တောက်စ်..အားနာလို့ လိုက်လျောတာ အတယ်များထင်သလား။ အကုန်ဖမ်း.. တကောင်မှ အပြင်မှာမထားနဲ့။ သမဒဦးကြောင်ကြီး ရေလည်လည် တင်းနေသည်။ လက်ပံတောင်းတောင် အရေးတွင် လူပုံအလယ် အရှက်ခွဲ ခံရသည် ယူဆ၍ ဒေါကီးခြင်းဖြစ်၏။ သနားလို့ နောက်လှည့်ပြတာ ကြည့်ယုံအားမရ ပြေးဆောင့်ရက်တယ်။ အကုန်ဖြတ်ပစ် အရင်းကစဖြတ် ငုတ်စိလေးတောင် ချန်မထားနဲ့။ ကြောင်ကြီးဘာကောင်ဆိုတာ သိစေရမယ်။ ရဲတပ်ဖွဲ့ကို ဒီအတိုင်းဆက် မထားဘူး။ အသစ်ပြန်ဖွဲ့မယ်၊ လက်ရှိရဲချုပ် ဦးမာဃကို ဖြုတ်လိုက်။ သူ့နာမည် သိကြားမင်းနဲ့တူတော့ ရဲတပ်ဖွဲ့အသစ်နဲ့ ပဏာမစားဘူး။ လူသစ်ထဲက ဘယ်သူရှိလဲ..။

ဗိုလ်စိန်ဗိုက် ရှိပါတယ် သမဒဂျီး။ ဒင်းကအမူးသမား မူးယစ်ဌာနကိုပို့။ ဗိုလ်ကပေ.. သူက လောင်းကစားဒိုင်.. ဒ/နဌာနကိုပို့။ ဩဇီဗိုလ်ဖော.. သူ့ကို ရေကြောင်းရဲဆီသွားခိုင်း၊ ဤသို့ဖြင့် စိတ်ကြိုက်လူစားထိုး ရှာဖွေရာ တရုတ်ရဲတပ်ဖွဲ့ သင်တန်းပြန် ဗိုလ်ကြေးမုံဂျီးအား တွေ့ရှိလေသည်။ ဒင်းကား ဘာမျှမသိ လမ်းဘေးဆိုင်တွင် ဗိုလ်ကျ၍ အီကြာကွေးနှင့် လဘက်ရည် အကြွေးသောက်နေ၏။ သူ့အတွေးဝယ် “လခွမ်းထဲမှပဲ ငါတရုတ်က ပြန်လည်းလာရော အဘကြောင်ကြီးက အမေရိကန်နဲ့ ပလူးပလဲလုပ်နေပြီ။ ခဲလေသမျှ သဲရေကျ.. ဒီလိုမှန်းသိ တရုတ်ပြည် မသွားပါဘူး၊ ယူအက်စ်စင်န်တာမှာ စပီကင်သင်တန်း တက်မှာပေါ့။ အခုတော့ လဘက်ရည်တောင် ညဘက် အရက်ပုန်းရောင်းတဲ့ ပန်ချာပီမဒေါ်ဝိုး ဆိုင်ရှိပေလို့…။

ကံတရားဆိုသည်က ဆန်းကြယ်လှသည်။ မနက်ကတင် လဘက်ရည် အကြွေးသောက်နေသော ဗိုလ်ကြေးမုံဂျီး နေ့လည်ရောက်တော့ ရဲဗိုလ်ချုပ်ကြီး ဖြစ်သွားပြီ။ အရှင်မွေး၍ နေ့ခြင်းကြီး ရပေသည်။ ကြေးမုံဂျီး၏ ဥပတိရုပ်၊ လုပ်ရည်ကိုင်ရည်မှာ ဖွဲ့စည်းပုံအသစ်၌ အံကိုက်ဖြစ်သောကြောင့်တည်း။ အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော တပ်ဖွဲ့ကို မြန်မာနိုင်ငံငရဲတပ်ဖွဲ့ အမည်ပြောင်းသည်။ ထို့ကြောင့် ရဲချုပ်ကြေးမုံဂျီးအား ငရဲမင်းကြီးဟုခေါ်သည်။ ကျန်သူများကား ငရဲထိန်းများဖြစ်သည်။ ကံအကြောင်းမလှ ဒင်းတို့ အနှိပ်အစက် ခံရသူများကား ငရဲသားများ အလိုအလျောက် ဖြစ်ကုန်ရ၏။ ငရဲဆိုသည်မှာ အပြစ်ဒဏ် ပေးသည့်နေရာ၊ ငရဲထိန်းများကား ကံအလျောက် ပေါ်လာသည်ဖြစ်၍ အကုသိုလ်မဖြစ်၊ တာဝန်ထမ်းဆောင်ခြင်း မည်ပေသည်။ အပြစ်ကျူးလွန်လျင် ငရဲသားရှိ.. ငရဲသားရှိလျင် ငရဲရှိ၊ ငရဲပြည်ရှိလျင် ငရဲထိန်း၊ ငရဲမင်း ရှိရပေသည်။ သူ့ကံနှင့် သူ့အကျိုး ဖြစ်ပေသည်တမုံ့။ ဤကား မြန်မာနိုင်ငံငရဲတပ်ဖွဲ့ ခံယူချက်အသစ်ပေတည်း..။

ကာတွန်း – ဘီရုမာ (မိုးမခမီဒီယာ)


ငရဲတပ်ဖွဲ့ ဆောင်ပုဒ်ကိုလည်း သစ္စာ၊ သမာဓိ၊ သတ္တိမှ သတ်ကွာ၊ အာစရိ၊ ဘာမှမသိ သို့ပြောင်းလိုက်သည်။ မည်သူမျှ စောဒက မတက်ဝံ့။ ဝက်ဆိုက်အတွက်မူ ဒေါက်တာချက်ကြီးအား ပြန်ပေးဆွဲ၍ ဆိုက်ခြင်းလဲစေရာ ရှယ်ပဲ၊ ဂွတ်တယ်ကွာ၊ အသစ်တင်ပါအုံးဗျို့၊ သူလေးကဘယ်သူလဲ စသည့် ကာလသားအပေါင်း မှတ်ချက်များ အလယ်တွင် ဝေဖန်ချက်များ တိမ်မြှုပ်ပျောက်ကွယ် သွားတော့သည်။ ငရဲတပ်အား အမည်သွားရာ ဓာတ်သက်ပါ နံပါတ်တုတ်အစား မီးလောင်ဗုံး၊ အက်ဆစ်ရည်ဗူးများ ကိုင်စေသည်။ ငရဲပြည်တွင် တုတ်နှင့်မရိုက်၊ ဆီပူကြော် မီးကင် ထုံးစံသာရှိသည်။ စခန်းထိုင်သူများအား မီဒီယာနှင့် အလှူခံ အတူတူဖြစ်ကြောင်း၊ သူ့ဆီက ရသည်မရှိ ကိုယ်ကသာပေးရ၍ လာမေးလျင် လူကြီးမရှိပါဖြေရန် ညွှန်ကြားသည်။ ငရဲတပ်ဖွဲ့ စွမ်းဆောင်ရည် တိုးတက်ရန် စခန်းတပ်ဖွဲ့များကို နေ့စဉ်ဂွင်ရှိ အူစိုသဖြင့်(၁) လောဘတပ် – ပိုက်ဆံပိုရှာရန်…၊ လုံထိန်းတပ်ဖွဲ့မှာ ဘေးထိုင် ဘိုင်ကျ၍ (၂) ဒေါသတပ် – တုတ်သိုင်း ဓါးသိုင်း မီးသိုင်းပိုလေ့ကျင့်ကြရန်၊ ရုံးထိုင်ငိုက်မြည်း ဦးရေးထောက် ဌာနချုပ် တပ်များအား (၃) မောဟတပ် – ပြန်တမ်းအမိန့်စာ ပိုထုတ်၍ ကမ္ဘာလှည့် ပိုက်ဆံတောင်းရန် တာဝန် ပေးလိုက်ရာ များမကြာမှီ ငရဲမင်းကြေးမုံဂျီး ဘီလျံနာ ဖြစ်သွားသဖြင့် တရုတ်ဝံကျီးချုပ်ဟောင်း ဝမ်ဘိုးဘိုးကပင် အဘခေါ်ရတော့သည်။

ထို့သို့ ထင်ရာစိုင်းရန် မြှောက်ပေးသူကား ကူမြူနစ်တရုတ်ကြီးဖြစ်၏။ တရုတ်ရဲသင်တန်းတွင် လေကာတာ ပေါင်းများစွာ ဆောက်ပြသော ကြေးမုံဂျီးအစွမ်း ၎င်းတို့ကောင်းစွာ သဘောပေါက်သည်။ မီးလောင်ရာလေပင့် ဆိုရိုးအတိုင်း လေတိုက်ရာ မီးလောင်ဖို့သာလို၏။ တပ်ဖွဲ့ဝင်များအား တပ်မဒေါ်ဂျီးသည် အရှင်သခင်ဖြစ်ပြီး မိမိတို့အား “င”တပ်ခေါ်ခြင်းမှာ ကျေးတော်ကျွန်တော်မျိုးများကို မြှောက်စားသည့်သဘောဖြစ်၍ အမှုတော်အား အရိုးကြေကြေ အရေခန်းခန်း ထမ်းရန်လိုကြောင်း၊ ရေမြင့်လျင် ကြာတင့်သည်၊ တပ်မဒေါ်ဂျီး အသားစားလျင် မင်းတို့ အရိုးကိုက်ရမည် ဧကန်ဖြစ်ကြောင်း၊ လက်ပံတောင်းတောင် ဘုန်းကြီးများ ဆန္ဒပြသည်ကို ဝိနည်းနှင့် မညီ၍ ငရဲမီးတိုက်လျင် ကုသိုလ်အတုံးလိုက်ရကြောင်း သွေးထိုးပြီး မီးလောင်ဗုံးများ ပစ်သွင်းဖြိုခွဲရာ မြန်မာနိုင်ငံ ငရဲတပ်ဖွဲ့သတင်း ကမ္ဘာကျော်လေသည်။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 643 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး