီးပင်ငြိမ်းလျက်။

မင်္ဂလာအခန်းထဲဝင် ပြင်ဆင်ထားသောအိပ်ယာအခန်းအနားကိုကြည့်ပြီး ရင်ခုန်ပြီးရင်းခုန်နေမိတာအထပ်ထပ်။

ကိုယ်လက်သန့်စင်၊အဝတ်အစားလဲပြီး အိပ်ယာထက်ပစ်လှဲလိုက်ချင်ပေမယ့် ကြည့်ဝနိုင်သော နှစ်ယောက်အိပ် ကုတင်ထက်မှ အပြင်အဆင်တွေကိုတစ်ယောက်တည်းပျက်ဆီးစေရမှာနှမြောတာကြောင့် ကုတင်ထက်ရွရ ွ လေးထိုင်ရင်း…

မင်္ဂလာဦးညနဲ့ ဘဝတစ်လျှောက်အမျှော်လင့်ခဲ့ရဆုံး၊စိတ်ကူးယဉ်မင်းသားလေးထံမှ ပထမဆုံးအနမ်းကိုစောင့် ဆိုင်းရင်းကြိုတင်အတွေးပင်လယ်မျောနေမိတော့သည်။

ဒီတစ်ခါတော့ ကျော်ဇေစည်းစောင့်စရာမလိုတော့ပါဘူးနော် လို့သာပြောလိုက်ချင်သေးသည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။

နှင်းဆီရုံကလေးအတွင်းမှာ ကျော်ဇေ့သူငယ်ချင်းတစ်သိုက်ရဲ့ပြောဆို၊ငြင်းခုန်၊ရယ်မောသံကျိတ်ကျိတ်တို့နှင့်။

ဒီသူငယ်ချင်း ၅ယောက်ခန့် ဟာ ကျော်ဇေရဲ့ပြောမနာဆိုမနာ အရင်းနှီးဆုံး ငယ်ပေါင်းတွေပါ။

“မင်းဟာက သိပ်သိသာလွန်းတယ် ငဇေရာ”

“ဟေ့ကောင် ဌေးကြီး ဒါပြောရမယ့်အချိန်လားကွ နည်းနည်းအကန့်ထားစမ်းပါ”

“ငါလည်း မပြောဘူး၊မပြောဘူးနဲ့မူးလက်စနဲ့ပြောလိုက်တာပါ…”

သူငယ်ချင်းတွေရဲ့အချေအတင်ပြောသမျှကို ကျော်ဇေတစ်ယောက် ခပ်ပြုံးပြုံးပဲနားထောင်ပေးနေလိုက်သည်။

“သူ့ကောင်မလေးမှာက ချစ်စရာကောင်းတဲ့အချက်လေးတွေလည်းရှိပါတယ်ကွ ဟီးဟီး”

“ဘာလဲ အဖိုးကြီးရဲ့ပိုက်ဆံတွေလား…ဘယ်လောက်ရှိရှိကွာ ရင်မခုန်ပဲနဲ့တော့ နှစ်ပါးမသွားနိုင်ပါဘူး”

“ငကြောင် ဖိုးဝေ မင်းပါးစပ်ပိတ်စမ်း…ငါ့ကောင်ကြီးကိုသိက္ခာမချနဲ့ ဒီကောင်က သူ့ကောင်မလေးနဲ့ပတ်သတ်ရင် သိပ်စည်းစောင့်တာ လက်ဖျားနဲ့တောင်တို့ချင်တာမဟုတ်ဘူး”

“ဘယ်တို့ချင်မလဲကွ ဟေ့ကောင် မင်္ဂလာဦးညတော့ သူ့ဘက်လှည့်အိပ်လိုက်ပါကွာ”

“မလုပ်နဲ့ မလုပ်နဲ့ တော်ကြာ တရေးနိုးမှာ ကယောင်ကတန်းနဲ့ ထအော်ပြေးနေရမယ် ဟီးဟီး”

“ကဲ တော်ကြတော့ကွာ မင်းတို့အသံတွေကြားကုန်ရင် မကောင်းဘူး ကဲ ငဇေ တို့လူစုခွဲတော့မယ် မင်းလည်း စောစောအနားယူလေကွာ”

ခပ်အေးအေးနေတတ်တဲ့ စည်သူက ဝင်ဟန့်ပြီး စကားဝိုင်းကိုသိမ်းတော့သည်။

ဒါတောင် တအားမူးနေပြီဖြစ်တဲ့ ဌေးကြိုင်က ဝင်ပြောဖြစ်အောင်ပြောသေးတာက

“အနားယူတာနဲ့စာရင် ငါတို့နဲ့နေရတာမှ ဒီကောင်စိတ်ဆင်းရဲသက်သာဦးမယ် ဟုတ်တယ်မို့လား ငဇေ”

“ဟေ့ကောင်တွေ တော်ဆိုကွာ ကဲကဲ သွားမယ်”

ကျော်ဇေတစ်ယောက် စည်သူနဲ့အတူ အရမ်းမူးနေတဲ့သူငယ်ချင်းများကိုတွဲခေါ်ရင်း စည်သူ့ကားပေါ်လိုက်တင် ပေးလိုက်ရသည်။

ကားတစ်စီးတည်းလာလို့သာတော်သေးသည်။

အလုပ်သမားတွေက ကျန်ရှိနေသော တစ်ဝိုင်းကိုသိမ်းဆည်းနေကြပြီ။

ကျော်ဇေက နှင်းဆီရုံအနီး ခရေပင်ပုလေးအောက်မြက်ခင်းမှာ ပက်လက်လှန်ချလိုက်မိသည်။

မျက်စိထဲတွင် သာမန်ထက်ပိုစွာ ဝဖြိုးနေပြီး၊သွားတွေကိုနောက်သို့ဆွဲကုတ်ယူထားရသော ယမုံရဲ့ပုံရိပ် ကထင်ဟပ်လာ ချေသည်။

ကိုယ့်ကိုယ်ကို မှားသွားချေပြီလား ဟုအထပ်ထပ်သုံးသပ်ပြီးသော်ငြားလည်း မရေရာသေးတဲ့အတွေးကို အားတင်းလျက်ဖြတ်တောက်လိုက်ရသည်။

“ဟူးးးးးးးးးးးးးဒီညကိုဘယ်လိုကျော်ဖြတ်ရပါ့”

ထပ်မံ၍အတွေးထဲ ပေါ်လာတာက

“မင်္ဂလာပါ MD  ဒါကတော့ ဒီနေ့ အတွက်တက်စရာရှိတဲ့ပွဲတွေ၊အစည်းအဝေးတွေနဲ့ တခြားဖိတ်ကြားထားတာ တွေပါ…”

“ဒါက MD အသစ်လေ အရင် MD ကအနားယူလိုက်တော့ သူ့သားမက်ကိုလွှဲလိုက်တာပေါ့”

စတဲ့ အရှိန်အဝါတွေနဲ့လွှမ်းခြုံလာသည်။

ကျော်ဇေ့အနေနဲ့ မျက်စိအရသာခံစရာအလှအပတွေ၊ ရင်ခုန်တာတွေ၊ချစ်မြတ်နိုးတာတေနဲ့ပတ်သတ်လို့ မိန်းကလေးအတော်စုံစုံ၊အလှအပ အမိုက်စားတွေနဲ့တွေ့ကြုံ၊ရင်ခုန်၊တပ်မက်၊ခံစားခဲ့ပြီးပြီပဲ။

နောက်တော့လည်း တပ်မက်ခြင်း၊ရင်ခုန်ခြင်းဆိုတာတွေက ကြာလေရိုးလေ၊ငြီးငွေ့လေဖြစ်လာတာပါပဲ။

ဒီတော့ ကျော်ဇေ့ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မယ့် လမ်းကိုပဲရွေးဖို့ကျန်တော့တယ်လေ။

 

“ကဲ…အားတင်းလိုက်ဦးငဇေရေ နောက်တော့လည်းအဆင်ပြေသွားမှာပါ…..လောလောဆယ်တော့ မသိချင်ယောင်ဆောင်ပြီး တဖက်လှည့်အိပ်နေလိုက်ပေတော့  ဲဖြည်းဖြည်း နဲ့တော့သံယောဇဉ်ရှိလာမှာပါလေ”

။။။။။။။။။။။။။။။။။။။။။။

(စိတ်ကူးယဉ်သက်သက်မျှပါ) :byae:

နန်းတော်ရာသူ

(24-11-2012)

08:50(PM)

26 comments

  • ပထမဆုံးလာအားပေးသွားတာကျေးဇူးပဲ အလင်းဆက်ရေ
    ညံ့တဲ့အပိုင်းလေးတွေကို ဝေဖန်ပြီးအားပေးနိုင်ပါတယ်နော်။

  • မောင်ပေ

    November 25, 2012 at 7:45 pm

    ပထမဆုံးအနမ်း
    ဒီပို ့စ်ကိုဖတ်ပြီး ၊ ခေါင်းစဉ် ပဲ ခေါင်းထဲဝင်လာတယ်
    အဲဒါကို ငယ်ရည်းစားတွေနဲ ့တုန်းက မရခဲ့ဖူးဘူးဗျ

  • candle .

    November 25, 2012 at 7:45 pm

    မမန် ့ဖြစ်ပေမဲ့ ပို ့စ်လေးတွေကြိုက်လို ့အမြဲတော့ ဖတ်ရှူ ့အားပေးနေဖြစ်ပါတယ်..

    • အမြဲအားပေးနေတယ်ဆိုလို့ကျေးဇူးပါရှင်။
      သားသားအလက်ဆင်းလေးကိုလည်း ထပ်မံကျေးဇူးတင်သွားပါတယ်။

  • အလင်းဆက်

    November 25, 2012 at 7:54 pm

    ညံ့တဲ ့နေရာ…
    ရှာလို့ကို မတွေ ့တာ အစ်မရေ..
    တကယ်. ။
    စကားပြေ ဖွဲ ့ထားပုံ ကိုတော့..
    ကျွန်တော်………..တော်တော် အားကျတာ ။
    ကျစ်လျစ်တယ် ။
    အပိုအလိုမရှိဘူး ။
    ဝါရင့် စာရေးဆရာ.တစ်ယောက်…. ဖွဲ ့ထားတဲ ့ ဝါကျ.တွေ.လိုပဲ. ။
    ပြောချင်တာကို… ဖွဲ ့နွဲ ့သီကုံးတာရော.
    စကားလုံး.ရွေးချယ်တာရော…

    အရင် တင်ခဲ့တဲ ့.. ဟို မန်းတူမန်း..( ယောကျာ်းချင်းသံယောဇဉ်..အနှောင်အဖွဲ ့) ဝတ္ထု မှာကတည်းက..
    သတိပြုမ်ိတာ..

    မမနန်း…
    ရသ..အရေး..အသား..ချီးကျူး.စရာ..ပဲ.လို ့.။

    ———————

    မမနန်းရဲ ့ ပထမ အနမ်း.ပိုစ့်မှာ..
    ပထမဆုံး..ကွန်မန့်ပေးသူ..ဆု…
    သားသား.အလက်ဆင်းလေး…ရ ရှိပါကြောင်း…

    အသိပေးအပ်ပါတယ်ခညား…..

    ——————

    အဟိ ။
    🙂

  • တိမ်မည်း

    November 25, 2012 at 8:05 pm

    မနန်းတော်ရာသူရေ…….

    စိတ်ကူးယဉ်သတ်သတ်ဆိုပေမယ့် အပြင်မှာလည်း တကယ်ဖြစ်နေသလိုပါပဲလား………
    အရေးအသားက အကွက်စိလှပါတယ်………..

    အကြိုက်ဆုံးကတော့ ကောင်မလေးရဲ့ပုံစံကို နောက်ဆုံးမှ ထုတ်ပြောတာပါပဲ………
    သူပြောမှ တခုလုံးကို ကွင်းကွင်းကွက်ကွက် မြင်နေမိတယ်…….
    မျက်စိထဲ စမြင်မိတာက အမ Profile Photo က ကောင်မချောချောလး ဖြစ်နေတော့……..
    ဘာလို ့များပါလိမ့်လို ့ တွေးနေမိတယ်……….

    ကြံဖန်အပြစ်ရှာရင်ဖြင့်………..
    စကားပြောနေရာတွေမှာ ဘယ်သူကပြောတယ်ဆိုတာ Initial လေးတော့ တို ့ပေးစေချင်တယ်…….
    ဒါဆို ဖတ်ရတာ ပိုများအဆင်ပြေမလားလို ့ပါ…………

    တခြားတော့ပြောစရာမရှိပါဖူး……..
    ကျွန်တော်က ရသစာပေ သိပ်ဖက်လေ့မရှိတော့ အပြစ်မမြင်တက်ဖူးဖြစ်နေတယ်……….

    နောက်တပုဒ်အား…….

    စောင့်မျှော်လျက်
    တိမ်မည်း

    • ရသစာပေကိုသိပ်ဖတ်လေ့မရှိပဲ လာအားပေးတာကိုကျေးဇူးအထူးတင်ပါတယ်။
      စကားပြောနေရာမှာ အရေးကြီးတဲ့ ဇာတ်ကောင်ရဲ့အပြောမဟုတ်ရင် အထူးပြုလေ့မရှိတာ
      ကျွန်မရဲ့အကျင့်ဖြစ်နေလို့ပါရှင်။
      ဒါပေမယ့် အဓိကအချက်ကိုသိသာအောင်တော့ ကြိုးစားပို့ပေးထားပါတယ်။
      ကျွန်မရဲ့ ရေးသားစဟန်ပုံစံကိုက အဲလိုဖြစ်နေလို့ပါ။
      နောက်လဲ ဝေဖန်ပါ။အားပေးပါဦးရှင်။

      • တိမ်မည်း

        November 25, 2012 at 9:04 pm

        ကျွန်တော်က ရသစာပေရယ်လို ့တော့ မဟုတ်ပါဖူး…………
        များသောအားဖြင့် စုံထောက်ဝတ္တု အထူးသဖြင့် ရှားဥဒေါင်းရဲ့ မောင်စံရှားကို အကြိုက်ဆုံးပဲလေ…..
        အဲ့ဒီတော့ သူထဲက ရေးတဲ့ပုံစံက မျက်စိထဲ စွဲနေလေတော့………
        အကျင့်ပါပီး ပြောမိတာပါ…………
        အမ ပုံစံအတိုင်း အမရေးတာ အကောင်းဆုံးပါ……….
        ကိုယ်ပိုင်ရေးဟန်ရှိတာပေါ့နော်………….
        လေးစားပါတယ်……….

  • ရာဇဝင်လူဆိုး

    November 25, 2012 at 8:38 pm

    ဒါနဲ့ အခန်းဆက် ဝတ္ထုလိုမျိုး ရေးစမ်းကြည့်ပါလား မနန်းတော်ရာသူရေ…..။
    ဒီလက်ရာနဲ့ဆို ဖြစ်နိုင်မှာပါ ။ ခုလို ဝတ္ထုတို အနေနဲ့က စကားလုံးကျစ်လစ်စွာနဲ့ ရသ ပေါ်လွင်အောင် တင်ပြရတော့ အမှန်အတိုင်းပြောရရင် ဇာတ်အိမ်ဖွဲ့ပြီး ရေးရတဲ့ ဝတ္ထုရှည်ထက် ပိုခက်ပါတယ်။ ဒါပေမယ့် ဝတ္ထုရှည်ကြတော့လဲ ဇာတ်အိမ်အလိုက် ဆွဲဆောင်မှုတွေနဲ့ ပြည့်အောင်ရေးနိုင်ရင်၊ ကြောရိုးကောင်းရင် တော်တော်လေး ရသ ကောင်းတယ်။ ဘာပဲဖြစ်ဖြစ် အားပေးနေပါတယ် ။ :mrgreen:

    • ဝတ္ထုရှည် များစွာကို အကြိမ်ကြိမ်ရေးခဲ့ဖူးပါတယ်။
      ဝတ္ထုတိုက ရေးရတာခက်ခဲတဲ့အတွက် စရေးစ ဆယ်ကျော်သက်တည်းက ဝတ္ထုရှည်ကိုချည့်စိတ်ကူးယဉ်ရေးကြည့်ဖူးပါတယ်။
      စိတ်ကူးထဲမှာ စီကာစဉ်ကာထားပေမယ့် လက်တွေ့လက်နဲ့ချရေးရတာ၊ကီးဘုတ်နဲ့ရိုက်ရတာတွေကို
      စိတ်မရှည်တာကြောင့် ပြီးဆုံးတာတစ်ပုဒ်မှာမရှိခဲ့ဘူး။
      တစ်နေ့တော့ အခန်းဆက်ရေးဖြစ်မယ်ထင်ပါတယ်။
      အရင်ရေးလက်စတွေကိုလဲ ခေါင်းထဲပြန်ခေါ်လိုက်ဦးမယ်။
      အခုလို အကြံပေးတာအရမ်းကျေးဇူးတင်ပါတယ်ရှင်။

      အမှန်က ဝတ္ထုရှည်ကစိတ်ကူယဉ်ရေးဖို့ အကွက်တွေအများကြီးရှိတာပါ။
      ဝတ္ထုတိုကျတော့ရာဇဝင်လူဆိုးပြောသလို တကယ်စဉ်းစားပြီး လိုရာရောက်အောင်အတိုချုံ့ပို့ရတာပါ။
      နောက်လဲ အားပေး၊ဝေဖန်၊အကြံပြုပါဦး။

      • pooch

        November 26, 2012 at 9:00 pm

        ဟုတ်ကဲ့ အပေါ်က ပြောသလိုပဲ ဝတ္ထုရှည်ရေးဖို့ တိုက်တွန်းချင်ပါတယ်။ ဆုမြတ်မွန်မွန်တို့နဲ့ နင်လား ငါလား ဖြစ်သွားမှာပါ ။ မယုံမရှိပါနဲ့ ။
        ရေးဖြစ်အောင် ရေးကြည့်ပါ။ ဇာတ်သိမ်းပုံလေး ကြိုက်တယ် ။
        အပုဒ်တိုင်း မမန့်ဖြစ်ပေမဲ့ ဖတ်ဖြစ်ပါတယ်။

  • တောက် !!!!!
    မျှော်တလင့်လင့် ဖတ်လာခဲ့သမျှ …
    ကောင်းခန်း ရောက်ခါနီးမှကွာ .. :mrgreen:

    အားပေး ဖတ်ရှုသွားပါတယ် ခင်ဗျာ …
    ရေးထားပုံလေး ကောင်းလှပါတယ် ဆိုတဲ့အကြောင်း …

  • ဦးကြောင်ကြီး

    November 25, 2012 at 9:03 pm

    ကျုပ်ဘဝမှာ မိဘတွေပြီးရင် အဦးဆုံးနမ်းဖူးသူဟာ အိမ်ကကြောင်ဖြစ်ပါတယ်… :kwi:

    • တိမ်မည်း

      November 25, 2012 at 9:06 pm

      ဦးကြောင်
      ကြောင်က အထီးလား အမလားဟင်…………..
      🙂

  • surmi

    November 25, 2012 at 11:29 pm

    မှတ်မိတာပေါ ့………
    ဘယ်လိုပြောရမှန်းတောင်မသိဘူး
    တော်ပါပြီလေ …… လူကြီးတန်မဲ ့ ရှက်စရာကြီး းးးးးးးးး
    :528:
    ဓာတုကလျာပီသပါပေတယ် ……

  • Wow

    November 26, 2012 at 1:35 pm

    ပထမဆုံးအနမ်းက ဟိုးငယ်ငယ်လေးထဲက …. ဟီး…
    အဒေါ်တွေပြောပြတာ ၂ နှစ်သမီးလောက်တုံးကတဲ့ အဒေါ်တွေကခေါ်ပြီး လမ်းလျှောက်ထွက်တာ … အဲဒီမှာ လမ်းမှာ ကောင်လေးတစ်ယောက်က သူ့အမေလက်ထဲက ရုံးထွက်ပြီး ဘာမပြောညာမပြောနဲ့လာနမ်းတာတဲ့…
    အဲဒီထဲက ဘူပိတ်ပြီး ခုထိ အပိုဂျီးဖစ်နေဒါ :mrgreen:

    • amatmin

      November 26, 2012 at 1:59 pm

      အဲ့ နမ်းသွားတဲ့ကောင်လေးရော အခုဘာဖြစ်နေသလည်း လို့
      သိချင်ဘူးလား ဟင်င်.. 😛

      • Wow

        November 26, 2012 at 2:33 pm

        အခုတူက ရုပ်ရှင်ရိုက်နေဒယ်လေ… ဗန်ပါးယားကားဒွေ ပတ်တင်ဆန်ချိုဒါပေါ့ :harr:
        ဟိ.. နာ့ဒါမျိုးလာ အငိုက်မဖမ်းနဲ့ ရဝူး :kwi:

    • Inz@ghi

      November 26, 2012 at 2:18 pm

      အော်… သူကမမေ့တေးဝူးကိုး …
      ခုခိခုခိ

      :harr:

      • Wow

        November 26, 2012 at 2:36 pm

        ငယ်က အချစ်ချိုဒေါ့ :harr:
        ဟီး ဘူမှန်းတိကို မတိလိုက်တာ….

  • jullies cezer

    November 26, 2012 at 5:25 pm

    ဦးကြောင်က တော်တော်ကြောင်ချစ်တယ်နော် cezer လဲကြောင်အရမ်းချစ်ပါတယ်
    အမှန်တိုင်းပြောရရင်ယောကျာ်းလေးတွေကြောင်ချစ်တာ ရှားပါတယ် ချစ်ပြီဆိုလဲ
    မိန်းကလေးတွေလိုက်မမှီဘူးဗျို့ …..

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      November 27, 2012 at 12:02 pm

      သားကိုပြောတာလား…. ညောင်………..

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • Mobile

    November 26, 2012 at 7:14 pm

    တစ်စတစ်စ ဖတ်ရင်းဖတ်ရင်းနဲ့
    တဖြည်းတဖြည်း ပိုမိုပိုမို
    ပြီးတော့ပြီးတော့ စိတ်ဝင်စိတ်ဝင်
    စားလာစားခဲ့တယ် ပြီးခါနီးမှဗျာ ထင်တာနဲ့တခြားစီဖြစ်သွားခဲ့ရတယ်
    ပထမ အနမ်းဆိုတာ ဘယ်လိုလေးလဲလို့ သိချင်နေတာ
    ဝတ္ထုရှည်ကို ဒီလောက်စိတ်ဝင်စား စရာကောင်းအောင် ရေးနိုင်မယ်ဆိုရင်
    နိုင်ငံကျော်စရေးဆရာ လောက်ကတော့ သာသာယာယာပင် ဖြစ်သွားနိုင်လောက်ပါတယ်

    • အခုလိုချီးမြောက်ကြတာကျေးဇူးအထူးတင်ပါတယ်။
      ကိုယ့်ကိုယ်ကိုတော့အားမရလှပါဘူး။
      ရေးပြီးသမျှပြန်ဖတ်ရတိုင်း ဒီ့ထက်ပိုကောင်းတာလေးတွေဖြစ်စေချင်မိတာအမှန်ပါ။
      အမှန်ကစာရေးဆရာမဖြစ်ထိုက်သေးပါဘူးရှင်။
      ဆက်အားပေးကြပါဦးနော်။

Leave a Reply