ထိုအခါက

ခင္ခNovember 30, 20121min12814

ထိုအခါက

အင်္ဂလိပ်က ပ ဒု တ ဟု သုံးကြိမ်စစ်ပွဲ

ဆင်ကာနွဲလို့ သိမ်းပိုက်သည့်အခါ

ဒို့ရဲ့ဧကရာဇ် နန်းကျဆင်းလို့

ကျွန်ဖြစ်ခဲ့ရ ထိုအခါက။

ဗိုလ်ချုပ်အောင်ဆန်း ပါဝင်နွဲလို့

သုံးကျိပ်ရဲဘော် ဂျပန်မှာနော်

စစ်ပညာပြု သင်ယူမှု့ဖြင့်

နယ်ချဲ့အင်္ဂလိပ် တိုက်ထုတ်ခဲ့ပြန်

သူကျွန်မခံ ဇာတိမာန်

ဖြစ်ထွန်းခဲ့ရ ထိုအခါက။

တုယောင်လွှတ်လပ်ရေး ကြေငြာပေးပြီး

နှိက်စက်မှု့ပြု စော်ကားအစုစုကြောင့်

အင်္ဂလိပ်ကို တဖန်လက်တွဲ

မဟာမိတ်ဘဲဟု ကြိုးစားပြုလာ

သခင်အောင်ဆန်းမှာ

ဖက်ဆစ်ဟုခေါ် ဂျပန်ကိုနော်

တိုက်ထုတ်ခဲ့ရ ထိုအခါက။

တစ်နှစ်အတွင်း လွပ်လပ်ရေးရမယ်

ကြွေးကြော်သံနဲ့ မဆုတ်မနှစ်

ကြိုးစားဖြစ်သည့် ဖခင်ဗိုလ်ချုပ်

မသမာသူအစုတ် ဒင်းလုပ်ရပ်ကြောင့်

ကျဆုံးခဲ့ကာ အာဇာနည်ဖြစ်ရှာလည်း

ဆက်လို့ရှေ့ချီ ဦးနုသည်ကား

ဇန်နာဝါရီ ၄ ရက် ထိုမနက်အခါ

၁၉၄၈ ခု ဖော်ညွန်း အချိန်မှာကား

မြန်မာပြည်ကြီး တိုင်းတပါးကျွန်မှ

လွတ်လပ်ခဲ့ရ ထိုအခါက။

တိုင်းတစ်ပါးကျွန်ဖြစ် ထိုထိုခေတ်က

လွတ်မြောက်ခဲ့ပြီး ဆက်၍လာကာ

နေဝင်းအစိုးရ မဆလ ဟု

နာမမည်ခေါ် ဆိုရှယ်လစ်နော်

၂၆ နှစ်အုပ်ချုပ်ရစ်ပြီး ဒို့တိုင်းပြည်လည်း

မွဲပြာခဲ့ရ ထိုအခါက။

၈၈ ခေါ် လူထုအုံကြွ

အရေးခင်းက နေဝင်းအစိုးရ ဖြုတ်ခါချပြီး

ထပ်မံအုပ်စိုး စစ်အာဏာရှင်မျိုးကို

နဝတခေါ်ခဲ့ရ ထိုအခါက။

အဲဒီနောက်မှာ ရွှေးကောက်ပွဲပြု

လူထူဆန္ဒ အမည်ပြ၍

ဒီမိုကရေစီ အစိုးရဖွဲ့စည်းပြပြီး

နဝတကြွင်းသူ သမ္မတမူ၍

တင်မြှောက်ခဲ့ပြီး လွှတ်တော်အသီးသီး

ဖွဲ့ကာပြီးခဲ့ကြ ထိုအခါက။

သွားနေပါပြီ ဒီမိုကရေစီတဲ့

ဆရာလက်ထက် ပြုခဲ့သမိုင်း

ကြားခဲ့ဖူးတာ ရီကွိုင်းဂန်းပါ၊

လက်ဇောင်းထက်ကာ တပည့်ပြခဲ့ပြီ

လက်ပန်တောင်းစခန်းည ထိုအခါက။

 

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ၊

ခင်ခ။

14 comments

  • ကြည်ဆောင်း

    November 30, 2012 at 11:53 am

    ထိုအခါက တွေက ပြည်သူလူထုခံစားရတဲ့ အခါကတွေ ကများနေပြီး
    စံစားရတဲ့ အခါကတွေက တော်တော်နည်းနေသေးတယ်နော် …
    နောင်တခေတ်ရဲ့ ထိုအခါက ကို ပြည်သူတွေပြုံးပျော်ရတဲ့ အခါကနဲ့ဖတ်ကြည့်ချင်ပါသေးရဲ့ ….

  • ခင်ခ

    November 30, 2012 at 12:12 pm

    ( နောင်တခေတ်ရဲ့ ထိုအခါက ကို ပြည်သူတွေပြုံးပျော်ရတဲ့ အခါကနဲ့ဖတ်ကြည့်ချင်ပါသေးရဲ့ ….)
    ဟုတ်ကဲ့ ကိုကြည်ဆောင်းရေ ကျွန်တော်လည်း အဲလိုဘဲရေးချင်ပါတယ်ဗျ။ ဦးဆုံးကွန်မန့်အတွက်
    ကျေးဇူးနော်။

  • kyeemite

    November 30, 2012 at 1:22 pm

    ကိုခင်ခရေ…
    ချိန်ခါသင့် ကိုက်ညီလှတဲ့
    ကျိန်စာသင့် တိုင်းပြည်ဘဝရဲ့
    သရုပ်သကန်ကို အဟုတ်အမှန်ထုတ်ဖေါ်လိုက်တာမို့
    ထိုအခါက အပိုညာသမျှကို
    မလိုတမာဘဝကလွတ်စေကြောင်း
    ဆုချွေတောင်းလိုက်ပါရဲ့….ဗျာ။
    ခင်မင်စွာဖြင့်…
    ကြီးမိုက်။ :hee:

  • ခင်ခ

    November 30, 2012 at 1:43 pm

    ကိုကြီးမိုက် ဆုတောင်းလေးကို အမြန်ပြည့်စေချင်ပါတယ်။

  • မောင်ပေ

    November 30, 2012 at 2:40 pm

    နောက်မျိုးဆက်ကြရင်တော့ မင်းဆိုးမင်းညစ်တွေလက်က လွတ်ကောင်းပါရဲ ့

  • Mr. MarGa

    November 30, 2012 at 2:47 pm

    တစ်ခါတစ်ခါ ခံရလျှင်လည်း
    နည်းနည်းမဟုတ် တကယ်ဖြုတ်လို့
    ကြောက်မိခဲ့ရ ထိုအခါက

  • ကောင်းတယ်ဗျာ .. ကဗျာလေးက ..
    ဟိုအတိတ် ဘုရင်ခေတ်ကနေ ..
    လက်ပတောင်းညအထိကို
    ထိုအခါက ဆိုတာလေးနဲ့ စပ်ဆိုသွားတာ ..
    ကဗျာကိုဖတ်ပြီး စိတ်ထဲမှာတော့
    တစ်မျိုးတစ်မည် ဖြစ်သွားတာပဲ ..

  • ရွှေ ကြည်

    November 30, 2012 at 10:24 pm

    ကောင်းလိုက်တာလေးခင်ခရယ် ထပ်ပြောမယ်ဗျာသိပ်ကောင်းတာပဲ..။
    တော်လိုက်တဲ့လေးခင်ခ။

    ။……ဒီအချိန်မှာ…..။

    ထိုအခါကဖြစ်ပျက်ခဲ့သမျှ
    စိတ်နာကြရင်း
    လမ်းစကိုရှာမသိခေလငြား
    ဝေဝါးဝါးသမားနောက်ဆုတ်ထားလို့
    မှန်ကန်သောအဖြေ
    ထုတ်နိုင်လေမည့်
    အာဇာနည်ဆက်
    တို့တိုင်းပြည်ရဲ့မျှော်လင့်ချက်သည်
    ထင်ထင်ရှားရှား
    ရှိနေသားမို့
    အားကူလို့သာညီညာကြစို့
    ဒီအချိန်မှာ..။

    • ခင်ခ

      December 1, 2012 at 3:45 pm

      ထိုအခါက အဖြစ်ဆိုးများကို
      ဒီအချိန်မှာနဲ့ ချေဖျက်ဖို့အရေး
      အားကူလို့သာညီညာကြစို့နဲ့
      အပီအပြင်ရေးဖွဲ့ခဲ့အတွေးမို့
      BC လေးကိုကျွန်တော်ပေးခဲ့ပါသဗျို့။

  • ထိုအခါက
    အခါပေါင်းများစွာ
    အကြိမ်ပေါင်းများစွာ
    များစွာ များစွာ များစွာ
    ဒုက္ခ ကျုပ်တို့ခံခဲ့ရ
    မေ့လို့မရခြင်းများစွာ
    များစွာများစွာ များစွာ
    အခါခါ အခါခါ
    ထိုအခါပေါင်းများစွာ

  • aye.kk

    November 30, 2012 at 11:18 pm

    ကိုခင်ခ
    ထိုအခါကမှသည်အခုအခါခါထိ။
    ရင်နာရသည့်ရက်ပေါင်းများစွာ
    ခါးစီးခံစားရတဲ့စိတ်ဒုက္ခဝေဒနာအခါခါများကို
    နောင်လာနောက်သားတွေအထိဆက်လက်မခံစားစေချင်တော့ပါဘူး။။။

  • သခင် Mobile

    December 1, 2012 at 1:24 am

    ဘယ်တော့များမှာ လွတ်ကြပါ့မယ်
    ဒုက္ခတွေရယ် . . . . .
    ဒီလိုတွေးရင်း ဝမ်းနည်းမိတယ်
    ဒို့ဘဝတွေရယ် . . . . .
    ဒါတွေအားလုံးအတွက်
    မဆုတ်မနစ်သော ဇွဲးဖြင့်ဒို့အားလုံး စည်းလုံးညီညွတ်စွာ
    ချီတက်ကြမည်ဆိုရင်ဖြင့် တစ်နေ့တော့ အောင်မြင်ရမှာပါ ။ ။

    • ခင်ခ

      December 1, 2012 at 9:29 am

      ဖတ်ရှု့အားပေး ကွန်မန့်ရေးကြသော ကိုကြီးမိုက်၊ ဆရာပေ ၊ ဦးမာဃ ၊ ကိုမဟာရာဇာ အံစာတုံး ၊ မောင်အလင်းဆက် ၊မရွှေကြည် ၊ ကိုပေါက် ၊ မမအေး ၊ သခင် Mobile တို့အား ခင်ခမှ ကျေးဇူးပါ။

      တိုင်းပြည်အကျိူး နဲ့ တိုင်းပြည်မှာ မှီတင်းနေထိုင်ကြသော ပြည်သူတွေအကျိုးကို အမှန်တကယ် ကြည့်ပြီး လက်တွေ့ကျကျ လုပ်ဆောင်တတ်သော ဟန်ပြစကား ဟန်ပြအသွားတွေကင်းတဲ့ ပြည်သူတွေရဲ့ အစစ်အမှန်ခေါင်းဆောင်ဦးဆောင်သည့် ပြည်နိုင်ငံအဖြစ် အမြန်ဆုံးမြင်တွေ့ခံစားလာတဲ့ ဒို့တိုင်းပြည်အဖြစ် နောက်များ ထိုအခါကို ဆက်ရေးခွင့်ရပါစေလို့ မျှော်လင့်စွာဖြင့်—- ခင်ခ။

Leave a Reply