သူတောင်းစားတစ်ယောက်က ပေးတဲ့သင်ခန်းစာ
(ပုံပြင်လေးက မိုက်တယ်.. ရှည်တော့နဲနဲရှည်တယ်၊ စိတ်ဝင်စားရင်တော့ဖတ်ပေါ့
ဖတ်ရတန်ပါတယ်…) စီးပွားရေးသမားတွေ ဖတ်သင့်တယ် =D

ကျ

ွန်တော်ဟာ ဝယ်ပြီးခါစ Levi’s ကိုဆွဲပြီး Shopping Mall ထဲကထွက်လာတယ်..။ အပေါက်ဝမှာ သူငယ်ချင်းတစ်ယောက်ကို စောင့်နေတုန်း professional သူတောင်းစားတစ်ယောက် ကျွန်တော့်ကို တွေ့သွားတယ်.။ ကျွန်တော့်ရှေ့မှာ လာရပ်တယ်..။ သူအဲလို ရပ်လိုက်တာ နောက်ဆက်တွဲ ရမယ့် သင်ခန်းစာ ပုံပြင်ရဲ့ အစဖြစ်လာတယ်.။
Market research သင်ခန်းစာတစ်ခုကို တက်လိုက်ရသလိုပါပဲ..။ အဲဒီ သူတောင်းစားရဲ့ မူရင်း
အဓိပ္ပါယ် မပျောက်ရလေအောင် ကျွန်တော် အတတ်နိုင်ဆုံး ပြန်စဉ်းစားပြီး သူ့စကားအတိုင်း ပြန်ပြောပြပါမယ်..။

“ညီလေးရယ်…..သနားပါကွယ်..။ နည်းနည်းလောက် သနားခဲ့ပါ” ကျွန်တော်လည်း ပျင်းပျင်းနဲ့ အိပ်ကပ်ထဲက အကြွေစေ့တစ်စေ့ ထုတ်ပေးလိုက်တယ်.။ ပြီးတော့ သူနဲ့ စကားပြောဖြစ်သွားတယ်.။အဲဒီသူတောင်းစားက အရမ်းစကားပြောလို့ကောင်းတယ်.။ “………ကျွန်တော်က ဒီဘက်တစ်ကြောမှာပဲ တောင်းဖြစ်တယ်.။ သိလား။ ခင်ဗျားကို ကျွန်တော် အစောတည်းက တွေ့တယ်။ ဒီShopping Mall မှာ Levi’s ဝယ်တည်းက ပိုက်ဆံမနှမျောဘူးဆိုတာ ကျွန်တော်သိတယ်……………”

ကျွန်တော် အရမ်းအံ့ဩသွားပြီး ပြောပိတယ်…”ခင်ဗျား နားလည်တာ များသားပဲ..”
“သူတောင်းစား လုပ်တယ်ဆိုတာလဲ၊ သိပ္ပံနည်းကျ လုပ်ရတယ်ဗျ”လို့သူကပြောတယ်..။
ကျွန်တော်ကြောင်သွားတယ်…။ စိတ်ဝင်စားသွားပြီး သူ့ကို “ဘယ်လို သိပ္ပံနည်းကျလဲဗျ၊ လုပ်စမ်းပါဦး”လို့ မေးလိုက်တယ်..။
သူက “ကျွန်တော့်မှာ တစ်ခြား သူတောင်းစားနဲ့ မတူတဲ့အချက် ဘာတွေရှိလဲ ခင်ဗျား အရင် ကြည့်ပါဦး” လို့ပြန်ပြောတယ်.။
ကျွန်တော် သူ့ကို စေ့စေ့စပ်စပ် အကဲခတ်လိုက်တယ်.။ ဆံပင်တွေ ရှုပ်ပွနေတယ်၊ အင်္ကျီအဝတ်အစားတွေ စုတ်ပြတ်နေတယ်.။ အရမ်းပိန်တယ်..။ ဒါပေမယ့် ပေရေမနေကြဘူး.။
သူကကျွန်တော့်အတွေးတွေကို စကားသံနဲ့ ဖြတ်လိုက်တယ်..။ “လူတွေက သူတောင်းစားဆို ရွံကြတယ်ဗျ၊ ဒါပေမယ့် ခင်ဗျားကျွန်တော့်ကို မရွံဘူးဆိုတာ ကျွန်တော် ပြောရဲတယ်..။ အဲဒါက ကျွန်တော် တစ်ခြားသူတောင်းစားတွေနဲ့ မတူတဲ့အချက်ပဲ..။”

ကျွန်တော် ခေါင်းငြိမ့်ဝန်ခံလိုက်တယ်.။ အဟုတ်ကို ရွံစရာမကောင်းပါဘူး..။ မဟုတ်ရင် ကျွန်တော် ဘယ်လိုလုပ် သူတောင်းစား တစ်ယောက်နဲ့ စကားလက်ဆုံကျနေပါ့မလဲ..။
” ကျွန်တော် SWOT (Strengths, Weaknesses, Opportunities and Threats) ခွဲခြမ်းစိတ်ဖြာနည်းကို နားလည်တယ်။ ကျွန်တော့်ရဲ့ ပြိုင်ဘက်တွေကြားမှာ ကျွန်တော့်ရဲ့ strength ဟာ ရွံစရာကောင်းမနေတာပါ။ Opportunities နဲ့ Threats ကတော့ အပြင်က အခြေအနေတွေပါ။ ဒီမြို့မှာ လူဦးရေများတာတို့၊ မြို့ရဲ့ အင်္ဂါရပ်ကို မြှင့်တင်မှာတို့ပေါ့ဗျာ”
“ကျွန်တော် အသေးစိတ်တွက်ချက်ဖူးတယ်ဗျ။ ဒီနေရာမှာ တစ်နေ့ကို လူဦးရေ သောင်းဂဏာန်းလောက် ဖြတ်သန်းသွားလာနေတာ.။ ဆင်းရဲတဲ့သူတွေများတယ်။

ဒါပေမယ့် ပိုက်ဆံချမ်းသာတဲ့သူတွေ ပိုများတာပေါ့ဗျာ.. သီအိုရီအရ ပြောရရင် အကယ်၍ ကျွန်တော်ဟာ တစ်ရက်ကို လူ၁ယောက်ဆီက တစ်ကျပ်ပဲတောင်းဦးတော့၊ ၁လကို သုံးသိန်းလောက်ဝင်နိုင်တယ်..။ ဒါပေမယ့် လူတိုင်းက ပေးမှာမဟုတ်ဘူးလေ၊ ပြီးတော့ ကျွန်တော်လည်းတစ်နေ့တည်းနဲ့ လူအဲလောက်အများကြီးဆီက တောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး.။ အဲဒါကြောင့် ကျွန်တော် ခွဲခြမ်းစိတ်ဖြာရတယ်၊ ဘယ်ဟာတွေကတော့ target customer၊ ဘယ်ဟာတွေကတော့ potential customers ဆိုတာပေါ့ဗျာ”

သူက တံတွေးမျိုပြီး ဆက်ပြောပြန်တယ်..”ဒီဘက်ပိုင်းမှာ ကျွန်တော့်ရဲ့ target customers က စုစုပေါင်း ဖြတ်သန်းသွားလာနေတဲ့လူအရေအတွက်ရဲ့ ၃ဝရာခိုင်နှုန်းပေါ့..၊ အောင်မြင်နိုင်ခြေက ၇၀%ရှိတယ်..။ potential customers က ၂၀% ရှိတယ်၊ အောင်မြင်နိုင်ချေက ၅၀%၊ ကျန်တဲ့ ၅၀%ကတော့ကျွန်တော် လက်လျှော့ဖို့ ရွေးချယ်လိုက်တယ်.။ ကျွန်တော့်မှာ သူတို့နဲ့ ကံစမ်းနေဖို့ အချိန်မလောက်လို့””အဲဒါဆို ခင်ဗျားရဲ့ customer ကို ခင်ဗျား ဘယ်လို သတ်မှတ်လဲ” ကျွန်တော် မေးလိုက်မိတယ်..။

“အရင်ဆုံး target customer ကို ပြောပြမယ်။ ခင်ဗျားတို့လို လူငယ်တွေပေါ့၊ ဝင်ငွေရှိတယ်.။ ရက်ရောတယ်။ ဒါ့အပြင် စုံတွေရောပဲ။ သူတို့က တစ်ဖက်သားရှေ့မှာ မျက်နှာပျက်မခံချင်လို့၊ ရက်ရက်ရောရော ပေးတတ်ကြတယ်၊ ဒုတိယအနေနဲ့က တစ်ယောက်တည်းဖြစ်နေတဲ့ မိန်းမလှလေးတွေကို ကျွန်တော်က potential customer လို့ သတ်မှတ်ထားတယ်..။ သူတို့က ရှုပ်ရှုပ်ယှက်ယှက်တွေကြောက်တတ်ကြတော့၊ အများအားဖြင့် ပေးတတ်ကြတယ်။ အဲဒီ လူအုပ်စု၂မျိုးလုံးကို အသက် ၂ဝကနေ ၃ဝကြားကို ထားတယ်.။ သိပ်အသက်ငယ်ရင်လည်း ဝင်ငွေသိပ်မရှိတတ်ကြဘူးလေ။ အသက်အရမ်းကြီးရင်လည်း အိမ်ထောင်ကျပြီးလောက်ပြီ။ ငွေရေးကြေးရေး မိန်းမက ထိန်းချုပ်နေပြီ။ အဲလို လူတွေက ဘာမှ မျှော်မှန်းစရာ သိပ်မရှိဘူး”
“အဲဒါဆို ခင်ဗျားတစ်နေ့ကို ဘယ်လောက်လောက် ရတတ်သလဲ”ကျွန်တော် မေးလိုက်တယ်.။
“Monday to Friday ကတော့ နည်းနည်း ပါးတယ်ဗျ၊ ၂၀ဝလောက်တော့ ရတာပေါ့..။ စနေ၊ တနင်္ဂနွေဆိုရင် လေးငါးရာလောက်တော့ ရတာပေါ့ဗျာ”

“အဲလောက်တောင် များများ ရလား”
ကျွန်တော်နည်းနည်း သံသယရှိနေတာ တွေ့တော့ သူက ကျွန်တော့ကို တွက်ပြတယ်..။”ခင်ဗျားတို့လိုပဲ ကျွန်တော်လည်း ၁ရက်ကို ၈နာရီ အလုပ်လုပ်တယ်ဗျာ။ မနက် ၁၁နာရီကနေ ည ရနာရီထိ၊ စနေ၊တနင်္ဂနွေလည်း မနားဘူး။ ကျွန်တော် တခါတောင်းတဲ့ ကြာချိန်က ၅မိနစ်ပေါ့။ လမ်းလျှောက်ပြီး ပစ်မှတ်ရှာတဲ့ အချိန်တွေကို နှုတ်လိုက်ရင်၊ အကြမ်းအားဖြင့် ၁မိနစ်ကို ၁ယောက်၊ ၁ကျပ်နှုန်းနဲ့ရတယ်။ ၈နာရီဆိုတော့ ၄၈ဝ ရတာပေါ့။ ပြီးတော့မှ အောင်မြင်နိုင်ခြေ ၆၀% (၅၀%+၇၀%)/၂ နဲ့ မြှောက်လိုက်ရင် ၊ ၃၀ဝ နီးပါးလောက်ရတာပေါ့။ customer ကို အမြီးဆွဲပြီး တစ်လမ်းလုံး လျှောက်လိုက်နေလို့ လုံးဝမဖြစ်ဘူး၊ ဘာလို့လဲဆိုတော့ သူသာ ပေးချင်ရင် အစောတည်းက ပေးပြီးနေပြီလေ။ အဲဒါကြောင့် ဇွတ်လိုက်နေလည်း အောင်မြင်ချင်မှ အောင်မြင်မှာကိုး။ အဲဒါကြောင့် အကန့်အသတ်ရှိတဲ့ အချိန်တွေကို မပေးချင်တဲ့ customer ဆီမှာ မဖြုန်းပစ်ရဘူး။ နောက်တစ်ယောက် ရှာတာကမှ ဟုတ်သေးတယ်။”

ကောင်းလှချည်လား။ ဒီသူတောင်းစားမခေဘူးပဲ။ ရုပ်နဲ့တောင်မလိုက်ဘူး။
ပြောတဲ့စကားတွေက ဝါရင့် Marketing Supervisor လားကျနေတာပဲ..။
“ခင်ဗျား ဆက်ပြောပါ။” ကျွန်တော် ပိုစိတ်ဝင်စားလာတယ်..။ ဒီနေ့တော့ ပညာတွေရပြီ..။
“တစ်ချို့က သူတောင်းစားဟာ ကံကိုမှီပြီး စားရတယ်လို့ ပြောကြတယ်။ ကျွန်တော်ကတော့ အဲလို မသတ်မှတ်ဘူး။ ဥပမာ ပြောမယ်ဗျာ..။ မိန်းကလေးပစ္စည်းတွေချည်းပဲ ရောင်းတဲ့ဆိုင်ရှေ့မှာ အမျိုးသားချောချော၁ယောက်နဲ့၊ ကောင်မလေး ချောချောလေး ၁ယောက်ရပ်နေရင် ဘယ်၁ယောက်ကို ခင်ဗျား တောင်းမလဲ။” ကျွန်တော်စဉ်းစားလိုက်ပြီး၊ မသိဘူးလို့ ဖြေလိုက်တယ်..။

“ခင်ဗျား ယောက်ျားလေးကို သွားတောင်းသင့်တယ်.။ ဘေးမှာ မိန်းမချောလေး ရပ်နေတော့၊ သူမပေးဘဲ နေရမှာ ရှက်လိမ့်မယ်။ ကောင်မလေးသာ သွားတောင်လို့ကတော့ ကြောက်ချင်ယောင်ဆောင်ပြီး ဝေးဝေး ရှောင်သွားလို့ရတာပေါ့။”
“ခင်ဗျားကို နောက်ဥပမာ၁ခု ထပ်ပေးမယ်။ တစ်နေ့က shopping mall ၁ခု ရှေ့မှာ ပစ္စည်းဝယ်ပြီးခါစ ထွက်လာတဲ့ အထုပ်တွေနဲ့ မိန်းမငယ် ၁ယောက်ရယ်၊ ရေခဲမုန့်စားနေတဲ့ လူငယ်ပိုင်း စုံတွဲ၁တွဲရယ်၊ သပ်သပ်ရပ်ရပ် ဝတ်စားထားတဲ့ laptop အိတ်ဆွဲထားတဲ့ လူငယ်တစ်ယောက်ရယ်ရှိနေတယ်။ ကျွန်တော် လူတစ်ယောက်ကို သုံးစက္ကန့်စာလောက်ပဲ အကဲခတ်လိုက်တယ်.။ ပြီးတော့ ကောင်မလေးဆီကို သွားတောင်းလိုက်တယ်။ သူက အိတ်ထဲက အကြွေစေ့ ၂စေ့ကို နှိုက်ပေးပြီး ထူးဆန်းတကြီးကျွန်တော့်ကို ဘာလိုသူ့မှတောင်းတာလဲလို့ မေးတယ်။ ကျွန်တော်က ဟိုစုံတွဲက ရေခဲမုန့်စားနေကြတာ၊ ပိုက်ဆံနှိုက်ဖို့လက်မအားဘူး၊ ဟို ယောက်ျားကတော့ အရာရှိပိုင်း ကုမ္ပဏီ ဝန်ထမ်းဆိုတော့ အကြွေမပါလောက်ဘူး၊ မင်းကတော့ ခုမှ ပစ္စည်းဝယ်ပြီးထွက်လာတာဆိုတော့၊ သေချာပေါက် အကြွေပါမှာကြောင့်လို့ ပြန်ဖြေလိုက်တယ်.။”

ယုတ္တိရှိသား! ကျွန်တော်နားထောင်လေ စိတ်ဝင်စားလေ ဖြစ်လာတယ်.။
“သိပ္ပံနည်းကျ တောင်းရမယ်။ နေ့တိုင်း ဂုံးတံတားပေါ် သွားထိုင်နေလို့ ဘယ်ဖြစ်ပါ့မလဲ။ ဂုံးတံတားပေါ်က ဖြတ်ကြတဲ့သူတွေက အလျင်စလိုတွေချည်းပဲ။ ဘယ်သူက ဂုံးတံတားပေါ်အားယားယား သွားလျှောက်နေမလဲ။ လှေကား တက်လိုက် ဆင်းလိုက်နဲ့ မောကမောသေး၊ ကိုယ့်ကို ကိုယ် ပညာနဲ့ တန်ဆာဆင်ထားရမယ်ဗျ၊ ဗဟုသုတလိုက်စားတာ လူတစ်ယောက်ကို ထက်မြက်လာစေတယ်။ ထက်မြက်တဲ့သူဟာ အဆက်မပြတ် ဗဟုတ်သုတ ရှာမှီးနေမှ လူတော်ဖြစ်လာမှာပေါ့။၂၁ရာစုမှ အလိုအပ်ဆုံးက လူတော်တွေပဲလေဗျာ”
“တစ်ခါက လူတစ်ယောက် ကျွန်တော်ကို ငွေငါးဆယ်ပေးပြီး တိုက်အောက်ကနေ နီရေ လွမ်းလိုက်တာလို့ အခါ၁၀ဝ သွားအော် ပေးရမတဲ့။ ကျွန်တော် တွက်ကြည့်လိုက်တယ်။ တစ်ခါအော်ရင် ငါးစက္ကန့်လောက်အော်ရမယ်။ ကျွန်တော် တစ်ခါတောင်းတာနဲ့ ညီမျှတယ်။ ရတာကကျတော့ ပြား၅ဝပဲရတယ်။ အဲဒါနဲ့ ကျွန်တော် ငြင်းလိုက်တယ်။”

“ဒီ စိန်းကျိန့်မြို့မှာ သာမာန် သူတောင်းစားဆိုရင် ၁လကို ၈၀၀/တစ်ထောင် ရအောင် တောင်းနိုင်တယ်။ ကံကောင်းရင်တော့ ၂၀၀ဝ စွန်းစွန်းရတာပေါ့..။ စိန်းကျိန့် ၁မြို့လုံး သူတောင်းစား အယောက်၁သိန်းမှာ ၁ဝယောက်လောက်ပဲ ၁လကို ၁သောင်းအထက်ရအောင် တောင်းနိုင်တယ်။ ကျွန်တော်က အဲဒီ ၁ဝယောက်ထဲက တစ်ယောက်ပဲ..။ ပြီးတော့ ဝင်ငွေက ငြိမ်တယ်။ အများအားဖြင့် အရမ်းကြီး အတက်အကျမရှိဘူး။”
မိုက်လှချည်လား။ ကျွန်တော် ဒီသူတောင်းစားကို တော်တော် လေးစားသွားတယ်။
“ကျွန်တော်က ကျွန်တော့်ကို ကျွန်တော် ပျော်ရွှင်တဲ့ သူတောင်းစားလို့ အမြဲပြောတယ်။ အခြားသူတောင်းစားတွေကတော့ ကျွန်တော့်ကို အဲဒါ ပိုက်ဆံများများ ဝင်လို့ပျော်တာလို့ ပြောကြတာပေါ့။ ကျွန်တော်က သူတို့ကို ပြန်ပြောတယ်။ ခင်ဗျားတို့ မှားနေတယ်။ ကျွန်တော့်မှာ ပျော်ရွှင်တက်ကြွတဲ့ စိတ်ရှိနေလို့ ဝင်ငွေများနေတာလို့။”
အပြောကောင်းချက်ဗျာ

“တောင်းတယ်ဆိုတာ ကျွန်တော့်အလုပ်ပဲဗျ။ အဲဒီတော့ အလုပ်ကပေးလာတဲ့ ပျော်ရွှင်မှုလေးတွေကို ခံစားတတ်ရတယ်.။ မိုးရွာတဲ့နေ့ လူသွားလူလာနည်းတဲ့အခါ၊ တခြား သူတောင်းစားတွေက ညည်းတဲ့သူညည်း အိပ်တဲ့သူ အိပ်နေကြတယ်။ အဲလို လုပ်လို့ လုံးဝမဖြစ်ဘူးဗျ။ စိတ်ထဲကနေ ဒီမြို့ရဲ့ အလှကို ခံစားရမယ်..။ ညအလုပ်သိမ်းလို့ အိမ်ပြန်တဲ့အခါ မိန်းမနဲ့ ကလေးကို ခေါ်ပြီး ဈေးလေးဘာလေးပတ်၊ အစားလေးဘာလေးစားပေါ့၊ ညရှုခင်းလေးခံစားရင်း တစ်မိသားစုလုံး ပျော်ပျော်ပါးပါးပေါ့..။ အဲလိုဆိုရင် ဒီဘဝ အသက်ရှင်ရတာ အဓိပ္ပါယ်မမဲ့တော့ဘူးပေါ့ဗျာ။ အကယ်၍များ လုပ်ငန်းတူတွေ့လို့ တစ်ခါတစ်လေလည်း အကြွေလေး ဘာလေး ပစ်ပေးလိုက်တာပေါ့။ သူတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျေးဇူးတင်စကားပြောရင်း ထွက်သွားတာကို တွေ့တော့လည်း ကိုယ့်ကို ကိုယ် ပြန်မြင်နေသလိုပေါ့”

“ခင်ဗျားက မိန်းမနဲ့ ကလေးနဲ့?” ကျွန်တော်အလန့်တကြားမေးလိုက်မိတယ်။ လမ်းသွားလမ်းလာတွေတောင် ငဲ့ကြည့်သွားကြတယ်။
“ကျွန်တော်မိန်းမက အိမ်ရှင်မ တာဝန်ကို အပြည့်ယူထားတယ်။ ကလေးက မူလတန်းတက်နေပြီ။ ကျွန်တော် ဖူထျန် ရပ်ကွက်ဘက်မှာ တိုက်ခန်းလေးတစ်ခန်း installment နဲ့ ဝယ်ထားတယ်.။ ၁ဝနှစ်ခွဲပေးရမယ်.။ နောက် ၆နှစ်ဆို ကြေပြီဗျ.။ ကျွန်တော် ကြိုးစားမှဖြစ်မယ်။ ကျွန်တော့သားလေး ကြီးလာရင် တက္ကသိုလ်မှာ Marketing Major ယူခိုင်းရမယ်။ ပြီးရင် အဖေ့အမွေဆက်ခံပြီး ကျွန်တော့်ထက်သာတဲ့
သူတောင်းစားဖြစ်အောင် ကြိုးစားခိုင်းရမယ်.။”

“လွန်ခဲ့တဲ့ ၅နှစ်တုန်းက PROFIBUS ဆိုတဲ့ ကုမ္ပဏီမှာ Market planning လုပ်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ၂နှစ်တုန်းကတော့ Sales Manager အဖြစ် promotion ရတယ်ဗျ။ ၁လကို ၅၀၀ဝနဲ့ပေါ့..။ အဲချိန်တုန်းက ၁သောင်းကျော်တန် Samsung Laptop ၁လုံးကို installment နဲ့ ဝယ်ခဲ့တယ်။ ၁လကို ၂၀၀ဝသွင်းရတယ်။ သေမလိုရှင်မလိုပဲဗျာ..။ နောက်တော့ ကျွန်တော် စဉ်းစားတယ်။ ဒီလိုသာဆက်သွားရင်တော့ ၁သက်လုံး လူမွှေးလူတောင် ပြောင်မှာ မဟုတ်ဘူးလို့။ အဲဒါနဲ့ အလုပ်ထွက်လိုက်တာ။ ပြီးတော့ ကျွန်တော်ဒီမြို့ကို ပြောင်းလာပြီး သူတောင်းစားလာလုပ်နေတာ။
ကျွန်တော်က အဆင့်မြင့် သူတောင်းစားတစ်ယောက်ဖြစ်ချင်တာဗျ.. ”
သူ့စကားလည်း ဆုံးရော ကျွန်တော် စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်မိတာက…”ကျွန်တော့်ကို တပည့်အဖြစ်လက်ခံနိုင်မလားဗျာ….”

:D
credit to Serein Ma Yu Hninn

ဒါလေးဖတ်ပြီးတော့ “ကျွန်တော်တို့ သိသင့်သိထိုက်တာ အကုန်လုံး မူလတန်းကတည်းက သင်ကြားခဲ့ပြီးပါပြီ” ဆိုတဲ့ ဆိုရိုးလေး သွားသတိရမိတယ်…။ ကျွန်တော်တို့ ဘဝမှာ တွေ့ကြုံရတဲ့ အကြောင်းအရာ အဖြစ်အပျက် တော်တော်များများဟာ.. ကျွန်တော်တို့ ကြားဖူး ၊ သိဖူး ၊ ကြုံဖူး ၊ ဖြေရှင်းဖူးကြတဲ့ အမျိုးအစားတွေ များပါတယ်…။ ဒါပေမယ့် ကျွန်တော်တို့ဟာ မှတ်မှတ်သားသား..၊ တွေးတွေးကြံကြံ မရှိတဲ့ အခါကျတော့ မေ့ပျောက်သွားတတ်ကြတယ်…။ အဲ့ဒီ အတွေ့အကြုံတွေကို စနစ်တကျ စုစည်း မှတ်သားပြီး.. လိုအပ်တဲ့ နေရာမှာ လိုသလို အသုံးချတတ်သူတွေ ၊ ဒါမှမဟုတ် အဲ့ အတွေ့အကြုံတွေပေါ် အခြေခံပြီး ထိုးဖောက်တီထွင် ဖန်တီးတတ်သူတွေဟာ ရှေ့တန်းကို ရောက်ကြရတာပါပဲ…။ ” စောစောထ ၊ မျက်နှာသစ် ၊ သွားတိုက် ၊ အိပ်ရာသိမ်း ၊….” စသဖြင့် အလုပ်ကို အစီအစဉ်တကျ လုပ်တတ်ဖို့ ကျွန်တော်တို့ သင်ကြားခံခဲ့ရတယ်..။ ဒါပေမယ့် ကျွန်တော်တို့ အတော်များများ အရွယ်ရောက်လာတဲ့ ကြုံသလိုလုပ် ၊ ကြုံသလိုဖြေရှင်းတတ်ကြတယ်..။ “လဲနေသူထူပေးပါ ၊ အားငယ်သူအားပေးပါ” အဲ့ဒီလိုလည်း သင်ခဲ့ကြရတယ်…။ ဒါပေမယ့် ကျွန်တော်တို့ အကြိမ်တော်တော်များများမှာ ဝါးကူ မထိုးမိရင်တောင် ဥပေက္ခာ ပြုမိတတ်ကြတယ်…။ ကျွန်တော်တို့ ငယ်ငယ်က ” ဖေဖေ ဒါဘာလဲ ၊ မေမေ ဒါဘာလဲ ” နဲ့ လောကကြီးထဲက အရာရာကို သိချင်စိတ် စူးစမ်းချင်စိတ် ပြင်းပြခဲ့ကြတယ်..။ အရွယ်ရောက်လာတာနဲ့ အမျှ အဲ့ စိတ်တွေ လျော့နည်းသွားကြတယ်…။ အဲ့လို သိချင်စိတ်တွေ မလျော့နည်းတဲ့ ၊ အရာရာကို သိချင်စိတ် စူးစမ်းချင်စိတ်ပြင်းပြသူတွေကျတော့ တီထွင်ပညာရှင်တွေ ၊ အတွေးအခေါ်ပညာရှင်တွေ.. ဖြစ်လာကြတယ်…။ ပန်းသီးကြွေကျတာကို သိချင်ပြင်းပြခဲ့တဲ့ နယူတန်လိုပေါ့..။ ခု ဒီပုံပြင်လေးက သူတောင်းစားဟာလည်း သူ့အတွေ့အကြုံတွေ သူ့ တွေ့ရှိတာတွေကို မှတ်မှတ်သားသားနဲ့… ပြန်အသုံးချနိုင်တဲ့ အခါ သူတောင်းစားချင်းအတူတူတောင် ခေါင်းတစ်လုံးပိုသာခဲ့တယ်…။ နောက်ပြီး ခေတ်သစ်ပညာရေးကို လှောင်ထားထေ့ထားသလို သူ့သားကြီးလာရင် တက္ကသိုလ်မှာ Marketing Major ယူခိုင်းပြီး သူ့ထက်သာတဲ့ သူတောင်းစားလုပ်ခိုင်းမတဲ့…။ တက္ကသို်လ် ဘယ်လောက်ကောင်းကောင်းကြီးပဲ တက်တက် အသုံးချတတ်မှ ပညာမည်တယ်လို့ ပြောလိုက်သလိုပါပဲ…။ ကနေ့ခေတ် ကျွန်တော်တို့ ဆီက တက္ကသိုလ်တွေလိုဆို တောင်းစားတာတောင် ကောင်းကောင်းတောင်းစားတတ်မှာ မဟုတ်ဘူး…။ ကျွန်တော်တို့လည်း ဒီပုံပြင်လေးထဲက သင်ခန်းစာယူပြီးတော့.. …………………………………………………………………………………………………………………………………………………………………………………………………………………………………………..
……………………………………………………………………………………………………………………………………………
အဆင့်မြင့်မြင့် တောင်းစားကြရအောင်ဗျာ… :harr: (ဟို လူကြီးတွေလို မျက်နှာပြောင်ကြီးနဲ့တောင်းစားတာထက်တာ့ သာတာပေါ့…. :kwi: )

About လင္းစက္ရာ

has written 14 post in this Website..