“ဒီတစ်ချီလည်း”

:chee:“ ဒီတစ်ချီလည်း” :saut:

“မင်းတကယ့်ကို ပညာမသင်ချင်တော့ဘူးလား နိုင်နိုင်”

“အမှန်အတိုင်းပြောရရင် အခြေခံမပါတာလားမသိဘူး ဦးလတ် သင်တာတွေကိုသားနား မလည်ဘူး နားမလည်တာတွေကို နှုတ်တိုက်ရွတ်ပြီး သင်နေရတာကို သားစိတ်ကုန် တယ်”

“အင်း…ပညာရေးကိုကလည်း ဒီလိုဖြစ်နေတာကိုး ဒါပေမယ့် ကျောင်းသားတိုင်းကတော့ ပန်းတိုင်တစ်ခုကိုရောက်ဖို့ ရည်သန်ထားရမှာချည့်ပဲငါ့တူ မင်းလိုတွေစဉ်းစားကြေးဆို ကျောင်းသားတွေအားလုံးကျောင်းဆက်ဖို့မကောင်းအောင်ဖြစ်နေကြမှာပေါ့ကွာ
ကဲ..မင်းအခုလိုမိန်းမယူပါပြီတဲ့ ဘာအသက်မွေးဝမ်းကျောင်းတွေနဲ့ရပ်တည်ကြမှာတုန်း”

“ပညာဆက်မသင်ချင်တာကော၊တူနှစ်ကိုယ်ဘဝထူထောင်ချင်တာကောပေါင်းပြီး ဖွေးနဲ့ ခိုးပြေးဖို့စိတ်ကူးမိတာပါ..အစစ အရာရာ ဦးလတ်ကိုပဲအပူကပ်ပါတယ်ဗျာ လုပ်ပါဦး သားနဲ့ဖွေး ဘာအလုပ်တွေလုပ်ကြရမလဲ”

အဲဒါမှဒုက္ခ ညိုလတ်တစ်ယောက်တော်တော်လေး စိတ်လေသွားမိသည်။
သူရနိုင်ရဲ့ဖခင် နိုင်မင်းဝင်းနဲ့ညိုလတ်က ညီအစ်ကိုတစ်ဝမ်းကွဲ။
ဖခင်ညီအစ်ကိုကမွေးကြပေမယ့် မိခင်တွေကဖြင့်လုံးဝမတည့်ကြ။

ညီအစ်ကိုချင်း ငယ်စဉ်က တည့်ရှုသင့်မြတ်ကြပေမယ့် အထက်တန်းကစပြီးမတည့်ကြ တော့တာဒီနေ့အထိ။
သို့ပေမယ့် နိုင်မင်းဝင်းကမွေးတဲ့သားသမီး ၂ယောက်အနက်၊အကြီးကောင် သူရနိုင် က လူပျိုကြီးညိုလတ်အပေါ် ဖခင်နဲ့မခြားခင်မင်ရင်းနှီးစွာ သွားလာလည်ပတ်လျက် စားအိမ်သောက်အိမ်လုပ်နေခဲ့သည်။

သူရနိုင်တစ်ယောက် ဦးလေးလူပျိုကြီးနဲ့ပဏာသင့်နေတာကို ဆွေမျိုးအရင်းကြီးဖြစ်တဲ့ နိုင်မင်းဝင်းကမတားနိုင်ပါ။
မတည့်ကြတဲ့ မိခင်တွေလည်းမရှိကြတော့တဲ့နောက်မို့ ညီအစ်ကိုချင်း ဖက်လဲတကင်း မဟုတ်တောင် တစ်ယောက်ကိုတစ်ယောက် သင့်မြတ်ချင်နေကြတာပင်။

အခုလို သူတို့ရဲ့သားဦးကို ညိုလတ်က အရွယ်မတိုင်ခင်မိန်းမယူဖို့ ကူညီပေး လိုက်မယ်ဆိုရင် ညိုလတ်တို့ညီအစ်ကိုရဲ့ ဆက်ဆံရေးဟာ ပိုပြီးကောင်းလာဖွယ်ရာ ထက် အဆိုးဘက်သို့ပိုကျသွားတော့မည်မဟုတ်ပါလား။

“ဟိတ် ဦးလတ် ဘာတွေ တွေဝေသွားတာလဲ”

“မင်းအရွယ်ကမိန်းမယူဖို့အရမ်းငယ်သေးတယ် နိုင်နိုင်…ပြီးတော့ မင့်အဖေနဲ့ဦးလတ် ဆက်ဆံရေးကိုလည်းမင်းသိတဲ့အတိုင်း မင်းလုပ်ချင်တာကို ငါကလုပ်ပေးလိုက်တယ် ဆိုရင် ငါ့စိတ်ထဲမှာတော့ မင်းတို့လူငယ်နှစ်ယောက် ဆင်ကန်းတောတိုး ထင်ရာစိုင်းသွား မှာစိုးလို့ ကူညီတယ်ပဲထား၊မင်းအဖေရဲ့စိတ်ထဲမှာ သူ့သားကိုငါက ဖျက်ဆီးတယ်ထင် သွားမှာကွ…နဂိုကမှ နိုင်မင်းဆိုတဲ့အကောင်က ခေါင်းပါတာမဟုတ်ဘူး ဂမူးရှူးထိုး ကောင်”

“ဦးလတ်ကလဲ ဦးလတ်တို့ညီအစ်ကိုချင်းပြန်ပြေလည်ချင်နေတာလားဗျ ဦးလတ်မကူညီ လည်းသားတို့က သားတို့လမ်းသားတို့လျှောက်မှာနော် ပြောထားပြီးသား အစီအစဉ်မ ဖြစ်ခင်တော့အဖေ့ကိုသွားမချွန်နဲ့ ပိုဆိုးသွားမယ်”

“ဟေ့ကောင် မင်းလည်းမင်းအဖေလိုပဲ တဇွတ်ထိုးကောင်ပါ့လားကွ မင်းတို့ခွေးဖြစ်ကုန် မှာ စဉ်းစားဦး”

“ခွေးဖြစ်တာကနောက် လောလောဆယ် အချစ်ဘုံနန်းကလေးမှာစံမြန်းချင်တယ်”

ညိုလတ်တစ်ယောက် တော်တော်စဉ်းစားရကျပ်သွားသည်။နိုင်မင်းဝင်းတို့ထံ သွားအသိ ပေးလိုက်ရင်အကောင်းဆုံးဖြစ်မယ်ဆိုတာတော့သိသည်။
သူ့မိဘကတာဝန်အရှိဆုံးမဟုတ်လား။သို့ပေမယ့် သူတို့လင်မယားကိုစကားစပြောရမှာ တော်တော်လေးဝန်လေးနေမိတာ ကိုယ့်စိတ်ကိုယ်အသိဆုံး။
အမျိုးထဲက လူကြီးတစ်ယောက်ယောက်ကတဆင့် ပြောခိုင်းရင်ကော။
ဒါမှမဟုတ် ကောင်မလေးမိဘတွေကိုအသိပေးရကောင်းမလား။

အရင်ဆုံးကောင်မလေးနဲ့တွေ့ပြီး ဖျောင်းဖျကြည့်တာအကောင်းဆုံးဖြစ်မည်။
သူရနိုင်ပြောပုံအရဆိုရင် ကြားမှာ ၂ရက်ခန့်အချိန်ရသေးသည်။
ဟုတ်ပြီ သူရနိုင်ရဲ့ချစ်သူ ဖွေးဖွေးသူဆိုတဲ့ကောင်မလေးက ညိုလတ်သူငယ်ချင်းစိုးဦးရဲ့ စာအုပ်အငှားဆိုင်ကိုညနေတိုင်းလာနေကျဆိုတာ စိုးဦးထံမှအမှတ်မထင်ကြားထားမိ သည်။

ညိုလတ်ကဆွေမျိုးတစ်စုရှိရာ သာကတမှနေ၍ အလုပ်နဲ့နီးရာ ရွှေပြည်သာမှာ အိမ်နဲ့ ခြံလေးဝယ်ပြီး တစ်ကိုယ်ရည်တစ်ကာယ နေနေတာ ၄နှစ်လောက်ရှိပြီဆိုပေမယ့် သာကေတ၊ဒေါပုံတဝိုက်က ငယ်သူငယ်ချင်းတွေနဲ့တော့ မဆက်မပြတ်ခဲ့။
သူငယ်ချင်းတွေက အလုပ်အားရင်အားသလို တစ်လတစ်ခါ၊နှစ်ခါလောက်တော့ ညိုလတ်ရဲ့အိမ်သို့ လာရောက်ဝိုင်းဖွဲ့တတ်ကြသဖြင့် နေရာဟောင်းကသတင်းတွေမှန် သမျှ မသိမရှိရသလောက်ပင်။
သူရနိုင်ကတော့ ကျောင်းပိတ်ရက်တိုင်းလိုလိုရောက်လာတတ်သလို၊ကျောင်းပြေးပြီး လည်း ရောက်ရောက်လာတတ်သဖြင့် တော်တော်လေးတားယူထားရသည်။

ကောင်မလေးနဲ့အရင်တွေ့ကြည့်ဖို့အတွက် စိုးဦးကတဆင့်အဆက်အသွယ်လုပ်မည်ဟု တွေးပြီး သူရနိုင်ကိုချော့မော့ကာ ပြန်လွှတ်လိုက်ရသည်။
ဒါတောင်ကိုယ်တော်လေးက ပြန်ခါနီး ခြိမ်းခြောက်လိုက်သေးသည်။

“ဒါပဲနော်ဦးလတ် ဖိန်းနွှဲခါဆို ဖွေးကိုခေါ်လာမှာ အဲဒီနေ့မှသူ့အဖေကြီး ခရီးထွက်မှာမို့ လေ
အိမ်ကိုသွားပြောရင်တော့နော် နိုင်နိုင့်အကြောင်းသိတယ်မို့လား ဦးလတ်သိပါ တယ်”

သူရနိုင်က ညိုလတ်သူ့အပေါ်ချစ်မှန်း အလိုလိုက်မှန်းသိသဖြင့် ချက်ကောင်းကိုင်သွား လိုက်တာပါ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အထက်တန်းကျောင်းသူအရွယ် ကောင်မလေးကိုဝေးဝေးလံလံလည်း ချိန်းဖို့မတော်တာ ကြောင့် ပုဇွန်တောင်ထဲက ခပ်ရှင်းရှင်းဆိုင်တစ်ခုမှာပဲ စကားပြောဖို့မှာလိုက်တာပင်။
ညိုလတ်တစ်ယောက် ကောင်မလေးကိုနားချဖျောင်ဖျနေတာ ၂နာရီလောက်ရှိတော့ မည်။စိုးဦးကိုအဖော်ခေါ်ခဲ့မိရင်ကောင်းသား ဟုတွေးပြီး နဖူးမှာပျံနေတဲ့ချွေးတွေကို ခဏခဏသုတ်နေရသည်။

“နိုင်နိုင့်သဘောကသမီးသဘောပဲဦး နိုင်နိုင်ကနောက်ဆုတ်ရင် သမီးလည်းနောက် ဆုတ် ပါ့မယ် ဦးရဲ့တူနိုင်နိုင့်ကိုပဲဖျောင်းဖျလိုက်ပါ”

ကောင်လေးက နောက်ဆုံးမှာဒီစကားနဲ့ချည့် ချည်တုတ်နေသည်။

“အဲဒီ့နားမရှိတဲ့ကောင်ကိုပြောမရလို့ သမီးကိုခေါ်တားတာပါကွယ် ဦးပြောတဲ့ထဲမှာ သမီးတို့ဘဝရှေ့ရေးတွေအများကြီးပါတယ်ဆိုတာ နားလည်စမ်းပါ သိပ်ကိုငယ်သေး တယ်”

ကောင်မလေးက ချစ်စဖွယ်ပြုံးလျက်

“နိုင်နိုင်က နားမရှိတဲ့လူဆိုရင် သမီးလည်းအတူတူပဲဖြစ်ပြီ နိုင်နိုင့်သဘောကို သမီး မလွန်ဆန်ချင်ဘူးဦး စိတ်ဆိုးမှာကြောက်တယ်”

“ဟေ…..ရည်းစားစိတ်ဆိုးမှာကြောက်တာလေးနဲ့ ညည်းဘဝငယ်ငယ်လေးနဲ့ အိမ်ထောင် ရေးဒုက္ခတွင်းထဲဆင်းရမှာနော် ကောင်မလေး”

“ဟိ…အတူနေချင်တာလည်းပါတာပေါ့လို့ ဦးကလည်း ငယ်ရာကကြီးလာတာမဟုတ်တဲ့ အတိုင်းပဲ အေးပေါ့လေ ဦးကလူပျိုကြီးဆိုတော့ ဒါမျိုးတွေခံစားတတ်မှာမဟုတ်ပါဘူး”

ကောင်မလေးရဲ့နှိပ်ကွပ်မှုကြောင့် ညိုလတ်မျက်နှာကြီးရှုံ့မဲ့သွားသည်။
ခံစားဖူးလိုက်သမှ ရင်ဘတ်ကြီးကွဲမတတ်ပါပဲကလေးမရယ်လို့သာအော်ပြောလိုက်ချင် သေး။
ဟုတ်တယ်လေ ဒီကောင်လည်း လူပျိုလေးဘဝကမှ လိုတာမရလို့ လူပျိုကြီးဘဝရောက် ရတာမဟုတ်လား။
လက်ရှိလူပျိုကြီးဆိုတာကိုပဲ ခလုတ်ကလာလာတိုက်ကြတာခက်လိုက်သမှ။

ကောင်မလေးကိုပြောရတာက ရဟတ်စီးနေရတဲ့အတိုင်း တစ်ပတ်ပြီးတစ်ပတ် လည်လည်ထွက်နေသလို ခေါင်းတွေပါမူးလာသည်ဟုထင်ရသည်။
ကောင်မလေးက ခေါင်းကိုငုံ့လျက် သူမရဲ့ပုံဖော်အလှဆင်ထားသော လက်သည်း လှလှလေးတွေကို အကြောင်းမဲ့ ကလိနေသည်။
ရေနွေးခွက်ကောက်မော့ရင်း ဘေးဘီကိုမျက်လုံးကစားမိတော့ ညိုလတ်တို့နှစ်ယောက် ရှိရာဝိုင်းကို ဘယ်အချိန်တည်းကစိုက်ကြည့်နေလဲမသိတဲ့ မျက်လုံးတစ်စုံ…
သွားပြီ ဆိုတာသိလိုက်ပေမယ့် မျက်လုံးပိုင်ရှင်က လှည့်ထွက်သွားချေပြီ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
နိုင်နိုင်တစ်ယောက် ပညာရေးမှာစိတ်မပါတော့ဘူး။ မိန်းမခိုးဖို့ကြံစည်နေသည်ဆိုတဲ့သတင်းကို နိုင်နိုင့်သူငယ်ချင်း တိုးလေးထံမှာ တိတ်တဆိတ်ကြားပြီးသား။ဒီကောင် ဘယ်နေ့ ဘယ်ခြေလှမ်းနဲ့ ဘယ်လိုကြံစည်မယ်ဆို တာသိအောင်သာ နိုင်မင်းဝင်းစောင့်ကြည့်လေ့လာနေတာ။
နိုင်နိုင်နဲ့အတွဲဆုံး တိုးလေးကိုယ်တိုင်ဘယ်နေ့ခိုးမလဲဆိုတာ မသိတာကြောင့် ဒီအကြံ အစည်မှာ တိုးလေးကိုမထည့်သွင်းဘူးဆိုတာသေချာနေလေပြီ။
တိုးလေးက နိုင်မင်းဝင်းစုံစမ်းခိုင်း၍သာ ရအောင်စုံစမ်းပေးထားတာမို့ အသေအချာ တော့မသိချေ။

“ညိုလတ်ကွာ ဒီကောင် ကိုယ့်တူလေးကိုဖျက်ဆီးဖို့လုပ်နေတာပါလား ငါလုံးလုံးမထင် ထားတာပါ ငါတို့ကိုဘယ်လောက်အမြင်ကတ်ကတ် ငါ့သားကိုတော့မဖျက်ဆီးသင့်ပါ ဘူး”

“သေချာမှလည်းစွပ်စွဲပါ ကိုရယ် ညိုလတ်ကအဲဒီလောက် သားအပေါ်ချစ်တာ”

“မင်းသေချာသိလို့လားကွ ငါတို့ကိုချိုးချင်လို့ ငနိုင့်ကိုအပိုင်ကိုင်ထားတာဆိုရင်ကော”

မာလာ့ထံမှ မည်သည့်စကားမှထွက်မလာတော့ သူမလုပ်လက်စ ခန်းစည်းစတွေကိုသာ အနားဆက်လုံးနေတော့သည်။
သူမစကားဆက်ရင် နိုင်မင်းဝင်းရဲ့စကားနာထိုးမှုကိုခံရတော့မည် ဆိုတာကောင်းစွာ သဘောပေါက်ပြီးပုံရသည်။
ကောင်းပါတယ် ဒီမိန်းမဝင်မပါတာပဲ။ကိုယ့်စိတ်ကူးနဲ့ကိုယ်သာ သားကိစ္စကိုဖြေရှင်း လိုက်ရမည်။

ဒီကောင်ညိုလတ်ကိုတော့ ကောင်းကောင်းပညာပေးရမည်ဟု ကြိမ်းဝါးထားလိုက်သည်။
ကျောင်းမလွှတ်သေးတဲ့အချိန်မို့ အိမ်မှာ နိုင်နိုင်ကော၊အငယ်မလေးပါ ရှိမနေပါ။

နံရံမှာချိတ်ထားတဲ့ နိုင်နိုင့်ရဲ့Tri ဦးထုပ်ကိုဖြုတ်ဆောင်းကာ လှေကားမှာဖိနပ်စီးလျက် အိမ်ပေါ်ကဆင်းတော့

“ဦးနိုင်မင်းကဘယ်လဲ”

မာလာက ခပ်ထောင့်ထောင့်လှမ်းမေးသည်။

“ငစိုးဆိုင်ဘက် ဒီကောင်တွေက အဂိုဏ်းတည်းသားတွေလေ မင်းသိပါတယ် ငနိုင်ပြန်လာရင် ဘယ်မှမထွက်စေနဲ့ဟေ့ ငါပြန်လာလို့မရှိရင် အရေဆုပ်မယ်လို့ ပြောလိုက်စမ်းချေ”

မာလာက မျက်နှာကိုမဲ့ကာ အာရုံမစိုက်ယောင်ပြုသည်။
ပါးစပ်ကလည်းပွစိ ပွစိလုပ်လိုက်သေးသည်။
ဘာတဲ့

“အဲဒါတွေကြောင့် ကလေးက ငယ်ငယ်ရွယ်ရွယ်နဲ့စိတ်လေတာ ဖအေဒေါသဂုမာ္ဘနဲ့မနေ ချင်လို့လေ”

“အေး ဖအေကဒေါသဂုမာ္ဘဆိုရင် ပထွေးနဲ့သာအပြီးသွားနေလို့ပြောလိုက်ချေဟေ့”

နိုင်မင်းဝင်းတို့ကိုမရွဲ့ရွဲ့အောင် မာလာတို့ဆွသည်မဟုတ်လား။
အနိုင်ရအောင်ပြောပြီး ဆက်ထွက်လာခဲ့လိုက်သည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“နင်တို့နှစ်ယောက်ကြား ငါသိပ်စိတ်ညစ်တယ် ညိုလတ်”

“နင်စိတ်ညစ်အောင် ငါကဘာတွေလုပ်နေလို့လဲ ”

မန်နေဂျာရုံးခန်းကိုအပြေးလာခဲ့လိုက်ရတာ ရောက်ရောက်ချင်းပဲ သူရနိုင်အမေ မာလာရဲ့ခပ်စီးစီးလေသံကိုကြားရသဖြင့်စိတ်ကနည်းနည်းတိုချင်သွားသည်။

“နင် နိုင်နိုင့်ကိုဘာတွေမဟုတ်တာမြှောက်ပေးနေလဲ အခုဦးနိုင်မင်းဒေါသအိုးပေါက် ကွဲနေပြီ”

“ပေါက်ကွဲရုံမက သေလိုက်ကြဟေ့… နင်တို့နဲ့အဝေးဆုံးမှာ ပြောင်းနေတာ တောင် ငါ့လာခလုတ်မတိုက်နဲ့မာလာ အေး ညိုလတ်တို့ကသဘောကောင်းချင်ရင် သေလောက်အောင်ကောင်းပေးလိုက်မယ် ဆိုးပြီးဆိုရင်တော့မလွယ်ဘူးနော်
နင်တို့သားကိစ္စ ငါဘယ်လောက်ခေါင်းပူရတယ်မှတ်လဲ ဒါနဲ့တောင်နင်တို့ကအထက်စီး ကငါ့ကိုဆက်ဆံနေကြတယ်ပေါ့”

“နင်ခေါင်းပူစရာမလိုဘူး ညိုလတ်…သူ့အဖေပူလိမ့်မယ် နင်ကသူ့အဖေလည်းမဟုတ် ဘူး နင့်ဆီဘာမှအပူလာမကပ်စေနဲ့ နင့်ဟာနင်အေးအေးနေ”

ညိုလတ်ဒေါသတို့ အငွေ့ပျံမတက်ဖြစ်လာချေပြီ။ကြာရင်ဖုန်းခွက်ပါအရည်ပျော်တော့ မည်လားမသိ။

“အေး ငါကသူ့အဖေလည်းမဟုတ်ဘူး၊ပထွေးလည်းမဟုတ်ဘူး ငါ့ဟာငါအေးလိုက်သမှ ရေခဲတုံးလားမှတ်ရတယ် နင်တို့မိသားစု ဇာတ်လာမရှုပ်ရင်ပေါ့ နောက်ငါ့ကိုဖုန်းလှမ်း မခေါ်နဲ့ နင့်လင်ကိုလည်းမှာထား နောက်တစ်ခါ ငါ့ကိုအခုလိုခေါ်ပြောလား ဘာလားလုပ် လို့ကတော့ နင်တို့လင်မယားငါ့အကြောင်းသိမယ်….မာလာ နင်ကပိုတောင်ဆင်ခြင်ရမှာ သဘောပေါက်စမ်း…ဂွပ်”

တစ်ဖက်မှ မာလာကတော့ဘယ်လိုနေမည်မသိ။ညိုလတ်မှာတော့ ဖုန်းခွက်ကိုချပြီးတာ တောင်မှ လူကအငွေ့ပျံချင်နေပြီ။
ဒေါသကအလိပ်လိုက်တာလာသဖြင့် အာခေါင်တွေပါခြောက်လာတော့သည်။

အခန်းထဲ မန်နေဂျာရှိမနေ၍သာ တော်တော့သည်။အပြင်ခန်းက စာရေးမလေးကတော့ အကြောင်းမဟုတ်။
အဝင်ဝနားက ဝါတာကူလာမှာ ရေအေးအေးတစ်ခွက် အပြည့်ခံသောက်လိုက်မှ ရင် ထဲမှာ နည်းနည်းခံသာသွားသည်။
အတွေးထဲမှာ နိုင်မင်းဝင်းဆိုတဲ့ကောင်ရဲ့မျက်နှာနဲ့မာလာ့မျက်နှာတို့က ဘီလူးတွေနဲ့ မခြားမြင်ယောင်နေမိတော့သည်။
အလုပ်ထဲမှာစိတ်ကိုနှစ်ထားပေမယ့် စိတ်တိုတာက တော်တော်နဲ့မပြေနိုင်သေး။

ညိုလတ်တို့က ခံရပေါင်းတွေများနေပြီဟုလည်း ကိုယ့်ကိုယ်ကိုနှိပ်ကွပ်မိသေးသည်။
ရှေ့ဆက်သင်းတို့လင်မယားကို ပြန်လည်တိုက်ခိုက်ဖို့ရာအားမွေးတော့မည်။
သူရနိုင်ဆိုတဲ့ သံယောဇဉ်အရှုပ်ထုပ်လေးကိုလည်း မရရအောင်ဖြတ်လိုက်ရဦးမည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“ကိုညိုလတ်ရေ ခင်ဗျားဖုန်းလာတယ်ဗျ”

ရုံးကနေ အိမ်ရောက်လို့မှ အမောမပြေသေးဘူး ၅အိမ်ကျော်က ဂိမ်းဆိုင်ကလာခေါ် သည်။ဖုန်းက ဂိမ်းဆော့သူတွေနဲ့ခပ်ဝေးဝေးမှာမို့ပြောရတာတော့အဆင်ပြေသည်။

“ဟဲလို…ညိုလတ်ပါ”

“ဟေ့ကောင် ခွေးမျိုး မင်းကလားငါ့သားကို နို့နံ့တောင်မစင်သေးဘူး ခွေးဖြစ်လမ်းပို့တာ”

နေ့လည်ကဖုန်းလာတာထက် အဆတစ်ထောင်လောက် အမောဆို့သွားသည်။

“ဘာ…ဟေ့ကောင် နိုင်မင်းဝင်း မင်းတို့လင်မယားတော်တော်လွန်လှပြီနော်..ငါ့ကိုဘာ ကောင်မှတ်လို့ဒီလောက်တွေ မဆင်မခြင်ပြောနေကြတာလဲ..မင်းတို့နှစ်ယောက်လုံးဒီလို ပြောပိုင်ခွင့်ရှိသလား မင်းတို့စဉ်းစားကြည့်စမ်းပါ”

“ဟေ့ ရှေးဟောင်းပစ္စည်းတွေရှာချင်ရင်ပြတိုက်သွားကွ လက်ရှိအခြေအနေမှာ ငါ့သား ကိုဒုက္ခပေးဖို့ကြံတဲ့ကောင် မင်းနဲ့ငါကောင်းကောင်းစာရင်းရှင်းဖို့ပြင်ထား”

နိုင်မင်းဝင်းဆိုတဲ့ကောင်ဟာ ငယ်ငယ်တည်းကဂျွတ်ဆတ်ဆတ်၊မိုက်ကန်းကန်းဆိုတာ သိပြီးသားပေမယ့် ကိုယ်တိုင်ကဘာအမှားမှမလုပ်ထားတာမို့ ဒီလောက်အထိမိုက်ရိုင်း စွာစွပ်စွဲနေမှုများအပေါ် ညိုလတ်သီးမခံနိုင်တော့။ဖုန်းကဆောင့်ချပစ်လိုက်မိသည်။

ဆက်ပြောနေရင် ညိုလတ်အဖို့မိမိဒေါသအိုးကို မိမိမီးမြိုှက်နေသလိုသာရှိတော့မည်။
သူခိုးတွေကလူပြန်ဟစ်လို့ လို့သာအော်ပြောလိုက်ချင်တော့တာပင်။

ဒီလောက်တောင် ဖြစ်လှတဲ့ဟာတွေ နိုင်နိုင်အပေါ်ထားမိတဲ့ညိုလတ်ရဲ့စေတနာတွေကို ဝေဒနာဖြစ်အောင်လုပ်ပစ်လိုက်တော့မည်။
ဒင်းတို့ဆွေ့ဆွေ့ခုန်သွားမည့်ကိစ္စတစ်ခုကို မဖြစ်ဖြစ်အောင်ဖန်တီးလိုက်မည်ဟု ကြိမ်းဝါး ထားလိုက်တော့သည်။
ထိုကဲ့သို့ အနိုင်ရမည့်အတွေးကိုတွေးမိလိုက်ချိန်မှာမှ ရင်ထဲကဒေါသမီးတို့ အနည်းငယ် ကျဆင်းသွားတာပင်။

သံယောဇဉ်ရှိလှသည့် နိုင်နိုင့်အပေါ်သနားပေမယ့် ညိုလတ်တို့အဖို့ ဒီလင်မယားနဲ့ပတ် သတ်ရင် ခံရတာတွေများနေပြီမဟုတ်လား။
ရှေ့ဆက်ပညာမပြထားသရွေ့ ဒင်းတို့ခံဘက်ချည့် တစ်သက်လုံးဖြစ်ချေတော့မည်။
နောက်ဆုံး ဆုံးဖြတ်ချက်တစ်ရပ်ကို ဒုန်းဒုန်းချလိုက်မှ နေသာထိုင်သာရှိသွားတာမို့ ရေမိုးချိုးထမင်းစားပြီးတာနဲ့ လုပ်ငန်းစဖို့ထရပ်လိုက်မိသည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇာတ်သိမ်းပိုင်း ဆက်ပါဦးမည်။

:gee: “နန်းတော်ရာသူ”ရေးသားသည်။
5-12-2012
6:48(PM)
http://nanntawyarthu.webs.com

11 comments

  • Mr. MarGa

    December 5, 2012 at 7:40 pm

    အင်းးးးးးးးးးးးး ဘာဆက်ဖြစ်မယ်တော့ မသိ
    ညီအစ်ကို နှစ်ဦးကြောင့် ကလေးတွေ ဒုက္ခတော့ မရောက်လောက်ပါဘူးနော်

  • candle .

    December 5, 2012 at 8:07 pm

    ဟယ်တော့ .. ကောင်းခန်းရောက်မှ လုပ်ပြီ….

  • Mobile

    December 5, 2012 at 8:29 pm

    ဇာတ်သိမ်းပိုင်း ရပြီးသောအခါမှ တွဲးဖတ်ရန် ယခုမဖတ်ရှု့ပဲ ကူးထားလိုက်သည်။
    ဇာတ်သိမ်းပိုင်း လေးမြန်မြန်လုပ်ပါ့ဗျို့ . . . . . . .

    • အူးမာဂကစိတ်ပူတတ်ရန်ကော
      ကောင်းခန်းဆိုလို့ကျေးဇူးပါကန်ဒယ်ရေ ဇာတ်လမ်းရှည်သွားလို့ နှစ်ပိုင်းဖြတ်လိုက်ရတာ။
      မျှော်လင့်အားပေးနေတဲ့ အလက်ဆင်းလေးလည်းကျေူးဇူးပါ။
      ဇာတ်သိမ်းပိုင်းနဲ့တွဲဖက် ဖတ်မယ်ဆိုတဲ့ မိုဘိုင်းလဲကျေးဇူးပါ။
      ရက်သိပ်မခြားပဲလာမှာပါ။
      နောက်လဲ ဝေဖန်အားပေးပါဦး

  • uncle gyi

    December 5, 2012 at 9:48 pm

    အခန်းဆက်တွေကတယ်ခေတ်စားတာကိုး
    ကိုရီးယားရုပ်ရှင်ကြနေတာပဲ

  • ခင်ခ

    December 5, 2012 at 10:36 pm

    အော် သူလေးလည်း ခေသူမဟုတ် စာတတ်ပေတတ်လေးဘဲကိုး။
    ဖတ်လက်စဆိုတော့လည်း မျှော်ရတော့မပေါ့ကွယ်။

  • myanmar oscar

    December 6, 2012 at 12:13 am

    မျှော်တော့မျှော်နေမယ်…..
    (၁၂)လပိုင်းမကုန်ခင်တင်ပေးနော်…..

  • Mon Kit

    December 6, 2012 at 10:51 am

    အင်း.. ကောင်းပါလေ့ နန်းတော်ရာသူရေ…
    စေတနာ ကနေ ဝေဒနာ ဖြစ်သွားတော့ အကျိုးဆက်ကလည်း ကောင်းမယ် မထင်ဘူး..
    ဇာတ်သိမ်းလေး သိချင်လှပီ.. စောင့်နေမယ်နော်…..

  • jullies cezer

    December 6, 2012 at 11:11 am

    ဇာတ်သိမ်းမျှော်နေတယ်နော် ………

  • မောင်ပေ

    December 9, 2012 at 1:33 pm

    နှစ်ပိုင်းလုံး ဖတ်ပြီးပါကြောင်း
    အဲဒါအဲဒါ

Leave a Reply