သတင်းလေးအတိုင်း တကယ်ဖြစ်ရင် ကောင်းမှာဘဲလို့။

အသက် ၆ဝ နှင့် ၇ဝ ကျော်အရွယ် ဘိုးဘွားများ နိုင်ငံပိုင်ဆေးရုံကြီးများတွင် အခမဲ့ဆေးကုသခွင့်နှင့် ကျန်းမာရေးစစ်ဆေးခွင့်များ ရရှိတော့မည်ဖြစ်ကြောင်း ဒီဇင်ဘာလ  ၃ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားခဲ့သည်။

“ နိုင်ငံတော်ရဲ့ ဆင်းရဲချမ်းသာ၊ ဘာသာလူမျိုးမရွေး ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီစေဖို့အတွက် နိုင်ငံတော်၏ စီးပွားရေးအခြေအနေနှင့် လိုက်လျောညီထွေမှုရှိတဲ့ ကျန်းမာရေး ဘဏ္ဍာငွေ ကူညီမှုတစ်ရပ်အဖြစ် ဆေးရုံများမှာ ဆေးပဒေသာပင်နဲ့ စရိတ်မျှပေးကျန်းမာရေးစနစ်ကို ပြုလုပ်နေပါတယ်။ ကျန်းမာရေးဦးစီးဌာနအနေနဲ့ တိုးပွားလာသော သက်ကြီးရွယ်အိုများအတွက် အစီအမံများ ချမှတ်ထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သက်ကြီးရွယ်အို စောင့်ရှောက်ရေးစီမံချက်ဝင် မြို့နယ် ၈၈ ခုရှိပြီး မြို့နယ်အဆင့် ဆေးရုံ၊ တိုက်နယ်ကျန်းမာရေးအဆင့်၊ ကျေးလက်ကျန်းမာရေးအဆင့်အထိ သက်ကြီးရွယ်အို ဆေးခန်းများ ဖွင့်လှစ်ကုသပေးလျက် ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သန်လျင်၊ သုံးခွ၊ ခရမ်း၊ ဒေါပုံ၊ လှိုင်သာယာ၊ တွံတေး စတဲ့မြို့နယ်များမှာ သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှု စီမံချက် လုပ်နေပါတယ်” ဟု လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားခဲ့သည်။

“ကျန်ရှိတဲ့ကုတင် ၂၀ဝ အောက် ဆေးရုံ၊ မြို့နယ်အဆင့် တိုက်နယ်အဆင့် ဆေးရုံတွေနဲ့ ကျေးလက်ကျန်းမာရေးဌာနအဆင့်အထိ နိုင်ငံတော်မှ ကျန်းမာရေးအတွက် ချပေးသော ဘတ်ဂျက်ငွေကို ကျန်းမာရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် အခမဲ့ ကူညီထောက်ပံ့ပေးသွားမှာဖြစ်လို့ မြို့ပြသာမက ကျေးလက်အထိပါ ငွေကြေးမတတ်နိုင်သော အသက် ၇ဝ ကျော် ဘိုးဘွားတွေအပြင် အသက် ၆ဝ ကျော် ဘိုးဘွားတွေပါ နိုင်ငံပိုင်ဆေးရုံတွေမှာ အခမဲ့ ဆေးကုသခွင့်နှင့် ကျန်မာရေးစစ်ဆေးခွင့်များ ရရှိတော့မှာ ဖြစ်ပါတယ်” ဟု ဒေါက်တာမြင့်သိန်းက ဆိုပါသည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၃ ခုနှစ်၊ မတ်လအထိ ဗဟိုအဆင့်ဆေးရုံ ၁၅ ရုံ၊ တိုင်းဒေသကြီး ပြည်နယ်အဆင့်ဆေးရုံများအတွက်  ဆေးဝယ်ယူရန် ကုတင်အဆင့်အလိုက် ခွင့်ပြုငွေကျပ် သိန်းပေါင်း ၄၀ဝ မှ ၁၅၀ဝ အထိ ခွဲဝေချထားပေးကြောင်း သိရသည်။

အင်းစိန်ဆေးရုံကြီးတွင်လည်း သက်ကြီးရွယ်အို ဆေးခန်းဖွင့်လှစ်ထားရှိကာ အသက် ၆ဝ နှင့်အထက် ဘိုးဘွားများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ခွင့်ပေးနေပြီး ကျန်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးရုံးများတွင်လည်း အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း နှလုံးသွေးကြောကျဉ်းရောဂါနှင့် ပတ်သက်၍ ဆေးခန်းများ ဖွင့်လှစ်ကုသပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း ဗဟိုအဆင့်ဆေးရုံ ၁၅ ရုံနှင့် တိုင်းဒေသကြီးအဆင့် မြို့နယ်၊ ခရိုင်တိုက်နယ်အဆင့် ဆေးရုံ ၅ရ ရုံတို့မှာ ၂၀၁၁ ခုနှစ်အတွင်း ဆေးပဒေသာပင်ဝင် ၂၁၈၉၄ သိန်းကျော်ရှိပြီး ရရှိသော အတိုးငွေဖြင့် လူနာပေါင်း ၂၁၉၄၁ ဦးကို ကျပ်တန်ဖိုး ၂၂၁ဝ သိန်းကျော်ဖိုးခန့် အခမဲ့ ဆေးကုသပေးနိုင်ခဲ့ကြောင်း၊ လာမည့် ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးအသုံးစရိတ်ငွေကို လေးဆတိုးမြှင့် ပေးထားကြောင်း ဒေါက်တာမြင့်သိန်းက ပြောကြားခဲ့သည်။

မူရင်းသတင်း Source  : EMG

ဒီနေ့ ခင်ခ အင်တာနက်သတင်းတွေ ဖွင့်တဲ့အချိန်မှာဘဲ သတင်းဆောင်းပါး တစ်ပုဒ်ဖတ်လိုက်ရတယ်။ အဲဒီ သတင်း ဆောင်းပါးမှာ ရေးထားတဲ့အတိုင်း တကယ်ဖြစ်မယ်ဆိုရင်ဖြင့် ကောင်းမှာဘဲလို့တွေးရင်း ဝမ်းသာနေမိ တယ်လေ။ အဲဒီမှာအတွေးတစ်ခုဝင်လာတာက တစ်ခါတလေကျရင် သတင်းစာတွေ သတင်းတွေမှာ ဖော်ပြလို့ ကောင်းအောင် ပြောကြ ဆွေးနွေးကြပြီး ပြည်သူတွေက အဟုတ်မှတ်လို့နေကြကာမှ တကယ်တမ်းကြုံဆုံ ရတဲ့ အခါမှာ ဖတ်မိတဲ့သတင်းဆောင်းပါးတွေနဲ့ တက်တက်စင်လွဲဖြစ်ခဲ့တဲ့ အဖြစ်တွေကလည်း အများသား ဆိုတော့ ယုံရခက် မယုံရခက်နဲ့ဘဲ  နှစ်ပါးသွားနေရတဲ့ မြန်မာပြည်ဘဝကတော့လွှတ်ချင်ပါပြီလေ။ သတင်း ဆောင်းပါး ရေးကြသူတွေကလည်း အမှန်တိုင်းရေးကြလို့၊ ပြောဆိုဆွေးနွေးခဲ့သ၊ူ လမ်းညွှန်မိန်ကြားခဲ့သူ အစိုးရအကြီး အကဲ အုပ်ချုပ်သူတွေလည်း မိမိဆွေးနွေးဆုံးဖြတ်ခဲ့တဲ့အတိုင်း လမ်းညွှန်မိန်ကြားခဲ့တဲ့အတိုင်း သက်ဆိုင်ရာ နေရာတွေမှာ အမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက်မှု့ရှိရဲ့လားဆိုတာ လေ့လာအကဲခတ်ဖြစ်ခဲ့ ကြမယ်ဆိုရင်တော့ ဒို့နိုင်ငံကြီးအမှန်တကယ်တိုးတက်လာပြီဘဲလို့မှတ်ချက်ချနိုင်မှာပေါ့လေ။ ရှေးရှေးတုန်းက တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ ဘုရင်ကရုပ်ဖျက်ပြီး တစ်ခါတရံတိုင်းပြည်ကိုလှည့်လှည် စနည်းနာတယ်လို့တော့ ငယ်ငယ်တုန်းကကြားဖူးသလို ရုပ်ရှင်တွေထဲလည်းကြည့်ဖူးတာဘဲလေ၊ အခုခေတ် တိုင်းပြည်အုပ်ချုပ်သူ အကြီး အကဲတွေကတော့ ဘယ်လိုနည်းတွေနဲ့များစနည်းနာနေလဲတော့မသိဘူးပေါ့ဗျာ။

အသက်အရွယ်ကြီးရင့်သော အဖိုးအဖွားများရဲ့ ဘဝလေးတွေလှပကျန်းမာ ရွှင်လန်းကြပါစေလို့—–။

 

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ခင်ခ။

About ခင္ခ

ခင္ ခ has written 458 post in this Website..