သိုင်းလောက၏ စိမ်ခေါ်သံ

တိမ္မည္းDecember 5, 20121min1495

တစ်နေ့သ၌ ဝူတန်းဂိုဏ်းချုပ်ကြီး ဝူတိန့်ရှိန်၏ ဆရာတူ ပညာသင်ဘက်ညီအစ်ကို များ ဖြစ်ကြသော ပွေးမနိုင်ဓားရှင် သာအေးနှင့် မီးခိုးဗုံးနှင့်သွပ်ဒိုင်း သိုင်းဘုရင် ကိုကိုတို့နှစ်ဦး တပည့်များနှင့်အတူ သိုင်းလောကသရဖူလုပွဲ ကျင်းပရာ လက်ပတောင်းတောင်ထိပ်သို့ ကိုယ်ဖော့ပညာဖြင့် အပြေးအလွှားရောက်လာကြသည်။ ၎င်းတို့၏ ချပ်ဝတ်စုံများကား လေထဲတွင် လွင့်ခနဲ။
လက်ပတောင်းတောင်တဝိုက် သိုင်းလောကသားတို့၏ တံခွန်မျ

ားကား တလူလူလွင့်လျှက်ရှိနေသည်။ အစဉ်အလာချန်ပီယံ သရဖူကိုနှစ်တိုင်း နည်းမျိုးစုံဖြင့် ရယူထားသည့် ဝူတန်းဂိုဏ်းသားများက တခြားသိုင်းလောကသားများအတွက် အဓိကပြိုင်ဖက်ဖြစ်နေသည်။ အဆိုပါသရဖူလုပွဲအား တိုက်ရိုက်ထုတ်လွှင့်ခွင့်ရထားသည့် ဒီဗီဘီရုပ်သံမှ နိုင်ငံတကာသို့ အချိန်နှင့်တပြေးညီ ထုတ်လွှင့်လျှက်ရှိသည်။

ဂိုဏ်းအားကိုးဖြင့် သိုင်းလောက၏ ပထမဓားဘွဲ့ကို ရယူထားသည့် ဂိုဏ်းချုပ်ကြီး ဝူတိန့်ရှိန်ကား ဤပွဲသို့ ကိုယ်တိုင်တက်ရောက်ခြင်း မရှိချေ။ ၎င်း၏ လူယုံများကိုသာ ယုံကြည်အားကိုးစွာ စေလွှတ်လိုက်သည်။ ဝူတန်းဂိုဏ်းသားများအား စိမ်ခေါ်ရန် အားမာန်အပြည့်ဖြင့် စောင့်ဆိုင်းနေသူများသည်ကား ခေတ်အဆက်ဆက် ဝူတန်းဂိုဏ်း၏ အနိုင်ကျင့်ဗိုလ်ကျမှုများကို ခံစားနေရသူ အရပ်သားများဖက်မှ အမြဲတစေ ရပ်တည်ကာကွယ်ပေးနေသည့် ပြည်သူ့ဖက်တော်သား ရှောင်လင်ဂိုဏ်းသားများပင် ဖြစ်ပေသည်။ ရှောင်လင်ဂိုဏ်း၏ သပိတ်လက်နက်သိုင်းကွက်မှာ ယခုနှစ်ပိုင်းအတွင်း သိုင်းလောကတွင် တဟုန်ထိုးကျော်ကြားလာသော သိုင်းကွက်ဖြစ်သည်။ ယခုအချီတွင် ထိုသိုင်းကွက်၏ အစွမ်းသတ္တိကို ဝူတန်းသိုင်းသမားများနှင့် ယှဉ်ပြိုင်၍ သက်သေပြရန် ရှောင်လင်ကိုယ်တော်များ ဆန္ဒပြင်းပြလျှက်ရှိသည်။

သရဖူလုပွဲသို့ရောက်သည်နှင့် ၎င်းတို့အတွက် သီးသန့်စီစဉ်ထားရာ နေရာမှ ပွဲခင်းတဝိုက်ကို လှမ်းမျှော်ကြည့်ရင်း ပွေးမနိုင်ဓားရှင်သာအေး ကျောနည်းနည်းစိမ့်သွားသည်။ ရှောင်လင်ဂိုဏ်းသားများကား ကြွေးကြော်သံများ အော်ဟစ်လျှက်ပွဲခင်းတစ်ခုလုံး ပြည့်အောင် နေရာယူထားသည်ကို တွေ့ရသည်။ သာအေးက သွပ်ဒိုင်းကိုကိုအား တီးတိုးတစ်ခုပြောလိုက်သည်နှင့် သွပ်ဒိုင်းကိုကိုက သူ့လူများအား အချက်ပြလိုက်သည်။ ဝူတန်းဂိုဏ်း၏ နာမည်ကျော် သွပ်ဒိုင်းရန်ကာ သိုင်းကွက်စခင်းလေပြီ။

” တာဝတိ ံသာ နတ်ရွာလော..ဒူးချပ်ချပ်.. ဒူးချပ်ချပ်”

ဝူတန်းဂိုဏ်း၏ သွပ်ဒိုင်းသိုင်းကွက်အား ရှောင်လင်များ မမှုချေ။ နောက်မဆုတ်တမ်း အံတုသောအခါ သွပ်ဒိုင်းသိုင်းသမားများ အသာအယာပြန်ဆုတ်သွားကြသည်။ နောက်ထပ် သုံးလေးခါ ကြိုးစားကြည့်သည်။ အရာမထင်ချေ။ ပွေးသိုင်းသာအေး ဒေါသတကြီးဖြင့် လက်နက်ပုန်းဖြင့် ပစ်ရန်ပြုသည်။ သို့သော် ပြိုင်ပွဲစည်းကမ်းအရ လက်နက်ပုန်း သုံးခွင့်မရှိသည့်အတွက် လက်ရုတ်ထားလိုက်ရသည်။ ထိုအချိန်တွင် ဗုံတီးသံများ ရုတ်တရက်ကြားလိုက်ရပြီး တူညီဝတ်စုံဝတ်ဆင်ထားသည့် လူတစ်စု သာအေးအနီးရောက်ရှိလာသည်။

“ဝမ်ပေါင်းဂိုဏ်း”

ဝမ်းပေါင်းဂိုဏ်းခွဲမှူးက ပွေးသိုင်းသာအေးနှင့် သွပ်ဒိုင်းကိုကိုတို့အား တီးတိုးပြောလိုက်သည်။

“မနက်ဖြန် အော်မေ့ဂိုဏ်းချုပ်ကိုယ်တိုင် ရှောင်လင်တွေကို ကူဖို့ တက်လာမယ်လို့ သတင်းရထားတယ် သူရောက်လာရင် မလွယ်ဘူး ဒါကြောင့် ဒီကိုယ်တော်တွေကို ဒီနေ့အပြတ်ရှင်းရမယ် ဟောဒီမှာ အထူးစပါယ်ရှယ်စီရင်ထားတဲ့ လက်နက်ဆန်း အဲဒါနဲ့စမ်းတိုက်ကြည့်”
” အဲဒီလက်နက်ဆန်းက ဘာစွမ်းတုန်း”
” မမေးနဲ့ လုပ်စရာရှိတာလုပ် အဲဒါဝမ်ကျားပေါင် အမိန့်ပဲ”

ဝမ်ကျားပေါင်နာမည်ကြားသည်နှင့် သာအေးနှင့်ကိုကို ဆတ်ခနဲတုန်သွားသည်။ တလောက သူတို့စီနီယာကြီး အောင်မင်းပင် ဝမ်ကျားပေါင်အား ချီးတုန်အောင်ကြောက်ရကြောင်း သိုင်းလောကတစ်ခုလုံးကို ဝန်ခံဖူးသည်။ ဤပွဲ၌ အရှုံးပေး၍ကလည်း မဖြစ်၊ အော်မေ့ဂိုဏ်းချုပ်ရောက်လာလျှင် သူတို့အရှက်တကွဲ ရှုံးနိမ့်တော့မည်။ သူတို့၏ အကျိုးစီးပွားအား နည်းမျိုးစုံဖြင့် နှောင့်ယှက်နေသော ရှောင်လင်များကိုလည်း သမချင်သည်။ သို့သော် ဘလိုင်းကြီး လက်နက်ဆန်းထုတ်တိုက်လျှင် ဤပွဲ၏အနိုင်အရှုံးကို လောင်းကြေးထပ်နေကြသည့် ပြည်ပရောက်သိုင်းလောကသားများက သူတို့ကို အန္တရာယ်ပြုရန် အကြောင်းရှာ၍ ရသွားနိုင်သည်။ ထို့ကြောင့် ကိုကိုက အတွင်းအားသုံး၍ လော်စပီကာဖြင့် အော်လိုက်သည်။

“ရှောင်လင်ကိုယ်တော်များ ဆုတ်ခွာပေးကြပါ ဆုတ်ခွာမပေးပါက မိမိတို့အနေဖြင့် လုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်သွားရပါလိမ့်မည် ”

ရှောင်လင်ကိုယ်တော်များက တုတ်တုတ်ပင်မလှုပ်။ ကိုကိုက သာအေးအား မေးဆတ်ပြလိုက်သည်။ သာအေးက ခေါင်းပြန်ငြိမ့်ပြသည်။ ဝမ်ပေါင်းဂိုဏ်းချုပ်က ပြုံးနေသည်။

“မီးခိုးဗုံးသိုင်းကွက်”
“ဖောင်း…ဝုန်း..ဂွမ်း”

ကောင်းကင်ပေါ်သို့ မီးခိုးတန်းများ ထိုးတက်သွားပြီး ရှောင်လင်ဂိုဏ်းသားများထံ ကျရောက်သွားသည်နှင့် မီးလုံးကြီးများဖြစ်သွားပြီး ကျသည့်နေရာအနှံ့ မီးတောက်မီးလျှံများ ပြန့်နှံ့သွားသည်။ ရှောင်လင်ဂိုဏ်းကား ဝမ်ပေါင်းလက်နက်ဆန်းအောက်တွင် မရှုမလှရှုံးနိမ့်သွားရလေပြီ။

*******************************
ဝူတန်းဂိုဏ်းဌာနချုပ်

ဝူတန်းဂိုဏ်းချုပ်ကြီးရှေ့တွင် ပွေးသိုင်းသာအေးနှင့် သွပ်ဒိုင်းကိုကိုတို့ မျက်နှာငယ်လေးနှင့် ရပ်နေသည်။ ဝူတိန့်ရှိန်က ၎င်းတို့နှစ်ဦးအား ဒေါသတကြီးဆူပူလျက်ရှိသည်။

“မင်းတို့လုပ်တဲ့ ပြဿနာ ခု ငါ့ခေါင်းပေါ်ရောက်လာပြီ အဲဒါဘယ်လိုရှင်းမလဲ ပြော ”

သာအေးက မျက်လုံးလေး ထောင့်ကတ်ပြီး ပြန်ဖြေသည်။

“ဟင့် တားတို့ ဘယ်လိုရှင်းတတ်မှာယဲရို့”

“အေး မရှင်းတတ်လို့မရဘူး၊ မင်းတို့မရှင်းတတ်ရင် ငါ့ကိုလူတွေ ဝိုင်းသမကြလိမ့်မယ်.. လက်ဝဲရံ ဘယ်ရောက်နေလဲ လာခဲ့စမ်း ဒီကို”

လက်ဝဲရံ မှူးဇော်ထွက်လာသည်။ ဝူတိန့်ရှိန်က-

“ဒီကောင်တွေ စောက်သုံးမကျဘူး ထုံးစံအတိုင်း မင်းကြည့်ကျက်လှုပ်ရှားလိုက်”

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်ကြီး”

လက်ဝဲရံကချက်ချင်း သူ၏ဖေ့ဘုတ်စာမျက်နှာနှင့် ဝူတန်းဂိုဏ်းပြန်ကြားရေးဝက်ဆိုက်တွင် ကြေငြာချက်တစ်စောင်ထုတ်လိုက်သည်။

“ရှောင်လင်ဂိုဏ်းသားများသည် မီးလောင်နိုင်သည့် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသောကြောင့် ဝူတန်းဂိုဏ်းမှ အမြဲသုံးနေကျ မီးခိုးဗုံးသိုင်းကွက်ကို ခံနိုင်ရည်မရှိပဲ မီးလောင်ခံရခြင်းဖြစ်ကြောင်း ကြေငြာအပ်ပါသည်”

အဆိုပါကြေငြာချက်ကြောင့် သိုင်းလောကတစ်ခုလုံး ဆူပွက်သွားသည်။ ဝူတန်းဂိုဏ်းသားများက ထိုကြေငြာချက်ကို ထောက်ခံကြောင်း ထပ်ဆင့်ကြေငြာကြပြန်သည်။ တခြားဂိုဏ်းများက လုံးဝလက်မခံ။ တကိုယ်တော်သိုင်းသမားများပင် ထိုကြေငြာချက်ကို ခါးခါးသီးသီး ကန့်ကွက်ကြသည်။ ကန့်ကွက်သည့် သိုင်းသမားများတွင် အော်မေ့ဂိုဏ်းမှ ကုန်းကုန်း ဒီမို ဖက်တီး ကအဆိုးဆုံးဖြစ်သည်။ ထိုအချိန်တွင် ဝူတန်းဂိုဏ်း၏ လက်ယာရံဇော်ဦးက လက်ဝဲရံမှူးဇော်အား ကြေငြာချက်ပြန်ဖျက်ခိုင်းသည်။ ပြန်ဖျက်လိုက်သော်လည်း သိုင်းလောကသားများ၏ မကျေနပ်ချက်က လျှော့မသွားပေ။ ဝူတန်းဂိုဏ်းကို ဝိုင်းဝန်းစိမ်ခေါ်လျှက်ရှိနေကြသည်။ ဒီမိုဖက်တီးအား ဝူတန်းဂိုဏ်း လျှို့ဝှက် ဂိုဏ်းဝင် ပလေတိုဒီမိုက နှစ်ယောက်ချင်းချရန် ပေါ်တင်စိမ်ခေါ်လိုက်သည်။ သိုငးလောကတစ်ခုလုံး ရှုပ်ထွေးနေချိန်တွင် စတင်ကျူးလွန်သူ သာအေးနှင့် ကိုကိုတို့နှစ်ဦး ၎င်းတို့ကိုအပြစ်တင်ခြင်းမှ လွတ်ရာလွတ်ကြောင်း တပည့်များကို ရှောင်လင်ဂိုဏ်းသို့ လွှတ်၍ တောင်းပန်ခိုင်းလိုက်သည်။ သို့သော် သက်ကြီးဝါကြီးဆရာတော်ကြီးများမှလွဲ၍ တခြားကိုယ်တော်များက လက်မခံချေ။ ထိုအချိန်တွင် သိုင်းလောက အရေးအခင်းကို အခွင့်ကောင်းယူ၍ ဝူတန်းဂိုဏ်းထိန်းချုပ်ရာနယ်မြေမှ မူဂျာဟစ်ဂိုဏ်း ထသောင်းကျန်းလေ၏။ လောင်းကြေးထပ်သည့်ပွဲတွင် အငြင်းပွားဖွယ် အနိုင်ယူသည့် ကိစ္စကြောင့် ပြည်ပသိုင်းလောကသားများအကြားတွင်လည်း ထိန်းမနိုင်သိမ်းမရဖြစ်ကာ ဝူတန်းဂိုဏ်းအား စိမ်ခေါ်ရန်ပြင်ဆင်ကြလေသည်။ ထို့ကြောင့် ဝူတိန့်ရှိန် ကြံရာမရဖြစ်ကာ အသက်ရှူပေါက်ရှာသည့် အနေဖြင့် ထုံးစံအတိုင်း အချိန်အကန့်အသတ်မရှိကြာမြင့်မည့် စုံစမ်းရေးကော်မရှင်ဖွဲ့လိုက်သည်။ ဤသို့အခြေအနေများ အရှုပ်ထွေးဆုံးအချိန်တွင်……

မူလတရားခံ ဝမ်းပေါင်းဂိုဏ်းနှင့် ဝူတန်းဂိုဏ်းမှ ကျောထောက်နောက်ခံပြုထားသည့် ဦးပိုင်ဂိုဏ်းတို့သည်ကား အော်မေ့ဂိုဏ်းချုပ်ဦးဆောင်မည့် စုံစမ်းရေးကော်မရှင် ရောက်မလာခင် သက်သေအထောက်အထားများကို လက်စလက်နဖျောက်ရန် ပြင်ဆင်နေကြပါတော့သည်။

ဆက်ရန်…..:p

 

 

မှတ်ချက်။        ။ email ထဲမှ ရသောစာကို သဘောကျသဖြင့် ပြန်လည် ရှဲခြင်းသာဖြစ်သည်…. ဖြစ်နိုင်ချေရှိသော မူရင်း source အား ရှဲပေးလိုက်သည်…..

Possible Reference

http://groups.google.com/group/mbamyanmar?hl=en.

5 comments

  • jullies cezer

    December 5, 2012 at 3:07 pm

    ရီရတယ် ”ဗြဲ”
    မှတ်ချက် – သမိန်ပေါသွပ်လိုရီခြင်းဖြစ်သည် :mrgreen:

  • jullies cezer

    December 5, 2012 at 3:11 pm

    အမှန်က ရွာထဲမှာရှိတဲ့ဂိုဏ်းတွေကပါ ထပ်အားဖြည့်ပေးရမှာ
    ဘလက်ဘရားသားဂိုဏ်းတို့ ပစ္စုပ္ပန်ကမောက်ကမဝါဒီဂိုဏ်းတို့……..

  • Mon Kit

    December 5, 2012 at 3:25 pm

    အိပ်ချင်ပြေ ဖတ်သွားသည်….. :hee:

  • Mobile

    December 5, 2012 at 5:37 pm

    မဆိုးပါဘူး မျက်စိတော့နည်းနည်း ညောင်းသွားတယ်ထင်တာပဲ

  • Mr. MarGa

    December 6, 2012 at 1:12 pm

    သရော်စာကောင်း တစ်ပုဒ်ပါ
    ဝင်ဖတ်သွားပါတယ်

Leave a Reply