ကျွန်တော်တို့ အမြဲကြားနေ ဖတ်နေရတာတွေက “သင့်အလုပ်ရှင်ကို အဆင်ပြေအောင်ဆက်ဆံနည်း” “အထက်လူကြီးကို မပြောရသော စကားလုံးများ” စတာတွေဘဲ အတွေ့များပါတယ် ။

ဒါကကျွန်တော်တို့ဟာ အမြဲတန်း အောက်လက်ငယ်သားဘဲဖြစ်ရမယ်လို့ အတွေးဝင်စေပါတယ်။ တကယ်တော့ကျွန်တော်တို့ဟာ ကိုယ့်ရည်မှန်းချက်နဲ့ တချိန်မှာ လုပ်ငန်းရှင် ပိုင်ရှင် အထက်လူကြီးတယောက်

 ဖြစ်ရမဲ့သူတွေပါ ။ ဒီတော့ ကျွန်တော်တို့အတွက် ကိုယ့်လက်အောက်ငယ်သားတွေကို ဘယ်လိုပြောဆို ဆက်ဆံသင့်တယ်ဆိုတာ သိထားသင့်တဲ့ အကြောင်းပါ။အဲ…..တကယ်လို့ သင်ဟာ တသက်လုံး အလုပ်သမားတယောက် ဝန်ထမ်းတယောက် ဘဝကနေ တိုးတက် လွတ်မြောက်ဘို့ ရည်ရွယ်ချက်မရှိတော့ဘူး ဆိုရင်တော့ ဒီစာစုဟာ သင့်အတွက် အသုံးဝင်မှာ မဟုတ်လို့ ကြိုတင်တောင်းပန်ပါရစေ ။

တကယ်တော့ ဒါတွေဟာ ကျွန်တော့ရဲ့ လုပ်ငန်းခွင်ထဲက အလုပ်သမားဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မန်နေဂျာတွေ ပြောဆိုဆက်ဆံနေကြတဲ့အပေါ်မှာ သတိပြုမိပြီး ကောက်ချက်ချထားတာတွေပါ ။ပြီးပြည့်စုံတာတော့ မဟုတ်သေးဘူးပေါ့ ။ လုပ်ငန်းအတွေ့အကြုံအရ သိလာမယ်ဆိုပေမဲ့ တခါတလေ သတိလက်လွတ်ပြောတတ်ကြတယ် ဆိုတော့ ကြိုတင် သတိရှိစေဘို့ပါ ။

၁။   ။”မင်းတို့ကို လခပေးပြီးခန့်ထားတာ ဒီတော့ခိုင်းတဲ့အတိုင်းလုပ်ပါ” ဆိုတဲ့ စကားမျိုး သူနဲ့ဆင်ဆင်တူ အဓိပ္ပါယ်တူ စကားမျိုးကို ဘယ်တော့မှ မပြောမိပါစေနှင့် ။

လုပ်ငန်းခွင်မှာ အလွန်အန္တရာယ်ကြီးပါတယ် ။ တန်ဖိုးရှိတဲ့ သင့်ရဲ့ဝန်ထမ်းကောင်းတွေ ဆုံးရှုံးသွားနိုင်တယ် ။ ဒီစကားကြောင့် သင်လုပ်ချင်တဲ့အလုပ်မပြီးနိုင်တဲ့အပြင် ပေးနေရတဲ့လုပ်ခလစာဟာလဲ အကျိုးမရှိဖြစ်သွားပါမယ် ။

၂။   ။ “မင်းတို့ ကံကောင်းလို့ ဒီလို အခွင့်အရေးရတာ တခြားကုမ္ပဏီမှာဆို ဒီလိုခံစားခွင့်တွေရှိတာမဟုတ်ဘူး” ဒီစကားမျိုးကိုလဲ မပြောရဘူး ။အထူးသဖြင့် သင့် ဝန်ထမ်းတွေကို ဆုကြေးခံစားခွင့်တွေ ထုတ်ပေးတဲ့အချိန်မျိုးမှာပါ ။ တကယ်တော်တဲ့ ဝန်ထမ်းတွေ ကုမ္ပဏီအပေါ် စေတနာအပြည့်ရှိတဲ့ ဝန်ထမ်းတွေအတွက်က ဒီစကားမျိုးဟာ ဝန်ထန်းတွေရဲ့ စိတ်ဓါတ်ကို ပျက်စီးစေနိုင်တယ် ။ပြီးတော့ သူတို့ရတဲ့ခံစားခွင့်ဟာ ရသင့်ရထိုက်တာထက် လျှော့နည်းတယ်လို့လဲ ခံစားရသွားနိုင်တယ် ။

၃။   ။”ငါက မနေ့ညကလည်းရုံးမှာ စနေနေ့လည်းပိတ်ရက်မရှိဘူး မင်းတို့ကဘယ်တွေလျှောက်သွားနေလဲ” ဒီလိုပြောလို့လည်း မရပါဘူး။ လုံးဝ မပြောသင့်တဲ့စကားမျိုးပါဘဲ ။ သာမန်ဝန်ထမ်းတယောက်ဟာ ၂၄နာရီ တာဝန်ယူစရာ အကြောင်းမရှိပါဘူး ။ သူ့ကိုဒီလိုတာဝန်ယူခိုင်းတဲ့ အဓိပ္ပါယ်ရောက်စေတဲ့ စကားကြောင့် ကိုယ့်အလုပ် အပေါ် အမြင်ပြောင်းသွားနိုင်တယ် ။

၎။   ။”အသုံးစရိတ်တွေ သိပ်မြင့်နေတယ် ဒီစရိတ်တွေကို လျှော့ချရမယ်” ဆိုတဲ့စကားမျိုးကိုလဲ ဝန်ထမ်းတွေကို မပြောရပါဘူး ။စရိတ်လျှော့ချမယ်ဆို ဘယ်သူသုံးတဲ့ အသုံးစရိတ်လဲဆိုတာတွေ ပြောစရာဖြစ်တတ်ပါတယ် ။ ဒီအပေါ်မှီခိုနေတဲ့ ဝန်ထမ်းတွေရဲ့ မျှော်လင့်ချက်တွေ ကျဆင်းစေတတ်တယ် ။ မျှော်လင့်ချက်ကျဆင်းနေတဲ့ ဝန်ထမ်းရဲ့ စွမ်းဆောင်ရည်ဟာလဲ သိသိသာသာ ကျဆင်းသွားတတ်ပါတယ် ။ (အသုံးစရိတ်လျှော့ချတဲ့ကိစ္စမျိုးဟာ မိမိဘာသာဆုံးဖြတ်ပြီးလုပ်ရမှာ ဖြစ်ပါတယ် )။

၅။   ။”ဘာကြောင့်ဖြစ်ဖြစ် မင်းနဲ့ဒီနေရာနဲ့ မတန်ဘူး” ဆိုတာ မပြောရဘူး ။ ချိုးနှိမ်ဆက်ဆံတဲ့ ပုံစံမျိုးကို ဘယ်အလုပ်သမားကမှ မကြိုက်ကြဘူး ။သူတို့ရဲ့အလုပ်ရှင်ဟာ သူတို့အပေါ် လေးလေးစားစားဆက်ဆံတယ်ဆို အလွန်ကြေနပ်ကြပါတယ် ။

၆။   ။”မင်းဆင်ခြေတွေကို နားမထောင်ချင်ဘူး အလုပ်ပြီးတာဘဲလိုချင်တယ်”ဆိုပြီးမပြောမိစေနဲ့ဦး ။သင်ဟာ အလုပ်ရှင်ဖြစ်လို့ ဘယ်အလုပ်သမားရဲ့ ဆင်ခြေပေးတာမဆို နားထောင်ပေးရမဲ့ ဝတ္တရား ရှိနေပါတယ် ။ဖြစ်သင့်တာက ဘယ်ဝန်ထမ်းရဲ့ မှားမှားမှန်မှန် ပေးလာတဲ့ဆင်ခြေတွေကို ဂရုတစိုက် နားထောင်ပေးသင့်တယ် ။ ဒါမှ ပြဿနာတွေရဲ့ အရင်းအမြစ်ကို ထဲထဲဝင်ဝင် လေ့လာသိရှိပြီးဖြစ်သွားမှာပါ ။

၇။   ။”ငါတို့ဒီလို လုပ်နေကြဘဲ မင်းလဲဒီအတိုင်းလုပ်”ဆိုပြီးမပြော မခိုင်းပါနဲ့ ။တကယ်လို့ သင့်ဝန်ထမ်းမှာ ပိုကောင်းတဲ့ နည်းလမ်း အကြံဥာဏ်တွေ ရှိနေခဲ့မယ်ဆိုရင် ဒါတွေကို ဆုံးရှုံးသွားလိမ့်မယ် ။သမရိုးကြနည်းကြီးဖြင့် သင့်လုပ်ငန်း မတိုးတက်နိုင် ဖြစ်နေတတ်ပါတယ် ။

၈။   ။”မင်းက ပြဿနာဖြစ်အောင်လုပ်နေတာဘဲ”ဆိုပြီး ဘယ်တော့မှ ကိုယ့်ဝန်ထမ်းကို မပြောပါနဲ့ ။တကယ် ပြင်မရနိုင်တဲ့ ပြဿနာတွေကို လုပ်ခဲ့တယ်ဆိုလည်းထိရောက်တဲ့အရေးယူမှုကိုလုပ်ပါ။ပါးစပ်ကဝန်ထမ်းကို တိုက်ရိုက်မပြောမိပါစေနဲ့ ။တကယ်ဖြစ်တဲ့ပြဿနာက ဝန်ထမ်းကြောင့်လား ကုမ္ပဏီ ဘက်က လိုအပ်ချက်ကြောင့်လား သေခြာသိအောင်လုပ်ပြီးပြင်သင့်တာကိုပြင်ဘို့လိုပါတယ် ။

၉။   ။”သောက်သုံးမကျတဲ့ကောင်…တသက်လုံးမင်းသောက်သုံးမကျဖြစ်နေတာဘဲ” ဆိုပြီး ဒေါသကို မထိမ်းနိုင်ဘဲ မပြောမိပါစေနဲ့ ။ဒီလိုစကားဟာ အလုပ်သမားတယောက်ကို ပျက်စီးဆုံးရှုံးစေတယ် ။အရှက်ရသွားတဲ့ အလုပ်သမားတယောက်ဟာ ဘယ်တော့မှ ကိုယ့်အပေါ်ကောင်းလာတော့မှာမဟုတ်ဘူး ဆိုတာ သိဘို့ပါ။ စားဝတ်နေရေးကြောင့် မလွှဲမရှောင်သာလုပ်ရပေမဲ့ စေတနာမပါတော့ဘူးဆိုတာသေခြာပါတယ် ။

ဘယ်လိုကြောင့်ဖြစ်ဖြစ် နေရာတခုမှာ လူကြီးတယောက်ဖြစ်လာတယ် ဆိုရင်လည်း ဒါလေးတွေကို ရှောင်ပြီးပြောဆို ဆက်ဆံမယ်ဆိုရင်လည်း ကိုယ့်လက်အောက် ငယ်သားတွေရဲ့ လေးစားမှုကိုတော့ခံရနိုင်ပါတယ် ။ ဒါမှမဟုတ်ဘဲ သတိလက်လွတ်ပြောဆိုဆက်ဆံမိတဲ့ အသေးအဖွဲလေးတွေကနေ မိမိမသိလိုက်ဘဲ လူ့ချဉ်ဖတ်ကြီးလဲဖြစ်သွားတတ်တာကို သတိပြုမိနိုင်ပါစေ ။

နွေဦးတွေးမိသလို ရေးကြည့်ပါသည်။

နွေဦး

About နွေဦး

has written 99 post in this Website..

နွေဦးရဲ့ ရင်ထဲက မွေးလာတဲ့ သားတွေကိုကိုယ်တုံးလုံးနဲ့ ရွာထဲလွှတ်တတ်သူပါ ။ အမြင်မတော်သူ ရွာသူကြီးကအစ ရွာသူရွာသားအားလုံး အမြင်မတော်တာရှိက ချစ်လို့ဖြင့်မညှာ မုန်းလို့ဖြင့် မနာစေဘဲ ရိုက်နှက်ဆုံးမကြပါလို့....