လောလောဆယ် နတ်နေကိုင်းထဲမှာ ကျွန်တော်နေပါတယ်။ ကျွန်တော်က သူ့အတွက်တော့ ပြက်လုံးတစ်ခုပဲဆိုပါတော့။ ကျွန်တော်ဟာ ကံဆိုးသူလား။ အားငယ်သူလားဆိုတာ ကိုယ့်ကိုကိုယ် ဝေခွဲလို့မရဘူးဖြစ်နေတဲ့အချိန်။ ကျွန်တော် အလှောင်ခံလိုက်ရပါတယ်။ မျက်စိရှေ့မှာ စကားလုံးတွေ အိုးနင်းခွက်နင်းနဲ့ပေါ့။ မျက်နှာထားတွေ အပျက်ပျက် အယွင်းယွင်းနဲ့ ဘယ်သူက မိတ်ဆွေ စစ်သလဲဆိုတာ ကျွန်တော် မသိတော့ဘူး။ ဒါပေမယ့် ဒီမျက်နှာက ကျွန်တော် သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးဆိုတာတော့ သိလိုက်တယ်။ ဒါနဲ့ ကျွန်တော် နုတ်ဆိတ်ငြိမ်သက်လိုက်တယ်။ သူ ခုတ်နေတဲ့ ကိုင်းတစ်ကိုင်းဟာ ကျွန်တော်ဖြစ်နေမှန်း သူမှမသိဘဲကိုး။

(၁)

(အစ)

          “ဒါကတော့ ဖားကန့်ကနေ ခွေးပြေး ဝက်ပြေး ပြေးလာတဲ့ ငါ့ရဲ့ သူငယ်ချင်းကြီး သော်ဇင်ပေါ့ကွာ။ မှတ်ထား ဟေ့ကောင် ။“

လက်ဖက်ရည်ဆိုင်ရဲ့ လူစည်ကားပြီး ဆူညံနေတဲ့ ဝန်းကျင်မှာ သူ့အသံက ကျော်ထွက်လာတယ်။ ဘေးဘီ လက်ဖက်ရည်ဝိုင်းတွေက လည်စောင်းငဲ့ကြည့်ပြီး ကိုယ့်အထာနဲ့ကိုယ် မူလအခြေအနေမှာ ပြန်လည် ငြိမ်သက်လို့။ သူပြောတဲ့ ပြောင်ချော်ချော် မျက်နှာပေးနဲ့ သူစိမ်းနှစ်ယောက်ကို မိတ်ဆက်ပေးခြင်းမှာ လှောင်သံတွေပါနေတယ်။

လူတစ်ယောက်ရဲ့ ဗီဇဆိုတာ ဖျောက်သော်လည်း မပျောက်တတ်ဘူးတဲ့။ သူငယ်ချင်းရဲ့ ပြောင်ချော်ချော်အကျင့်စရိုက်နဲ့ စကားလုံးကို နေရာဒေသအလိုက် ပြောင်းလဲ မသုံးတတ်ခြင်းကို ကျွန်တော် အပြစ်မမြင်ပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်ဆီက အကျင့်ဗီဇတစ်ခုဟာ ခုချိန်မှာ တည်ငြိမ်ရင့်ကျက်သင့်နေပြီလို့ ယူဆမိတယ်။

“ဟေ့ကောင် မင်းငါ့ကို ကောင်းကောင်းမွန်မွန် မိတ်ဆက်ပေးလို့မရဘူးလား။“

“မင်းကလည်း ငါ့သူငယ်ချင်းကြီးကို ကောင်းကောင်းမိတ်ဆက်ပေးနေတာပဲလေ“

“မင်း ပတ်ဝန်းကျင် အခြေအနေကိုလည်း ကြည့်ဦးလေ။ ဒီမယ် ငါပြောမယ်။ ဒီလိုပြောလို့ ငါ့ကိုရှက်နေတာလားလို့ မမေးနဲ့။ ခုချိန်မှာ ငါဟာ ဘာလဲဆိုတာ မင်းမြင်တတ်ဖို့ကောင်းတယ်။“

“မင်းက စစ်ပြေးဒုက္ခသယ်ကြီးလေ.ဟား..ဟား..ဟား“

သူ့ရယ်သံတွေ ကျယ်ကျယ်လောင်လောင်ကြီးထွက်လာတယ်။ ကျွန်တော် ခြေထောက်အစုံ မတ်တပ်ရပ်လျှက် အနေအထားနဲ့ သူ့ကို ကျောခိုင်းမိလိုက်ပြီ။

“ဩော ်လက်ဖက်ရည်ဖိုး ယူထားလိုက် ဟေ့ကောင်“

သူ ကျွန်တော့်ကို မျက်လုံးကြီး ပြူးကြည့်နေတယ်။ အဲဒီ မျက်လုံးရဲ့နောက်မှာ အရောင်တွေပြောင်းလဲနေတယ်။ အဲဒီလိုပဲ ကျွန်တော်မျက်နှာမှာလည်း အရောင်တွေ ပါးပါးလေး ပြေးလွှားနေလိမ့်မယ်ဆိုတာ သေချာပါတယ်။

(၂)

          “ ဟေ့ကောင် ငသော် မင်းရဲ့ ဇရပ်ကလေးကို ငါရောက်ခဲ့ပြီးပြီ“

“အဲဒါ ဇရပ်မဟုတ်ဘူး။ ဝက်တင်းကုပ်လို့ခေါ်တယ်။ မသိရင်မှတ်ထားလိုက်ဦး။“

ကျွန်တော်နဲ့အတူ ထိုင်နေတဲ့ ချစ်သူလေးမျက်နှာမှာ အလိုမကျမှုတွေ ရေးရေးလေး ပေါ်နေတယ်။ ပြီးသော အားပေးတဲ့ အကြည့်တွေကိုလည်း တစပ်တည်းမှာ မြင်နေရတယ်။

“မင်းရဲ့ ဇရပ်လေး အဲ ဝက်တင်းကုပ်လေးဆီ ငါတစ်နေ့လာခဲ့ပါဦးမယ်“

“မင်းရွာချင်တဲ့ ရက်မှ လာရွာလိုက်ကွာ။ မခြိမ်းပဲ ရွာတဲ့ မိုးကိုပဲ ငါက မျှော်လင့်တယ်။ အေး ထစ်ချုန်းခြိမ်းပြီးမှာ မရွာတဲ့ မိုးကိုတော့ ငါမမျှော်တတ်ဘူး။“

“အေးကွာ မင်းကို မိုးကြိုးပစ်နိုင်မှ ငါလာရွာမယ် ဟုတ်ပြီလား။ သွားမယ်ကွာ။“

ကျွန်တော့် ချစ်သူက ကျွန်တော်ကို ပြောစရာရှိနေတဲ့ အကြည့်တွေနဲ့ ကြည့်နေတယ်။ မျက်နှာမှာ အလိုမကျမှုတွေ ပြည့်နေတယ်။

“ကို သူပြောသွားတဲ့ ဇရပ်ဆိုတာ ကို အခု အလုပ်လုပ်ရင်း ခဏနေတဲ့ အိမ်ကိုပြောတာမဟုတ်လား။“

“အင်းလေ ကိုပြောထားသားပဲ ခု အိမ်မှာ မနေပဲ အလုပ်လုပ်တဲ့နေရာနဲ့ ကပ်နေအောင် ကို တို့ခြံအနောက်က အိမ်ကလေးမှာ နေတယ်လို့။“

“ကို သူ့ကို အပြစ်မြင်နေလား ဟင်“

“ဘယ်လိုပြောရမလဲ ။ အပြစ်မြင်တယ်ရယ်လို့တော့မဟုတ်ဘူး။ ဒါပေမဲ့ အလိုက်ကန်းဆိုးမသိတဲ့လူလို့ မြင်လာမိနေတယ်။ ဘယ်နေရာမျိုးမှာ ဘယ်လို စကားလုံးမျိုး သုံးရမလဲဆိုတာ မသိတဲ့လူပေါ့“

“ဘယ်လိုပဲဖြစ်ဖြစ် ကို သူ့ကို အပြစ်မတင်ပါနဲ့ မမုန်းလိုက်ပါနဲ့နော်။ မိတ်ဆွေတစ်ယောက်ရဲ့ ဆိုးကွက်ကို ကောင်းကွက်ကလေးတွေ ဖြည့်ပြီး ကို ကြည်ဖြူပေးပါ။ ခုချိန်မှာ ကို့အတွက် ရှေ့ဆက်ရမယ့် ခွန်အားတွေပေးနေတယ်လို့ပဲ မြင်ပေးပါနော်။ မီ…နဲ့ သူဟာ သူငယ်ချင်းတွေ။

ပြီးတော့ ကိုနဲ့လည်း သူငယ်ချင်းတွေ။ သူငယ်ချင်းဆိုတဲ့ စိတ်ကလေးနဲ့ ခွင့်လွှတ်ပေးလိုက်ပါ ကို။ ကို့မျက်နှာပေါ်က အရိပ်တွေ မီ မကြိုက်ချင်ဘူး။“

ကျွန်တော့် မျက်နှာပေါ်က အရိပ်တွေ။ မှောင်ရီပျိုးစ အချိန်ကလေးမှာ ကျွန်တော်မျက်နှာဟာလည်း မည်းမည်းမှောင်နေမှာတော့ သိလိုက်တယ်။ အဲဒီနေ့ ကြည်နူးမှုဆိုတာ အချစ်နဲ့ သက်ဆိုင်ခြင်းမရှိဘဲ ဘဝနဲ့ တိုက်ရိုက်ကြီး သွားပတ်သက်နေတာတော့ ကျွန်တော် မကြိုက်လှဘူးပေါ့။

(၃)

          “ဟာ ချစ်သူငယ်ချင်းကြီး လာလေကွာ ထိုင်“

ကျွန်တော့်ကို လှမ်းခေါ်နေတဲ့ သူဟာ ချစ်သူလေးရဲ့ဆိုင်ထဲမှာ မြိန့်မြိန့်ကြီးထိုင်လို့။ ပြုံးဖြီးဖြီးမျက်နှာထက်မှာ ပြောင်ချော်ချော် မျက်နှာပေးပေါင်းထည့်လို့ ကျွန်တော့်ကို ခနဲ့နေတယ်။ သူ့ရဲ့ဘေးမှာတော့ သူငယ်ချင်းရဲ့လေဒီချစ်သူက ပြုံးရုံလေး ခေါင်းငြိမ်း နုတ်ဆက်တယ်။

“ကိုသော် ရောက်နေတာတော့ သိတယ်။ ခု ပြန်မသွားရသေးဘူးပေါ့။ ဘယ်တော့လောက်ပြန်သွားမလဲ။“

“မသေချာသေးဘူး။ ဖားကန့်မှာ အခြေအနေတွေက ငြိမ်သေးတာမဟုတ်ဘူးလေ။ ခုရာသီတော့ မသေချာသလောက်ရှိနေပြီ။ ဖြစ်လဲ နောက်နှစ်ပေါ့။ ခုတော့ အိမ်မှာ အုတ်ရိုက်နေတယ်။“

“သိမ့်သိမ့်ကလဲ ဒီကောင် ခွေးပြေး ဝက်ပြေး ပြေးလာရတယ်လို့ ဘယ်ပြန်သွားနိုင်ဦးမလဲ“

“ဇော်“

သိမ့်သိမ့် တစ်ချက် ဟန့်လိုက်လို့ သူငယ်ချင်း ဇက်ကလေးပု ငြိမ်သွားတယ်။ ကျွန်တော် မျက်နှာမှာ ဘယ်လို အရိပ်တွေ ပြေးနေလို့လဲ။ ချစ်သူရဲ့ မျက်နှာမှာ စိုးရိမ်ပူပန်မှုတွေရှိနေတယ်။ ကျွန်တော့် စိတ်ထဲမှာ သူငယ်ချင်းတစ်ယောက်ရဲ့ လှောင်ထေ့ခြင်းကြောင့် ခိုးလုခုလုဖြစ်နေတယ်။

လက်ပြနုတ်ဆက်ပြန်သွားပေမယ့် နေရာက ကျွန်တော်မထမိပါဘူး။ မိတ်ဆွေတစ်ယောက်ရဲ့ စကားလုံးတွေအောက်မှာ ကျွန်တော် ပိပြားကျန်နေရစ်တယ်။ လူ့ဘဝရဲ့ အနှိမ့် အမြင့်သဘောတရားကို ကျွန်တော်လက်သင့်ခံပါတယ်။ အမြင့်ဆီမှာ ဝဲပျံနေတဲ့အချိန် ကျွန်တော်အနားမှာ အဖော်သဟဲတွေ စုံလင်တယ်။ ခု ကျွန်တော် မြေပြင်မှာ ခြေကျင်သွားနေပါတယ်။ ခရီးဖော်တစ်ယောက်တောင် ကျွန်တော့်နားမှာ ခြေစုံလာမရပ်ပါလား။ အဲ ချစ်သူလေးကလွဲလို့ပေါ့။

(အဆုံး)

          ကျွန်တော် အိပ်မက်တွေ ပြန်မက်လာတယ်။ ဒါဆိုရင် အရင်ညတွေက အိပ်မက်မမက်ဘူးလားလို့ မေးလာခဲ့ရင် အရင်ညတွေတုန်းကလည်း မက်ပါတယ်။ အိပ်မက်တွေဟာ တစ်ညနဲ့တစ်ည မတူပါဘူး။

ဒါပေမဲ့ ထူးထူးခြားခြား ကျွန်တော်အိပ်မက်တွေက ကိုးရီးယားဇာတ်လမ်းတွဲတွေလို အခန်းဆက်နဲ့ ဆက်မက်နေသလိုဖြစ်နေတယ်။ အဲဒီ အိပ်မက်မှာ ကျွန်တော်ရဲ့ ကျရှုံးမှုတွေ၊ ဆုံးရှုံးမှုတွေရဲ့ ပြကွက်တွေဆိုတာ Slide Showတစ်ခုလို တရိပ်ရိပ်ပြေးနေတယ်။ နောက် စစ်ပြေးဒုက္ခသယ်တွေရဲ့ ဘဝတွေ။ ထင်မှတ်မထားတဲ့ ဖားကန့်ကျောက်စိမ်းမှော်ရဲ့ ပဋိပက္ခတွေ။ အလုပ်လက်မဲ့ကုန်တဲ့ ကုမ္ပဏီဝန်ထမ်းတွေ၊ ဒေသခံတွေ။ အနိုင်အရှုံးနှစ်ခုကြားက မြေစာပင်တွေ။ ဒီလိုနဲ့ အိပ်မက်က။

ရုတ်တရက် ပေါက်ကွဲသံကြီးနဲ့အတူ သေနတ်သံတွေ တဒိုင်းဒိုင်းကိုလဲကြားလာရပြန်တယ်။ တရိပ်ရိပ်ပြေးနေတဲ့ ကားကလေးတစ်စီး မြေနီလမ်းမပေါ်မှာ တုန့်ခနဲ့ရပ်လိုက်တော့ ကားပေါ်က လူတွေ ပြေးဆင်းကြတယ်။ အဲဒီအထဲမှာ ကျွန်တော်လည်း ပါနေတာပေါ့။ ကျွန်တော့်နားတွေ အူနေတယ်။

နောက်ပြကွက်တစ်ခုမှာတော့ ကျွန်တော်က တောင်ကြီးတစ်လုံးကို နောက်ပြန်လှည့်ကြည့်လို့။ ကျွန်တော်ရဲ့ မျက်ဝန်းတွေမှာ လက်ရှိအခြေအနေကို မယုံနိုင်တဲ့ပုံမျိုး။ တစ်ခုခုကို လွမ်းဆွတ် တမ်းတနေသလိုမျိုး။ ကျွန်တော် လမ်းလျှောက်ပြီး တောင်အောက်ကိုဆင်းနေတယ်။ ကျွန်တော့်ကို ဖြတ်ကျော်သွားကြတဲ့ ဆိုင်ကယ်တွေ၊ သုံးဘီးတွေ။ နောက် လူတွေ။ ကျွန်တော်က ကျွန်တော့် ခြေထောက် သယ်ဆင်းရာနောက်ကို အလိုက်သင့်ကလေး ။

နောက်ထပ်ပြကွက်တစ်ခုမှာ သေးငယ်ကျဉ်းမြောင်းတဲ့ အခန်းကလေးထဲမှာ ကျွန်တော်နဲ့အတူ သူငယ်ချင်းတွေ လေးယောက်လောက် ပျာယာခပ်နေကြတယ်။ ကျွန်တော်တို့ ခရီးထွက်ဖို့လား။ မသေချာ။ ခရီးထွက်ဖို့ဆိုရင်တော့ ရှိသမျှ အထုပ်အပိုးတွေကို ပြင်ဆင်နေမှာမဟုတ်။ အခန်းရဲ့တံခါးပေါက်ဝမှာ သူငယ်ချင်းတစ်ယောက်ကလာပြောတယ်။

“ပြေးရတော့မယ်“တဲ့။

ကျွန်တော့်ရင်ဘတ်ကြီး တုန်နေသလိုပဲ။

နောက်ဆုံး ပြကွက်တစ်ခုမှာတော့ ကျွန်တော့်ကိုယ်ခန္ဓာမှာ ဘေးလွယ်အိတ်တစ်လုံး၊ ထီးတစ်ချောင်းနဲ့ ပွိုင့်ဖိနပ်တစ်ရံစီးလို့။ မြေနီနီ မြေစာပုံတွေကို စွန့်ခွာနေခဲ့တယ်။

ညမှောင်မှောင်မှာ အသံဗလံတွေကိုကြားနေရတယ်။

“မီးလောင်နေပြီ၊ ပြေးနေရပြီ“တဲ့။

အနောက်မြောက်တောင်ကျောဆီက ညမှောင်မှောင်မှာ ကောင်းကင်ထက်က လိမ္မော်ဆီရောင် အလင်းတစ်ခုကို ကျယ်ကျယ်ပြန့်ပြန့်မြင်နေရတယ်။ ကျွန်တော့်ရဲ့ ကျဆုံးခန်းဟာ အဲဒီအလင်းရောင်နဲ့အတူ လောင်မြိုက်ခဲ့တယ်ဆိုရင် ကျန်နေခဲ့တဲ့ သစ်ကိုင်းဟာ နတ်နေကိုင်းဖြစ်တဲ့ ကျွန်တော်ပါပဲ။

(၄)

          ခု ကျွန်တော့်ကို ဘာအကျိုးတွေ ပေးနေပါလဲ။

ဆုံးရှုံးခြင်းဆိုတဲ့ သင်္ခါရ သဘောကို နားလည်ပါတယ်။ မက်မော တွယ်တာခြင်းဆိုတာ ကျွန်တော့်အတွက်တော့ ဒုက္ခတစ်ခုပါပဲ။

“လူတစ်ယောက် ကောင်းတာတွေ မှန်သမျှ ဆက်တိုက်ဖြစ်နေတယ်ဆိုတာ ကုသိုလ်ကံအကျိုးပေးနေလို့ပဲ။ အဲ ကုသိုလ်ကံအကျိုးပေး ကုန်လာပြီဆိုရင်တော့ အတိတ်ဘဝက ပြုခဲ့ဖူးတဲ့ အကုသိုလ်ကံတွေဟာ အကျိုးပေးတတ်လာတယ်။ တစ်ခုပဲ စိတ်ထဲမှာ ဖြည်တွေးရမှာက ဖြစ်ချိန်တန်လို့ဖြစ်တယ်။ ပျက်ချိန်တန်လို့ပျက်တယ်လို့ တွေးရမယ်။ ပြုခဲ့ဖူးတဲ့ အကုသိုလ်ကံ ခုချိန်မှာ အကျိုးပေးလာတယ်လို့ပဲမှတ်ပါ။ “ လို့ မိတ်ဆွေကြီးတစ်ယောက် ပြောတယ်။

နှစ်သိမ့်ခြင်းတစ်စုံတစ်ရာကို ကျွန်တော် မျှော်လင့်နေမိသေးလား။ ဟင့်အင်း မသေချာတော့ဘူး။ မိတ်ဆွေတွေဆီက ဘာတွေကို ကျွန်တော် မျှော့်လင့်မိသေးလဲ။ မသေချာတော့ဘူး။ လူဆိုတာ တစ်ယောက်တည်းဆိုပေမယ့် မိတ်ဆွေတစ်ယောက်ရဲ့ ဖေးမခြင်းဆိုတာ တစ်ခါတစ်ရံမှာတော့ လိုအပ်ပါတယ်။

ခုချိန်မှာ ဓါးထက်ထက်နဲ့ ခုတ်ပိုင်းခံလိုက်ရတဲ့ နောက်ဆုံးလက်ကျန် သစ်ကိုင်းဟာ နတ်နေကိုင်း ဖြစ်နေတယ်ဆိုတာတော့ သူငယ်ချင်းတစ်ယောက် မသိလိုက်ဘူးထင်ပါရဲ့။

အဲဒီ သစ်ကိုင်းမှာ ကျွန်တော် တွဲလွဲ ခိုနေမိတယ်လေ။

 

သော်ဇင်(လွိုင်ကော်)

Date – 26th-Nov-2012

Time- 10:30Am

 

 

 

About သော်ဇင် (လွိုင်ကော်)

သော်ဇင် (လွိုင်ကော်) has written 192 post in this Website..

ရင်ဘတ်နဲ့ခံစားပြီးရေးတဲ့ စာတွေ တင်ပြပါရစေခင်ဗျား