မိုးကုတ်ဆောင်းက အေးလွန်းလှပါတယ်။ မြူနှင်းငွေ့လေးတွေနဲ့ ခပ်ဝေဝေ  မိုးကုတ် ဆောင်းည တွေကို မေ့ဖျောက်ပစ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အေးလွန်းလို့ ဖိုပြီး ဝိုင်းလှုံ ခဲ့ကြတဲ့ မီးပုံလေးတစ်ခုဘေးမှာ ဂီတာ နှစ်လက်နဲ့ သူငယ်ချင်းတွေ ညသန်းခေါင်ကျော်လို့ကျော်သွားမှန်းမသိ အောင် သီဆိုဟစ်ကြွေးခဲ့ဖူးတယ်။ ထင်းရှုး မျှင်တွေကိုလည်း လောင်စာအဖြစ် ထင်းရှုးကိုင်းခြောက်တွေနဲ့ ဖိုထားတဲ့ မီးပုံထဲကို ပစ်ထည့်ခဲ့ကြဖူးတယ်။ ကြာတော့ကြာခဲ့ပါပြီ။ တောင်တွေပတ်ချာလည်ဝိုင်းထားတဲ့ မြို့။

မြို ရဲ့ အသည်းနှလုံးကို ဖြတ်စီးသွားတဲ့ ရေနီချောင်းလေး။ ပတ်လည်ဝိုင်းထားတဲ့တောင်တွေ ထိပ်က ထုံးဖြူဖြူစေတီလေးတွေ။ ကျွန်တော်တို့ မိုးကုတ်မြို ့ဟာ မာန ကင်းတဲ့ ကြီးကျယ်မှုနဲ့ တည်ဆောက်ထားတဲ့ ငြိမ်းချမ်းသူတို့ စံပျော်ရာ။ရုပ်ရှင်ထဲကလို မီးပုံဘေးမှာ လူတွေစုပြီး အိုးစည်ဗုံမောင်းတီးခေတ်ကခုံနေကြတာမျိုးမဟုတ်ပါဘူး။ သူငယ်ချင်း လေးတွေစုပြီး တိုးတိုးသက်သာ ဂီတာတီး ခတ် သီဆိုကြတာပါ။

မိုးကုတ်သူ လေးတွေ လှတယ် ဆိုတာ ဟိုးတုန်းကတည်းက နာမည်နဲ့ပါ။ ပါးအို့နီလေးတွေက ဆောင်းတွင်းအအေးဒဏ်မှာ ဘယ်လောက် နုညံ့တယ်ဆိုတဲ့ သူတို့ အသားအရေကို ထုတ်ဖော် ဝင့်ကြွားနေသလိုလို။မာဖလာလား ၊ တဘက်လား သူတို့ လည်ပင်းလေးမှာ အအေးဒဏ်ကို ကာကွယ်ဖို့ ပတ်ထားကြလိမ့်ဦးမယ်။ ကျွန်တော်တို့ ရည်ညွှန်းသီဆိုနေတဲ့ သီချင်းလေးတွေကို သူတို့ အိမ်တွေထဲကနေ တိတ်တစ်ဆိတ်နားထောင်နေမလား။ ကျွန်တော်တို့ သိချင်နေခဲ့ကြဖူးတယ်။

ညနေစောင်းရင် ဆိုင်ကယ်လေးတွေကိုယ်စီနဲ့ ဖောင်တော်ဦးဘုရား တက်မလား။ ချမ်းသာကြီးသွားကြမလား။ ဒီလို အချင်းချင်း တိုင် ပင်နေကြရ တာလောက် ပျော်ရွှင် ဖွယ် ကောင်းတာရှိနိုင်ဦးမလား။ နီယွန်မီးရောင်တွေရော သဘာဝ ဖယောင်းတိုင်မီးရောင်တွေရော ကျွန်တော်တို့မြို ့ကလေးရဲ့ ညချမ်းကို ဘယ်ပန်းချီ မှရေးလို့ အလှမမီ နိုင်ဘူးဆိုတာ ရောက်ဖူးသူတိုင်း သဘောတူကြမှာပါ။

မိုးကုတ်မှာ ခေါပုတ်ပေါတယ်။ မုန်ညင်းပင်ပေါတယ်။ကန့်လန့်ဆိုင်ပေါတယ်။ ဂေါ်ရခါးသီးပေါတယ်။ ပြီးတော့ မိုးကုတ်မှာ ရိုးသားမှုပေါတယ်။ အိမ်မက်ထဲမှာ ခဏခဏ ရောက်ဖြစ်ခဲ့တဲ့ မိုးကုတ်အခုအချိန်လောက်ဆို တော်တော်ပြောင်းလဲနေလောက်ပြီ ထင်ပါရဲ့။ဟိုး ၁ဝ နှစ်လောက်တုန်းကလို ထင်းရှုးပင်တွေ တို့စာသင်ကျောင်း ပတ်ပတ်လည်မှာရှိသေရဲ့လား။ ဟိုးအရင်တုန်းကလို တန်ဆောင်မုန်းဆိုရင် ခြိမ့်ခြိမ့်သဲအောင် ကခုန်ပျော်မြူးကြသေးရဲ့လား။ ဟိုးတုန်းကလို… … …. လား။

မိုးကုတ်မြို ့လယ်က အင်္ဂလိပ်ခေတ်ကဆောက်ထားခဲ့တဲ့ ( အီးပုံသဏ္ဍာန် ) စာသင်ကျောင်းကြီးထဲမှာ ဟိုးတုန်းကလို ကျောင်းသား ၃၀၀ဝ ပတ်ဝန်းကျင်လောက် စာတွေ သင်ယူနေကြသေးရဲ့လား။ မြို ့လယ် ရပ်ကွက် ၊ မြို ့မ ရပ်ကွက်။ ဒီလို ရပ်ကွက်ချင်းကန်ကြတဲ့ဘောလုံးပွဲတွေ မြို ့လယ်ဘောလုံးကွင်းကြီးထဲမှာ ဟိုးအရင်တုန်းကလို စည်ကားနေသေးရဲ့လား။ ဘီးတောင် .. ဆင်ခွါ .. ဘယ်လောက်နာမည်ကြီးကြီး ကျွန်တော်တို့ ပတ္တမြားရပ်ကွက် ဆိုရင် ရှိန်တယ်။ အခုအချိန်မှာရော…….။

နံနက်ရောက်ပြီ၊

စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့

ဒီလို သီချင်းသံတွေနဲ့အတူ နံနက်ခင်းနေခြည် မထွေးခင် ခပ်ဝါးဝါးအချိန်လေးမှာ မြို ့လယ် အင်းတစ်ပတ် အပြေးလေ့ကျင့်သူရော။ လမ်းလျှောက်ထွက်သူရော ဟိုးတုန်းကလို စည်ကားနေလိမ့်ဦးမယ်။ ဝေလီဝေလင်းမှာ လမ်းဘေးအကြော်ဆိုင်လေးတွေ ထဲမှာ ကောက်ညင်းပေါင်းနဲ့ ဘယာကြော် ရောင်းလို့ကောင်းလှပေါ့။ မိုးလုံလေလုံ အားကစားကွင်းနားမှာ ကျွန်တော်တို့ လမ်းလျှောက်ထွက်သူတွေ လူစုကြမယ်။ ပြီးရင် နွေစံအိမ် လား။ နေခြည် လား။ လက်ဖက်ရည်ဆိုင်လေးတွေမှာ ….

ဆယ့်နှစ်လ ရာသီမှာလည်း ပျော်ပွဲလေးတွေရှိသလို ခရစ်စမတ် ဆိုရင် လီရှော ခရစ်ယာန်တွေ ကျွန်တော်တို့ အိမ်တွေရှေ ့ ဆုတောင်းသီချင်းတွေ တစ်ဖွဲ ့ ပြီးတစ်ဖွဲ ့ လာ ရောက်သီဆိုကြဦးမယ်။ ဗုဒ္ဓဘာသာဝင်တွေလည်း ဆုတောင်းသီချင်းတွေ အလွတ်ရတယ်။ အတူတူ သံပြိုင်သီဆိုပြီး ခရစ်နှစ်သစ်ကို လည်းကြိုကြ။ ဘယ်ဘာသာ ဘယ်လူမျိုးရယ်လို့မှ မဟုတ်ပါဘူး။ အတူတူပျော်လိုက်ကြတာ ပဲ။စိတ်ရောလူရောအေးချမ်းတဲ့မြို ့ပါ။

ဒီလောက်အေးချမ်းတယ်ဆိုပြီး  ဇာတိမြို ့ကို ဘာကြောင့်စွန့်ခွာခဲ့ရတာလဲ။ မေးချင်ကြတဲ့သူတွေရှိမှာပဲ။ ပျော်ပွဲရွှင်ပွဲလေးတွေမှာ လူငယ်လေးတွေ နည်းလာရတဲ့အကြောင်း အရင်း ကောင်းကောင်းရှိပါတယ်။ အခြားတို်င်းပြည်တစ်ခုခုကို အလုပ်သွားလုပ်တဲ့သူ … တွေ။ မန်းလေး။ ရန်ကုန်။ တောင်ကြီး…ဒီလို့ အဆင်ပြေ ရာတစ်ခုခု ကို ဘယ်သူမှ မပြောင်းရွှေ ့ချင်ပဲပြောင်းရွှေ ့ခဲ့ရ။ ဟိုးတုန်းကလို ဌာပွဲ (ကျောင်းအရောင်းအဝယ်ပွဲ) တစ်ခုတည်းကို အားကိုးပြီး တစ်အိမ်လုံးလူတန်းစေ့ အောင် ထားနို်င်ဖို့မှ မလွယ်တော့တာ။

ဦးပိုင်နဲ့ ဝ  လုပ်ငန်းရှင်တွေ။ ဖက်စပ်ဆိုပြီး ကျောက်တွင်းလုပ်ငန်းအားလုံးကို သိမ်းပိုက်။ တရားဝင် ကျောက်တူးဖို့ဆိုတာ…တရားဝင်သူခိုးတွေနဲ့ ပေါင်းမှ ရတဲ့ခေတ်ကို ရောက် လာခဲ့တယ်။မြို့ရေးမြို ့ ရာ ကိစ္စတွေမှာတောင် မြို့နယ်မှုးထက် ဗျူဟာမှုးက ပိုပြီး ဩဇာရှိသွားတော့တယ်။ဒါမို့ စစ်တပ်အရာရှိဆိုရင် မိုးကုတ်ကို ပြောင်းချင်တဲ့သူတွေမှ ရိုက်သတ်လို့တောင်မကုန်ဘူး ဆိုပဲ။အဲဒီလောက်…မိုးကုတ်ကို ချစ်ကြတာ။

ကျောက်တွင်းတွေမပိုင်ပါဘူး။ ကျိကျိတက်အောင်လည်း မချမ်းသာဘူး။ ဒါဆိုရင်တော့ အမေရိကန်ရဲ့ ပိတ်ဆို့မှုမှာ ကောင်းကောင်းထိခိုက်ပြီ။ တရုတ်ကတစ်ဆင့် တင်ပို့မှုကို ပါ အမေရိကန်က ထပ်ပိတ်ဆို့လိုက်တော့ ပြည်သူတွေ အခြေအနေတွေပိုမိုဆိုးဝါးလာခဲ့ပေါ့။မိုးကုတ်တဲ့ ဟိုးတုန်းကလို နေစရာကောင်းအောင်ပြန်လုပ် ဖို့ နောင်ဘယ်နှစ်နှစ်များထပ်စောင့်ရဦးမှာပါလိမ့်ဗျာ။

ပတ္တာမြားမြေမှကြိုဆိုပါ၏

ဒီလို ရေးထားတဲ့ ဆိုင်းဘုတ်ကို မန်းလေးမြို ့ကနေ နိမ့်လိုက်မြင့်လိုက်တောတောင်တွေနဲ့အတူ ကွေ့ပေါင်း ၉၉၉ ကွေ့ကျော်ဖြတ်လာပြီးရင် ဧည့်သည်တွေ တွေ့ခွင့်ရပြီ။ ကျပ်ပြင်…။ မိုးကုတ်အနောက်ပိုင်း။ ကျွန်တော်တို့ဒီလိုကျော်ဖြတ်လာပြီးမှ..။ မိုးကုတ်အရှေ ့ပိုင်းရဲ့ အဝင်မရောက်ခင်မှာ ရွှေလိပ်ပြာအကြီးကြီး တွေ့ရမယ်။ ဘယ်လောက်လှလိုက်သလဲ။ ရွှေလိပ်ပြာကြီး ဟာ သူ့ရဲ့သမိုင်းကို ဖုံးအုပ်ထားလျက်ကပဲ လှလို့ .. ပ..လို့။ ရွှေလိပ်ပြာကြီးရဲ့ သမိုင်းက..လက်ရှိရွှေလိပ်ပြာကြီးအလှ ကို ဖျောက်ဖြတ်မပစ်နိုင်ပါဘူးလေ။…။

လွမ်းတယ်..မိုးကုတ်။

 

သုရှင်(၁-၁၂-၁၂)

စနေ

 

 

About သုရှင်

သု ရှင် has written 44 post in this Website..

ကျွန်ုပ်ရေး၍ ကျွန်ုပ်ဆိုသံ အမှန်ဟူ၍ ကျွန်ုပ်မဆို...။ ကျွန်ုပ်စပ်၍ ကျွန်ုပ်ဖွဲ့သီမြတ်လှပြီဟု ကျွန်ုပ်မယူ..။ တိုင်းတိုင်းပြည်သူ လူဟူသမျှ ကိုယ့်မြင်ကိုယ့်တွေး..ကိုယ့်အရေးကို ကိုယ်တိုင်ဆုံးဖြတ် မှတ်ချက်ပေးစေ။ မှတ်ချက်ဟူသမျှ ကျိုးရှိလှဟုလည်း ကျွန်ုပ်မမြင်..မထင်ပါသေး။ ထိုမှတ်ချက်မျိုး ကြောင်းကျိုးမှန်ကန် ယုတ္တိတန်မှ..ကျွုန်ုပ်ကိုးစား.. တန်ဖိုးထားမည်...ကျွန်ုပ်သစ္စာတည်း။ သုရှင်