ကျနော် နှစ်သက်မိတဲ့ ဆောင်းပါးလေး တပုဒ်ပါ။ စာဖတ်သူများ သိသင့်တယ်ထင်လို့ တင်ပြပေးလိုက်ပါတယ်။ နှစ်သက်မယ်လို့လည်း မျှော်လင့်ပါတယ်။
………………………………………………………………………………..

“ပါရာဒိုင်းအသစ် စစ်အာဏာကာကွယ်ရေးလွှတ်တော်နှင့် သတင်းမီဒီယာတာဝန်”

ဇင်လင်း / ၁၄ ဇူလိုင် ၂၀၁၀

ယခုတလော ပြည်တွင်းထုတ်ဂျာနယ်တချို့တွင် စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲအား မစားရ ၀ခမန်း အမွှမ်းတင်လာကြသည်ကို တွေ့ရ၏။ စစ်အာဏာပိုင်တို့ လက်သပ်မွေးထားသည့် အခွင့်ထူးရ မီဒီယာများကဆိုလျှင် သခင်အားရ ကျွန်ပါးဝ ပိုလုပ်လာကြသည်။ “ရွေးကောက်ပွဲ သပိတ်မှောက်ရေးသည် အိုင်ဒီယာကောင်းမဟုတ်” ဟူသော ဆောင်းပါးမျိုး၊ “ရွေးကောက်ပွဲ မ၀င်ခြင်းကို အဘယ်ကြောင့် လမ်းလွဲဟု ခေါ်နိုင်သနည်း” ဟူသော ဆောင်းပါးမျိုးဖြင့် စစ်အာဏာရှင်တို့ ခင်းကျင်းထားသည့် ကျုံးထဲသို့ ဇွတ်အတင်း မောင်းသွင်းနေသည်။ ထိုထိုသော ဂျာနယ်မျိုးများအနက် The Voice ဂျာနယ်မှာ အကဲဆုံးဖြစ်သည်။

နိုင်ငံရေးပါတီမှန်လျှင် ရွေးကောက်ပွဲနှင့် မကင်းရ။ ရွေးကောက်ပွဲကို ဖြတ်သန်း၍ လွှတ်တော်ထဲဝင်ရမည်။ နိုင်ငံရေးပါတီတိုင်း ဆက်လက်ရှင်သန်လိုလျှင် လွှတ်တော်နိုင်ငံရေးဇာတ်ခုံပေါ် မဖြစ်မနေ တက်ရမည်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် ပါလီမန်လွှတ်တော်နိုင်ငံရေးသည်သာ ဗဟိုချက်ဖြစ်သည် … စသည် စသည်ဖြင့် The Voice က စစ်တပ်အကြိုက် ၀ါဒဖြန့်ပေးနေသည်။ The Voice ၏ ပင်တိုင်ဆောင်းပါးဆရာများက Academic တို့၏ စာအုပ်များကို ကိုးကားလျက် စစ်အစိုးရ၏ ရွေးကောက်ပွဲကို အားပေးထောက်ခံရေးသားနေကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ရွေးကောက်ပွဲ သပိတ်မှောက်သည့် ဆုံးဖြတ်ချက်အား အမြော်အမြင်မရှိသယောင် ဝေဖန်ပြစ်တင်နေကြသည်။ သို့သော် ပေါက်ပင် ဘာကြောင့်ကိုင်းရသည် ဆိုသည့်အချက်ကိုတော့ ထိုဆောင်းပါးဆရာတို့ စိုးစဉ်းမျှ ဖော်ပြရေးသားခြင်း မပြုကြ။

ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရသော်လည်း NLD အဖို့ ရွေးကောက်ပွဲဝင်ခြင်းသည်သာ အကောင်းဆုံးဟု ဆောင်းပါးဆရာတို့က တယူသန် ညွှန်းဆိုနေကြသည်။ ထိုမျှမက NLD မှ ပဲ့ထွက်လာသော NDF ကို ထောက်ခံအားပေးရန်ပင် တိုက်တွန်းလိုက်သေးသည်။ ဆောင်းပါးဆရာတို့သည် လက်ငင်းအခြေအနေအမှန်တို့ကို မသိ၍လား၊ သိလျက်နှင့် NLD အပေါ် လူထုအမြင်ေ၀၀ါးသွားအောင် ၀ါဒဖြန့်နေခြင်းလားဟု ထင်စရာဖြစ်သည်။

ယင်းသို့ တဖက်စောင်းနင်း ရေးသားချက်များ အသားပေးဖော်ပြနေသည်ကို ထောက်ရှု၍ ထိုအမျိုးအစား ဂျာနယ် မီဒီယာများအား စစ်တပ်လက်ဝေခံဟု ဆိုရခြင်းဖြစ်သည်။ NLD ကို အပြစ်မရှိ အပြစ်ရှာ ထိုးနှက်နေခြင်း၊ လူထုမယုံကြည်သော ရွေးကောက်ပွဲကို အတင်းစန်းတင်နေခြင်း၊ လူထုအရေးတော်ပုံများကို လမ်းပေါ်နိုင်ငံရေးဟု သမုတ်ခြင်း စသည်တို့ကို ထောက်ရှုလျှင် ထိုစာစောင် ထိုဂျာနယ်များသည် စတုတ္ထမဏ္ဍိုင်တာဝန်ကို ပျက်ကွက်ရုံမျှမက စစ်အာဏာ၏ ဒေါက်တိုင်တာဝန်ကို သိသိကြီးနှင့် ယူနေသည်ဟု ဆိုရန်သာရှိပေသည်။

သတင်းမီဒီယာသမားတို့တာဝန်မှာ လူထုအကျိုးကို မျက်နှာမူရေး၊ အမှန်တရားကို မျက်နှာမူရေးဖြစ်သည်။ NLD သည် လူထုအရေးတော်ပုံအတွင်းမှ ပေါ်ထွက်ခဲ့သည့် လူထုပါတီဖြစ်သည်ဆိုသည့်အချက်ကို သတင်းစာဆရာ ဆောင်းပါးဆရာတို့ မျက်ကွယ်မပြုသင့်။ ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ် (၃၉၂) နေရာ၊ အချိုးအစားအားဖြင့် လွှတ်တော်တခုလုံး၏ (၈၂) ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည်။ အာဏာရှင့် အလိုကျ ပါတီမဟုတ်သဖြင့် အာဏာရှင်က NLD ကို အသိအမှတ်မပြုခဲ့။ အာဏာရှင် အသိအမှတ်မပြုရုံမျှနှင့် NLD ပျောက်ကွယ်သွားမည်မဟုတ်။ လူထုအကျိုးကို မဆောင်နိုင်တော့၍ လူထုက အသိအမှတ် မပြုတော့လျှင်သာ ကွယ်ပျောက်သွားနိုင်ပေသည်။ NLD က ပါတီမှတ်ပုံမတင်၊ ရွေးကောက်ပွဲမ၀င်ဟု ဆုံးဖြတ်လိုက်ခြင်းမှာ စစ်အာဏာကို အာခံဆန့်ကျင်လိုက်ခြင်းဖြစ်သည်။ မတရားသည့် အမိန့်အာဏာကို ဖီဆန်ခြင်း (Civil Disobedience) ဖြစ်သည်။ သမားရိုးကျလမ်းမှ ဖောက်ထွက်လိုက်သည့် နိုင်ငံရေးလှုပ်ရှားမှုတခု၏ သမိုင်းအစသာဖြစ်သည်။ သို့သော် ဆောင်းပါးဆရာတို့က ရွေးကောက်ပွဲသပိတ်မှောက်ခြင်း၏ အကျိုးကြောင့် NLD သည် နိုင်ငံရေးဇာတ်ခုံပေါ်မှ ဘေးရောက်သွားခြင်းသာ အဖတ်တင်သည်။ လာမည့် လွှတ်တော်တွင် မပါဝင်နိုင်ရုံမက ပါတီ တရားဝင်ရပ်တည်ခွင့်ကိုပါ လက်လွှတ်လိုက်ရပြီဟု အဆုံးစွန်ထိ သုံးသပ်ထားသည်။

NLD ရွေးကောက်ပွဲ မ၀င်သည့် အဓိကအကြောင်းမှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ် (Mandate) ကို ဆက်လက် ထိန်းသိမ်းခြင်း ဖြစ်သည် ဆိုသည့်အချက်ကို ဆောင်းပါးဆရာတို့ သတိမူမိပုံမရ။ ထို့ပြင် ဒီမိုကရေစီကို သွေဖည်သည့် ၂၀၀၈ ဖွဲ့စည်းပုံအား သစ္စာမခံနိုင်ခြင်းကြောင့်ဖြစ်သည်ကိုလည်း နားလည်သင့်သည်။ NLD သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ Mandate ကို ရရှိခဲ့သည်။ သို့သော် အနှစ် (၂၀) လုံးလုံး ဒီမိုကရေစီထွန်းကားရေးကို အကောင်အထည် မဖော်နိုင်ခဲ့ခြင်းအတွက် တိုင်းပြည်လူထုအား လူသိရှင်ကြား တောင်းပန်ခဲ့သည်။ အမှန်မှာ NLD အား လူထုကိုယ်တိုင်က လူထုကိုယ်စား နိုင်ငံ့အချုပ်အခြာအာဏာ (၃) ရပ်ကို လွှဲအပ်ခဲ့သော်လည်း စစ်အာဏာရှင်က အာဏာကို လွှဲအပ်ရန် ငြင်းဆန်နေခဲ့သဖြင့် NLD အနေဖြင့် ဒီမိုကရေစီရေးဆောင်ရွက်ခွင့် ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

သို့သော် ၁၉၉၀ ရွေးကောက်ပွဲတွင် ဖော်ပြခဲ့သော ပြည်သူလူထု၏ဆန္ဒ Mandate ကို စစ်တပ်က တဖက်သတ် ဖျက်သိမ်းနိုင်ခွင့်မရှိ။ မြန်မာနိုင်ငံ ပြည်သူလူထုတွင်လည်း ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိသည်။ အထူးသဖြင့် ပြည်သူ့မျက်စိ၊ ပြည်သူ့နားဟု ဆိုရမည့် သတင်းစာဆရာ ဆောင်းပါးဆရာတို့ အနေဖြင့်လည်း ပြည်သူလူထု၏ဆန္ဒ Mandate ကို တန်ဖိုးထား ကာကွယ်သင့်ကြသည်။ သတင်းစာဆရာ၊ ဆောင်းပါးဆရာတို့သည် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မကာကွယ်နိုင်သည့်တိုင် တန်ဖိုးမဲ့အောင် ဝေဖန်သုံးသပ်မှု မပြုသင့်။

၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲရလဒ်ကို လုံးဝပစ်ပယ်ကာ ၂၀၁၀ တွင် နောက်ထပ် ရွေးကောက်ပွဲတခု လုပ်ဦးမည်ဆိုသည်မှာ လူထုဆန္ဒမဲများကို သရော်မော်ကား လုပ်ရာကျသည်။ လွှတ်တော်ကိုယ်စားလှယ် (၄၈၅) နေရာ အနက် (၃၉၂) နေရာ အနိုင်ရရှိခဲ့သည့် (NLD) က နအဖ၏ ၂၀၀၈ ညောင်နှစ်ပင် ဖွဲ့စည်းပုံအခြေခံဥပေဒေတွင် ဒီမိုကရေစီမကျသည့် အချက်များအား ပြန်လည်သုံးသပ် ပြင်ဆင်ရန်လိုသည်ဟု ၂၀၀၉ ခုနှစ် ဧပြီလ (၂၉) ရက်နေ့တွင် ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ ၌ အကြံပြုခဲ့သည်။ (၂၃) နေရာရခဲ့သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကလည်း ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ ကို ထောက်ခံခဲ့သည်။ NLD ၏ ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ ကို ပြည်တွင်းပြည်ပရှိ နိုင်ငံရေးအင်အားစုများကလည်း ထောက်ခံခဲ့ကြသည်။ ထိုအချက်ကို နအဖက မသိကျိုးကျွံပြုခဲ့သည်။

စင်စစ် ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာသည် ရွေးကောက်ပွဲအသစ်တခုဖြင့် အဖြေထုတ်ရမည့် အဆင့်မဟုတ်။ လက်ငင်းရှာရမည့်အဖြေမှာ တိုင်းရင်းသားပြည်သူလူထုအများစုကြီးက သဘောတူလက်ခံနိုင်မည့် “ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ” တရပ် ပေါ်ထွန်းရေးဖြစ်သည်။ ထို့ကြောင့်လည်း NLD နှင့် တိုင်းရင်းသားနိုင်ငံရေးအင်အားစုများက ရွေးကောက်ပွဲမကျင်းပမီ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပရန် ဆော်သြနေကြခြင်းဖြစ်သည်။ ဤဆော်သြချက်မှာ ‘နိုင်ငံရေးဈေးဆစ်ခြင်း’ မဟုတ်။ တိုင်းပြည်ငြိမ်းချမ်းရန်၊ ဖွံ့ဖြိုးတိုးတက်ရန်၊ စည်ပင်သာယာရန်နှင့် ပြည်သူလူထုဆင်းရဲခြင်း ကင်းစေရန် စေတနာသန့်သန့် ကမ်းလှမ်းချက်ဖြစ်သည်။

ရွေးကောက်ပွဲဆိုသည်မှာ နိုင်ငံသားတဦးချင်းစီ၏ ရွေးချယ်ပိုင်ခွင့်ကို လမ်းဖွင့်ပေးသည့် အစီအစဉ်ဖြစ်သဖြင့် ကောင်းသည်ဟု ယေဘုယျဆိုနိုင်သော်လည်း လွတ်လပ်မျှတသည့် ရွေးကောက်ပွဲလား၊ အတုအယောင် ရွေးကောက်ပွဲလား၊ အရောင်အသွေးစုံ ပါဝင်ခွင့်ရှိသည့် ရွေးကောက်ပွဲလား၊ နိုင်ငံတကာ လေ့လာအကဲခတ်သမားများ၏ ရှေ့မှောက်၌ မြင်သာထင်သာ ကျင်းပသည့် ရွေးကောက်ပွဲလား၊ တံခါးပိတ်ကျင်းပသည့် ရွေးကောက်ပွဲလား … စသည်ဖြင့် မဆန်းစစ်ဘဲ ‘ကောင်းသည်’ ဟု မျက်စိမှိတ်မဆိုသင့်ပေ။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦး အစရှိသည့် အမြင်မတူသူ နိုင်ငံရေးသမား ၂၀၀၀ ကျော်အား ထောင်သွင်းအကျဉ်းချထားသည်။ လူထုထောက်ခံမှုရှိသည့် ဒေါက်တာတူးဂျာ၏ KSPP ကဲ့သို့သော ပါတီများအား ပါဝင်ခွင့်မပြုသေးဘဲ ဟန့်တားထားသည်။

နိုင်ငံရေးပါတီများ၏ မွေးရာပါအခွင့်အရေးဖြစ်သည့် လွတ်လပ်စွာ ဟောပြောခွင့်၊ စည်းရုံးခွင့်၊ စာရွက်စာတမ်း ထုတ်ဝေခွင့်များလည်း ခွင့်မပြုသေး။ သို့သော် စစ်တပ်ပိုင် ကြံ့ဖွံ့ပါတီကိုမူ လုပ်ပိုင်ခွင့်အပြည့်၊ ငွေကြေးအင်အားအပြည့်၊ စည်းရုံးလှုပ်ရှား ဟောပြောခွင့်အပြည့် ပေးထားရုံမက နိုင်ငံပိုင် အဆောက်အဦ၊ ယာဉ်၊ မီဒီယာများကို စိတ်ကြိုက် အသုံးပြုခွင့်ပေးထားသည်။ သတင်းစာလွတ်လပ်ခွင့်လည်း မရှိ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများလည်း ခွင့်မပြု။ ထိုထိုသော နိုင်ငံရေးရာသီဥတုအောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအား The Voice ၏ ပင်တိုင်ဆောင်းပါးဆရာက ပါရာဒိုင်းအသစ်ဖြစ်သဖြင့် ဈေးမဆစ်ဘဲ ၀င်ပါရမည်ဟု ဆိုသည်။ Military က Sponsor လုပ်သည့် ‘ပါရာဒိုင်းအသစ် ဒီမိုကရေစီ’ ဟုပင် ညွှန်းလိုက်သေးသည်။ အရှိကိုအရှိအတိုင်း သုံးသပ်လက်ခံနိုင်ရမည်ဟုပင် ကွန့်လိုက်သေးသည်။

တကယ့်အရှိတရားမှာ စစ်တပ်က အကျိုးစီးပွား၊ အခွင့်အရေး၊ အာဏာ အရာရာကို လက်ဝါးကြီးအုပ်ထားခြင်းဖြစ်သည်။ ယခုရွေးကောက်ပွဲ၏ ရည်ရွယ်ချက်မှာလည်း စစ်တပ်က အာဏာကို တရားဝင်ချုပ်ကိုင်နိုင်ဖို့ဖြစ်သည်။ အရပ်သားစစ်စစ် ကိုယ်စားလှယ် (၂၀) ရာခိုင်နှုန်းပင် ပါလာဖို့မမြင်။ ဒီမိုကရေစီဖြစ်စဉ်တွင် ‘ရွေးကောက်ပွဲ’ သည် ပဓာနကျသော်လည်း ရွေးကောက်ပွဲဂုဏ်အင် မပြည့်စုံသော၊ ပြည်သူလူထု၏ လိုအင်ဆန္ဒကို အကောင်အထည် မဖော်နိုင်သော Military က Sponsor လုပ်သည့် ပါရာဒိုင်းအသစ် ရွေးကောက်ပွဲမျိုးသည် သမိုင်းတွင် အချည်းနှီးသာဖြစ်လိမ့်မည်ကို ဆောင်းပါးဆရာတို့ သတိပြုဖို့ကောင်းသည်။

ဆောင်းပါးဆရာတို့သည် လက်တွေ့မြန်မာ့နိုင်ငံရေးနယ်ပယ်တွင် လက်ငင်းဖြစ်ပျက်နေသည့် အကြောင်းချင်းရာတို့ကိုလည်း မျက်ခြည်ပြတ်နေပုံပေါ်သည်။ စစ်တပ်ကိုယ်စားပြု ကြံ့ဖွံ့ပါတီက လွတ်လွတ်လပ်လပ် စည်းရုံးရေးလုပ်ခွင့်ရနေသော်လည်း အခြားပါတီများမှာ အာဏာပိုင်တို့ အနှောက်အယှက်ပေးမှုကို ခံနေရသည်။ နိုင်ငံရေးပါတီများ၏ စည်းရုံးရေးခရီးစဉ်များ၊ ပြည်သူလူထုနှင့် တွေ့ဆုံပွဲများတွင် ဒေသဆိုင်ရာ အာဏာပိုင်များက နောက်မှ တကောက်ကောက် လိုက်ပါစောင့်ကြပ် မှတ်တမ်းတင်မှုကြောင့် ရွေးကောက်ပွဲ အကြိုကာလတွင် နိုင်ငံရေးပါတီများမှ စည်းရုံးရေးမှူးများနှင့် ပြည်သူလူထု လွတ်လွတ်လပ်လပ် မဆွေးနွေးရဲဘဲ ဖြစ်နေပြီး ပါတီများ စည်းရုံးရန် ခက်ခဲနေသည်ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေက ထောက်ပြသည်။

တဖန် မြောက်ဥက္ကလာဈေးများ၌ ရန်ပုံငွေ အလှူခံမိသော နိုင်ငံရေးပါတီအား စည်ပင်သာယာက တရားစွဲသည်ဟုဆိုသည်။ စစ်တပ်ကိုယ်စားပြု ကြံ့ဖွံ့ပါတီက လမ်းပြင်ရန် အကြောင်းပြ၍ လူထုအား ငွေကြေးခွဲတမ်းချကာ အလှူငွေ မထည့်မနေရ ထည့်ခိုင်းနေခြင်းများနှင့် နိုင်းယှဉ်ကြည့်သင့်လှသည်။ အခြားပါတီများကို ပါတီဝင်အသစ် စည်းရုံးမှုလုပ်ရာ၌ ခက်ခဲအောင် ကန့်သတ်ထားသော်လည်း ကြံ့ဖွံ့ပါတီဥက္ကဋ္ဌ ၀န်ကြီးချုပ် ဦးသိန်းစိန်ကိုယ်တိုင် အစိုးရအာဏာ၊ ငွေကြေးနှင့် အခွင့်အရေး မက်လုံးများပေးကာ စည်းရုံးရေးလုပ်နေသည်။ ဤဖြစ်စဉ်များကိုပင် The Voice ၏ ပင်တိုင်ဆောင်းပါးဆရာက Military က Sponsor လုပ်သည့် ပါရာဒိုင်းအသစ်ဟု ဆိုလိုသည်လားမသိ။

ဤပုံအတိုင်းသာဆိုလျှင် စစ်အာဏာရှင်စနစ်၏ ‘ပါရာဒိုင်းအသစ်’ အောက်တွင် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်တွင်းသတင်းမီဒီယာသမားများ အလွန်တာဝန်ကြီးပါလိမ့်မည်။ ရွေးကောက်ပွဲ ဖြစ်မည်လား၊ ပျက်မည်လား မသေချာသေးသော်ငြား သတင်းလွတ်လပ်ခွင့်မရှိသည့် ‘ပါရာဒိုင်းအသစ်’ အောက်တွင် သတင်းအမှန်ရအောင် ယူရမည့်အလုပ်ကား ခက်ခဲမှာ သေချာပါသည်။ ထို့ပြင် ရွေးကောက်ပွဲတွင် စစ်အာဏာရှင် ကိုယ်စားပြုပါတီလည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်၍ မဲလိမ်မှု၊ မဲမသမာမှုများ ပုံစံအမျိုးမျိုး နည်းလမ်းအသွယ်သွယ်ဖြင့် ဖြစ်ပေါ်လာရန် သေချာသလောက်ရှိသည်။ နောက်တချက်မှာ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်အကဲခတ်အဖွဲ့များ၊ နိုင်ငံခြားသတင်းထောက်များကိုလည်း ခွင့်ပြုမည့်အလားအလာ အလွန်နည်းသည်။ ထို့ကြောင့် ပြည်တွင်း သတင်းမီဒီယာသမားများကိုသာ ပြည်သူလူထုနှင့် နိုင်ငံတကာက အဓိက အားကိုးရမည်ဖြစ်သည်။

ပြည်တွင်းသတင်းမီဒီယာသမားများ စောင့်ကြည့်ရမည့် အခြေအနေ (၃) ရပ်ရှိသည်။ (၁) ရွေးကောက်ပွဲမတိုင်မီ၊ (၂) ရွေးကောက်ပွဲနေ့၊ (၃) ရွေးကောက်ပွဲပြီးနောက် ဆိုသည့် အခြေအနေများဖြစ်သည်။ Military က Sponsor လုပ်သည့် ပါရာဒိုင်းအသစ် ရွေးကောက်ပွဲသည် ဒီမိုကရေစီနည်းကျမည် မဟုတ်သည်က သေချာသည်။ ထို့ကြောင့် သတင်းအမှန် သိနိုင်ရန်ကိစ္စတွင် သတင်းမီဒီယာသမားများ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါသည်။ ထိုအချက်ကို သတင်းသမားများကိုယ်တိုင် သဘောပေါက်နေဖို့လိုသည်။ ရွေးကောက်ပွဲမတိုင်မီကာလတွင် မီဒီယာက လူထုကို သတင်းအချက်အလက် ပြည့်ပြည့်စုံစုံ ပေးဖို့လိုသည်။ ရွေးကောက်ပွဲဥပဒေများအကြောင်း၊ ပါဝင်ယှဉ်ပြိုင်မည့် ပါတီများနှင့် ကိုယ်စားလှယ်များအကြောင်း၊ ပါတီမူဝါဒနှင့် ပါတီခေါင်းဆောင်များ၏ နောက်ခံကိုယ်ရေးသမိုင်းများ၊ သူတို့၏ သီးခြားပြောဆိုချက် အမြင်အယူအဆများ … စသဖြင့် လူထုစဉ်းစားချိန်ဆနိုင်ရန် မီဒီယာက သတင်းအချက်အလက်များ ပေးနိုင်ရမည်။ ဂျာနည်တစောင် မီဒီယာတခုသည် စစ်အစိုးရ၏ လက်ကိုင်တုတ်သော်လည်းကောင်း၊ အခြားပါတီတခုခု၏ လက်ကိုင်တုတ်သော်လည်းကောင်း မဖြစ်အပ်။

ထို့ပြင် ရွေးကောက်ပွဲကော်မရှင်အကြောင်းလည်း လူထုသိအောင် မီဒီယာက သတင်းပေးရမည်ဖြစ်သည်။ လွတ်လပ်သော ကော်မရှင် ဟုတ် မဟုတ်၊ ကော်မရှင်နောက်ကွယ်တွင် အာဏာပိုင်တို့ စွက်ဖက်မှုရှိ မရှိ၊ မဲဆန္ဒရှင် မှတ်ပုံတင်စာရင်းများ၊ ကိုယ်စားလှယ်စာရင်းများ၊ စနစ်တကျ ပြုစုဆောင်ရွက်ထားမှု ရှိ မရှိ၊ အဂတိလိုက်စား၍ ပါတီတခု လူပုဂ္ဂိုလ်တဦးတယောက်ကို မျက်နှာသာပေးမှု ရှိ မရှိ၊ ကော်မရှင်ဝန်ထမ်းများ ကျွမ်းကျင်မှု ရှိ မရှိ။ ရွေးကောက်ပွဲအတွက် လိုအပ်သော ပစ္စည်းပစ္စယများ အချိန်မီ အလုံအလောက် ဖြန့်ဖြူးပေးနိုင်ခြင်း ရှိ မရှိ … စသည့် ကိစ္စရပ်များကိုလည်း မီဒီယာက စောင့်ကြည့်သတင်းပေးရမည်ဖြစ်သည်။

ရွေးကောက်ပွဲနေ့၌ မဲစတင်မပေးမီ မဲပုံးများ အလွတ်ဖြစ်နေရဲ့လား၊ မဲရုံထားရှိမှု စနစ်ကျရဲ့လား၊ မဲစာရွက် အလုံအလောက်ရှိရဲ့လား၊ မဲရုံတာဝန်ကျ ပုဂ္ဂိုလ်များ တာဝန်ကို မှန်မှန်ကန်ကန် ဆောင်ရွက်ရဲ့လား၊ မဲရုံပတ်ဝန်းကျင်မှာ မဲဆွယ်မှု၊ မဲဝယ်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ ခြိမ်းခြောက်မှု၊ နှောက်ယှက်မှု ရှိ မရှိ စသည်တို့ကို မီဒီယာက စောင့်ကြည့်ရမည်။ အရေးအကြီးဆုံးကား မဲရေတွက်ချိန်တွင် စည်းမျဉ်းဥပဒေနှင့်အညီ မှန်မှန်ကန်ကန် တိတိကျကျ ပွင့်လင်းမြင်သာမှုရှိရှိ မဲရေတွက်မှု လုပ် မလုပ် မီဒီယာက စောင့်ကြည့် သတင်းပေးရမည်။ ရွေးကောက်ပွဲပြီးသည့်နောက်တွင် ပါတီကိုယ်စားလှယ်များ၏ အနိုင်အရှုံးစာရင်း သတင်းကြေညာမှု၊ လွှတ်တော် မည်သည့်အချိန်တွင်ခေါ်မည်၊ အစိုးရ မည်သို့ဖွဲ့မည် ဆိုသောသတင်းများ လူထုသိသာရန် ပို့ပေးရမည်။ အရေးကြီးသည်မှာ ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲနေ့ ဖြစ်စဉ်များကို ပြည်တွင်းမီဒီယာသမားများ မိမိရရ မှတ်တမ်းတင်နိုင်ရန် အားထုတ်ရမည်။ စစ်တပ်က အာဏာဆက်ချုပ်ကိုင်နိုင်အောင် မသမာမှုမျိုးစုံ လုပ်လာမည့် အလားအလာများ ယခုကပင် မြင်နေရသည်။

The Voice ၏ ပင်တိုင်ဆောင်းပါးဆရာကတော့ ‘ကိန်းသေလေးပါး’ နှင့် ‘ဖြစ်နိုင်ခြေသုံးပါး’ ပေါ်လာ၍ အနာဂတ်ကို မှန်းရလွယ်သွားသည်ဟုဆိုသည်။ ‘ဖွဲ့စည်းပုံအခြေခံဥပဒေ’၊ ‘စစ်ဘက်ပါဝင်သော နိုင်ငံရေး’၊ ‘ပါတီစုံစနစ်’ နှင့် ‘လွှတ်တော်သုံးရပ်’ သည် စိုးမိုးသော ပါရာဒိုင်းဖြစ်သည်ဟု ဆိုသည်။ ရွေးကောက်ပွဲပြီးလျှင် ယင်းပါရာဒိုင်း လှုပ်ရှားလာမည်ဆိုသည်။ လွှတ်တော်နိုင်ငံရေးသုံးမျိုးမှ ‘တပါတီကြီးစိုးသည့် လွှတ်တော်သုံးရပ်’ ‘နှစ်ပါတီ သုံးပါတီ ကြီးစိုးသည့် လွှတ်တော်သုံးရပ်’နှင့် ‘ပါတီအများ မျှခြေဖြစ်နေမည့် လွှတ်တော်သုံးရပ်’ တခုခုပေါ်လာမည်ဟု ဆိုထားသည်။

ဤသည်ကိုပင် Military က Sponsor လုပ်သည့် ပါရာဒိုင်းအသစ်ဟု ဆိုကာ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ၀င်ပါရမည်။ ဈေးဆစ်လျှင် ပါရာဒိုင်းအပြင်မှာ ကျန်ခဲ့မည်ဆိုသည်။ အနှစ်ချုပ်အားဖြင့် ‘လွှတ်တော်နိုင်ငံရေး’ ပေါ်လာမည်ဟု ဆောင်းပါးဆရာက ဆိုလိုခြင်းဖြစ်သည်။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ ရွေးကောက်ပွဲပြီးသည့်တိုင် အာဏာက နအဖ လက်ထဲမှာပဲရှိနေသည်။ အခြေခံဥပဒေပုဒ်မ (၁၂၃၊ ၁၂၄) တို့ အလိုအရ စစ်တပ်စိတ်တိုင်းကျ ရွေးကောက်ပွဲရလဒ် ထွက်လာမှ နအဖက လွှတ်တော်ခေါ်ပေးမည့် သဘောဖြစ်သည်။ The Voice ဆောင်းပါးဆရာက ပြဿနာများကို လွှတ်တော်အတွင်းမှာ ရှင်းရမည်။ လမ်းပေါ်ထွက်နိုင်ငံရေးကို ရှောင်ရမည်ဟု Interview ကဏ္ဍတွင် ဆိုထားသေးသည်။ သို့သော် သူပြောသည့် လွှတ်တော်သည် ‘အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ’ ၏ လက်အောက်ခံလွှတ်တော် ဖြစ်နေသည့်အချက်ကို သူသိမည်ထင်ပါသည်။ ဒီမိုကရေစီလွှတ်တော် ပေါ်မလာနိုင်။ စစ်ကောင်စီအောက်က စစ်အာဏာကာကွယ်ရေး လွှတ်တော်သာ ပေါ်လာမည်ဖြစ်သည်။

ထို့ကြောင့် ပါရာဒိုင်းအသစ်အတွင်း၌ ဥပဒေချိုးဖောက်မှု၊ အာဏာအလွဲသုံးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ သတင်းလွတ်လပ်ခွင့် ပိတ်ပင်တားမြစ်မှု၊ မဲလိမ် မဲခိုးမှု အစရှိသည့် ဖြစ်ရပ်များ မလွဲမသွေ ဖြစ်လာဖို့ရှိသည်။ သမိုင်းတွင် အရေးကြီးသည့် ဖြစ်စဉ်များကို ပြည်တွင်းမီဒီယာ သတင်းသမားများက အမိအရ မှတ်တမ်းတင်နိုင်အောင် ကြိုးစားရမည်။ သတင်းအမှန်များ အဆက်မပြတ် စီးဆင်းနေလျှင် Military က Sponsor လုပ်သည့် ပါရာဒိုင်းအသစ်အတွင်းမှာပင် “ရွေးကောက်ပွဲ သပိတ်မှောက်မှုများ” လည်း ပေါ်လာနိုင်သည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က (၇) ဇူလိုင် (၄၈) ကြိမ်မြောက်မှစ၍ ရွေးကောက်ပွဲသပိတ်မှောက်ရေး လှုံ့ဆော်မှုများ တက်ကြွစွာ လုပ်နေသည်။ အခြားလူငယ်အင်အားစုများ၊ အလုပ်သမားအင်အားစုများ၊ လယ်သမားအင်အားစုများ၊ ရဟန်းပျိုများကလည်း သပိတ်မှောက်လှုပ်ရှားမှုကို ထောက်ခံနေကြသည်။ ရွေးကောက်ပွဲကျင်းပသည့်နေ့မှာပင် သပိတ်စုံ သူပုန်ထမှုများ ပေါ်မလာဟု မည်သူမျှမပြောနိုင်။ ယနေ့တိုင် ရွေးကောက်ပွဲရက် မကြေညာနိုင်ခြင်းမှာ သပိတ်သမားများ၏ အင်အားကို တွက်ဆနေ၍လည်း ဖြစ်နိုင်သည်။

ရွေးကောက်ပွဲ ဖြစ်သည်ဖြစ်စေ ပျက်သည်ဖြစ်စေ၊ သပိတ်တိုက်ပွဲ ပေါ်သည်ဖြစ်စေ မပေါ်သည်ဖြစ်စေ၊ ရွေးကောက်ပွဲနှင့် ဆက်စပ်သတင်းအများစုကို ပြည်တွင်းသတင်းဂျာနယ်စာမျက်နှာများ၊ ပြည်တွင်းအင်တာနက်သတင်းစာမျက်နှာများပေါ်၌ တင်ပြခွင့်ရမည် မဟုတ်သည်မှာ သေချာသည်။ ထို့ကြောင့် Bloggers နှင့် Civilian Journalists များ အပါအ၀င် ပြည်တွင်း သတင်းမီဒီယာသမားများသည် ပြည်ပသတင်းဌာနများ၊ နိုင်ငံတကာသတင်းအေဂျင်စီများ၊ ပြည်ပရေဒီယိုဌာနများနှင့် စနစ်တကျ ချိတ်ဆက်၍ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းမှန် ပေးနိုင်အောင် အထူးဝါယမ စိုက်ထုတ်ကြရမည် ဖြစ်သည်။ ပါရာဒိုင်းအသစ်အောက်တွင် လွတ်လပ်မှုမရှိ၊ တရားမျှတမှုမရှိသော ၂၀၁၀ ရွေးကောက်ပွဲ သမိုင်းအမှန်ကို ပြည်တွင်းသတင်းမီဒီယာသမားများက ပြည်ပသတင်းမီဒီယာများမှတဆင့် ပြည်သူကို အမှန်အတိုင်း ပြောပြရပေမည်။ The Voice ဂျာနယ်ကဲ့သို့ ပြည်သူကို စစ်ကောင်စီလက်အောက်ခံ ‘လွှတ်တော်ပါရာဒိုင်း’ ထဲ ဇွတ်တွန်းမပို့မိအောင် သတိချပ်ကြရပေမည်။ ။

(ခေတ်ပြိုင်သတင်းဌာနမှ ကူးယူဖော်ပြသည်။)

About True Faith

True Faith has written 70 post in this Website..

မွေးနေ့က ၂၀.၆.၁၉၈၆ ။အရပ်က ၅ ပေ၆လက္မ၊ နေတာက New Delhi, India.