ဘဝသစ်နှင့်သဟဇာတ

ကြောင်ဝတုတ်November 27, 20121min19517

ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့…

ကားမှတ်တိုင်နောက်က ကြွေကျထားတဲ့သစ်ရွက်တွေလဲ ခြောက်ကပ်လို့…

နှုတ်ခမ်းတွေလဲခြောက်နေတယ်… ရင်ထဲမှာဘာလိုနေမှန်းမသိတာတော့အမှန်ပါပဲ…

မိဘမျက်နှာအိုးမည်းသုတ်တဲ့ သားဆိုးသားမိုက်ဖြစ်ချင်ဖြစ်မယ်… ဒါပေမယ့် ကိုယ့်ဘဝကို ကိုယ့်စိတ်နဲ့ကိုယ်… ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ဘာမှန်းမသိသေးတဲ့ဘဝတစ်ခုကိုတည်ဆောက်မယ်ဆိုတဲ့ သူရဲကောင်းစိတ်ဓာတ်ကြီးအရင်းခံလို့ လူကြီးတွေအလစ် ကျောပိုးအိတ်တစ်လုံးကို လက်မှာဆွဲပြီး ဘတ်(စ)ကားဂိတ်ကို ပြေးထွက်လာခဲ့တယ်…

“အချစ်ရေ… မောင်လာနေပြီ… မောင်တို့နှစ်ကိုယ်တူဘဝအတွက်…”

ကောင်းကင်ကိုမော့ကြည့်တော့ တိမ်တွေကင်းနေတယ်… နေမင်းကလဲ သူ့ရဲ့နံနက်ခင်းမှာစွမ်းအားတွေ အပြည့်… ကျုပ်ကလဲ သူ့စွမ်းအားတွေကို အချစ်အင်အားနဲ့တုံ့ပြန်ဖို့အသင့်… ဒါပေမယ့် ဘဝဆိုတဲ့ အဓိပ္ပာယ် ဘာမှန်းလားလားမှမသိ…

ဇော်ဝင်းထွဋ်သီချင်းထဲကလို… “ခံစားကြည့်အချစ်စွမ်းအင်များ” ဆိုတာပဲသိတယ်…

စောင့်နေတဲ့ (၁၂)ကားကလဲမရောက်လာ… အိမ်က အစ်မတော် ပျောက်သွားတာသိရင် အကျိုးနည်းရချည့်…

နှုတ်ခမ်းတွေလဲခြောက်နေတယ်… ရင်ထဲမှာ စိုးရိမ်ပူပန်နေတာတော့အမှန်…

“ကိုယ်မင်းနဲ့မခွဲနိုင်ဘူး….”

ကားသုံးစီးလောက် လာသွားပြီ… (၁၂)ဟီးနိုးကြီးကို မျှော်ရတာမောလှပေါ့…

ချစ်သူနှင်းပြောတဲ့ (၁၂)ကြီးကို မျှော်နေတယ်… စီးနေကျ အိမ်က ဒပ်ဆန်းကားလေးကိုတော့ သတိရမိသား…

ဘာပဲဖြစ်ဖြစ်ပါလေ…

အဖေနဲ့ အမေရေ… သားကိုခွင့်လွှတ်ပါ… သားဘဝကို သားလျှောက်လှမ်းတော့မယ်ဆိုမှ အဖေပေးထားတဲ့ ကားလေးယူသွားလောက်အောင် သားမမိုက်ပါဘူး… သားမှာ ခြေလက်အစုံ… အဖေတို့သင်ပေးထားတဲ့ ပညာတွေရှိတယ်… သားဘဝကို သားထူထောင်နိုင်မယ်လို့ အမေ့သားကျော်အောင်… ကိုယ့်ကိုကိုယ်ယုံကြည်ပါတယ်…

သံလျှင်က မောင်မောင်ဦးကိုလဲ စာတိုက်ကနေ တစ်ပတ်လောက်စောပြီး စာထည့်ထားတယ်… မနေ့ကလဲ အိပ်ချိန်းကတစ်ဆင့် ဖုန်းဆက်ထားတယ်… ဒီမနက် သံလျှင်ကိုမိန်းမခိုးလာမယ်လို့… အသေအချာစီစဉ်ထားပေမယ့် ရင်တော့ပူနေတုန်း…

သီတာဆိပ်မှာလဲ… သံလျှင်အသွားသင်္ဘောပေါ်ကို မောင်နှံနှစ်ဖော်တက်ဖို့… အသေအချာ… ချစ်သူနှင်းလဲ စောင့်နေပေတော့မယ်…

ကားက မလာသေး…

 

 

 

 

 

 

 

 

 

 

 

 

 

 

ပြောရင်းဆိုရင်း (၁၂)ကားကြီးထိုးဆိုက်လာပြီ…

အား… ကြပ်လိုက်တဲ့လူတွေ… မနည်းတိုးတက်ရမယ်… နောက်ကားစောင့်ဖို့စဉ်းစားလိုက်တယ်… လေးဘီးငှားစီးရအောင်လဲ… အိပ်ထဲမှာပါလာတာက စုစုပေါင်း (၁၃၅)ကျပ်… ဘယ်တော့အလုပ်ရပြီး ဝင်ငွေရှိမယ်မှန်းမသိသေးတဲ့ဘဝမှာ (၁၃၅)ကျပ်ကိုလဲ…ချွေတာရ တော့မယ်… ချစ်သူနှင်းရဲ့မျက်နှာကိုပြေးမြင်လိုက်မိသည်…

ခဏလောက် ကျော်အောင် ငိုင်သွားသည်…

မထူးပါဘူး… မောင့်မျက်နှာတစ်ရွာထင်ပြီးလိုက်မယ့် ချစ်သူနှင်း အကြာကြီးသင်္ဘောဆိပ်မှာစောင့်နေရမှာ မကြည့်ရက်လို့ အရမ်းကြပ်နေပေမယ့် ကားပေါ်ကို ပြေးတက်လိုက်မိတယ်…

အားပါးပါး အတော်ကြပ်တာပဲ…

ကားအပေါက်ဝမှာရောက်တုန်း… ကားကလဲမောင်းထွက်သွားပြီ… စပါယ်ယာက ကားနောက်နားမှာ… လက်မှတ်ပိုင်းလေးများ လက်ထဲကိုင်လို့… ပြီးတော့ လူတွေကြားထဲကနေ ခြေဖျားလေးထောက်ပြီး ကျုပ်ကို ကားခတောင်းတယ်… ကားခတစ်ကျပ်… ဂျင်းဘောင်းဘီအိတ်ထဲက ပိုက်ဆံကိုဆွဲထုတ်လိုက်တယ်…

(၉၀)တန်တစ်ရွက်နဲ့ (၄၅)ကျပ်တန်တစ်ရွက် အထပ်လိုက်… အခေါက်လိုက်လေး… တစ်ရွက်နဲ့ တစ်ရွက် ကပ်နေတယ်… ခွာမရဘူး…

လက်တစ်ဖက်က ကားအပေါ်တန်းကို ကိုင်ထားရတယ်… ကားကလဲ မောင်းနေတယ်… ဒီနှစ်ရွက်ကို ခွဲဖို့အခက်အခဲရှိတယ်… ချမ်းသာတာမှ ဒါအကုန်ပဲ… ဘဝကို ဒီနှစ်ရွက်နဲ့စရမှာ… (၉၀)တန်နဲ့ (၄၅)ကျပ်တန် ကပ်နေတယ်… ခွာမရဘူး…

အတင်းလုပ်လို့ ပြဲသွားရင်… ကိုယ်ကျိုးနဲပြီ… ပါလာတဲ့ငွေကြေးဒါအကုန်ပဲ…

စပယ်ယာက လှမ်းပြောတယ်… “ကားခ” တဲ့…

ကျွန်တော်ပြန်ပြောလိုက်ရတယ်… “ညပ်နေလို့ ပိုက်ဆံထုတ်မရသေးဘူးခဏလေး”လို့…

စပယ်ယာတခြားလူတွေကို ပိုက်ဆံကောက်ပြီး လက်မှတ်အပိုင်းလေးတွေပြန်ပေးသွားတယ်…

နောက်မှတ်တိုင်တစ်ခုထပ်ရပ်ပါပြီ…

ကျွန်တော်မှာ လက်တစ်ဖက်ထည်းနှင့် ဒီပိုက်ဆံနှစ်ရွက်ကို ခွာမရပါ…

အခုပြသနာရဲ့အစက ဒီလို…

နွမ်းပါးပြီး ပညာသိပ်မတတ်ရှာတဲ့ချစ်သူနှင်းနဲ့ ကျွန်တော့်ကိုအိမ်ကသဘောမတူဘူး… နောက်ဆုံး ခိုးပြေးမှရတော့မယ့်အခြေအနေမှာ ကြိုတင်စီစဉ်ရင်း တစ်လလောက် မုန့်ဖိုးတွေကျွန်တော်စုထားပါတယ်… အိမ်ကလဲ ကျွန်တော်တစွတ်ထိုးလုပ်တတ်တာကို သိလေတော့ သတိထားစောင့်ကြည့်နေတာလဲ ခံရတယ်… ရှိစုမဲ့စုလေး(၁၃၅)ကျပ်ရတော့ သိမ်းရဖွက်ရလွယ်အောင် အရွက်ကြီးဖြစ်တဲ့ (၉၀)တန်နဲ့ (၄၅)ကျပ်တန်ကို လဲထားပြီး အဝတ်စင်ပေါ်က ဝတ်ပြီးသားအကျီ င်္တစ်ထည်ရဲ့အိပ်ထဲမှာ ဖွက်ထားခဲ့တယ်… အိမ်ကရိပ်မိမှာစိုးရိမ်လို့…

ကံဆိုးချင်တော့ အစ်မလုပ်သူက ကျွန်တော့်အကျီ င်္ကိုလျှော်ပေးရင်း အိုက်ဒီပိုက်ဆံနှစ်ရွက် ရေစိုသွားတယ်… အဲဒါကို ဂရုမစိုက်မိဘဲ… ဒီအတိုင်းထပ်ထားလိုက်မိရာက ခြောက်သွားတဲ့အခါ တစ်ရွက်နဲ့တစ်ရွက်ထပ်ပြီး အခုလို ကားကလဲကြပ်… လူကလဲများတဲ့အခါမှာ ခွာမရတော့ဘူးဖြစ်နေတယ်…

စပါယ်ယာ လက်တစ်ဖက် ကျွန်တော့်မျက်နှာနားရောက်လာတယ်…

လူကြားထဲက အသံကြားလိုက်ရတယ်… “အစ်ကိုကြီးကားခ”…

မှတ်တိုင်ရောက်တော့ ဆင်းတဲ့လူထက် တက်လာတဲ့လူပိုများတော့ ကားကပိုကြပ်လာပြီ…

လက်ထဲက ပိုက်ဆံနှစ်ရွက်က ပြသနာရှာနေတယ်…

“ခဏလေးကွာ… ထုတ်မရသေးဘူး…”

နှဖူးကချွေးတွေကျလာပြီ… လူတွေကလဲတိုးကြသည်… နေရာတစ်နေရာရဖို့…

ထိုစဉ်စပါယ်ယာက “သီတာဆိပ် မှတ်တိုင်ပါလား…”

ကျွန်တော်လှမ်းအော်လိုက်တယ်… “သီတာဆိပ်ပါတယ်…”

စပါယ်ယာ ကျွန်တော့နားတိုးလာသည်… စကားတစ်ခွန်းထပ်ပြောသည်… “ကားခ”

ကျုပ်ခွာမရသေး… ပိုက်ဆံကိုင်ထားသောလက်အား ထောင်ပြလိုက်သည်…

(၉၀)တန်နှင့် (၄၅)ကျပ်တန်…

“အာ… အရွက်ကြီးတွေ… ပြန်မအမ်းနိုင်ဘူး…”

သီတာဆိပ်မှတ်တိုင်မှာ ကားရပ်ပါပြီ… ကျွန်တော်ဆင်းရတော့မည်… ဒီအရွက်ကြီး နှစ်ရွက် ကျွန်တော့်ကို ဒုက္ခပေးနေသည်…

“အစ်ကိုသွားလဲပေးမယ်လေ…ခဏလေးစောင့်ပါဗျာ…”

စပါယ်ယာလေးက စိတ်မရှည်သောလေသံဖြင့်…

“ထားလိုက်ပါဗျာ… စီးသွားလိုက်တော့…”

ကျေးဇူးတင်ကြောင်းပြောပြီး ကားပေါ်က ဆင်းလာခဲ့သည်…

မျက်နှာပူမိသည်… ပထမဆုံးလိုင်းကားတိုးစီးမိသည့်နေ့တွင် ဒီပိုက်ဆံနှစ်ရွက်ဒုက္ခပေးပြီ…

စိတ်လဲအတော်ညစ်သွားမိ၏… နောက်ဆိုရင် ဒီလိုပဲလိုင်းကားတိုးစီးရတော့မယ်… ခေါင်းထဲတွေးရင်း…

ချစ်သူနှင်းကို မြင်လိုက်ရတော့ ကျော်အောင်အကုန်မေ့သွားပြီး ပြေးကာလက်လေးကိုဆွဲလိုက်သည်…

နှစ်ယောက်တစ်ဘဝထူထောင်ကြမည်…

 

“နောက်ကျလိုက်တာမောင်ရယ်…”

“နောက်ကျဆိုကွာ… ဒီမှာ ပိုက်ဆံနှစ်ရွက်ပြသနာရှာနေလို့…”

ကျွန်တော်ထုတ်ပြလိုက်သော (၉၀)တန်နှင့် (၄၅)ကျပ်တန်ကို ကြည့်ပြီး နှင်းတစ်ချက်ပြုံးလိုက်သည်…

“မောင်ရယ်… လက်လုပ်လက်စားတွေဘဝမှာ ငွေတစ်ရာအတိလောက်ဆိုတောင် အခက်အခဲရှိနေပြီ မောင်ရယ်… မောင်က ငွေတစ်ရာကျော် (၁၃၅)ကျပ်ကြီးကိုင်ပြီး ဘတ်(စ)ကားစီးလာတော့ ပြသနာတက်ပြီးပေါ့… မောင့်ငွေကသာမာန်လူတွေလဲပေးနိုင်တာထက်များနေတာကိုး… ဘဝမှာ ကိုယ့်လို မပြည့်စုံတဲ့လူတွေအများကြီးမောင်… သူတို့နဲ့ လိုက်လျောညီထွေဖြစ်ဖို့ မောင်ကြိုးစားပါဦး… ဘဝအစမှာပေါ့ ဒီလိုပါပဲ…မောင်…”

ဘဝတစ်ခုအပြောင်းအလဲ… ဘဝတစ်ခုအသစ်စတဲ့အချိန်မှာတွေ့ရတဲ့ သဟဇာတမဖြစ်မှုကို သက်ပြင်းချပြီး ရင်လေးမိတာတော့ အမှန်ပါပဲ… ဒီဘဝကို ငါရှေ့ဆက်နိုင်ပါ့မလား… ဘယ်လောက်အခက်အခဲတွေရင်ဆိုင်ရဦးမှာလဲ…

 

“ အချိန်လဲလင့်ကုန်ပြီမောင်… သင်္ဘောလက်မှတ်ဝယ်ဖို့ သွားရအောင်…”

“သင်္ဘောလက်မှတ်…”

“ဟုတ်တယ်လေမောင်… ကိုမောင်မောင်ဦးတောင် သင်္ဘောဆိပ်မှာဆင်းစောင့်မယ်ထင်ပါ့…”

“ နှင်းရေ… ဒီ (၁၃၅)ကျပ်အတွဲကြီးကိစ္စကို ဒီမှာရောရှင်းနိုင်ပါ့မလား…”

“ မောင်ရယ်… စိတ်မပူပါနဲ့… နှင်းမှာ စုထားတဲ့ပိုက်ဆံလေးတွေပါပါတယ်… နောက်မှ ဒီ (၁၃၅)ကျပ်ကို လဲဖို့ နှင်းစီစဉ်ပေးပါ့မယ်…”

ကျွန်တော် သက်ပြင်းရှည်ကြီးတစ်ခု ထပ်ချမိလိုက်သည်…

“ ကျော်အောင်… ကျော်အောင်… မင်းရွေးတဲ့… မင်းဘဝကို… မင်းသဟဇာတဖြစ်အောင် စလျှောက်ပေတော့…”

ကျွန်တော် ချစ်သူနှင်းခေါ်ဆောင်ရာ လက်မှတ်ဝယ်ရာနေရာသို့ လိုက်ပါသွားပါတော့သည်…

 

————————————————————————————————————————

မိတ်ဆွေတစ်ယောက်၏ပြောပြချက်များဖြင့် ၁၉၈၈ ဝန်းကျင် မိန်းမခိုးသောသူဌေးသားတစ်ယောက်ဘဝသရုပ်ဖော်သည်…

(ကိုဆာမိပြောပြသော ခုနှစ်အားပြင်ဆင်လိုက်ပါသည်…)

 

ခင်မင်လျက်-

ကြောင်ဝတုတ်

 

17 comments

  • Inz@ghi

    November 27, 2012 at 11:49 am

    အေးဗျာ …ကျုပ်လည်း စဉ်းစားနေတာ …မကြည်ပြာက သူ့ညီမနဲ့ ကျုပ်ကို သဘောမတူဝူးဆိုရင်
    ခိုးပြေးမလားလို့ …. ခက်တာက နိုင်ငံဖြတ်ကျော် ခိုးပြေးမှု ဖြစ်မှာဆိုတော့ အင်တာပို နဲ့ ငြိမှာစိုးလို့
    ကိုယ်ရှိန်သပ်နေရတာရယ်….. အာ ..ဟိ …
    (အရသာ ချိထှာ)

    :harr:

    • Shwe Ei

      November 27, 2012 at 12:53 pm

      ဂယ်တော့ ခိုးပြေးစရာမလိုပါဝူး အကိုရီး အင်ဇာဂီချင့်၊
      အလဲအလှယ်လုပ်ရင် ရဘာဘီ။ အကိုရီး ဘက်ကတယောက်ပေးရင်
      ညီမလေး ဘက်က တယောက်ပြန်ပေးလိုက်ရုံဘာဘဲ။ :mrgreen:

      • Inz@ghi

        November 27, 2012 at 1:04 pm

        အလို … မောင်လေးငယ်ကို အစ်မတော်က အဲ့လိုမခေါ်ပါနဲ့ကွယ်..
        အစ်မတော်သည်သာ အသက်ရော ဝါရော ရုပ်ရော ..မောင်လေးငယ်ထက်ကြီးသူပါ….
        ဟီဟိ ဖွတ်တီးကတ်ပိုစ့်တော့ နာတို့လုပ်လို့ပျက်ပီ …
        ခုခိခုခိ…

        :kwi:

  • surmi

    November 27, 2012 at 12:52 pm

    တော်တော် စာရေးကောင်းတဲ ့ ကြောင်……..
    ကြောင် တွေအကုန်လုံး စာရေးကောင်းတာ တစ်ပုံစံထဲ
    စက်ရုံ တစ်ခုထဲကထွက်ပုံရတယ် …..
    :harr:

    • surmi

      November 27, 2012 at 1:00 pm

      ခုနှစ်ပြင်လိုက်ဦးနော…….
      88 ပြီးမှ အဲဒီပိုက်ပိုက်တွေထွက်တာ…..

      • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

        November 27, 2012 at 1:23 pm

        ပြင်လိုက်ပါပြီ အစ်ကိုဆာမိရယ်…. ခွက်ဒစ်ပေးထားပါတယ်…
        ပြောပြတဲ့လူကလဲ သူ့ဘဝအကြောင်းကို ပြောပြသွားတော့
        ကျွန်တော်လဲ အဆင်ပြေသလိုရေးလိုက်တာပါ… အကြောင်းအရာလေးကို သဘောကျလို့…

        ခင်မင်လျက်-
        ကြောင်ဝတုတ်

  • jullies cezer

    November 27, 2012 at 1:01 pm

    မသိပါဘူး ကိုကြောင်ဝတုတ်များမိန်းမခိုးတဲ့အကြောင်းလားလို့ နောက်မှ
    ဇာတ်လိုက်ကကျော်အောင်ကိုး ကျော်အောင်ဆိုတော့ ကြောင်အော်ပေါ့
    ကြည့်စမ်း ဒါဆိုတဘက်လှည့်နဲ့ ကိုကြောင်ဝတုတ်က သူ့အကြောင်းရေး
    ထားတာပဲ …….

    • လုံမလေးမွန်မွန်

      November 29, 2012 at 12:04 pm

      အစ်မ..
      သူရို့က သိပ်ကဗျာဆန်တဲ့ valentine couple တွေ.. အင်တာဗျူးပို့စ်မှာ တွေ့တယ်မို့လား.. :kwi:

  • weiwei

    November 27, 2012 at 1:35 pm

    ဇာတ်လမ်းထဲက ၁၂ ကားနဲ့ သီတာ သင်္ဘောက ကျွန်မမိတ်ဆွေဟောင်းကြီးတွေမို့လို့ အဲဒီတုန်းက အချိန်တွေကို လွမ်းသွားပြီ …

  • etone

    November 27, 2012 at 1:45 pm

    တပုဒ်လုံးတော့ ဖတ်ပြီး တွားပြီ … ပြန်ခေါ်သွားတာ .. ဟိုး အရင် နှစ်တွေကို ရောက်သွားရောပဲ …. တော်သေးတာ ဘိုးတော်ဘုရား လေးဘက်သွားတဲ့ ခေတ်ထဲ ပြန်မရောက်ပေလို့ …. ခိခိ …. . 😆
    ဒါနဲ့ … Category ကြီးက .. ဘယ်လိုကြီးတုန်း …. :kwi:

  • kyeemite

    November 27, 2012 at 2:13 pm

    ကြုံလို့ ပြောရအုံးမယ် ဖက်တီးကက်ရေ…အဲဒီခုနှစ်လောက်က
    ကိုယ်က အစိုးရဋ္ဌာနမှာ အရာရှိငယ်လေးဖြစ်နေပီ..
    “လခ”ဘယ်လောက်ရတယ်ထင်လဲ..ဟဲဟဲဟဲ
    ရှားပါးစရိတ်ဆိုတာပါ ပါမှ ၃၈၅ကျပ်ထဲရယ်…
    အဲတုံးက ဖျာပုံမှာ…မုံ့ဟင်းခါး အကြော်နဲ့မှ ၂ကျပ်။
    ထမင်းအဝစား(ဆိုင်ခပ်ညံ့ညံ့မှာပါ) ၆ကျပ်။
    မန္တလေးရမ်(ကုန်သွယ်ရေးထုတ်ဈေး)တစ်လုံး၃ဝကျပ်။(အရက်ဈေးတွေတော့ခေတ်အလိုက်သိတယ်နော)
    မဆိုးဘူးထင်ရတယ်နော…
    ဒါပေမဲ့…တဖြေးဖြေးဆိုးလာလိုက်တာ
    ၁၉၉၄ရောက်တော့ တစ်ယောက်ထဲတောင်ထမင်းနပ်မမှန်ချင်တော့ဘူး…
    ဒါနဲ့ပဲ အရာရှိဆိုတဲ့ ရာထူးကိုအပီးတိုင်စွန့်ခဲ့လိုက်တော့တာ…
    :harr:

  • မန်းဂေဇက်မှာ အရမ်းတွေထွက်လို့မဖြစ်ဘူးနော်(စကား)
    အကုန်းလုံးက ရှေ့မှီ၊နောက်မှီကုလားထိုင်ကြီးတွေချိပဲ။
    ကြည့်ပါလား မိန်းမခိုးတာတောင်မှ ၁၃၅ကျပ်နဲ့ဆိုပဲ။
    :528:

  • uncle gyi

    November 27, 2012 at 8:48 pm

    အော်
    ဖိုးလှကြီးနဲ့ဆရာစံ
    သတိရကြသေးသကိုး
    အခုတော့လည်းသူတို့လောက်က
    ခလေးမုန့်ဖိုးပေးတောင်မယူတော့ဖူးဟူးဟူး

  • padauk moe

    November 27, 2012 at 9:02 pm

    အားပေးခဲ့ပါတယ်ဗျာ

  • နီပေပါ

    November 28, 2012 at 5:57 pm

    ၉ဝတန်နဲ့ ၄၅ကျပ်တန်
    ဆရာစံနဲ့ သခင်ဖိုးလှကြီး
    ချစ်သူနှစ်ဦးအတွက် ၁၃၅ကျပ်。。。。。
    ဪ。。。ကျနော်သာဆို
    နေရစ်တော့ ၁၃၅ကျပ်ရယ်လို့ ငြီးမိမှာ。。
    တခါတလေ တန်ဖိုးရှိသော်ငြား စွန့်သင့်ပယ်သင့်ရင် လုပ်ရမှာပေါ့
    စတေးတယ်ခေါ်မလားဘဲ
    ချစ်သူနှင်းက ရှိသေးတာကိုး…။

  • နီပေပါ

    November 28, 2012 at 6:01 pm

    ကျွန်တော်ထုတ်ပြလိုက်သော (၉၀)တန်နှင့် (၄၅)ကျပ်တန်ကို ကြည့်ပြီး နှင်းတစ်ချက်ပြုံးလိုက်သည်…

    မာင်ရယ်… လက်လုပ်လက်စားတွေဘဝမှာ ငွေတစ်ရာအတိလောက်ဆိုတောင် အခက်အခဲရှိနေပြီ မောင်ရယ်… မောင်က ငွေတစ်ရာကျော် (၁၃၅)ကျပ်ကြီးကိုင်ပြီး ဘတ်(စ)ကားစီးလာတော့ ပြသနာတက်ပြီးပေါ့… မောင့်ငွေကသာမာန်လူတွေလဲပေးနိုင်တာထက်များနေတာကိုး… ဘဝမှာ ကိုယ့်လို မပြည့်စုံတဲ့လူတွေအများကြီးမောင်… သူတို့နဲ့ လိုက်လျောညီထွေဖြစ်ဖို့ မောင်ကြိုးစားပါဦး… ဘဝအစမှာပေါ့ ဒီလိုပါပဲ…မောင်…”

    ဘဝတစ်ခုအပြောင်းအလဲ… ဘဝတစ်ခုအသစ်စတဲ့အချိန်မှာတွေ့ရတဲ့ သဟဇာတမဖြစ်မှုကို သက်ပြင်းချပြီး ရင်လေးမိတာတော့ အမှန်ပါပဲ… ဒီဘဝကို ငါရှေ့ဆက်နိုင်ပါ့မလား… ဘယ်လောက်အခက်အခဲတွေရင်ဆိုင်ရဦးမှာလဲ…

    အဲ့အပိုဒ်လေး ညွှန်းချင်တာ ကျန်သွားလို့

  • လုံမလေးမွန်မွန်

    November 29, 2012 at 12:01 pm

    ဒီခေတ်မှာဆို ၅၀၀ဝ တန်တစ်ရွက်၊ ၁၀၀၀ဝ တန်တစ်ရွက်ကိုင်ပြီး ဘတ်စ်ကားစီး၊ မိန်းမသွားခိုးသလို ဖြစ်မယ်ထင်တယ်နော်… ကားခပေးရအောင်ကလည်း အတန်ကြီးတွေ၊ နှစ်ယောက်တစ်ဘဝထူထောင်ရအောင်ကလည်း ၁၅၀၀ဝ တည်း.. :mrgreen:

    ကိုယ့်အတွေးနဲ့ကိုယ် ကယ်လ်ဆမ် ကွေကာ သောက်မိပါသည်…

Leave a Reply