“တစ်ကျော့ပြန် …………………..”

“တစ်ကျော့ပြန်        …………………..”

 

 

ကျုပ်ဆိုတဲ့အကောင်က သူများပြောတိုင်းမယောင်ဘူးဗျ။

ကျုပ်လုပ်ချင်တာကျုပ်လုပ်တာဘဲ။

ကျုပ်ဆေးလိပ်သောက်တုံးကလဲ တစ်ရက်တစ်ဘူးတော့အေးဆေးဘဲ။

အဆုပ်ကင်ဆာတွေ နီကိုတင်းတွေ ပါတ်ဝန်းကျင်လေထု ညစ်ညမ်းတာတွေလာမပြောနဲ့။

ကျုပ်တို့သောက်တဲ့ဆေးလိပ်ကမီးခိုးမထွက်လဲဒီပြင်နေရာတွေက ကျုပ်ဆေးလိပ်မီးခိုးထက်မကတာတွေထွက်နေတာ။

ဟိုဟာဒီဟာတွေနဲ့စာလာမဖတ်နဲ့ ။

မိုးအေးအေးမှာ တစ်ယောက်ထဲရှိနေချိန်မှာ စီးကရက်လေးခဲရင်း

တွေးနေရတဲ့အရသာ ဘာနဲ့မှမတူဘူးလေ။

ကျုပ်သောက်ချင်သောက်မှာဘဲ။

 

ကွမ်းစားတုံးကလဲဒီလိုဘဲ။

ပါးစပ်ထဲကွမ်းလေးတစ်မြုံ့မြုံ့နဲ့နေရတာ ဖီလင်ဘဲ။

ထမင်းစားပြီးတာနဲ့ ပါးစပ်ထဲကွမ်းလေးတစ်ယာလောက်ပစ်ထဲ့ပြီး

တမြုံ့မြုံ့နဲ့နေရတာ ဘယ်လောက်ကောင်းတယ်ဆိုတာ စားဘူးတဲ့သူမှသိတာ။

ပါတ်ဝန်းကျင်ညစ်ညမ်းတာတွေကျောက်တည်တတ်တယ်ဆိုပြီးလာမခြိမ်းချောက်နဲ့။

ကျုပ်တို့ကွမ်းတံတွေးမထွေးလဲ ညစ်ပတ်ပေရေနေတဲ့နေရာတွေက အနှံ့။

ကျုပ်စားချင်စားမှာဘဲ။

အရက်လဲဒီအတိုင်းဘဲ။

ကျုပ်သောက်ချင်သောက်မယ် မသောက်ချင်မသောက်ဘူး။

စိတ်တူရာမိတ်ဆွေလေးတွေနဲ့ သူတစ်ခွက်ကိုယ်တစ်ခွက်လှည့်ရင်း

ဟိုပြောဒီပြော ပြောရတာ တယ်အရသာရှိသကိုးဗျ။

အရက်သမားလူမလေးစားတို့ အသဲခြောက်တာတို့ ဘာတို့လာမရွှီးနဲ့။

လူဆိုတာ တစ်နေ့တော့သေမှာပဲ။

အရက်မသောက်ဘဲနဲ့အကျင့်ပျက်နေတဲ့ကောင်တွေလဲတစ်ပုံကြီး

 

ပိုက်ဆံကုန်တဲ့အကြောင်းလဲလာမပြောနဲ့ ဟိုလိုမကုန်လဲ ဒီလိုကုန်မှာဘဲ။

အေးကျုပ်မလုပ်ချင်ဘူးတာကို လာမလုပ်ခိုင်းနဲ့ “ နိုးဆော”ဘဲ။

ကျုပ်လုပ်ချင်တာကိုလဲ မလုပ်ပါနဲ့လို့လာမတားနဲ့ “ ဒုံးကဲ” ဘဲ။

 

*************************************************************

ကျုပ်ဆေးလိပ်ဘယ်ချိန်စသောက်လဲလို့မေးရင်ဖြေရမှာခပ်ခက်ခက်ဘဲ။

ဆေးလိပ်ကို ကျုပ်ငါးတန်းလောက်မှ စသောက်ဘူးတာဘဲ။

အဲဒီတုန်းက ကျုပ်တို့ ဖွားအေကြီးက မိန်းမပေမယ့်ဆေးလိပ်သောက်တယ်ဗျ။

သူသောက်တာဖက်ကြမ်း။

“နေခြည်”စပါယ်ရှယ်သောက်တာဗျာ။

ခက်တာက အဖွားက ဆေးလိပ်သောက်ပေမယ့် မီးခြစ်မဆောင်ဘူး၊

ဂက်စ်မီးခြစ်ကိုလဲ မကိုင်ဘူး၊ နံလို့တဲ့။

သူသောက်ချင်ရင် အနီးရှိတဲ့လူတစ်ယောက်ယောက်ကို မီးညှိခိုင်းတာဘဲ။

ကျုပ်ကတော့ သူ့ အသဲကျော် ဆိုတော့ မီးညှိတဲ့တာဝန်ကျုပ်ဘဲပေါ့။

အဖွားမီးညှိခိုင်းတတ်တာကို အဖေကလဲမကြိုက်ဘူး။

ဒါပေမယ့် မခိုင်းနဲ့လို့ သူလဲမပြောရဲဘူး။

တိုတိုပြောရရင် အဖွားမီးညှိခိုင်းရင် မီးစွဲအောင်ဆေးလိပ်ကိုဖွာကြည့်ရင်းက

နေပြီး စသောက်တတ်သွားတာဘဲ။

နောက်တော့ အဖွားမီးညှိခိုင်းရင် ကျု့ပ်က အရင်ဝအောင်သောက်လိုက်တာဘဲ။

ဒါပေမယ့် တကယ် သောက်တာကတော့ ရှစ်တန်းကျောင်းသားဖြစ်မှ။

လူပျိုပေါက်ဆိုတော့ ကောင်မလေးတွေရှေ့မှာ စီးကရက် ကို ဂိုက်ပေးပြီးခဲပြရင်း

အမြဲလိုသောက်ဖြစ်သွားတာပါဘဲ။

အဲဒီတုန်းကတော့ ဆေးလိပ်နဲ့မစိမ်းတဲ့ကျုပ်က သူငယ်ချင်းတွေထဲမှာတော့ ဆေးလိပ်နဲ့

ပါတ်သက်ရင် ဆရာကြီးဘဲ။

အိမ်ကျတော့ အဖွားကိုမီးညှိပေးရင် း “ပေါ့”ခဲသပေါ့။

ကျောင်းရောက်ရင်တော့ စီးကရက်ခဲပေါ့။

နောက်တော့ကျောင်းတက်ရင်းကနေ ဆယ်တန်းနှစ်ခါကျတော့ အိမ်က ကားဝပ်ရှော့မှာ အပ်ပေးလိုက်ရော။

အဲဒီအလုပ်သမားဘဝကတော့ လွတ်လွတ်လပ်လပ်ဆိုတော့ ဆေးလိပ်ကို စိတ်တိုင်းကျသောက်လို့ရသွားပြီ။

 

ဝပ်ရှော့မှာပညာသင်ရင်းက နေ နောက်တစ်မျိုးတိုးပြီးကွမ်းစားတတ်သွားတာဘဲ။

အဲဒီမှာက ကွမ်းယာကို အထုပ်လိုက်ဝယ်ပြီးတိုင်မှာချိတ်ပေးထားတာ။

ကျုပ်တို့ရော ဆိုင်လာကားပြင်တဲ့ ဖောက်သည်ပါ ကြိုက်ရင်စားပေါ့။

အဲတော့အလုပ်ကလေးလုပ်လိုက် ကွမ်းလေးစားလိုက်ကနေ

ပါးစပ်ထဲမှာကွမ်းအမြဲထည့်ထားတဲ့လူတစ်ယောက်ဘဝပြောင်းသွားတာပါဘဲ။

ကွမ်းဆိုတာက လဲဘိုက်သာမဝတာ စားမိရင် မရပ်ချင်တဲ့အစားမျုးိ။

နောက်လွယ်လဲလွယ်ဝယ်စားစရာလဲမလိုဆိုပြန်တော့ ကွမ်းလဲ စွဲသွားတာပါဘဲ။

 

အရက်ကဘယ်ကစသောက်လဲဆိုတော့ တစ်ချို့ကားလာပြင်တဲ့ဘောစိတွေက

သူတို့ကားလေးပြင်ပြီးသွားရင် ကျုပ်တို့အဖွဲ့ကို ဘီယာလေးဘာလေးတိုက်တတ်တယ်။

နောက်ကျုပ်တို့ ဆရာကလဲ ဆိုင်လာတဲ့သူနဲ့ကားလေးဘာလေးအရောင်းအဝယ်တဲ့ရင်

ကျုပ်တို့အဖွဲ့ကိုစားသောက်ဆိုင်လေးဘာလေးပို့တတ်ပါတယ်။

အဲတော့လဲ ဆရာထောင်ပေးတဲ့ ပုလင်းလေးဝိုင်းဖြိုကြပေါ့။

အဲလိုဘဲသူများတိုက်တာအလကားလိုက်ပြီး ခဏခဏသောက်ရင်းကနေ

ကိုယ်ပိုက်ဆံနဲ့ကိုယ်သောက်တဲ့အဆင့်ကိုတက်လာတာပေါ့။

ဟိုအရင်ခေတ်ကတော့ အရက်ဆိုင်ထိုင်တယ် ဘီယာဆိုင်ထိုင်တယ်ဆိုတာသိပ်

ပေါ်တင်ကြီးလုပ်လို့ကောင်းတဲ့အရာမဟုတ်ပါဘူး။

အခုခေတ်လိုလဲ စည်ဘီယာဆိုင်တွေဘာတွေသိပ်မပေါသေးပါဘူး။

ထိန်းထိန်းသိမ်းသိမ်းလေး လုပ်ရတဲ့ခေတ်ပေါ့။

တီဗွီတွေဘာတွေထဲလဲ အရက်တွေဘီယာကြော်ငြာတွေဘာတွေထည့်လို့မရသေးတဲ့ခေတ်ပေါ့။

ဟိုမင်းသားကြီးတောင်”ဘီယာဟာအရက်တော့ မဟုတ်ပါ  “ဆိုလို့ဘာဖြစ်ညာဖြစ်ဆိုဝိုင်းအာကြ

တာကိုခံခဲ့ရသေးသပေါ့။

 

ကျုပ် လဲဆရာဆီမှာလုပ်လာတာလေးငါးနှစ်ရှိတဲ့အချိန်ဆိုင်ကယ်တွေတစ်ခေတ်ထလာပါတယ်။

အဲတော့ စက်နိူက်တာဝါသနာပါတော့ ဆိုင်ကယ်ပြင်တာကို ထိုင်ကြည့်ရင်းက တတ်သွားရော။

ဒါနဲ့ဘဲဆရာနဲ့ သိပ်မနီးမဝေးနေရာလေးမှာ ဆိုင်ကယ်ဝပ်ရှော့လေးထောင်ဖြစ်သွားသပေါ့။

စစခြင်းကတော့ အပ်တဲ့လူသိပ်မရှိ။

နောက်တော့ဆရာဆိုင်မှာမျက်မှန်းတန်းမိတဲ့ဖောက်သည်တွေနဲ့ဆက်ဆက်သွားတော့

အတော်လေးအလုပ်ဖြစ်ပါတယ်။

အလုပ်လေးဖြစ်တော့  ပင်ပန်းတာအကြောင်းပြပြီး ညည ရောက်တော့ ဘီယာသောက်

အရက်သောက်တော့ လုပ်ဖြစ်သွားတာပေါ့။

ကျုပ်ကလက်နည်းနည်းဖွာတော့ ပိုက်ဆံတွေဘာတွေသိပ်စုမိတယ်ရယ်လို့လဲမရှိပါဘူး။

နောက်တော့ ကျုပ်လဲအိမ်ထောင်ကျရော ဆိုပါတော့။

အိမ်ထောင်ကျလဲ သောက်မြဲတိုင်းသောက် စားမြဲတိုင်းစားပါဘဲ။

မိန်းမကတော့ပြောတာပေါ့ ကွမ်းစားတာ ဆေးလိပ်သောက်တာ ပါးစပ်လဲနဲ့။

ထွက်တဲ့ကိုယ်နံ့လဲပြင်းတယ် နံတယ်ပေါ့။

အရက်သောက်တာလဲ လူနံ့ပြင်းတယ်ပေါ့။

ဒါပေမယ့်ကျုပ်ကတော့ သောက်မြဲတိုင်းသောက်ပါဘဲ။

အဲ စပြတ်တာကတော့ကွမ်းဘဲ။

တစ်ရက် ဆိတ်စွတ်ပြုတ်စားရင် အရိုးကိုက်လိုက်တာ အံသွားတစ်ခြမ်းပဲ့ပါသွားရော။

ကျန်နေတဲ့သွားတစ်ခြမ်းပဲ့က လျှာကိုလာလာ ဒုက္ခပေးတော့ လျှာမှာအနာပေါက်လာရော။

ဒါနဲ့ဘဲဆေးခန်းသွားတော့ ကွမ်းစားလွန်းတော့သွားတွေပျက်စီးနေတယ်ပေါ့။

သွားတွေက ကွမ်းသီးနဲ့တိုက်ပြီးသွေးထားသလို ဇောင်းတွေထ ချွန်မြနေပါသတဲ့။

ကွမ်းဖြတ်ရင်ဖြတ် မဖြတ်ရင်တော့ လျှာဖြတ်ရမှာဘဲလု့ိပြောလိုက်ပါတယ်။

သွားဆရာဝန်ကလဲ ပြောမနာဆိုမနာလူဆိုတော့ တကယ်လားအတည်လားနောက်တာလား

မသိပေမယ့် ကွမ်းဖြတ်ဘို့စိတ်ဆုံးဖြတ်လိုက်ပါတယ်။

ကွမ်းဖြတ်တာလွယ်တော့မလွယ်ဘူးရယ်။

နေတိုင်င်းကြိတ်ဝါးနေတဲ့သွားတွေက ကွမ်းမစားဘဲနေတော့ ဆန္ဒတွေဖော်ထုတ်တဲ့အနေနဲ့

အံသွားတွေကြွ ပါးစပ်ကလဲ သွားရည်တမျှားမျှားနဲ့အတော်ကိုအနေရခက်ခဲ့တာပါ။

ဒါနဲ့ဘဲကွမ်းပြတ်သွားရော။

 

အိမ်ထောင်ကျပြီး နှစ်နှစ်လောက်နေတော့မှ  ကျုပ်မိန်းမမှာကိုယ်ဝန်ရလာပါတယ်။

အဲဒီအချိန် ကျုပ်ဆိုင်ဖွင့်ထားတဲ့ နေရာက လမ်းမလွတ်လို့ဆိုပြီးဖယ်ပေးရပါရော။

အဲတော့ ဒီနေရာက နည်းနည်းဝေးတဲ့ လွတ်လွတ်ကင်းကင်းနေရာလေးမှာပြောင်းဖွင့်။

ဆိုင်ကယ်ြ့ပင်တဲ့ဆို်င်တွေကလဲ မိူလိုပေါက်အောင်ဖွင့်လာတော့ အရင်လောက်ဝင်ငွေမကောင်း။

အဲဒီအချိန်မိန်းမကလဲ မီးဖွားဘို့အတွက် ငွေစုဘို့ပြောပါတယ်။

ဝင်ငွေမကောင်းတော့ ငွေစုဘို့ကခက်ပါတယ်။

မဝင်လို့မစုနိုင်ရင် စုနိုင်အောင်သုံးတာလျော့ဘို့ဆုံးဖြတ်ရတော့တာပေါ့။

အရက်ပြတ်ဘို့ ကိန်းဆိုက်ချင်ပြန်တော့လဲ

တိုက်တိုက်ဆိုင်ဆိုင် အကြောင်းလေးတစ်ခုဖြစ်လာသပေါ့

သူငယ်ချင်းတစ်ယောက်ရဲ့ ညီလေးမင်္ဂလာဆောင်မှာပေါ့။

ငယ်သူချင်းတွေလဲဆုံကြ အရက်ကလဲအကောင်းစားတိုက်တော့

အားလုံး မူးကြ ပျော်ကြ ရစ်ကြ လဲကြ ကွဲကြပေါ့။

နောက်တစ်လလောက်နေတော့ မင်္ဂဆောင်တဲ့ကောင်လေးနဲ့တွေ့ရော။

“အကိုထွေး တို့အုပ်စုကဲတာတော့ မပြောနဲ့ ကျနော်မင်္ဂလာဆောင်မှာ

အကိုတို့နဲ့လွတ်တာရှောင်ပြီး တစ်ခွေစာပြည့်အောင်မနည်းစုယူရတယ်”လို့ပြောသွားပါတယ်။

အဲဒါနဲ့ သူတို့ရိုက်ထားတဲ့ခွေကြမ်းကိုတောင်းကြည့်တော့။

ဟုတ်ပါ့ ကျနော်အဆိုးဆုံး မင်္ဂဧည့်ခံပွဲအနှံ့လျောက်သွား အပေါင်းအသင်းတွေနဲ့ဟာသတွေလုပ်

နေလိုက်တာ အခုပြန်ကြည့်တော့ရှက်စရာ။

“မူးနေသူက ရူးနေတဲ့လူနဲ့ အတူတူ”လို့တွေးမိတော့ အရက်မသောက်ဘို့ ဆုံးဖြတ်လိုက်ပါတယ်။

နောက်မွေးလာမယ့်သမီးလေးအတွက် ငွေစုနို်င်အောင်လဲ ချွေတာလိုက်တာလဲပါသပေါ့။

နောက်ကိုယ့်ကိုကိုယ်သိလာတာက ရင်ထဲက ပျို့ပျို့လာတယ် အစားလဲပျက်ချင်တယ်လေ။

အမှန်တိုင်းပြောရရင် ကျုပ်မသေချင်သေးဘူး။

အဲတော့ ဒီကောင်နဲ့ကျုပ်လမ်းခွဲဘို့ ဆုံးဖြတ်ရသပေါ့။

မသောက်တော့ဘူးဆိုတာနဲ့ ဒီအတိုင်းမသောက်ဘဲရပ်လိုက်တာပေါ့။

ဘော်ဘော်တွေလာခေါ်လဲမလိုက်ဘူး။

ညနေသောက်ချိန်ရောက်ရင် ထမင်းကို ဘု်ိက်ကားအောင်စားထားလိုက်တော့

အရည်မထည့်ချင်တော့ဘူး။

ဒါနဲ့ဘဲ အရက်ပြတ်သွားရော။

 

အရက်ပြတ်ပြီးသိပ်မကြာပါဘူး။

ကလေးကလဲ တစ်ယောက်က နှစ်ယောက်ဖြစ်လာတော့ အလုပ်ရှုပ်တဲ့ဆေးလိပ်လဲဖြတ်လိုက်ပါတယ်။

ဆေးလိပ်ဖြတ်ဖြစ်တာကလဲ ဒီလိုဗျ။

တစ်ရက်မိုးမိတော့ ဖျားရော။

အဲတော့ ဆေးခန်းသွားရတော့တာပေါ့။

ဆရာဝန်လေးက “လေးလေး အသက်ရှုတာသိပ်စိတ်တိုင်းမကျဘူး ၊

ဆေးလိပ်အရမ်းသောက်တယ်ထင်တယ်”လို့

ခပ်ပြုံးပြုံးလေးမေးပါတယ်။

“တစ်ရက် တစ်ဘူးလောက်တော့ သောက်မိတာဘဲဗျ”လို့ကျနော်ပြန်ဖြေတော့ နုပ်ခမ်းလေးတွန့်ပြီးထပ်

ပြုံးပြန်ပါတယ်။

“ဒီလောက်သောက်ရင်တော့ နီးပြီ”လို့အသံတိတ်နဲ့ပြောလိုက်သလိုပါဘဲ။

သူပြုံးတာကို ကျုပ်ဘာသာကျု့ပ်ဘာသာပြန်ကြည့်တာပါ။

ကျုပ်လဲ ဆေးခန်းကပြန်ရော အိမ်မှာရှိတဲ့ ဆေးလိပ်ဘူးတွေ အကုန်အမိူက်ပုံးထဲ ထည့်ပြီး

အဲဒီနေ့ကစပြီး ဆေးလိပ်လုံးဝမသောက်တော့ဘူး။

အဲလိုနဲ့ ကွမ်းမစားဆေးမရှု အရက်မသောက်ဘဲနေလာတာနှစ်ကို အတော်လေးကြာလာပါတယ်။

ဒီဘက်နှစ်ပိုင်းမှာ ကျုပ်ဆိုင်ကလဲ အလုပ်သိပ်မဖြစ်ဘူးဗျ။

ဆိုင်ကယ်ပြင်တဲ့ဆို်င်တွေက လဲမိူလိုပေါက်။

ဆိုင်ကယ်ပြင်ဆိုင်မှာ တစ်နှစ်လောက်ဝင်လုပ်ပြီးရင် ကိုယ်ပိုင်ဆို်င်ထောင်ကြတော့တာပါဘဲ.။

နောက်အခုခေတ်ပိုင်းမှာ တရုပ်က အပိုပစ္စည်းတွေဝင်လာတော့ အသစ်စုံလိုက်လဲလိုက်ရင်

ပြီးသွားတတ်တော့ ဆို်င်ကယ်ပြင်တာကလဲ သိပ်ပညာမပါတော့သလို။

အဲတော့ စားဘို့သောက်ဘို့တော့ ဖူလုံပေမယ့် သိပ်တော့ စို့စို့ပိုု့ပို့တော့ မရဘူးပေါ့။

ဖြစ်ချင်တော့ ဒီဘက်နှစ်ထဲမှာ ကားဈေးတွေကျတော့ အတော်များများ က တစ်ပါတ်ရစ်ကားလေးတွေနဲ့

ဟန်ကျပန်ကျ။

ကျုပ်ကတော့ ဝယ်မစီးနို်င်ဘူးပေါ့ဗျာ။

အဲဒီမှာ မိန်းမက တစ်စခန်းထလာပြန်ပါတယ်။

“မိအေးတို့ ဂျစ်ပုလေလးဆွဲလိုက်တာ ငါးဆယ်စွန်းစွန်းလေးရယ်”တို့

“ကားလေးဘာလေးရှိတော့ မိသားစုလိုက်ဘုရားဖူးလေးဘာလေးထွက်ချင်လွယ်တာပေါ့”တို့

“ကိုစန်းအောင်တို့  ဟန်းဖုန်းဝယ်လိုက်ပြီတော့”တို့ ကို မကြားတကြားပြောလိုက်

ကြားအောင်ပြောလိုက်နဲ့ လုပ်နေတာက နေ့စဉ်နဲ့အမျှ ဆိုတာလိုဘဲ။

 

သူပြောမရတော့ ကျောင်းစနေစ သမီးကိုလှည့်ပြောခို်င်းပြန်ပါတယ်။

“ဖေကြီး ကားဝယ်တော့ သူများတွေကျောင်းလာရင်ကားနဲ့လာကြတာ”တို့

စကားမပီကလာ ပြောတတ်စကောင်ကလဲ

“ဝူးဝူး ကြီး စီးမယ်”တို့လုပ်လာတော့ စိတ်ထဲမှာတယ်မကောင်းလှဘူး

ခက်တာက ဝယ်စရာပိုက်ဆံကလဲ အဲလောက်မရှိဆိုတော့ ။

တစ်ရက်တော့ အသိတစ်ယောက်က ကားဝယ်ချင်တယ်ဆိုတာနဲ့လိုက်ပြရအောင်

လက်ဖက်ရည်ဆို်င်မှာချိန်းလိုက်ကြပါတယ်။

ကျုပ်က ဝီရိယလွန်ပြီး စောရောက်နေရော။

အဲဒါနဲ့ခုံပေါ်ချထားပေးတဲ့ ဂျာနယ်တွေကို အပျင်းပြေဟိုလှန်ဒီလှန်ပေါ့။

နိုင်ငံရေးတွေဘာတွေတော့ကျုပ်သိပ်နားမလည်ပါဘူး။

အတော်များများကပြောနေကြတာ စာနယ်ဇင်းလွတ်လပ်ခွင့်တို့ဘာတို့ အရင်ထက်စာရင်

ရလာပြီဆိုဘဲ။

ဟုတ်တော့လဲဟုတ်နိုင်ပါတယ်။

အခုကျုပ်ကြည့်နေတဲ့ အားကစားစာစောင်ထဲမှာ

ဘောသမားမယား ဓါတ်ပုံလေး ပါလာတာ တောင်ကြားလေးကို ရှင်းထင်းနေတာဘဲ။

အရင်ကဆို ဒါမျိုးရလိမ့်မတုံး မှင်နက်ကြီးပိတ်ထားမှာပေါ့။

အောင်မာ လာလာချည်သေးတယ်။

မမကမောင်လေးရဲ့ ချစ်ပန်းအစုံကို နုပ်ခမ်းလွှာနဲ့ တဲ့ အမယ်တယ်လဲခေတ်မှီနေပါလား။

ဟုတ်ပါပြီ  လွတ်လပ်ခွင့်ရတယ်ဆိုတာ ယုံပြီပေါ့။

အဲဒီမှာဆက်ကြည့်နေရင်း က

“ငါးစီးမြောက်ကံထူးရှင်ပေါ်ထွက်လာပါပြီ”ဆိုတဲ့စာလုံးအောက်မှာလူတစ်ယောက်

ပြုံးရွှင်ကျေနပ်နေတဲ့မျက်နှာပေးနဲ့ လက်ကြီးမြောက်လို့ ။

အောင်မာ မြင်ဘူးပါတယ်ဆို သေချာကြည့်လိုက်တော့ ကျုပ်နဲ့ ခွက်လှည့်ဘက် “ကိုအုံးကြီး”ဖြစ်နေပါတယ်။

မော်တော်ကား ကံစမ်းမဲပေါက်သွားတာလေ။

သေချာကြည့်လိုက်တော့ ပေးထားတယ်ဆိုတဲ့ ကားတွေက အကောင်းစားတွေချည်းဘဲ။

ဒါနဲ့ဆက်ဖတ်ကြည့်လိုက်တော့ အောင်မလေး သူတို့ပေးမယ့်ကားအစင်းရေနည်းမှ မနည်းဘူးကို။

ကံထူးရှင်ပေါ်ပြီးတဲ့ကားတွေကြည့်ပြန်တော့ မိုက်မှမိုက်။

သူတို့ဘာနဲ့များ ကံစမ်းမဲပေါ်က်သလဲဆိုတာတာသိအောင်ဖတ်ကြည့်လိုက်တော့

အော……………ကျုပ်စွန့်လွှတ်ထားခဲ့တဲ့ပစ္စည်း ကနေပေါက်တာကိုးဗျ။

အောင်မာ ဒီကုမ္ပဏီတစ်ခုထည်းဘဲကံစမ်းမဲပေါက်တာမဟုတ်ဘူး။

ဒီအဖျော်ယမကာလိုင်းအားလုံးလောက်နီးပါး

ဒီကံစမ်းမဲတွေကို ထည့်ပေးကြတာပါ။

တကယ်လဲပေါက်ကြပါတယ်ဆိုတာသက်သေပြတဲ့အနေနဲ့

လက်ကလေးထောင် ပဲတွေပေးပြီး  ကားကြီးနဲ့တွဲပြီး ဓါတ်ပုံရိုက်လိုက်ကြတာဗျာ။

ဆိုင်ကယ် တဲ့GSM ဆင်းကဒ်တဲ့ ကားတဲ့ EVD စက်တဲ့ ပေးလိုက်ကြတာ အပြိုင်အဆိုင်။

တိုက်ခန်းတောင်ပါလိုက်သေးတယ်။

မိုက်မှ မိုက်ဗျာ။

မဲပေါက်တဲ့လူတွေထဲမှာ မိန်းမသားတွေတောင်ပါလိုက်သေးတယ်။

သူုတိုသောက်တာလား တစ်ဆင့်ပြန်ရောင်းတာလားတော့မသိဘူး။

ဓါတ်ပုံကြီးကတော့ ထင်းနေတာပါဘဲ။

ကျုပ်ခေါင်းထဲမှာ အသိဉာဏ်တစ်ခုလက်ကနဲ့ဖြစ်သွားပါတယ်.။

ကျုပ်အိမ်က လိုချင်တဲ့ ကား ရနိုင်တဲ့နည်းလမ်းကျုပ်သိသွားပြီ။

အဲတော့ ကျုပ်ဘက်က ကြိုးစားရတော့မှာပေါ့။

ကျုပ်နဲ့အဆက်ဖြတ်တာကြာတဲ့ ကောင်နဲ့ကျုပ်တစ်ကျော့ပြန်ဇာတ်လမ်းတွေခင်းတာပေါ့။

ကားပါတယ် ဖုန်းပါတယ် တိုက်ခန်းပါတဲ့ဆိုတဲ့ ဟာမှန်သမျှ ကျုပ်ဝယ်သောက်တာဘဲ။

ကံစမ်းမဲလက်မှတ်တွေပို့ ဆို ပို့လိုက်တာဘဲ။

ကျုပ်က မဲတွေဘာတွေဆို ကံကောင်းတတ်တယ်လေ။

အဲတာ့ ကျုပ်လဲ တစ်နေ့တော့ သေချာပေါက်ကို ပေါက်မယ်ဆိုတာယုံတယ်ဗျာ။

တကယ်ပေါက်လို့လဲ ကားအသစ်ကြီးနဲ့ ဓါတ်ပုံအရို်က်ခံရတဲ့ ပုံတွေတွေ့နေရတာပေါ့။

အစကတော့ မိန်းမက ဂွီဂွမ် ပါသေးတယ်။

“အကြာကြီးပြတ်ပြီးမှ ဘာလို့ပြန်အစလုပ်တာလဲ”ပေါ့။

ကျုပ်ကလဲ ဂျာနယ်ထဲမှာ ပါလာတဲ့ ကျုပ်သောက်ဖော်သောက်ဖက်ကောင်ကြီးကားသစ်ကြီးနဲ့

တွဲရိုက်ထားတဲ့ပုံကို ပြပြီး “တွေ့လား”ဆိုတဲ့သဘောနဲ့ မေးဆတ်ပြလိုက်တာပေါ့။

ကျုပ်မူးလာရင် “မီးမီးတို့အတွက် ဖေကြီးက သောက် မဲပေါက်ရင် ကားသစ်ကြီးရမယ်”

ဆိုတာကို သီချင်းလုပ်လုပ်ဆိုနေတာကြားရဖန်များတော့ မပြောတော့ဘူး.။

ကျုပ်အိမ်မက်ထဲမှာတော့ “ဆရာမဲပေါက်တဲ့ကားလာပို့တာပါ”လို့ပြောတဲ့အသံက

ခဏခဏကြားနေရပါတယ်။

 

 

မနေ့က ကျနော်ကားအမြဲပြင်နေကြ ဝပ်ရှော့ ဆရာ ကိုထွေး နာရေးကိုလိုက်ပို့ပါတယ်.။

အသဲကင်ဆာတဲ့။

“ကိုထွေး အကြာကြီးမသောက်ဘဲနေတာကနေ ဘယ်လိုဖြစ်လို့ပြန်သောက်တာလဲ”လို့

မေးလိုက်တဲ့အခါ သူ့မိန်းမ မဝင်းကြည် က ကျနော်ကို ဗလာစာအုပ်လေးတစ်အုပ်

ပေးလိုက်ပါတယ်။

အဲဒီအထဲဘာတွေရေးထားသလဲဆိုတော့

…………………………………………………………………………………..

 

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

(26-11-2012)

 

 

 

 

 

33 comments

  • ခင်ခ

    December 1, 2012 at 10:34 am

    ကျူပ်လုပ်ချင်တာလုပ်မယ်လာမပြောနဲ့ အရက်သောက်ချင်သောက်မယ်၊ ဆေးလိပ်ဖွာချင်ဖွာမယ်၊ ကွမ်းမြုံချင်မြုံမယ်ပေါ့။
    ကျွန်တော်က ဆေးလိပ်မသောက်နဲ့၊ အရက်ဖြတ်လိုက် ၊ ကွမ်းစားမနေနဲ့လို့ မပြောရဲပါဘူးခင်ဗျ၊ လုပ်ပါမိမိစိတ်ချမ်းသာသလိုပေါ့နော်။ ဒါပေမယ့်တစ်ခုဘဲ နောင်ကြီးကို မိတ်ဆွေမို့အသိလေးပေးချင်တာက အခုကျွန်တော်အရွယ်ရလာတော့ သတင်းစာဖတ်ရင် နာရေးလေးတော့ သေချာဖတ်ဖြစ်တယ်လို့။

  • အော် ကိုခရေ
    အပြင်သွားနေတာကနေ စက်ဖွင့်တော့ ကိုခ ကော်မင်းလေးစတွေ့တာပါဘဲ။
    ဟုတ်ပါ ကျနော်လဲအရင်က
    (ကျူပ်လုပ်ချင်တာလုပ်မယ်လာမပြောနဲ့ အရက်သောက်ချင်သောက်မယ်၊ ဆေးလိပ်ဖွာချင်ဖွာမယ်၊ ကွမ်းမြုံချင်မြုံမယ်ပေါ့။) ဒီစတိုင်လေးနဲ့ ကိုယ့်ကို ကိုယ်ပြတ်သားတယ်ထင်မိခဲ့တာပေါ့။
    နောက်တော့ ကိုယ်လို့ ဝါသနာတူတွေ တဖြုတ်ဖြုတ်နဲ့ကြွေ.
    နာရေးမှာ ဒို့ခေတ်ရောက်နေတော့
    အခုလက်ရှိမှာတော ့ ကိုယ့်အသက် ကိုယ်နှမျောလို့ ဘယ်လိုနေတယ်ကိုခသိတဲ့အတိုင်းပါဘဲ။
    ဒါက သူများအကြောင်းလေးပြန်ပွားထားတာပါ

  • ရွာသူ jujuma .

    December 1, 2012 at 11:52 am

    အစ်က်ိုတစ်ယောက်ကပြောဖူးတယ်…
    ဆေးလိပ်က ဖျက်တာကြာပြီးမှ ပြန်သောက်တော့ တော်တော် အရသာရှိတယ်ဆိုပဲ ..

    အရက်ဆိုရင်တော့ ဘယ်လိုနေမည် မသိ … :hee:

  • မောင်ပေ

    December 1, 2012 at 11:52 am

    အထဲမှာရေးထားတာ က စာရင်းလေးပါ
    ၁ မာမွတ်ခိုင် ကို အမဲစွတ်ပြုတ်ဖိုးပေးဖို ့ကျန်တာ ၂၀၀၀
    ၂ ဖိုးထောင် ဘီအီးကို ပေးရမှာက ၃လုံး
    ၃ တရုတ်ကလေး ဖရဲ ကို မြေပဲဆားလှော် ၅ထုပ်
    ၄ လဆန်း၁ရက်နေ ့ကျ ဘဲဥ ကို အရက်တိုက်ခိုင်းရမယ်
    ၅ ယမကာကိုပေါက်ဆိုင် ကနေ ၁၀၀ဝကျပ် မဲပေါက်တဲ့အဖုံးပေးထားတာ ပိုက်ဆံပြန်မရသေး
    အဲဒါ…အဲဒါ

  • (ယမကာကိုပေါက်ဆိုင် ကနေ ၁၀၀ဝကျပ် မဲပေါက်တဲ့အဖုံးပေးထားတာ ပိုက်ဆံပြန်မရသေး)

    အဖုံးက မဲထုတ်လို့မရဘူး တံဆိပ်တစ်ခြမ်းဘဲ ပါလာလို့ပါတဲ့

  • Hnin Hnin

    December 1, 2012 at 12:22 pm

    လေးပေါက်ရေ….ဆေးလိပ်ဆိုလို့…..
    နှင်းနှင်း ဦးကြီးတစ်ယောက်တော့ လူငယ်ပိုင်းထဲက သက်ကြီးပိုင်းအထိကို တစ်နေ့ စီးကရက်
    အနည်းဆုံး ၁ဘူး ကနေ ၂ဘူးအထိ(တစ်ခါတလေ ၃ဘူး) လက်က မချစတမ်း သောက်ခဲ့တာ။
    သား၊သမီးတွေလည်း တားမရဘူး။ အရက်နဲ့ ကွမ်းကတော့ လုံးဝ မလုပ်ဘူး။

    ထူးဆန်းတာက ဘယ်လို ကိုယ်ခံစွမ်းအားတွေများ ရှိလည်းမသိဘူး။ ဒီလောက်သောက်နေတာ
    သောက်နေတုန်းလည်း ဆေးလိပ်နဲ့ပတ်သက်ပြီး အဆုတ်မှာ ဘာရောဂါမှ မဖြစ်ခဲ့ဘူး။ တစ်ခုပဲ။
    အဆုတ်မှာ အနာတွေ့လို့ TB suspect ဆိုပြီး တီဘီဆေးတွေ လှိမ့်ထိုး၊သောက်ခဲ့ရတာ ဘာမှ
    လည်း မထူးခြားလာတော့မှ TB မဟုတ်မှန်းသိခဲ့တာ။နောက်တော့မှ ဆေးလိပ်သောက်လွန်းလို့
    ဆေးလိပ်ချိုးတွေ အဆုတ်မှာသွားကပ်ပြီး spot ဖြစ်နေတာတဲ့။ အဲဒါပဲ ဖြစ်ခဲ့ဖူးတယ်။
    နောက်ပိုင်း သောက်တာ ရပ်လိုက်တော့လည်း အဆုတ်ကင်ဆာများ ထဖြစ်တော့မလားနဲ့။
    အခုထိ ဘာရောဂါမှ မဖြစ်ဘူး။

    အခု အသက် ၈၁နှစ်၊ အသက် ၁၁ နှစ် ငယ်တဲ့ မိန်းမထက်တောင် ကျန်းမာတယ်။
    ဦးကြီးက သမီးငယ်ခေါ်နေတဲ့ လုံးချင်းအိမ်မှာ အထီးကျန်လို့ မပျော်ဘူး။
    အခုနေတဲ့ တိုက် ၅လွှာ နေ့တိုင်း ဆင်းလိုက်၊တက်လိုက် လုပ်ပြီး သူငယ်ချင်းရှိတဲ့ လသာလမ်းဆီ လမ်းလျှောက် သွားလည်၊ အိမ်အတွက် အသီးဝယ်၊သွားရေစာလေး ထွက်ဝယ်ရတာ ထွက်ပေါက်ရလို့
    ၅လွှာမှာပဲ ပျော်တယ်တဲ့။

    ဘကြီးရဲ့ ” ဆေးလိပ်ကြောင့် အသက်မတို ” လျှှို့ဝှက်ချက်က ၅လွှာမှာ အနေကြာပြီး နေ့စဉ် ဆင်း၊တက်ပြီး ပုံမှန်လမ်းလျှောက်နေတာ တစ်ခုပဲ တွေးလို့ရတော့တယ်။ 🙂

  • မယ်နှင်းရေ
    ဆေးလိပ်သောက်တဲ့ လူ နှစ်မျိုးနှစ်စားရှိတယ်ဗျ။
    တစ်ချို့ကတော့ စီးကရက်လေး ဖွာလိုက် လေပေါလိုက် ဆိုတော့ လေတစ်ဝက် လူတစ်ဝက်
    တစ်ချို့ကတော့ စီးကရက်တရှိုက်ကို မီးခိုးအပြည့် အဆုပ်ထဲ ရောက်အောင် အားပါတရ အပြည့်
    ပထမလူကတော့ သောက်တော့ သောက်တယ် တစ်ဝက်
    ဒုတိယလူက တစ်လိပ်ဆိုတစ်လိပ် ပိုထိပါတယ်။
    မယ်နှင်းဘကြီးကလဲ ကျနော်သောက်တုန်းကလို လေတစ်ဝက်လူတစ်ဝက်ဖြစ်မှာပေါ့

  • Hnin Hnin

    December 1, 2012 at 1:09 pm

    🙂 အဲ့လိုလား။ သောက်နည်းတော့ ပါဘူးလေ။ သူသောက်တာ နှင်းနှင်းလည်း မြင်ဖူးဘူးလေ။
    ဒီလောက်သောက်မှတော့ ရောဂါ ဖြစ်ကိုဖြစ်မယ်လို့ ထင်တာ။
    အာ့ဆို ကြားဖူးတဲ့ ဖွာတာ နဲ့ ရှိုက်သွင်းတာ ဆိုတာ လေးပေါက်ပြောပြတာတွေပေါ့…

  • သခင် Mobile

    December 1, 2012 at 8:07 pm

    ကဲကဲ ဒါဆိုရင်ကောင်းပါပြီ။
    ဆေးလိပ်လဲ မသောက်တော့ပါဘူး ကွမ်းလဲ မဝါးတော့ပါဘူး အရက်ဆိုလဲ ဝေရာမဏိပါ ဝေးဝေးကရှောင်
    ပါမယ်။ ရှေ့ကနောင် ကြီးတွေ ဆုံးမထားတဲ့ အရာတွေနဲ့လွတ်တာကိုပဲလုပ်တော့မယ်
    ဘိန်းရှုမယ်ကွာ ။ မိန်းမရှုပ်မယ်ကွာ ။ ဒါမျိုးတွေပဲလုပ်တော့မယ်။
    ဘယ်နှယ့် ပြောသွားကြတာတွေက
    ကွမ်းယာ မစားလဲ သေမယ့်လူက သေမှာပဲ
    ဆေးလိပ်မသောက်လဲ သေမယ့်လူကသေမှာပဲ
    အရက်မသောက်ပဲ အသက်တိုတဲ့လူတွေလဲ ရေတွက်လို့မကုန်
    ဘယ်သူဘာပြောပြော ကျုပ်ကတော့ ဆက်လုပ်သွားမှာပဲ ဘယ်တော့မှ မဖြတ်ဘူးကွ။
    ဝါးမှာပဲ ဝါးမှာပဲ ငါ့ကိုလာမတားနဲ့
    သောက်မှာပဲ သောက်မှာပဲ ငါ့ကိုလာမတားနဲ့
    ဖွာမှာပဲ ဖွာမှာပဲ ဖင်ကမီးခိုးထွက်အောင်ဖွာမယ် …………..

  • ဦးကြောင်ကြီး

    December 1, 2012 at 8:40 pm

    အသဲကင်ဆာ
    ဖဲပြင်ပါ
    သရဲမြင်တာ
    ဘဲကင်ရှာ
    ဟဲရွှင်ဗလာ
    ချွဲအစဉ်သာ
    နှဲရှင်ပမာ
    ကျွဲဆင်ဝါ..။

    • ကျွဲဆင်တာက နွားမရှိလို့
      နှဲရှင်မပါတာက အော်ဒါလို်ကသွားလို့
      ချွဲစင်ချင်ရင်တော့ ချက်တင်ထိုင်
      ဟဲရွှင်ကတော့ တရုပ်မစက်ချုပ်ဆိုင်

      အသဲကင်ဆာကတော့ ဘဲကင်နဲ့ဘီဘီမြည်းရင် ဖဲပြင်ပြီး သူရဲမြင်သွားပါတယ်အေ့။

      သေချင်ရင်စိန်မစားနဲ့ မောင်ပုဆီသွား ဟိုက အစိမ်းစားမှာ
      မောင်ပေကတော့ရေဆေးပြိးမှစားမှာ

  • Mr. MarGa

    December 1, 2012 at 8:44 pm

    ဖွဘုတ်မှာတော့ မန့်ပြီးပြီ
    ဒီမှာ ထပ်မန့်လိုက်ဦးမယ်
    လေးပေါက်က ဆရာကြီး ရွေဥဒေါင်း လောက်လဲ မစုံသေးပါလားဟင်
    ဆရာကြီး ရွေဥဒေါင်းကတော့ သူ့အဘိုးစကားဖြစ်တဲ့
    ်ယောက်ျားဆိုတာ စုံမှကွဲ့ ဆိုတာကို ကြားမိပြီး စုံအောင်လုပ်ခဲ့တာတဲ့
    ဘဝတစ်သက်တာမှတ်တမ်း မှာရေးထားတာ
    လေးပေါက်ကရော :bar:
    အခု ဦးမာဃ ဖတ်သလောက်ကတော့ သိပ် မစုံသေးဘူး ထင်ပါ့နော်
    လုပ်မယ့်လုပ်တော့ တစ်ကျော့ပြန် အဆုံးထိသာသွားဗျို့
    အဟီး နောက်တာနော် တကယ်လုပ်နဲ့ဦး
    တော်ကြာ မဒမ်ပေါက်ကြီးက သိကြားမင်းကို မေတ္တာပို့နေလိမ့်မယ်

    • Mr. MarGa

      December 2, 2012 at 3:19 pm

      အင်
      ဒါဆို ဘူ့အကြောင်းလဲ

        • Mr. MarGa

          December 2, 2012 at 3:53 pm

          တိဝူးလေ
          လေးပေါက်က ကိုထွေးအကြောင်းကို အောက်ဆုံးမှာမှ ပြောတာကိုး

  • ဂန္ဓာရီ ဆြာအုပ်

    December 2, 2012 at 11:25 am

    ဟိုတလောက fb မှာ တွေ့လိုက်တာလေးက အရက်မူးရင် ကံ ၄ ပါးလုံသတဲ့
    ၁။ သူများအသက် သတ်ဖို့နေနေသာသာ ၂။ သူများသားမယားပြစ်မှားဖို့နေနေသာသာ ကိုယ်တောင် မူးလဲနေလို့ ဘာမှ မလုပ်နိုင်ဘူးတဲ့
    ၃။ သူများပစ္စည်းခိုးဖို့နေနေသာသာ ကိုယ့်ဖိနပ် ချွတ်ယူသွားတောင်မသိဘူးတဲ့
    ၄။ လိမ်ပြောဖို့ နေနေသာသာ ထန်းရည်မူး ကျွဲခိုးပေါ်ဆိုသလို လိမ်ထားတာတောင် ပြန်ပေါ်သတဲ့

    အဲဒီတော့

  • Foreign Resident

    December 2, 2012 at 11:31 am

    ကိုပေါက် ရေ ။
    စာ လက်ရာလေးတွေ များများ ရေးပါဗျ ။

  • ကိုဖောရေ
    အခုရက်တော့ စာရေးတဲ့ဘက်ကို ပြန်လှည့်နေပါပြီ
    အတွေးထူမှာစိုုးလို့မရေးဘဲထားတာဗျာ

  • ဦးဦးပါလေရာ

    December 2, 2012 at 12:34 pm

    ဆေးလိပ်ဆိုတာ မသောက်တတ်ခင်မှာ အင်မတန်အဝင်ဆိုးပါတယ်။
    သောက်တတ်လို့ကြိုက်သွားပြီးရင်လဲ ဖြတ်ပြီး တနှစ်အထက်အကြာမှာ ပြန်သောက်ရင် ခေါင်းလဲမူး၊ အနံ့လဲနံလို့ တော်တော်သည်းခံပြီးသောက်ရပါတယ်။ တကယ်တော့ ဆေးလိပ်ကြိုက်တာ စိတ်ကကြိုက်တာပါ။ အဲဒါကြောင့် စိတ်က သေသေချာချာပြတ်မှ ဆေးလိပ်ဖြတ်လို့အောင်မြင်ပါတယ်။ ဆေးလိပ်သောက်လို့ ဘာမှဒုက္ခမရောက်သူ တစ်ထောင်မှာ တစ်ယောက်လောက်တော့ရှိမလားပဲ။ ကျန်တဲ့ ၉၉၉ ယောက်ကတော့ ကျိန်းသေ အနဲနဲ့အများ ဒုက္ခရောက်မှာပါ။ ကျုပ်ကတော့ ဆေးလိပ်ဖြတ်ပြီး ပြန်သောက်ရင် အရသာဆိုးလွန်းလို့ လုံးလုံးမပြတ်အောင် နဲနဲစီအောင့်သောက်နေတဲ့လူမျိုးပါ။ ဆေးလိပ်သောက်သက် နှစ်သုံးဆယ်ကျော်လာပြီမို့ မကြာမကြာ သွေးစစ် ဓါတ်မှန်ရိုက်ပြီး ရင်တထိတ်ထိတ်နဲ့သောက်နေတာ…။

    အရက်ကတော့ တနေ့နဲနဲ (၂ပက်လောက်) သောက်ရင် မဆိုးဘူးထင်ပါတယ်။ ခက်တာက ဘယ်သူက နှစ်ပက်နဲ့ ရပ်မှာတုန်း…။ ပြီးတော့ အရက်ကောင်းကောင်း ဆိုရင်တော်သေးတယ်။ ဒါပေမယ့် အရက်သမားအများစုက အရက်ကောင်းကောင်းကို သောက်တာမဟုတ်ဘူး..။ ပြီးတော့ အရက်သမားရဲ့အသည်းဟာ သူသောက်တဲ့အရက်ကို ချေဖျက်နိုင်လောက်အောင်ကောင်းမှ..။ အချိုမှုန့်၊ မှိုတက်ငရုတ်သီး၊ မှိုတက်ပဲအမျိုးမျိုးနဲ့ဆန်၊ စားအုန်းဆီနဲ့ တိရိစ္ဆာန်အဆီ ၊ ဓါတုဆေးဖျန်းထားတဲ့ အသီးအနှံ တွေရှောင်မလွတ်တဲ့ ဒီနိုင်ငံမှာ အသည်းကောင်းဖို့ဆိုတာကလဲ မလွယ်ရေးချမလွယ်..။

    ကွမ်းကတော့ ပြောရဲပါဘူး.. လူတိုင်းစားနေတော့ …
    ကိုယ်တိုင်လဲ ငုံပြီးအိပ်တဲ့အထိ စားဘူးကြိုက်ဘူးပါတယ်။
    ဒါပေသိ ကွမ်းယာထဲပါတဲ့ဟာတွေလေ့လာကြည့်တော့
    ကွမ်းရွက်တမျိုးပဲ ကင်ဆာမဖြစ်နိုင်တာတွေ့ရတယ်။…
    အင်း…. မိုက်သလောက်ဆက်သာစားပေတော့…..

  • surmi

    December 2, 2012 at 1:24 pm

    ကွမ်းက ကားမောင်းတုန်းက တစ်နေ ့ (10) ယာလောက်
    ဆေးလိပ်က တစ်နေ ့ သုံးလိပ်ကနေ ငါးလိပ်
    အရက်ကတော ့ အလာဂျီ မို ့အလိုလို ပြတ်ပြီးသား
    ဒါပေမဲ ့ အခု ကွမ်းမစား ဆေးလိပ်နှစ်လိပ်ပျမ်းမျှ လောက်ပေမဲ ့
    ရောဂါတွေက လျောက်လွှာတင်ချင်နေကြပြီ ………….
    အနိစ္စ (c/d 2 သဂျီး )

  • ဆေးလိပ်နဲ့ကွမ်း နှစ်ခုစလုံးအဖြတ်ရခက်ပါတယ်။
    ဈေးပေါပြီး ရဘို့လဲလွယ်တာကိုး။
    အရက်ကတော့ ဖြတ်ရင် ခံရတာများတယ်။
    ဒါပေမယ့် ဘီယာအရက်လဲ အခုလွယ်နေပါပြီ။
    ထုတ်လုပ်သူက မီဒီယာအစွမ်းနဲ့ ကြော်ငြာပေးတယ်။
    ရောင်းတဲ့ဆို်င်တွေက လည်း ပေါမှပေါ။
    သူတို့ကလဲ သုံးခွက်သောက် တစ်ခွက်အလကားဆိုပြီး မြူဆွယ်တယ်။
    ညနေခင်းဆိုရင် နွေမိုးဆောင်း လူအပြည့် ……………………
    အဲတော့ အရက်ဘီယာကလဲ ဖြတ်ဘို့ခက်ပါတယ်။
    အများဆုံး ကွမ်းယာ-ဆေးလိပ် ပူးတွဲ ပထမ
    ဒုတိယ ဘီယာစတေရှင်နဲ့အရက်ပုန်းဆိုင်
    တတိယ လက်ဖက်ရည်ဆိုင်

  • ရဲစည်

    December 2, 2012 at 10:51 pm

    အူး၄ ပေါက်
    အူး၄ ပို့စ်တွေ မမန့်တာကြာပီ
    foto aye sat တွေကြိုက်နေတုန်းပါ
    ဟိုတနေ့က ခွိခွိလားဆိုလို့ တရကြမ်း 1သာပါတယ်။
    နောက်နေ့ဆုံမယ်…..။

    ငမိုက်သား

  • kyeemite

    December 3, 2012 at 1:04 pm

    ကိုပေါက်ရေ…ကျနော်လည်းမကောင်းမှန်းသိသိချည်းနဲ့
    ဖြတ်မရသေးဘူးဗျာ…ဆောင်းပါးလေးအတွက်ကျေးဇူးတင်ပါ၏။
    “တစ်နေ့နေ့တော့ ပြတ်ပါလိမ့်မည် သို့သော်ဘယ်နေ့မှန်းမသိ”
    ဆိုတာလိုဖြစ်နေပါဂျောင်းးးး :hee:

  • ရွှေ ကြည်

    December 3, 2012 at 6:22 pm

    လေးပေါက်ရေ အရေးအသား၊ အကြောင်းအရာတင်ပြပုံ အားလုံးကောင်းတယ်။
    လေးပေါက်အတွေးတွေကပါးပါးလေးပေမယ့် တော်တော်တာသွားတယ်နော်..။
    အခုလိုလက်ရာတွေဖတ်ရတာ အားရမိတယ်..။

  • ကိုမိုက်ရေ မိုက်တယ်ဆိုတာလွယ်ပါတယ်ဆိုသလို
    ကိုယ့်စိတ်ကဖြတ်ချင်တယ်ဆိုရင် ဂွပ်ကနဲပါဘဲ။
    မရွှေကြည်ရေ မြင်တာလေးကို ရိုးရိုးလေးဘဲရေးပြတော့ နားထဲလျောကနဲ့ဝင်သွားတယ်ထင်ပါတယ်။

    • Mr. MarGa

      December 6, 2012 at 7:58 pm

      ဝမ်းသာပါတယ် လေးပေါက်ရေ

  • အလင်းဆက်

    December 6, 2012 at 7:58 pm

    ဘာတွေ ရေးထားသလဲ….
    အဲဒီ စာအုပ်ထဲမှာ…။

    xxxxxxxxxxx

    လေးပေါက်ရေ

    အခုမှ..လာဖတ်ရတယ်ဗျို ့ ။
    နောက်ကျပေမယ့်….
    ရောက်အောင် လာခဲ ့တယ်. ။

  • MaMa

    December 7, 2012 at 6:42 am

    အသိတစ်ယောက်တော့ အရက်ကံစမ်းမဲ ပေါက်ဖူးတယ်။
    သူက အရက်တော့ မသောက်ဘူး။
    စတိုးဆိုင်ဖွင့်တယ်။
    သင်္ကြန်ဆို အရက် အရမ်းရောင်းရတယ်တဲ့။
    လာဝယ်တဲ့သူတွေက မူးဖို့ အဓိကဆိုတော့ ပုလင်းဖွင့်ပြီး အဖုံးယူထားလိုက်ရာကနေ ပေါက်တာတဲ့။

    စွဲနေတဲ့ အကျင့်တစ်ခုကို ဖြတ်နိုင်ဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။
    ကိုထွေးကတော့ စွဲလန်းနေတာတွေကို ဖြတ်နိုင်တယ်ဆိုတော့ စိတ်ဓာတ်အတော် ခိုင်မာတာပဲ။
    အဲလို စိတ်ဓာတ်ခိုင်မာတဲ့သူတောင် မနေနိုင်ပဲ ပြန်သောက်ချင်အောင် စွဲဆောင်နိုင်တဲ့ မာကက်တင်းနည်းပညာတွေ………..

    ဘယ်သူ့ကြောင့်လို့ အပြစ်တင်ရမလဲ (ခရက်ဒစ်တူ ကြောင်ကြီး)

  • ဟုတ်တယ်မမရေ
    အရင်က စာနယ်ဇင်းမှာအရက် ဘီယာ ကြော်ငြာလို့မရပါဘူး။
    အဲတော့ ရေသန့်အဖြစ် ကြော်ငြာတာပေါ့။
    ရေသန့်ကတော့ ဟန်ပြအစစ်ပေါ့။
    အခုတော့လွတ်လပ်သွားပါပြီ။
    စိတ်တိုင်းကျကြော်ငြာလို့ ဆွဲဆောင်နေကြပါတယ်။

    အေးတဲ့ဒေသက အရက်သောက်တာပြဿနာမရှိပေမယ့် ပူတဲ့ နိုင်ငံအတွက်ကတော့
    အတော်ဆိုးတဲ့ရလဒ်ကိုဘဲပေးမှာပါ။
    နောက် မိုးလင်းတာနဲ့အရက်ဆိုင်ရောက်နေသူမြင်ရင် စိတ်ထဲမှာ တစ်မျုိုးကြီးခံစားရပါတယ်။
    အရက်သောက်သူအတော်များများ ကတော့ အလုပ်ပျက်အကိုင်ပျက် ဘဝပျက်အောင်သောက်ကြတာပါ။

Leave a Reply