HIV ပိုးများအား 91% ထိတိုက်ခိုက်နိုင်သော ပဋိပစ္စည်းသစ်တွေ့ရှိ

HtooJuly 17, 20101min790

အိပ်ချ်အိုင်ဗွီပိုး ၉၁ ရာခိုင်နှုန်းကို ပျက်ပြယ်စေသည့် အားအကောင်းဆုံး ပဋိပစ္စည်းအပါအဝင် အားကောင်းသော ပဋိပစ္စည်းသုံးမျိုးကို တွေ့ရှိခဲ့ကြောင်း  အမေရိကန်နိုင်ငံ မှသိပ္ပံပညာရှင်များက ထုတ်ပြန်ကြေညာခဲ့သည်။

ယခု တွေ့ရှိမှုကြောင့် အေအိုင်ဒီအက်စ်ရောဂါအတွက် ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် လမ်းသစ်များပွင့်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ အိပ်ချ်အိုင်ဗွီ ပဋိပစ္စည်းများကိုDonor 45ဟု  အမည်ဝှက်ပေးထားသော အသက် ၆ဝ အရွယ်ရှိ လူမည်းမိန်းမလျာတစ်ဦး၏ဆဲလ်များအတွင်းတွင် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်သည်ပဋိပစ္စည်းများကို သဘာဝအတိုင်း ထုတ်ပေးနေသည်။သိပ္ပံပညာရှင်များအတွက် စိန်ခေါ်မှုမှာ ၎င်း၏ခန္ဓာကိုယ်ကဲ့သို့ အခြားသူများ၏ ခန္ဓာကိုယ်တွင် ယင်းကဲ့သို့ ပဋိပစ္စည်းထုတ်ပေးနိုင်မည့် နည်းလမ်း သို့မဟုတ် ကာကွယ်ဆေး အောင်မြင်စွာ
ထုတ်လုပ်နိုင်ရန် ဖြစ်သည်။ ဓာတ်မတည့်ခြင်းနှင့် ကူး စက်ရောဂါဆိုင်ရာ
အမေရိကန်အမျိုးသားဌာနမှ ကာကွယ်ဆေးသုတေသန ဗဟိုညွှန်ကြားရေးမှူး ဂယ်ရီနေဗယ်လ်က
ယင်းသို့ဆောင်ရွက်ရန် လိုအပ်နေကြောင်း၊ အချိန်တိုအတွင်းဖန်တီးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းသုတေသန ဇူလိုင်လ ၈ ရက်နေ့ထုတ် သိပ္ပံဂျာနယ်အွန်လိုင်းစာစောင်တွင် စာတမ်းနှစ်ခုဖြင့် တင်ပြထားခဲ့သည်။၂၀၀၈ ခုနှစ် နှစ်ကုန်တွင် လူ ၃၃ သန်းခန့် HIV
ပိုးကူးစက်ခံထားရကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။

ခန္ဓာကိုယ်၏ ပဋိပစ္စည်းများ ထုတ်လုပ်နိုင်သည့် စွမ်းရည်ကို လှုံ့ဆော်ပေးမည့် ဆေးထုတ်လုပ်နိုင်ပါက အေအိုင်ဒီအက်စ်ရောဂါအပြင် ရေကျောက်၊ ပိုလီယိုနှင့်
အခြားသေစေနိုင်လောက်သော ရောဂါများအတွက်ပါ ပိုမိုကောင်းမွန်သည့် ဆေးဝါးများ
ထုတ်လုပ်ပေးနိုင်ရန် ပညာရှင်များက မျှော်လင့်နေသည်။ ပြီးခဲ့သည့်နှစ်က
ထိုင်းနိုင်ငံတွင် စမ်းသပ်ခဲ့မှုအရ ပထမဆုံးအလုပ်ဖြစ်သည့် HIV ကာကွယ်ဆေး
ပေါ်ထွက်လာပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ သို့ရာတွင် ယင်းဆေးမှာ
ကူးစက်နိုင်ချေကို ၃ဝ ရာခိုင်နှုန်းခန့်သာ ကာကွယ်ပေးနိုင်ခဲ့သည်။

ယခု တွေ့ရှိမှုသည် အပြည်ပြည်ဆိုင်ရာ အေအိုင်ဒီအက်စ် ကာကွယ်ဆေး ပေါ်ပေါက်ရေးလှုပ်ရှားမှု၊ သုတေသနနှင့်ဖွံ့ဖြိုးရေး အကြီးအကဲ ဝိန်းကော့ဖ်၏
ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်။ ပဋိပစ္စည်းများသည် ပုံမှန်အားဖြင့်ဆိုလျှင်
သက်ရောက်မှုနည်းပြီး HIV ပိုး တစ်ကောင်နှစ်ကောင်ကိုသာ ရပ်တန့်စေနိုင်သည်။
ယမန်နှစ်က HIV ပိုး ၄ဝ ရာခိုင်နှုန်းအထိ ဟန့်တားနိုင်သည့် ပဋိပစ္စည်းများကို
တွေ့ရှိခဲ့ရသည်။ ယခု တွေ့ရှိမှုတွင် Donor 45 ၏ ပဋိပစ္စည်းများသည် HIV ပိုး
ခန္ဓာကိုယ်အတွင်း မဝင်ရောက်စေရန် ကာကွယ်မထားခဲ့ကြောင်း တွေ့ရှိခဲ့သည်။
ယင်းမှာ ၎င်း၏ခန္ဓာကိုယ်မှ ပဋိပစ္စည်းများ မထုတ်လုပ်မီ ဗိုင်းရပ်စ်ပိုးက
ဦးစွာဝင်ရောက်ခဲ့ခြင်းကြောင့် ဖြစ်သည်။ သို့ရာတွင် သူသည် HIV
ပိုးရှိလျက်နှင့် အနှစ်နှစ်ဆယ်ကြာ အသက်ရှင်နေထိုင်နိုင်ဆဲ ဖြစ်သည်။

၎င်းသည် တွေ့ရှိသမျှထဲတွင် အားအကောင်းဆုံး HIV ပိုးပျက်ပြယ်စေသည့် ပဋိပစ္စည်းများ ထုတ်လုပ်ပေးနိုင်ခြင်းအတွက် သူ၏မျိုးဗီဇထဲတွင် မည်သိုု့သော
ထူးခြားချက်ရှိနေခြင်းကိုမူ မသိရသေးပေ။ အကယ်၍ အခြားသူများတွင်
ပဋိပစ္စည်းထုတ် လုပ်မှုကို လှုံ့ဆော်ပေးနိုင်လျှင် ကာကွယ်နိုင်မည်ဟု
ပညာရှင်များက ယူဆနေသည်။