အမျိုးသားနိုင်ငံရေးအကြောင်း – မောင်စွမ်းရည်

kaiNovember 26, 20121min1208

ဗမာ့စစ်တပ်ရဲ ့ စစ်ထောက်လှမ်းရေးအကြီးအကဲဘဝက အလွဲသုံးစားမှုနဲ့ အလုပ်ပြုတ်ထောင်ကျခဲ့တဲ့ ဗိုလ်ခင်ညွန့်ဟာ ထောင်ကထွက်လာပြိီးတော့ သင်္ကန်းဝတ်ခဲ့ပါတယ်။ဗမာတွေထောင်ကျပြီး ထောင်ကထွက်လာရင်သင်္ကန်းဝတ်ကြတာဟာ ထုံးစံတစ်ခုလိုပါပဲ။အကုသိုလ်တွေစင်သွားအောင်ဆိုတဲ့သဘောထင်ပါရဲ ့။ဦးဝင်းတင်တို့လိုလူမျိုးတွေကတော့ ခြွင်းချက်ပေါ့။သူတို့ကအကုသိုလ်လုပ်ခဲ့ဖူးသူတွေမဟုတ်ဘူးလို့ ကိုယ့်ဘာသာယုံကြည်စိတ်ချလို့ဖြစ်မှာပေါ့။ ဗိုလ်ခင်ညွန့်တို့ကတော့ ပြည်သူလူအများသံဃာတော်များပါမကျန် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့တာဆိုတော့ အကုသိုလ်မရှိဘူးလို့ ကိုယ့်ဘာသာယုံကြည်လို့လဲမရ၊သူတပါးမသိအောင်ဖုံးကွယ်ပြောဆိုလို့လဲမရဘူးလေ။ဘာဘဲဖြစ်ဖြစ် သင်္ကန်းဝတ်တယ်ဆိုတာ သူတပါးကိုနှိပ်စက်တာမှ မဟုတ်ဘဲကလား။သာဓုတောင် ခုကြရမှာပေါ့။ဒါပေမယ့် သူဝတ်တဲ့သင်္ကန်းဟာ မုဆိုးကြီးသောနုတ္ထုရ်ပေးလိုက်တဲ့သင်္ကန်းမဖြစ်ပါစေနဲ့လို့ ဆုတောင်းရပေမယ်။

ခုလို ခဏတဖြုတ်သင်္ကန်းဝတ်တာကို ဒုလ္လဘရဟန်းလို့ခေါ်လေ့ရှိတယ်မဟုတ်လား။ဒါကြောင့် ဆရာကြီးရွှေဥဒေါင်းဆွေးနွေးရေးသားဖူးတာလေးတပိုင်းတစကို သတိရလိုက်မိပါတယ်။ဆရာကြီးက “လုံနှမတန်းလန်းနဲ့၊ဥုံဖွမန်းပြီး၊ဒုလ္လဘရဟန်းဝတ်တယ်”ဆိုတာမျိုးကို သိပ်ပြီးသဘောမကျဘူးခင်ဗျ။ကမ္မဌာန်းထိုင်ရင်ဖြစ်ဖြစ်၊ပုတီးစိတ်ရင်ဖြစ်ဖြစ် လုံနှမတန်းလန်းနဲ့ဆိုတော့ နောက်ဆံငင်စရာတွေဖြစ်မှာပေါ့နော်။ခုလဲ ဗိုလ်ခင်ညွန့်ခမျာ ခဏဘဲ သင်္ကန်းဝတ်ရှာတာပါ။ခုပဲလူထွက်ပြီး တော့ “အမျိုးသားနိုင်ငံရေး”ဆိုတာကြီး လုပ်ဦးမလို့ ဆိုပါကလား။ထန်းရည်သမားလို အမူးပြေတော့ ထန်းပင်မော့ကြည့်ဆိုတာမျိုး ဖြစ်နေမလားဘဲနော်။

ခုလို “အမျိုးသားနိုင်ငံရေး”ဆိုတဲ့စကားမျိုးကြားရပြန်တော့ အများပြည်သူတွေက မျက်ခုံးလှုပ်ကြ မယ်ထင်မိတယ်ဗျ။ဒီစကားလုံးက သူတို့တီထွင်ဆန်းသစ်ဖန်တီးခဲ့တဲ့ စကားလုံးမဟုတ်လား။သူတို့အာဏာသိမ်းရတာကိုက “ပါတီနိုင်ငံရေးသမား”တွေ ပြသနာရှုပ်ကြလို့ ဆိုသလိုလိုဘာလိုလို။ဒါ့ကြောင့် ပါတီနိုင်ငံရေးနဲ့ဆန့်ကျင်တဲ့အနေနဲ့ တီထွင်လိုက်တာလေ။တကယ်တော့ နိုင်ငံရေးဆိုတာနိုင်ငံရဲ ့အရေး။ နိုင်ငံထဲမှာနေကြတဲ့နိုင်ငံသားတွေရဲ ့အရေးပဲမဟုတ်လား။အမျိုးသားအားလုံးရဲ  ့အရေးပဲမဟုတ်လား။အမျိုးသားနိုင်ငံရေးဆိုပြီး ပြောစရာမလိုပါဘူး။ဘယ်ပါတီမဆို အမျိုးသားတွေအားလုံးကောင်းစားဖို့ အရေးကို ရည်မှန်းချက်အဖြစ်ထားကြရတာပဲလေ။နောက်မှ သူတို့ပါတီရဲ ့ရည်မှန်းချက်အောင်မြင်မှုအနည်းအများဆိုတာက ကဏ္ဍတစ်ခုပေါ့။တကယ်တော့ ပါတီတွေ၊သမဂ္ဂတွေ၊အစည်းအရုံးတွေ စွန့်စားအားထုတ်ခဲ့လို့ လွတ်လပ်ရေးရခဲ့တာမဟုတ်လား။ဝိုင်အမ်ဘီအေ၊ဂျိီစီဘီအေ၊တို့ဗမာအစည်းအရုံး၊ကွန်မြူနစ်ပါတီ၊ ကျောင်းသားသမဂ၊ဖဆပလ စတဲ့စတဲ့ပါတီအဖွဲ့အစည်းတွေက “စွန့်”လို့ သူတို့“စား”ခဲ့ရတာမဟုတ်လား။ဒီအချက်ကိုမေ့ပျောက်ပြီး ပါတီတွေကိုကျေးဇူးကန်းလို့ဖြစ်မတဲ့လား။

“ပါတီ”ဆိုတာကို အပြစ်၊အာဃာတတွေထားဖို့မလိုဘူး။ပါတီဆိုတာ အင်္ဂလိပ်လိုပြောတာပဲ။ဗမာလိုကတော့“အဖွဲ့အစည်း” မဟုတ်လား။ပါဠိလိုတော့“သမဂ္ဂ”ခေါ်ရမှာပေါ့။ဗုဒဘုရားရှင်ကိုယ်တော် တိုင် ဟောခဲ့ပြောခဲ့တာပဲလေ။“သမဂ္ဂါနံကပေါ သုခေါ”တဲ့။တိုက်ရိုက်အနက်အဓိပ္ပါယ်ကတော့ “ညီညွတ် သင့်ညီညွတ်ထိုက်တဲ့ပုဂ္ဂိုလ်များရဲ ့ ညီညီညွတ်ညွတ်စုပေါင်းလုပ်ဆောင်ခြင်းဟာ ချမ်းသာခြင်း(ဝါ)  ပြည့်စုံပြီးမြောက်အောင်မြင်ခြင်းသို့ရောက်စေတဲ့အကျိုးတရား(ဝါ)အကျင့်မြတ်ဖြစ်ပေတယ်”တဲ့။ အတိုချုံ ့
ပြောရရင်တော့ “အဖွဲ့အစည်းနဲ့အညီအညွတ်လုပ်ဆောင်ခြင်းဟာ အောင်မြင်မှာပဲ”လို့။ဆောင်ပုဒ်ကလေးလုပ်ရရင်တော့ “ဖွဲ့စည်းတည်ထောင်၊ကောင်းကျိုးဆောင်”လို့ပြောလိုက်ချင်ပါတယ်။အများအကျိုးကို အများစုပေါင်းဆောင်ရွက်တော့ အင်အားကြီးပြီးအောင်မြင်မှုပိုရလွယ်မယ်။အောင်မြင်မှုအတွက်“သံဃ”အဖွဲ့အစည်းကို ဖွဲ့စည်းခဲ့ပါတယ်။သံဃာတော်များဟာ ဗုဒ္ဓရဲ ့ဦးဆောင်မှုနဲ့အရပ်တကာလှည့်ပြီး သာသနာပြုကြသလို၊အဖွဲ့လေးတွေခွဲပြီးတော့လဲ နေရာဒေသတွေခွဲပြီးခရီးထွက်ကြပါတယ်။ဒီလိုနဲ့ ဗုဒ္ဓသာသနာဟာ ပြန့်ပွားထွန်းကားလာခဲ့ရပါတယ်။

စစ်တပ်ကလူတွေက ပါတီတွေမှာအယူဝါဒအမျိုးမျိုးကွဲနေတာကို မကြိုက်ဘူးတဲ့။ဟုတ်ကဲ့။သူတို့စစ်တပ်လိုတော့ “တသွေးတသံတမိန့်”ဘယ်မှာဖြစ်ပါ့မလဲ။စစ်တပ်ဆိုတာက လက်နက်တပ်ဆင်ထားတဲ့ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းတခုပဲမဟုတ်လား။သူတို့လည်းပဲ စာရေးစာချီတွေလို အစိုးရဝန်ထမ်းအစုတစုပါပဲ။ဒါပေမယ့် လက်နက်နဲ့လုပ်ရတာဆိုတော့ တယောက်တပေါက်လုပ်လို့ ဘယ်မှာဖြစ်ပါ့မလဲ။အမိန့်အာဏာနဲ့တင်းတင်းကျပ်ကျပ်အုပ်ချုပ်စုစည်းပြီးမခိုင်းရင် တယောက်နဲ့တယောက်အငြင်းပွားပြီးအချင်းများကုန်ကြတဲ့အခါ လက်နက်တွေနဲ့ဆိုတော့ အင်မတန်အရေးကြီးတာပေါ့။ဒါကြောင့် နိုင်ငံရေးအဖွဲ့အစည်းတွေလို တယောက်တပေါက်ပြောခွင့်မရှိနိုင်ပေဘူး။တခြားအစိုးရဝန်ထမ်းတွေ၊ရုံးတွေ၊ကျောင်းတွေကလည်း သူတို့လိုလိုက်ပြီး သတိသက်သာ၊ညာညှိ၊ဘယ်ညှိလုပ်လို့ ဘယ်မှာဖြစ်ပါ့မလဲ။

ပါတီတို့၊သမဂ္ဂတို့၊အစည်းအရုံးတို့ဆိုတာ စစ်တပ်လိုလက်နက်ကိုင်ဝန်ထမ်းအဖွဲ့အစည်းမဟုတ်ပေဘူး။နိုင်ငံရေးအယူအဆတူညီသူတွေကို စုပေါင်းထားတဲ့အဖွဲ့အစည်းတွေပါပဲ။အဖွဲ့အစည်းအချင်းချင်းတယောက်တပေါက်ပြောကြဆိုကြသလို အဖွဲ့အစည်းအတွင်းမှာလည်း တယောက်တမျိုးပြောကြတာဟာ သဘာဝကျပါတယ်။ဒါဟာ ဒီမိုကရေစီပဲလေ။အယူအဆကွဲလွဲမှုတွေကိုကျိုးကြောင်းပြပြီး ငြင်းကြခုန်ကြရင်း အကောင်းဆုံးအများသဘောတူတဲ့အယူအဆနဲ့ လုပ်ငန်းစဉ်တရပ်ပေါ်လာအောင်လုပ်ကြရတာဟာ သမဂ္ဂတွေရဲ ့သဘောသဘာဝပဲမဟုတ်ပါလား။သူတို့စစ်တပ်ဟာစစ်တပ်လိုမနေဘဲ အာဏာရူးထလာတဲ့အခါ တသွေးတသံတမိန့်ဆိုတာမျိုးမဖြစ်နိုင်တော့ဘဲ စစ်တပ်မပီသတဲ့အလုပ်တွေလုပ်ကုန်ကြတော့တာပေါ့။အတွင်းရေးမှူး၂ဗိုလ်ချုပ်တင်ဦးလုပ်ကြံခံရတာ၊ဗိုလ်
ချုပ်စောမောင်ကိုဖယ်ရှားပစ်တာ၊ဗိုလ်ချုပ်ခင်ညွန့်ကိုဖြုတ်ထုတ်ထောင်သွင်းရှင်းပစ်တာတွေဟာ စစ်တပ်ကစစ်တပ်အလုပ်မလုပ်ဘဲ“အာဏာ”အလုပ်ကိုဝင်လုပ်ကြလို့ပါပဲ။ဒီအခါမှာ“ပါတီ”အဖွဲ့အစည်းတွေကြောင့်ပဲတိုင်းပြည်ကြီး ယနေ့နက်ဖြန်ပြိုကွဲတော့မှာလိုလို အထိတ်တလန့်ဟစ်ကြွေးပြီး ပါတီအစိုးရလက်ကနေစစ်အစိုးရဖြစ်အောင်လုပ်လိုက်ခဲ့လို့ စစ်တပ်ကြီးဟာ တပ်မတော်ဂုဏ်နဲ့မတန်တော့ဘဲ လက်နက်ကိုင်လူဆိုးဂိုဏ်းကြီးတဂိုဏ်းအဖြစ် လျှောကျသွားခဲ့ရပါတယ်။

စစ်တပ်ကနေ အရပ်သားပါတီတွေလက်ကအာဏာကိုသိမ်းယူတာကိုပဲ “အမျိုးသားနိုင်ငံရေး”လိုလိုဘာလိုလို သူတို့ဖာသာကယ်တင်ရှင်လုပ်ခဲ့တာပါ။တိုင်းပြည်ကြီးချောက်ထဲကျဖို့“လက်တလုံး”အလိုမှာ စစ်တပ်ကကန်ချလိုက်တာကိုနာမည်ကောင်းအောင်ဘယ်လိုပဲသူတို့ဘာသာသူတို့လိမ်လည်လှည့်ဖျားပေမယ့် မြန်မာပြည်ကြီးချောက်ထဲကျသွားပြီဆိုတာက တကယ့်ရုပ်အခြေအနေပါ။သမိုင်းပါ။ ကမ္ဘာသိ။ဗြဟ္မာအထိ အသိပါ။

စစ်တပ်လက်ကိုနိုင်ငံရဲ ့အာဏာရောက်သွားတာဟာ ၁၉၅၈ကစတင်ခဲ့ပါတယ်။အာဏာသိမ်းလိုက်ပြီလို့“တရားဝင်”(တရားမဝင်)လုပ်ခဲ့တဲ့၁၉၆၂ကစရင် ဒီနှစ်၂၀၁၂အထိဆိုရင် စစ်တပ်ကအုပ်ချုပ်လာခဲ့တာဟာ နှစ်ပေါင်း၅ဝရှိပါပြီ။သမိုင်းသက်တမ်းတွက်ပုံတွက်နည်းနဲ့ဆိုရင်
ရာစုနှစ်ဝက်ရှိခဲ့ပါပြီ။နှစ်တစ်ရာရဲ ့တစ်ဝက်ရောက်ခဲ့ပါပြီ။ဟုတ်ကဲ့။၂၀၀၈အခြေခံဥပဒေကို အရပ်သားလက်အာဏာပြန်အပ်တဲ့ဥပဒေလိုလိုပြောတာက စစ်တပ်ကပြောတာပါ။ဒီဥပဒေကလည်း စစ်တပ်ကပဲ လေထဲမိုးထ၊ဲမုန်တိုင်းထဲမှာ ကမန်းကတန်းရေးဆွဲအတည်ပြုခဲ့တာပါ။တကယ်
တော့ စစ်ယူနီဖောင်းချွတ်ပြီးအရပ်ဝတ်စွပ်ခဲ့ပေမယ့် သေနတ်မချွတ်ခဲ့ပါဘူး။ပြည်သူလူထုကရွေးကောက်တင်မြှောက်တဲ့ရာနှုံးပြည့်အစိုးရအဖွဲ့လုပ်ခွင့်မရှိဘဲ စစ်တပ်ကိုယ်စားလှယ်“တမတ်သား”ပါရပါဦးမယ်။ဒီတမတ်သားကအာဏာကိုတော့ “တကျပ်သား”
ယူထားမှာပါ။ဒီဥပဒေကအရပ်သားကို အာဏာပြန်အပ်သလိုလိုပြောထားပေမယ့် စစ်ဗိုလ်တွေဘယ်လိုပြစ်မှုမျိုးကိုပဲစိ်တ်ဖောက်လာရင်လဲ အချိန်မရွေးအာဏာသိမ်းခွင့်ကို အခြေခံဥပဒေနဲ့ အခိုင်အမာခွင့်ပြုထားတာပါ။လူမပြင်၊မူမပြင်၊ဥပဒေပြင်ရုံပြီးတာဘဲ မဟုတ်လား။၂၀၀၈ဥပဒေဟာတကယ်တော့ စစ်တပ်အာဏာသိမ်းတာကို တရားဝင်ဖြစ်အောင်၊ဥပဒေနဲ့အညီဖြစ်အောင် ဥပဒေကိုပြင်ဆင်ပြုစုထားတာပါ။ဒါဟာ စစ်တပ်ကစစ်ဗိုလ်ချုပ်တွေပြောပြောနေတဲ့“အမျိုးသားနိုင်
ငံရေး”ပါ။ အမျိုးသားနိုင်ငံရေးရဲ ့ပန်းတိုင်ဟာ ဘယ်ကိုဆိုက်ရောက်လာသလဲဆိုတာ ၂၀၀၈အခြေခံဥပဒေက အစင်းစင်းအကွင်းကွင်းမုန့်တီဟင်းကဲ့သို့ ရှင်းရှင်းကြီးပြထားတာ မဟုတ်လား။။၂၀၀၈အခြေခံဥပဒေဟာ ရာစုနှစ်ဝက်လောက်အာဏာသိမ်းခဲ့တာဟာ တရားမဝင်ဘူးဆိုတာကို ပြည်သူတွေနဲ့အတူတကမ္ဘာလုံးကပြောကြတာကို“ဟုတ်ကဲ့”လို့ဝန်ခံလိုက်ဖို့ “တရားဝင်”အောင်ပြင်လိုက်တာပါ။

အဲသလို“သေနတ်မချွတ်အရပ်ဝတ်”ခေတ်ကြီးထဲမှာ ကျွန်ုပ်တို့ကိုခင်ညွန့်ကအမူးပြေသွားပြီးထန်းပင်ကိုမော့ကြည့်နေပြန်ပါပြီ။“ကျွန်ုပ်တို့မျက်ခုံးလှုပ်မိပါ၏”လို့ ဂန္တဝင်လေနဲ့ပဲပြောလိုက်ချင်ပါတယ်။ရာစုနှစ်ဝက်လောက်ပြည်သူလူထုတရပ်လုံး၊ရဟန်းရှင်လူအားလုံး၊ ကမ္ဘာ့ သမိုင်းမှာအဆိုးဝါးဆုံးဖိနှိပ်၊ဖမ်းဆီး၊ထောင်သွင်း၊ညှင်းပန်းသတ်ဖြတ်လာခဲ့တဲ့သမိုင်းဖြစ်စဉ်ကြီးတရပ်လုံးမှာ အဆိုးဝါးဆုံးအာဏာပြခဲ့တာက ကိုခင်ညွန့်ပါ။မောက်မာရိုင်းစိုင်းရက်စက်ခဲ့တာ ဗိုလ်ချုပ်ခင်ညွန့်ပါ။သူများခိုင်းလို့လုပ်ရတာပါလို့ပြောချင်လဲပြောပါလေ။အရပ်ထဲကပြောနေကျအတိုင်းပြောရရင်“ဟိုဒင်းစားခိုင်းတော့ စားမှာလား”လို့ ခပ်ရိုင်းရိုင်းပဲမေးလိုက်ရုံသာ။

အဲဒီ့တော့ ကျနော်တို့ပြောချင်တာက“အမျိုးသားနိုင်ငံရေး”လို့ ကိုခင်ညွန့်တို့ထွင်ခဲ့တဲ့(မြင်းခြံသားလေသံနဲ့ပြောရရင် ကိုခင်ညွန့်တို့“ထွန်”ခဲ့တဲ့)စကားလုံးဟာ “ပါတီ”ဆန့်ကျင်ရေး၊“၊သမဂ္ဂ”ဆန့်ကျင်ရေး၊အရပ်သားအစိုးရဆန့်ကျင်ရေး၊
ပြည်သူဆန့်ကျင်ရေးသာဖြစ်ပါကြောင်းကိုခင်ညွန့်လုပ်တတ်တဲ့၊လုပ်ခဲ့တဲ့နိုင်ငံရေးကလည်း ပြည်သူဆန့်ကျင်ရေးသာဖြစ်လို့ နောက်ထပ်ဘာနိုင်ငံရေးမှ ကိုခင်ညွန့်မလုပ်သင့်ဘဲ“တေတေဂနိပ်”နဲ့ သပြေရိပ်မှာ နားနားနေနေခွေခွေသာအိပ်ပြီးနေသင့်ပါကြောင်း
အကြံပေးလိုက်ရပါတယ်ခင်ဗျား။
ကျနော်မောင်စွမ်းရည်ပါ။♦

မောင်စွမ်းရည်
၂၀၁၂ ဒီဇင်ဘာ၈ရက်၊နံနက်၁:၃ဝနာရီ
နယူးယောက်။

မှတ်ချက်.   ။ Oct-Nov 2012 | Vol. 5/Issue 7 | မန္တလေးဂဇက်တွင် ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။

8 comments

  • kolumbus

    November 26, 2012 at 2:31 pm

    တန်ဖိုးရှိတဲ့ ပို့စ်လေးပါပဲ။ သာဓုပါတော်…. အဲလေ ယောင်လို့…. ကျေးဇူးပါဗျာ။ :kwi:

    ဂဇက်ကို ကြိုက်တာ ဒီလိုပို့စ်မျိုးတွေ ဖတ်ရတဲ့ အချက်လည်းပါတယ်။ ဒါပေမယ့် ဒီလိုပို့စ်မျိုးတွေမှာ ဝင်ဆွေးနွေးတဲ့သူ နည်းတာတွေ့ရတယ်။
    သူတို့ညံလို့… မင်းတို့ အသုံးမကျလို့… ငါကတော်လို့… ဆိုတဲ့ပို့စ်တွေထက် အများကြီး မျက်စိဖွင့်ပေးတယ် လို့မြင်တယ်။

  • Inz@ghi

    November 26, 2012 at 2:37 pm

    အဘတို့ကတော့ မသေခင်လုပ်ချင်တာလုပ်အုံးမယ်ပေါ့ ..

    🙁

  • Mobile

    November 26, 2012 at 6:49 pm

    ဗဟုသုတ ဖြစ်စေသလို ကျနော် တို့လိုလားတောင်းတတဲ့ စာပေးများထဲမှ တစ်ခုအနေဖြင့်
    ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးဥပေက္ခာရ တင်ရှိပါကြောင်း ဦးဆုံးအနေနဲ့ ပြောချင်ပါတယ်။
    နောက်များမှာ အချိန်ရလိုရှိရင် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အနေအထား လေးတွေ အယူအဆလေးတွေ
    ဥပမာ ပါတီတို့ လွှတ်တော်တို့ ကောင်စီ တို့ဘာတို့ပေါ့ဗျာ အဲ့ဒါတွေက ဘယ်လိုဖွဲ့စည်းတယ်
    ဘယ်လို အခန်းကဏ္ဍကနေ အလုပ်လုပ်ရတယ် ဘာကိုရည်ရွယ်ပြီး ဖွဲ့စည်းတာဖြစ်တယ် ဒါမျိုးလေးနဲ့
    ပတ်သတ်လို့ ကျနော် ကောင်းကောင်းနားမလည်ဘူးဗျ။ အဆင်ပြေမယ်ဆိုရင် ရှင်းပြစေချင်ပါတယ်။
    ပြီးတော့လက်ရှိမှာ တိုးတက်နေတဲ့ နိုင်ငံများရဲ့အကြောင်းကိုလည်း ဘယ်လို ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့
    ဘယ်လိုလုပ်ဆောင်မှုတွေဟာ ထိရောက်ခဲ့တဲ့အတွက် ဘယ်သူကဘယ်လို စွမ်းဆောင်ခဲ့တယ်
    ဆိုတာမျိုးလေးတွေ လိုလားတောင်းတ ဖြစ်မိပါကြောင်း . . . . .

  • မောင်သုည

    November 26, 2012 at 8:44 pm

    [ဟုတ်ကဲ့ခင်ဗျ…အမျိုးသားနိုင်ငံရေးဆိုတော့ ကျနော်တို့အရေးပေါ့နော်…အမျိုးသမီးများဝင်ရောက်ဆွေးနွေးခွင့်မရှိပါ…။
    (နိုင်ငံရေးဆိုတာ နိုင်ငံ့အရေးပါ နိုင်ငံသားတိုင်းနဲ့သက်ဆိုင်ပါတယ်…)
    ဟုတ်ကဲ့ သက္ကန်းဝတ်လိုက်ရတာလည်း အခြေအနေကြောင့်ပါ..မင်းမဝတ်ရင်ထောင်ထဲထည့်လိုက်မယ်ဆိုလို့ဝတ်လိုက်ရတာပါ…။
    အချိန်ရရင်ဆက်လက်ဆွေးနွေးပါအုံးမည်…။

  • MaMa

    November 27, 2012 at 9:18 am

    သာမန်ပြည်သူပြည်သားတစ်ယောက်အနေနဲ့ နိုင်ငံရေးလှည့်ကွက်တွေ ကျားကွက်တွေ ကြားထဲမှာ မျက်စိသူငယ် နားသူငယ်နဲ့ ယောင်တောင်ပေါင်တောင် ဖြစ်နေတာမို့ ခုချိန်မှာ ခုလိုစာတွေဖတ်ရတာ အကျိုးများလှပါတယ်။
    ဒါ့ထက် ရက်စွဲမှားနေသလိုပဲ။
    ၂၀၁၂ ဒီဇင်ဘာ၈ရက် ဆိုတော့..
    (သမိုင်းမှာ ခုနှစ်သက္ကရာဇ်က အရေးကြီးတော့ ခုလို စာပေမျိုးအတွက် အရေးပါမယ်ထင်လို့ သတိပေးတာပါ။)

    • kai

      November 27, 2012 at 4:54 pm

      မူရင်းလက်ရေးစာပြန်ကြည့်တော့..လက်မှတ်ထိုးထားတာရဲ့အောက်မှာ.. ၂၀၁၂ ဒီဇင်ဘာ၈ရက် ကြီးပဲဖြစ်နေတယ်..
      အဲဒီနေ့က.. အမျိုုးသားနေ့လေ..
      ဆရာစွမ်းက.. တခုခုစိတ်ထားပြီး.. ရေးလိုက်တယ်ထင်တာပါပဲ..။

      သတိတောင်မထားမိလိုက်ဖူး..
      တော်လိုက်တဲ့.. သတ်ပုံစစ်မှုးချုပ်..
      အယ်ဒီတာခန့်ရမယ်.. :kwi:

  • သုရှင်

    November 27, 2012 at 2:37 pm

    အမျိုးသားနိုင်ငံရေးဆိုတဲ့ခေါင်းစဉ်ကိုတော့ကြိုက်တယ်ဗျာ။

  • ဦးကြောင်ကြီး

    November 28, 2012 at 12:06 pm

    ဧရာဝတီ မဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဇော်နဲ့ ဧည့်ခံပွဲတခုအတွင်း တခဏတွေ့ဆုံမှုမှာတော့ အမျိုးသားနိုင်ငံရေး မဟုတ်ဘဲ အမျိုးသားရေး – သာသာနာရေး လူမှုရေးလုပ်မယ်လို့ ပြောင်းပြောပါတယ်။ နိုင်ကျဉ်းသမားများအတွက် သူ့မှာတာဝန်မရှိ၊ ခိုင်းတာလုပ်ခြင်းဖြစ်ကြောင်း ငြင်းဆိုသွားတယ်။ ဦးအောင်ကြီးနဲ့ ဦးနေဝင်း တဦးအပေါ်တဦး လွှဲချတမ်းကစားသလို ဖြစ်အုံးမယ် ထင်ပါတယ်။ ဦးခင်ညွှန့် အသက် ၇၃နှစ်ရှိပြီရေးထားတော့ ပြန်ထောင်နိုင်ဖို့အသာထား သိက္ခာပြန်ဆည်ဖို့တောင် အတော်မလွယ်လှ ထင်ပါတယ်။ လက်ရှိ အစိုးရနဲ့စစ်တပ်မှာလည်း သူ့လူရယ်လို့ မရှိလေတော့.. အကောင်းဆုံးက ဖြစ်ရပ်မှန်တွေကို ဖော်ထုတ်ရေးသား တင်ပြမှ လူထုအနေနဲ့ အကောင်းအဆိုး မှတ်ကျောက်တင်နိုင်ပါလိမ့်မယ်။

Leave a Reply