အတိတ် ပစ္စုပန် အနာဂတ်

ကျွန်တော်သည် အတိတ်ကိုပိုင်ဆိုင်ခဲ့သည်။ ကျွန်တော်သည် အတိတ်ကိုပိုင်ချင်ပါသေးသည်။ အတိတ်သည် ကျွန်တော့် အား တိုးတက်မှုများစွာပေးခဲ့သည်။ နွေးထွေးမှုများစွာပေးခဲ့သည်။ မေတ္တာဓာတ်များစွာပေးခဲ့သည်။ တစ်ခါတစ်ရံ မွန်းကြပ်မှုများစွာလည်းပေးပြန်သည်။ အမှန်တကယ်တွင် အတိတ်သည်ကျွန်တော့်အနားတွင် မရှိမဖြစ်လိုအပ်ခဲ့သည်။ အတိတ်ကို အတိတ်မှာထားခဲ့ဆိုသည့်စကားအတိုင်း ကျွန်တော်သည် အတိတ်ကိုမထားခဲ့နိုင်ချေ။ ကျွန်တော်တတ်နိုင် သည်မှာ အတိတ်အားငေးမောကြည့်နိုင်ရုံသာ ကြည့်ခွင့်ရတော့၏။ အတိတ်သည် ကျွန်တော့်ရှေ့တွင်ပင် တဖြည်းဖြည်း ပါးပါးလျကာ ပျောက်ကွယ်သွားတော့မည်။ ကျွန်တော့်အား ပျောက်ကွယ်သွားမည့်ဆဲဆဲအထိ အတိတ်၏သံယောဇဉ်များ သည် အမျှင်တန်းလေးများသဖွယ် ကပ်ငြိကာကျန်နေခဲ့သေးသည်။ သေချာသည့်အရာတစ်ခုမှာ အတိတ်တွင် ကျွန်တော်၏ နောင်တများစွာ စုပုံကာ ကျန်ရစ်ခဲ့လိမ့်မည်။
ဒီနေ့ အတိတ်သည် ကျွန်တော်နှင့်အတူရှိမနေတော့ချေ။ လက်ရှိကျွန်တော့်လက်ထဲရှိ ပစ္စုပ္ပန်ကိုသာကျွန်တော်ပိုင်ဆိုင် တော့သည်။ ကျွန်တော့်တွင် ပစ္စုပ္ပန်များစွာရှိသည်။ ယခင်အတိတ်တုန်းကလည်း ပစ္စုပ္ပုန်များစွာရှိခဲ့ဖူးသည်။ ယခုအခါ ထိုပစ္စုပ္ပန်များသည် ကျွန်တော်၏လေလွင့်စိတ်ကြောင့် နောင်တများဖြင့်ပြည့်နှက်နေသော အတိတ်များဖြစ်သွားခဲ့သည်။ ကျွန်တော့်ရှေ့တွင် ပစ္စုပ္ပန်လေးများပြေးလွှားဆော့ကစားနေသည်။ တစ်ချို့ပစ္စုပ္ပန်လေးတွေက အစိမ်းရောင်ဖြစ်သည်။ တစ်ချို့ပစ္စုပ္ပန်များက အဖြူရောင်ဖြစ်သည်။ တစ်ချို့ပစ္စုပ္ပန်များက အပြာရောင်ဖြစ်၏။ အတိတ်ကိုပြန်လှည့်ကာ ပြုံးပြနိုင်ဖို့ အတွက် အစိမ်းရောင် ၊ အဖြူရောင် ၊ အပြာရောင် ပစ္စုပ္ပန်လေးများကို ကျွန်တော်တယုတယဖြင့် ကြိုးစားကာပျိုးထောင်နေ သည်။ အမှတ်တကယ် ကျွန်တော်ဘဝတွင် အတိတ်သည်လွန်စွာအရေးပါခဲ့သည်။ အတိတ်ကို လွန်းစွာအလေးထားခဲ့ သည်။ အတိတ်သည် လူတစ်ယောက်အတွက် အစစ်အမှန်ဘဝသမိုင်းတစ်ခုဖြစ်သည်။ အတိတသည် အဖွဲ့အစည်းတစ်ခု အတွက် ဂုဏ်တက်စေသောသမိုင်းဖြစ်သည်။ အတိတ်သည် နိုင်ငံတစ်နိုင်ငံအတွက် ဖျောက်ဖျက်လို့မရတော့ ပစ္စုပ္ပန်အထိ ဆက်လက် ပတ်သက်ကာ တည်ရှိနေမည့် သမိုင်းတစ်ခုဖြစ်သည်။
ကျွန်တော်၏ပတ်ဝန်းကျင်တွင် ပစ္စုပ္ပန်သည်အရောင်စုံများဖြင့် ရှုပ်ထွေးလျှက်ရှိသည်။ ကျွန်တော်ချစ်သော အစိမ်းရောင် ပစ္စုပ္ပန်များ ရှားပါးလာသည်ကိုကျွန်တော်တွေ့လိုက်ရသည်။ ရောယောင်ကာ အစိမ်းရောင်ပစ္စုပ္ပန်များကို ချစ်ပါသည် ဟူသော လူအများကြားတွင် ကျွန်တော်သည် အစိမ်းရောင်ပစ္စုပ္ပန်အား ယောင်ယမ်းကာမချစ်ခဲ့ဖူးပါ။ ဟိုယခင်အတိတ် ကတည်းက အစိမ်းရောင်ပစ္စုပ္ပန်အား ကျွန်တော်မြတ်နိုးခဲ့ပါသည်။ ထို့အတူ ကျွန်တော်ချစ်သော အဖြူရောင်ပစ္စုပ္ပန်များစွာ ရှိသေးသည်။ အဖြူရောင်ဆိုသည့်အတိုင်း ထိုပစ္စုပ္ပန်များသည် အပြစ်ကင်းသည့် ပစ္စုပ္ပန်များဖြစ်သည်။ ထိုပစ္စုပ္ပန်များသည် ပတ်ဝန်းကျင်အနေအထားကြောင်း ပျက်ယွင်းသွားမည်ကို ကျွန်တော်အလွန်ပူပန်နေမိသည်။ အတိတ်သည် လူတစ် ယောက်အတွက် အလွန်အရေးပါမည်ဆိုလျှင် အတိတ်ဖြစ်လာမည့် ပစ္စုပ္ပန်ဆိုသည်မှာ ပို၍အရေးကြီးမည်ဟု ကျွန်တော် ထင်မိသည်။ ထိုအခါ အဖြူရောင်ပစ္စုပ္ပန်အား ပို၍ပင်ကျွန်ပူပန်လာမိသည်။ မှောင်းမှိုင်းသော ပစ္စုပ္ပန်များ ဖြစ်မသွားအောင် ကျွန်တော်အမြဲစဉ်းစားမိသည်။
အစိမ်းရောင်ပစ္စုပ္ပန်များသည် အနာဂတ်ကိုရည်ညွှန်းသလိုပင် အတိတ်နှင့်လည်းဆက်စပ်နေသည်။ အဖြုရောင်ပစ္စုပ္ပန်များ သည် အနာဂတ်ကိုဦးတည်ကာပင် ရည်ညွှန်းနေ၏။ လုံးဝကွဲပြားနေသည်မှာ အပြာရောင်ပစ္စုပ္ပန်များဖြစ်သည်။ အပြာရောင် ပစ္စုပ္ပန်သည် အတိတ် ၊ ပစ္စုပ္ပန် နှင့် အနာဂတ်ကိုပါ စေစားနိုင်သည်ကို ကျွန်တော်သိသည်။ ကောင်းကင်ပြာကြီးအတိုင်းပင် အပြာရောင်သည် လူသားအားလုံးအုပ်စိုးထားသည်။ အရာအားလုံးအား အုပ်စိုးထားသည့် အပြာရောင်သည် သူကိုယ်တိုင် ပင် တည်ငြိမ် ရင့်ကျက် ဖြောင့်မတ် မှန်ကန်စွာတည်ရှိနေရမည်။ အစိမ်းရောင်ပစ္စုပ္ပန် ၊ အဖြူရောင်ပစ္စုပ္ပန် နှစ်ခုလုံးကိုပင် ကျွန်တော်တို့ သိမ်မွေ့စွာ ထိန်းသိမ်းနိုင်ပါသည်။ သို့သော် အပြာရောင်ပစ္စုပ္ပန်ကိုတော့ ကျွန်တော်တို့သည် အပြာရောင် ကောင်းကင်အောက်တွင် နေရသကဲ့သို့ပင် အုပ်စိုးရာသို့မျောပါရမည်။ ထိုအခါ အပြာရောင်ပစ္စုပ္ပန်သည် အားလုံးထဲတွင် အရေးပါဆုံးဖြစ်လာသည်။ ကောင်းကင်သည် အမြဲတမ်းမပြာသကဲ့သို့ပင် အမြဲတစေမမှောင်ချေ။ မည်းမှောင်ခဲ့သော ကောင်းကင်သည် တစ်ချိန်တွင် မှောင်းမည်းနေသော အတိတ်ကို ကိုယ်စားပြုလိမ့်မည်။ ပြာလဲ့ကြည်လင်နေသောကောင်း ကင်သည် နောင်တစ်ချိန် အနာဂတ်တွင် ကြည်လင်ပြတ်သားခြင်းကို ကိုယ်စားပြုလိမ့်မည်။ ကျွန်တော်တို့ဘဝတွင် အပြာရောင်ပစ္စုပ္ပန်သည် အတိတ်နှင့်အနာဂတ်ကိုပါ ကိုယ်စားပြုသွားလိမ့်မည်။
အနာဂတ်သည် အတိတ် ပစ္စုပ္ပန် တို့၏နော်ဆက်တွဲပြယုဂ်ဖြစ်သည်။ အတိတ် ပစ္စုပ္ပန် တို့သည် အနာဂတ်၏ အခြေခံ အုတ်မြစ်များဖြစ်သည်။ အစိမ်းရောင်ပစ္စုပ္ပန်များကြောင့် အနာဂတ်သည် စိမ်းလန်းလာနိုင်သလို၊ အဖြူရောင်ပစ္စုပ္ပန် များကြောင့် အနာဂတ်သည် ငြိမ်းချမ်းစွာအဖြူရောင်များဖြင့် သာယာနေလိမ့်မည်။ မာယာပြက္ခဒိန်လိုမျိုးတော့ အနာဂတ် သည် နှစ်ထောင့်တစ်ဆယ့်နှစ်ခုနှစ် ဒီဇင်ဘာ နှစ်ဆယ့်တစ်ရက်နေ့တွင် ကမ္ဘာပျက်ရမည်ဟု တစ်သတ်မှတ်တည်း မှတ်ယူ လိုတော့ရမှာမဟုတ်ချေ။ အတိတ်နှင့် ပစ္စုပ္ပန်ပေါ်မူတည်၍ အနာဂတ်သည် အစိမ်းရောင်များဖြင့် စိမ်းလန်းနေနိုင်သလို အညိုရောင်များဖြင့် နွမ်းလျရင် နွမ်းလျနေလိမ့်မည်။ အဖြုရောင်များဖြင့် ငြိမ်းချမ်းနေသလို အနီရောင်များဖြင့် ပူလောင်ချင် ပူလောင်နေလိမ့်မည်။ လူတစ်ယောက် ၊ အဖွဲ့အစည်းတစ်ခု ၊ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် ထိုလူတစ်ဦးတစ်ယောက် ၊ အဖွဲ့အစည်းတစ်ခု၏ခေါင်းဆောင်း ၊ နိုင်ငံတစ်နိုင်ငံ၏ အကြီးအကဲပေါ် မူတည်၍ အရောင်အမျိုးမျိုးပြောင်းလဲနိုင်သည်။ အနာဂတ်သည် အတိတ် ပစ္စုပ္ပန်ပေါ်မူတည်၍ ပြောင်းလဲသော မိမိကိုယ်ကိုမပိုင်သော အချိန်တစ်ခုပင်ဖြစ်၏။
ကောင်းကင်ပြာပြာကြီးအောက်တွင် ဆောင်းရာသီနေကပူပြင်းစွာတောက်ပနေ၏။ စိမ်းစိုကာပြန့်ကားနေသော ဗန်ဒါပင် အောက်တွင် ကျောင်းပိတ်ရက်မို့ ကလေးများဆော့ကစားနေကြသည်။ ရုံးပိတ်ရက်ဖြစ်သည်မို့ ထိုမြင်ကွင်းမှာ အိမ်ဝရန်တာမှ အတိုင်းသားကျွန်တော်မြင်နေရသည်။ ကျွန်တော့်မျက်စိထဲမြင်ယောင်မိသည် ကောင်းကင်ပြာကြီးက အတိတ်ဆိုလျှင် ပူငွေ့ငွေ့နေရောင်တောက်တောက်သည် ပစ္စုပ္ပန်ဖြစ်ပြီး သစ်ပင်ရိပ်များအောက်တွင် ဆော့ကစားနေသော ကလေးငယ်များသည် အနာဂတ်ပင်ဖြစ်လိမ့်မည်။ လတ်တလေအခြေအနေမှာပင် အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂတ်များကို ကျွန်တော်မြင်ယောင်မိသည်။ အစိမ်းရောင်သစ်ပင်များရှားပါစပြုလာချိန်တွင် နေရောင်ပြင်းပြင်းအောက် အရိပ်ရှာနေသော ကလေးငယ်များကို ကျွန်တော်ကြည့်ပြီးစဉ်စားမိသည်။ ကျွန်တော်စဉ်းစားမိသလိုပင် အတိတ်ကကောင်းကင်ပြာပြာကြီးက သာယာစွာရှိနေသည်။ ပူလောင်းပြင်းပြသည့် ပစ္စုပ္ပန်နေလုံးကြီးသား အပူချိန်အနည်းမျှလျော့သွားမည်ဆိုလျှင် အေးမြသည့်   သစ်ရိပ်ဝါးရိပ်ကိုရှာနေသော အနာဂတ်ကလေးငယ်များ ပျော်ရွှင်လိမ့်မည်ဟု ကျွန်တော်ထင်သည်။ သို့ပေမယ့် ပစ္စုပ္ပန် နေရာင်ကြီးက ပူလောင်မြဲ ပူလောင်ဆဲပင်ဖြစ်သည်။
ကျွန်တော့်တွင် အတိတ်ရှိခဲ့ဖူးသည်။ ကျွန်တော့်တွင် အတိတ်များထပ်ရှိလာဦးမည်။ ကျွန်တော့်တွင် ပစ္စုပ္ပန်များစွာရှိခဲ့ဖူး သည်။ ကျွန်တော့်တွင် ပစ္စုပ္ပန်များထပ်ရှိလာဦးမည်။ ကျွန်တော့်တွင် အနာဂတ်များစွာရှိသည်။ ရှိခဲ့ဖူးသည့် အတိတ်တွေကို ကျွန်တော်မပိုင်ဆိုင်ခဲ့သလိုပင်၊ ရှိခဲ့ဖူးသည် ပစ္စုပ္ပန်များကိုလည်း ကျွန်တော်လွတ်လပ်စွာပိုင်ဆိုင်ခွင့်မရခဲ့ချေ။ နောက်လာ မယ့် အနာဂတ် (သို့မဟုတ်) ဖြစ်လာမည့် ပစ္စုပ္ပန်များကို ကျွန်တော်လွတ်လပ်စွာ ပိုင်ဆိုင်ခွင့်ရချင်သည်။ စဉ်းစားရင်းပင် ကျွန်တော့်မျက်ဝန်းများတွင် ခပ်လဲ့လဲ့အရည်များဝေ့ဝဲလာသည် ထိုခပ်လဲ့လဲ့အရည်များသည် မလိုအပ်တော့သော မျှော်လင့်စရာမရှိတော့သော အတိတ်ဆိုးမှဖြစ်ရပ်များဖြစ်ပါစေဟုသာ ကျွန်တော်ဆုတောင်းလိုက်မိသည်။ ဝရန်တာမှထိုင်နေရင်းပင် ပုစွန်ဆီရောင်တောက်သောတိမ်များကို ကျွန်တော်ငေးမောကြည့်နေမိသည်။ နေ့တစ်နေ့၏ ပစ္စုပ္ပန်သည် အတိတ်ကာလသို့တဖြည်းဖြည်းရွေ့လျားနေတော့သည်။ ပစ္စုပ္ပန်ဖြစ်လာမည့် အနာဂတ်ကို ကျွန်တော် အနည်းငယ်တော့မျှော်ကြည့်လိုက်မိသေးသည်။ ကျွန်တော်မြင်ရသော အလင်းရောင်ခပ်သဲ့သဲ့နှင့် အနာဂတ်ကို သက်ပြင်းတစ်ချက်ချမိလိုက်သည်။
ကျွန်တော့်တွင် မိသားစုရှိသည်။ မိသားစုရှိသည့်အတွက် ကျွန်တော့်တွင် အနာဂတ်များစွာရှိသည်။ ကျွန်တော့်အတွက် မေမေသည် အတိတ်ဖြစ်သည်။ အတိတ်တွင်ရှိခဲ့သော မေမေ့ကျေးဇူးများအား ပစ္စုပ္ပန်တွင် ကျွန်တော်ဆပ်ရမည်။ မေမေ့အတွက် ကျွန်တော်သည်အနာဂတ်ဖြစ်သည်။ မေမေ့မျှော်လင့်ချက်များအကုန်လုံးသည် ကျွန်တော်ဖြစ်သောကြောင့် ဖြစ်သည်။ ကျွန်တော်နှင့်အတူတူပင် ပတ်ဝန်းကျင်ရှိလူအားလုံးတွင် အတိတ်ရှိသည်။ ပစ္စုပ္ပန်ရှိသည်။ အနာဂတ်ရှိသည်။ အမှန်တကယ်ဆိုလျှင် တစ်ဦးတစ်ယောက်ချင်းစီမဟုတ်ဘဲ လူသားအားလုံး၏ အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂတ်သည် အတူတူပင်ဟု ကျွန်တော်ပြောချင်သေးသည်။ ကျွန်တော်တို့အားလုံးသည် ပစ္စုပ္ပန်တွင်နေထိုင်ကြသည်။ ကျွန်တော်တို့ အားလုံးတွင် အစိမ်းရောင်ပစ္စုပ္ပန်များရှိသည်။ ကျွန်တော်တို့အားလုံးတွင် အဖြူရောင်ပစ္စုပ္ပန်များရှိသည်။ ကျွန်တော်တို့ အားလုံးတွင် အပြာရောင်ပစ္စုပ္ပန်များရှိသည်။ အစိမ်းရောင်သစ်ပင်များသည် ကမ္ဘာကြီးနှင့်လူသားတို့ကို အကျိုးပြုနေသည်။ ကလေးငယ်များသည် အဖြူရောင်များကဲ့သို့ဖြူစင်သည် လန်းဆန်း၏။ နိုင်ငံခေါင်းဆောင်များသည် အပြာရောင်များကဲ့သို့ တည်ကြည်ခန့်ညားသည်။ ကျန်ခဲ့မည့်အတိတ်များ သမိုင်းများခန့်ညားထည်ဝါ၍ ၊ ရောက်လာမည့်အနာဂတ်များ လင်းလက်တောက်ပစေဖို့ ၊ လက်ရှိပစ္စုပ္ပန်များကို ကျွန်တော်ဦးညွှတ်လိုက်မိသည်။ နောင်တစ်ချိန်တွင် ကျွန်တော်တို့၏ အတိတ် ၊ ကျွန်တော်တို့၏ ပစ္စုပ္ပန် ၊ ကျွန်တော်တို့၏ အနာဂတ်များသည်………………………………………….။
ရင်နှင့်ရင်း၍
အောင်မိုးသူ
နိုဝင်ဘာ ၁၅ရက် ၂၀၁၂ခုနှစ်
နေ့လည် ၂နာရီ ၂၈မိနစ်

One comment

  • Mobile

    December 4, 2012 at 12:09 pm

    ကူးယူထားလိုက်ပါတယ်ဗျာ။

Leave a Reply