ကျွန်တော်နှင့် ဘောင်ခတ်တွေးခေါ်ခြင်းများ

စဆရ ႀကီးDecember 7, 20121min64824

ကျွန်တော် စာတွေရေးပါသည်။ မြန်မာလိုသက်သက်ရေးခြင်းသာဖြစ်သည်။ သို့ဆိုလျင် စာရေးပါသည်ဆိုမှတော့ အဘယ်ကြောင့်များ မြန်မာလိုရေးရသနည်းဟု အထွန့်တက်ချင်ကြသူများ ရှိကြပေဦးမည်။ တစ်ခြားဘာသာစကား နှစ်ခုဖြင့်လည်း ရေးလိုက ရေးသားနိုင်သောကြောင့်ဖြစ်သည်။ ရှိစေတော့.. လူ့သဘာဝမို့ပေလား။ ဆိုရလျင် ကျွန်တော်သည် အဖမြန်မာပြည်ကြီးမှ ဝေးရာ ရပ်ဝေးတစ်နေရာတွင် နေထိုင်ရသူဖြစ်သည့်အားလျော်စွာ Home Sick ဖြစ်တတ်လေသည်။ အချိန်တိုင်းဟုတော့ မဆိုသာ၊ တစ်ခါတစ်ရံတော့လည်း ကိုယ့်မြေ ကိုယ့်ရေတွင် မရနိုင်သည်များကို ခံစားမိသည့်အခါ ကျေနပ်ခြင်းဖြစ်ရသည့်အလျောက် တစ်ခါတစ်ရံတွင်မတော့ ငါ့မြေ၊ ငါ့ရေမှာရော ဒီလိုတွေ မရနိုင်ဘူးလား၊ ဒီလိုတွေ မဖြစ်နိုင်ဘူးလားဟု ခံပြင်းခြင်းဖြစ်မိတော့သည်။

ကျွန်တော်သည် လစ်ဘရယ်သမားသာဖြစ်၏။ ကွန်ဆာဗေးတစ်များနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်းပင်။ ကိုယ်မှန်သည်ထင်သည့်အရာကို ရှင်းရှင်းဘွင်းဘွင်းပြောတတ်သည်။ လမ်းရိုးမှ ဖောက်ထွက်လိုခြင်းလဲဖြစ်သည်။ လမ်းဟောင်းကြီးမှ လမ်းသစ်ထွင်လိုခြင်းလဲဖြစ်သည်။ မွေးစကပင် ဒီလိုနေ၊ ဒီလိုစား၊ ဒီလိုသွား၊ အရှင်းဆုံးဆိုရလျင် ဒီလိုတွေးဟု သင်ကြားပုံသွင်းခံလာရသော်လည်း ပင်ကို ဗီဇလေးပါလာသည်ဟုဆိုဆို၊ တစ်မိပေါက်တစ်ယောက်ထွန်းဆိုဆို၊ ကွန်ဆာဗေးတစ်သမားများကတော့ ကျွန်တော့်အား ရူးကြောင်ကြောင်၊ ဘာသာတရားမလိုက်စားသူ၊ ယဉ်ကျေးမှုမရှိသူဟု ဆိုတတ်ကြသည်။ ယုတ်စွအဆုံး မိဘများပင် မိဘစော်ကားသူဟု ဆိုကြပြန်သေးသည်။ ဒီနေရာတွင် ကျွန်တော်သည် ကိုယ့်ခံယူချက်နှင့်ကိုယ်သာ ပြောခြင်းဖြစ်သည်။ အပိုင်းခွဲပြောမှ ပိုရှင်းလင်းမည်ထင်သည်။

******************** မိနှင့်ဘ ********************

ဦးစွာပထမ လက်ဦးဆရာမည်ထိုက်စွာ ပုဗ်ဗာစရိယ မိနှင့်ဘ (ထပ်ဆင့်မရသဖြင့် သည်းခံပါကုန်) ဟု ဆိုကြလေသည့်အလျှောက် မိဘများသင်ကြားသည်များ၊ မိဘနှင့်ပါတ်သက်သည်များမှ စရပေမည်။ ပြင်စာနန္တိယကံ ထိုက်သည်ဟုဆိုဆို၊ ကျွန်တော်သည် လွတ်လပ်စွာ ဆွေးနွေးခြင်းဖြစ်သည်။ မိဘများမှ ငယ်စဉ်က ဒီလိုနေ၊ ဒီလိုစား၊ ဒီလိုသွားဆိုသည်များကို လိုက်နာနေထိုင်ခဲ့ခြင်းဖြင့် ကျွန်တော်လူဖြစ်လာရသည်မှန်သော်လည်း ကိုယ်တိုင်စဉ်းစားဆင်ခြင်နိုင်လာသောအခါ ထိုသို့ထိန်းကွပ်မှုအောက်တွင် တစ်ချို့နေရာများတွင် လိုက်နာနေထိုင်သင့်သော်လည်း လူသားတစ်ဦးလွတ်လပ်ခွင့်ဖြစ်သည့် ကိုယ်ပိုင်စဉ်းစားတွေးခေါ်ခြင်း၊ ကိုယ်ဝါသနာပါရာလုပ်ကိုင်ခြင်း၊ ကိုယ်ခင်မင်ရာသူများနှင့် ပေါင်းဖော်ခြင်းများကိုတော့ ထိန်းချုပ်ကန့်သတ်သင့်သည်မထင်။ ကျွန်တော့်စိတ်ထင်ဆိုရလျင် အသက် ၁၅-၁၆ နှစ်အရွယ် ဆယ်ကျော်သက်အရွယ်များသည် စိတ်ခွန်အား လွန်စွာပြင်းထန်လှသောကာလဖြစ်ခြင်း၊ စူးစမ်းရှာဖွေလိုခြင်း၊ ဆန်းသစ်တီထွင်လိုခြင်း၊ လောကကြီးထဲ တောင်ပံဖြန့်ပြီး လက်ရှိနေရာ အသိုက်လေးထက် ပိုမိုကြီးမားကျယ်ပြန့်သော လောကကြီးထဲ ဝင်ရောက်လေ့လာလိုခြင်းအစရှိသော အခြေအနေများရှိနေသည့် အခြေအနေဖြစ်သလို ကိုယ်ပိုင်စဉ်းစားဆုံးဖြတ်နိုင်စွမ်းလဲ အတော်အတန်ရှိလာသောအချိန်ဖြစ်သည်။ ထိုအခြေအနေတွင် အရှေ့တိုင်းနှင့်အနောက်တိုင်း (တိတိကျကျဆိုရလျင် ကျွန်တော်အားကျရာလူများနှင့် မြန်မာပြည်မှ မိဘများ) အတော်လေးကွာခြားလေသည်။ ၂၀၀၉ မှ ယနေ့တိုင်အောင် ကျွန်တော်မြန်မာဇာတ်ကားများ လုံးဝ(လုံးဝ) မကြည့်တော့ပါ။ အမြင်အမျိုးမျိုးဖြင့် ဆိုကြပေမည်။ သေချာသည်ကတော့ ဘူးယိုဟု ဆိုကြပေမည်။ အမှန်တော့ ကျွန်တော် ဇာတ်ကားများကြည့်ရသည်ကို လွန်စွာကြိုက်နှစ်သက်လေသည်။ သရုပ်ဆောင် မည်သူကိုမျှတော့ မကြိုက်မနှစ်သက်ပါ။ ကျွန်တော်သည် ဇာတ်လမ်း၊ ဇာတ်အိမ်ကိုသာကြည့်ခြင်းဖြစ်သည်။ ငယ်ငယ်က (မှတ်မှတ်ရရ ၅ တန်းနှစ်) လောက်ကတည်းက အင်္ဂလိပ်ဇာတ်ကားများကြည့်ပြီး တတ်သလောက် မှတ်သလောက် ဘာသာပြန်ကြည့်သည်။ အစပထမတွင်မတော့ သူတို့ပြောသည့်အတိုင်း လိုက်ပြောကြည့်ခြင်း၊ ထို့နောက်တွင်မတော့ စာတန်းထိုးသမျှ၊ ပြောသမျှကို အတတ်နိုင်ဆုံး မြန်မာမှုပြုခြင်း၊ ထို့နောက်တွင်မတော့ ဇာတ်ကားကို နားလည်အောင်ကြည့်ခြင်းနှင့် နောက်ဆုံးအဆင့်တွင်မတော့ ဇာတ်ကားမှ ပေးလိုရင်းကို ခံစားကြည့်ရှူခြင်းအဆင့်သို့ ရောက်တော့သည်။ ထိုစဉ်က မြန်မာကားများပြသစဉ် ကိုရင်စိုင်းတို့ မိသားစုများမှ ကိုရင်စိုင်းအား ဘာသာပြန်ပြကြပြီး မျက်နှာဖြူကားများကိုတော့ ကိုရင်စိုင်း ဒိုင်ခံဘာသာပြန်ပြရခြင်းဖြစ်တော့သည်။

ထိုနေရာတွင် တစ်ခုသတိထားမိတော့သည်။ နိုင်ငံအသီးသီးမှ ဇာတ်ကားများသည် သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများကို ဖော်ထုတ်ပြသခြင်းဖြစ်သည်။ အနောက်တိုင်းကားများမှာတော့ အများစုမှ ပုံမှန်ယဉ်ကျေးမှုစနစ်၊ တွေးခေါ်မှုစနစ်များမှ ဖောက်ထွက်စေရန် ဖြန့်ကျက်တွေးကြသော်လည်း မြန်မာဇာတ်ကားအများစုမှာမူ ဘာသာရေး၊ ယဉ်ကျေးမှု၊ အတွေးအခေါ်မှိုင်းများတိုက်ပြီး မြန်မာလူမျိုးများ ခေတ်နောက်ပြန်ဆွဲ၊ ရှေးရိုးဆန်၊ သမားရိုးကျ အတွေးအခေါ်မှိုင်းများတွင် မွန်းကျပ်၊ ပျော်ရွှင်နေထိုင်ကြစေလိုုခြင်းဖြစ်သည်။ ထိုအကြောင်းအရာများကို ကိုရင်စိုင်းသိရပြီးသည့်နောက် မြန်မာကားများ မကြည့်တော့ပါ။ တိုးတက်နေသည့် ကမ္ဘာကြီးတွင် ပဒေသရာဇ်ခေတ်အကြွင်းအကျန် လူမျိုးများအဖြစ် နေထိုင်ရခြင်းကို ရှက်မိခြင်းကြောင့် မိုးစက်တစ်ပေါက်ဖြင့် ပင်လယ်ကြီးမဖြစ်နိုင်သော်ငြား ပင်လယ်ဖြစ်လာမည့် မိုးစက်တစ်ပေါက်ဖြစ်လာစေရန်အလို့ငှာ တတ်စွမ်းသမျှ ကြိုးစားတော့သည်။

ဆိုတော့ ပြောလိုရင်းကို ချော်ပေတော့မည်။ ဒီနေရာတွင် တစ်ခုတော့ ကြားဖြတ်ပြောလိုပါ၏။ မန့်သလေးဂွဇွတ်ကြီးတွင် ကိုရင်စိုင်းစာရေးနေသည်ဆိုခြင်းထက် ဘဝကိုပြောပြခြင်း၊ အတွေးအမြင်များကို ချပြခြင်းသက်သက်သာဖြစ်သည်။ ကိုယ့်ကိုယ်ကို စာရေးဆရာဟု သတ်မှတ်ခြင်းမရှိပါ။ ဆက်ပါမည်။ ကိုရင်စိုင်းငယ်စဉ်က (တိတိကျကျဆိုလျင် တော်တော်လေးငယ်စဉ်က) ပုံဆွဲဝါသနာပါခဲ့သည်။ ကြီးလာလျင် ပန်းချီဆရာကြီးဖြစ်လာလျင် အဘယ်မျှကောင်းလေမည်နည်းဟု စဉ်းစားဖူးသည်။ မိဘများမှ ကိုရင်စိုင်းဆွဲသည့်ပုံများမြင်သောအခါ အတော်လေးသဘောကျ ကျလေသည်။ ပန်းချီဆရာဖြစ်ချင်သည်ဆိုခြင်းကိုတော့ သဘောမတွေ့ကျ။ ထို့အတွက်ကြောင့် အင်ဂျင်နီယာဆိုသည်များမှာ သူတို့ဖြစ်လိုသည်များကို ပုံဆွဲပြီး လက်တွေ့လုပ်ကြရသောကြောင့် အင်ဂျင်နီယာဖြစ်လျင် စိတ်ကူးသမျှ အကောင်အထည်ဖော်နိုင်မည်ဟုဆိုသောကြောင့် ကိုရင်စိုင်း အင်ဂျင်နီယာဖြစ်ချင်လာသည်။ အင်ဂျင်နီယာဖြစ်ရန် (ထိုစဉ်က) စာမေးပွဲကို ဘာသာစုံ ဂုဏ်ထူးဖြင့်အောင်မှ RIT ဝင်ခွင့်ရမည်ဆိုသဖြင့် အတန်းစဉ် Top 3 ဝင်အောင် ကိုရင်စိုင်းကြိုးစားသည်။ ဖြစ်လဲဖြစ်ခဲ့ပါ၏။ ဆယ်တန်းနှစ်တွင်မတော့ ကိုရင်စိုင်း အိမ်မက်မှ နိုးထခဲ့ရသည်။ ထို့နောက်တွင်မတော့ မိဘများမှ အဝေးသင်တက်ရင်း တက္ကသိုလ်နည်းပြဆရာများ ဖြစ်နိုင်ကြောင်းပြောသဖြင့် အလုပ်လုပ်ရင်း၊ အဝေးသင်တက်ရင်းနှင့် နောက်ဆုံးနှစ်တွင်မတော့ ထိုအိမ်မက်သည် အိမ်မက်မျှသာဖြစ်ကြောင်းသိသဖြင့် ကိုရင်စိုင်း စာပေလေ့လာခြင်းကို လုံးဝရပ်နားလိုက်တော့သည်။ နောက်ဆုံးနှစ်ကို နှစ်နှစ်ဖြေပြီး တက္ကသိုလ်ဟု တစ်နှစ်လျင် ၁၅ ရက်မျှ မြင်ဖူးခဲ့သည့် အဆောင်ကြီးများကို ၄ ကြိမ်ခန့်သွားပြီး ဘွက်လက်မှတ်ကြီးရခဲ့လေသည်။ သို့ဆိုလျင် လိုရင်းအကျဉ်းချုံးပါမည်။ လက်ဦးဆရာများစကား မြေဝယ်မကျနားထောင်ခဲ့သဖြင့် ကိုရင်စိုင်း ဘာဖြစ်ခဲ့ပါသနည်း? ဘာမှမဖြစ်ခဲ့ပါ။ လူတစ်ယောက် (အထူးသဖြင့် မြန်မာပြည်သားတစ်ယောက်) ပညာသင်ကြားခြင်း ဆုံးခန်းတိုင်ခဲ့ရလေသည်။ သူငယ်တန်းမှ ဘွက်ရသည်တိုင်အောင် ၁၅ နှစ်မျှကြာအောင် အတွေးအခေါ်ပုံသွင်းခံရပြီး မိဘများ စေစားရာအတိုင်း လူဖြစ်ခဲ့ရသူတစ်ယောက် ကိုယ့်မိသားစု၊ ကိုယ့်ပါတ်ဝန်းကျင်၊ ကိုယ့်ဆွေမျိုး၊ ကိုယ့်နိုင်ငံအတွက် ဘာများလုပ်နိုင်ပါမည်နည်း?

ဘာဆိုဘာမျှ မစွမ်းဆောင်နိုင်ပါ။ သာမန်လူထဲက လူတစ်ယောက်သာဖြစ်၏။ မယုံလျင် မြန်မာနိုင်ငံတွင် အဝေးသင်မှ ဘွက်ရပြီး ယောင်ချာချာဘဝဖြင့် ရရာတစ်ခုခုဝင်လုပ်နေသူများ၊ ဘောပွဲလောင်းနေသူများ၊ ဆိုက်ကားနင်းနေသူများ၊ စပယ်ယာလိုက်စားနေသူများ၊ ဆန်ပွဲရုံ အထမ်းသမားလုပ်နေသူများ၊ စက်ရုံအလုပ်ရုံများတွင် နေ့စားအငှားလုပ်ကိုင်နေသူများ ဘွက်ရ ပညာမတတ်သူများကို သုသေသန (Research) လုပ်ပြီး ကျမ်းတစ်စောင်ပြုကြည့်ပါလေ။ အတွေးအခေါ် ပုံသွင်းပြုပြင်ခံထားရသူများ ၇၅ ရာခိုင်နှူန်းခန့်ကို သေချာပေါက် မြင်တွေ့ရလေမည်။

******************** ဆရာ ********************

နောက်တစ်ပိုင်း၊ (သောက်နေသည်ဟု မထင်လို… အမှန်က နှစ်ပက်ခန့်သာပြီးသေးသည်၊ ယမကာလုလင်များ ကိုရင်စိုင်း အပိုင်းဖြင့်တွက်လျင် ဘယ်နှစ်ပိုင်းပြီးကြောင်း ခွဲခြမ်းစိတ်ဖြာကြပါကုန်)

သင်ဆရာ၊ မြင်ဆရာ၊ ကြား(ကျား)ဆရာ

ကျွန်တော်တို့ အသက် ၄ နှစ်သားခန့်ကစပြီး မူကြို(မူလတန်းကြိုကျောင်း) ဆိုသည့်ကျောင်းများတွင် မိဘထံမှ ခွဲခွာပြီး လူ့လောကကြီးထဲ ရှင်သန်နေထိုင်ရန်အတွက် အတန်းပညာများ စတင်သင်ကြားရတော့သည်။ ထိုမှအဆင့်ဆင့်တက်ပြီး ဘွက်လက်မှတ်ကြီး ရသည်ထိပင်။ မူလတန်းကျောင်းသားဘဝတွင်မတော့ အတန်းစဉ်တစ်တန်းအောင်ဖို့အတွက် ဘာမျှ မခက်ခဲပေ။ သူများထက် ထူးချွန်လိုသူများအတွက်သာခက်တော့သည်။ မြန်မာနိုင်ငံ ပညာရေးစနစ်အရ ဆရာများသည် သင်ရိုးစာအုပ်ထဲမှ အကြောင်းအရာများကို ၏သည်မရွေး အလွတ်ရနေဖို့သာလိုသည်။ သင်ရိုးများ၏ ရည်ရွယ်ချက်ကို ထပ်ဆင့်ပွားတွေးစရာမလိုပေ။ ထိုသို့ပုံသေမှတ်ယူ ပုံသွင်းခံလာရသည့် ဆရာများမှလည်း နောင်လာနောက်သား မျိုးဆက်သစ်များအား သူတို့လို ပုံသွင်းတော့သည်။ ဥပမာဆိုရလျင် က – ကလေးငယ် ချစ်စဖွယ်ဟု လိုက်ဆိုဟုခိုင်းသည့်အခါ က – ကလေးငယ် ရိုက်ချင်တယ်လို့ ဆိုလို့မရဘူးလားဟု ဆရာအား သူတွေးခေါ်မိသည့် အမြင်တစ်ခုအား မြင်မိသည့်ကလေးတစ်ယောက်မှ မေးမြန်းသည့်အခါ ကလေးငယ်အား ရိုက်နှက်ပြီး က – ကလေးငယ် ချစ်စဖွယ်ဟု ဇွတ်အတင်းပုံသွင်းခဲ့သည်များ ကိုရင်စိုင်း မြင်ခဲ့ရဖူးသည်။ အမှန်တော့ လူတစ်ယောက်၏ အတွေးအခေါ် ဖြန့်ကျက်ပုံ၊ စဉ်းစားဆင်ခြင်နိုင်စွမ်းများသည် စာသင်ခန်းမှပင် စသည်ဟုဆိုရမည်ပင်။ ထိုမှစပြီး ထိုကလေးငယ်၏ အသိစိတ်တွင်ရော၊ မသိစိတ်တွင်ရော ဆရာပြောသမျှသည် အမှန်တရားတို့သာဖြစ်ကုန်၏။ ဆရာသင်ကြားသမျှတို့သည် မိမိတို့လိုက်နာကျင့်သုံးရာချည်းဟု ဦးနှောက်မှိုင်းတိုက်ခြင်းခံရတော့သည်။ ထိုစဉ်က (မသိစိတ်က ကြောက်ခဲ့ရသမျှသည်) တစ်သက်တာ ပုံသွင်းခြင်း ဖြစ်ရတော့သည်။ ထိုကလေးငယ်မှ မကျေနပ်သဖြင့် မိဘများအားမေးလျင်လည်း မိဘများမှ ဆရာ့စကားနားထောင်ရမည်ဟုသာ ပြောသဖြင့် ထိုကလေးငယ်မှာ ပုံသွင်းထားသည့်အတိုင်းသာ၊ ရှင်းရှင်းဆိုရလျင် ကန့်သတ်ထားသည့် ဘောင်အတွင်းမှသာ တွေးတတ်တော့သည်။ တစ်ချို့နိုင်ငံများမှ အစွန်းရောက်များမှာလည်း ထိုနည်းပုံသာဖြစ်သည်။ မြန်မာပြည်သည်လည်း ဘာများပိုပြီး ထူးလေသနည်း။

ဆက်ပါမည်။ သူများထက် ထူးချွန်စွာ အောင်မြင်လိုသူများသည် (ထိုစဉ်က ကျူရှင်မရှိသေး၊ အရေးမပါသေး) ဆရာသင်သမျှ၊ ဖတ်စာအုပ်ထဲမှ အကြောင်းအရာများကို ၏သည်မရွေး အလွတ်ရအောင်ဖတ်ရသည်။ အကြောင်းအရာမှာ အရေးမကြီး၊ ဖတ်စာအုပ်ထဲမှ မြန်မာစာလုံးပေါင်း၊ စာအထားအသို၊ ဝါကျဖွဲ့စည်းပုံတို့ကိုသာ အလွတ်ရအောင် ကျက်မှတ်ရသည်။ ထို့နောက် လက်ရေးကို ဝိုင်းစက်နိုင်သမျှ ဝိုင်းစက်အောင် အရေးကျင့်ရသည်။ ထို့နောက် စာမေးပွဲအဖြေလွှာတွင် တတ်နိုင်သမျှ ဖျက်ရာလုံးဝမပါအောင် ဖြေရသည်။ ထို့အပြင် ပိုသေချာသွားစေရန် ဆရာလာလျင် သွားကြိုရခြင်း၊ ဆရာ့အကြိုက်နေရခြင်း၊ ဆရာပြောသမျှ ဟုတ်ကဲ့ဟုဆိုကာ ခေါင်းငြိမ့်နေရခြင်းဖြင့် ကိုယ့်ကိုယ်နှင့် ဆရာ့အတွေးအခေါ်၊ ပုံသွင်းထားသမျှတို့ဖြင့် ရှင်သန်ရင်းဖြင့် ကိုရင်စိုင်း စာတော်သည့်စာရင်းထဲပါခဲ့ဖူူးသည်။ အမှန်တော့ ကိုရင်စိုင်း စာအလွတ်ရခြင်းသာဖြစ်သည်။ ပညာတော်သည့်အထဲ မပါခဲ့သည်ကို ယခုမှ သိတော့သည်။ မှတ်မှတ်ရရဆိုလျင် ၆ တန်းနှ်က ပထမတစ်ကြိမ်တွင် တွက်နည်းမတူသော်လည်း အဖြေမှန်သည့် ပုစ္ဆာတစ်ခုအတွက် ဆရာမှ ကိုရင်စိုင်းအား လက်ဖြန့်ခိုင်းပြီး အားပါးတရအရိုက်ခံခဲ့ရပြီး၊ အောင်မှတ်ပင်မရခဲ့သည့် သချာင်္(၂) (ပုံဆွဲတွက်ချက်ရသည်များ)ကို နောက်တစ်ကြိမ်တွင် ဆရာသင်သည့်အတိုင်း တွက်နည်းမဟုတ်ပဲ သချင်္ာစကားလုံးများကို ထိုင်ကျက်၊ ပုံများကိုတူအောင်ဆွဲပြီး ဖြေခဲ့သည့်အတွက် အမှတ် ၁၀ဝ တိတိ ရခဲ့ဖူးသည်ကို ယခုတိုင် အမှတ်ရမိပြန်တော့သည်။ တွက်ချက်သည်ကို အလွန်ကျက်ဖြေခဲ့ရသည်မှာ ကိုရင်စိုင်းပင်။

ထိုကဲ့သို့ သင်ကြားမှုပုံစံများမှ ပညာရေးဆုံးခန်းတိုင်လာရသောသူများ အများစုရှိနေသည့်အတွက် ပညာတတ်ဟု အများစုပြောကြသည့် ဘွက်ရများမှ နောက်ကွယ်တွင် အသံကျယ်ကျယ်ဟစ်ကြသည့် လေးတန်းမအောင်သည့်သူများ ထိုပြည်ကြီးကို အုပ်စိုးလာသည်မှာ အဘယ်မျှ ကြာလေပြီနည်း?

နောက်တစ်ကြောင်း..

ဘာသာရေး

******************** ဘာသာရေး ********************

….

…….

…………

ဒီနေရာတွင်မတော့ ကိုရင်စိုင်းလူပါးပင်၊ ဘာမှမပြောလိုတော့ပါ။

အားလုံးကောင်းပါသည်ခင်ဗျား…………….ပေါ့။

နောက်ဆုံးတစ်ချက်

အစိုးရ

******************** အစိုးရ ********************

….

…….

…………

…………………

ဒါလဲ ထိုနည်းလည်းကောင်း။

ယခုမှစ ကိုယ်လိုရာ ဆွဲပြောနိုင်ပါပြီဆိုတဲ့အကြောင်းး။

စိုင်းကွမ်းခေး
(မန့်သလေးဂွဇွတ်)

24 comments

  • surmi

    December 7, 2012 at 9:29 am

    တွေးအခေါ်ပိုင်းကတော ့ အမျိုးမျိုးပေါ ့လေ ………..
    ကျုပ်ကိုယ်တိုင်ကလည်း ရှေးရိုးအယူအဆတွေ သိပ်လက်မခံလိုပါဘူး …
    ကိုရင် ့ စာတွေ အမြဲဖတ်ဖြစ်တာကတော ့အရေးအသားကိုပိုနှစ်သက်လို ့ပါ ။

    • စိုင်း ကွမ်းခေး

      December 7, 2012 at 4:01 pm

      အရေးအသားထက် ကျွန်တော်က အကြောင်းအရာပိုင်းကို ပိုအာရုံစိုက်ပါတယ်
      ခက်တာက အကြောင်းအရာပိုင်းတွေက နိုင်နိုင်နင်းနင်းမရှိဘူးဖြစ်နေလို့ပါ ကိုဆာမိရေ

  • ဦးဦးပါလေရာ

    December 7, 2012 at 10:19 am

    မိဘ
    ဆရာ
    ဘာသာရေး

    အင်း…

    ခရစ်စမတ်အကြို ဆုတောင်းလေးပါ ကိုစိုင်းရေ

    ဘုရာသခင်စောင်မပါစေ (May God bless you)

    :harr:

    • စိုင်း ကွမ်းခေး

      December 7, 2012 at 4:03 pm

      ဦးပါလေရာရေ… ခရစ်စမတ်ကို ကျွန်တော်ဆင်နွှဲလေ့မရှိပါဘူး
      ဒါပေမယ့် ဆုတောင်းပေးတဲ့အတွက် ကျေးဇူးပါပဲလို့

      Merry X’mas ပါဗျာ

  • kyeemite

    December 7, 2012 at 11:49 am

    သွေးထွက်အောင်မှန်တယ်လို့ပြောရမလိုပါပဲ….
    စည်းနဲ့၊ ဘောင်နဲ့၊ ကလနားနဲ့လို့ပြောလေ့ရှိသမို့လား…
    အဲဒီဘောင်အတွင်းအတင်းနေခိုင်းခဲ့လို့…နေခဲ့ရလို့
    ဘောင်မရှိရင်တောင်မနေတတ်အောင်၊ မလုပ်တတ်အောင်ဖြစ်နေကြပါပြီ…. :buu:
    ဆရာ..“xxxxxxxxxxxxxxxxxxxxx”ကွ..တပည့်တို့ရ
    တပည့်..“ မဖြစ်နိုင်ဘူးထင်တယ်ဆရာ”
    ဆရာ…“ဘာကွ..မင်းကဘယ်လောက်တတ်လို့ မဖြစ်နိုင်ဘူးပြောရတာလည်း..
    မင်းက ဆရာလားငါကဆရာလား….တောက်စ်…လူလိုမသိတတ်တဲ့ကောင်
    မင်းတို့လိုသင်ယူပုံနဲ့များ တတ်ပါလိမ့်အုံးမယ်..ပညာတွေ…ထ ထိုင်ခုံပေါ်
    မတ်တပ်ရပ်ပြီး ငါသင်တာဆက်နားထောင်”
    :chee: :chee: :chee:

    • စိုင်း ကွမ်းခေး

      December 7, 2012 at 4:04 pm

      ဒီ့ထက်မကပြောပြချင်တာတွေရှိပါသေးတယ် ဦးကြီးမိုက်ရေ… ငယ်ငယ်ကတည်းက ပြောချင်တာမပြောခဲ့ရတာတွေ ခုအချိန်ကျမှ ပြောချင်တာတွေ တစ်ပုံကြီးဖြစ်နေပါတယ်… အခြေအနေနဲ့ အချိန်အခါကြည့်ပြီး ပြောရသေးတာပေါ့ဗျာ

    • Swal Taw Ywet

      December 8, 2012 at 10:26 am

      ကိုကြီး မိုက်ရေ
      အဲဒီလို ဆရာတွေ ထဲမှာ ကျနော် မ ပါ ပါ ဘူးနော်၊
      ကျူရှင် မပြရင် ရပ်တည်လို့မရတဲ့ ကာလနဲ့ ဆုံခဲ့ရတော့ ရပ် တည် လို့ မရ ရင် ထွက်တယ်ကွာ ဆိုပြီး အလုပ်ပြောင်းခဲ့တဲ့သူပါ။ အရင် သနပ ဝန်ကြီး ဦးသောင်းရဲ့ AGTI ဆရာတွေကို မြောင်း ထဲ ကန်ချမယ် ဆိုတဲ့ မိန့်ခွန်းတော်ကြီး နာခံ အပြီးမှာ သူ ကန် မ ချ ခင် ကိုယ့် ဘာ သာ ကန် ထဲ ခုန် ဆင်းမယ် ဆိုပြီး နိုင်ငံခြားရောက်သွားခဲ့ရတဲ့သူပါခင်ဗျ။
      ကျောင်းဆရာဘဝ ၁၄ နှစ်ကာလအတွက်တော့ ကျနော် တာဝန်ကျေတဲ့ ဆရာတစ်ယောက်ဖြစ်ကြောင်း ကျနော့် တပြည့်လေးတွေက သက်သေခံလိုက်ပေးကြပါလိမ့်မယ်။
      မန်းဂဇက်ရွာသားတစ်ယောက်ဖြစ်နေလို့ ညံ့လို့ မရတော့သော…..
      With respect,
      Swal Taw Ywet.

  • Mobile

    December 7, 2012 at 12:02 pm

    ဖတ်ရှု့အားပေးသွားပါတယ်ဗျာ။
    Shift + Tide Key ကိုနှိပ်ပြီး a ကိုနှိပ်ရင် ္ဗ ရိုက်လို့ရပါတယ်ဗျာ။
    Tide Key ဆိုတာ ( Tab ရဲ့အထက်က Key ဖြစ်ပါတယ်)
    မှတ်ချက်။ ။ဆရာလုပ်ခြင်းမဟုတ်ပါ ။ တတ်သိပညာ မနေသာဆိုသည့်အတိုင်း
    မသိတဲ့လူကို မတတ်တဲ့လူက ဆရာလုပ်ခြင်းသာ ဖြစ်ပါတယ်။

  • jullies cezer

    December 7, 2012 at 12:12 pm

    နောက်ထပ်ဘောင်ထဲမှာကျန်နေတဲ့ရေးရိုးစွဲတာတွေရှိသေးတယ် ဘယ်သူကများ
    စလိုက်တယ်မသိဘူး ဝါတွင်းအိမ်မပြောင်းရတာတို့မင်္ဂလာမဆောင်တာတို့
    ဝါတွင်းမင်္ဂလာဆောင်တော့ဘာဖြစ်လဲ ခန်းမနဲ့အချိန်တောင်စိတ်ကြိုက်ရသေး
    ခက်တယ်မရောင်ရာဆီလူးချင်တဲ့အကျင့်တွေဘယ်တေ့ာများမှပျောက်မယ်မသိ …..

  • kai

    December 7, 2012 at 4:09 pm

    – ဘာသာရေး
    နှစ်၁၀၀ဝ ကျိန်စာ
    – အစိုးရ
    စနစ်ကြောင့်မဟုတ်..

    ကျန်တာကကတော့..
    အနန္တော အနန္တ ငါးပါးတဲ့..
    ဇတ်ခွဲထားတာ…

    ထိုင်ကန်တော့ကြ… ပြန်မပြောနဲ့. .မော်မကြည့်နဲ့.. ဒါပဲ.. :kwi:

  • Mr. MarGa

    December 7, 2012 at 8:08 pm

    ကိုရင်စိုင်းရေ
    ကိုယ့်နိုင်ငံအကြောင်းကို များများသိလေ အားမလိုအားမရဖြစ်လေပါပဲဗျာ
    ဦးမာဃ အနေနဲ့တော့ ဆီဖြစ်နိုင်မယ့် နှမ်းတစ်စေ့ ဖြစ်အောင်ကြိုးစားနေပါကြောင်း

  • San Hla Gyi

    December 7, 2012 at 8:58 pm

    ကိုစိုင်းကွမ်းခေးရေ
    စာအရေးအသားလေးတော့ ကောင်းပါပေရဲ့ဗျာ။ ကျနော် မရှင်းတာ တခုလောက် ဖြတ်မေးခွင့်ပြုပါ။ ခင်ဗျားရေးထားတာ တခုကို နားမလည်သလိုပဲ။ “အင်ဂျင်နီယာဖြစ်ရန် (ထိုစဉ်က) စာမေးပွဲကို ဘာသာစုံ ဂုဏ်ထူးဖြင့်အောင်မှ RIT ဝင်ခွင့်ရမည် ဆိုသဖြင့် အတန်းစဉ် Top 3 ဝင်အောင် ကိုရင်စိုင်း ကြိုးစားခဲ့သည်။ ဖြစ်လဲ ဖြစ်ခဲ့ပါ၏။ ဆယ်တန်းနှစ်တွင်မတော့ ကိုရင်စိုင်း အိပ်မက်မှ နိုးထခဲ့ရသည်။” အဲဒီစာပိုဒ်ကို သိပ်နားမရှင်းဘူး။ ဘာလို့လဲဆိုတော့ မိဘစကား နားထောင်လို့ ပညာရေးမှာ နစ်နာခဲ့ရတယ် ဆိုတဲ့ သဘောမျိုး ရေးထားလို့ ဘယ်လိုဖြစ်ပြီး အတန်းစဉ် စာတော်သူတယောက်ဟာ ဆယ်တန်းမှာ မိဘစကားကြောင့် နစ်နာသွားရတာလဲ ဆိုပြီး နားမလည်လို့ပါ။ တကယ်လို့ စာရေးသူအတွက် ပြောရတာ အခက်အခဲ သိပ်ရှိတဲ့ ကိုယ်ရေးကိုယ်တာကိစ္စ ဆိုရင်တော့ ခွင့်လွှတ်ပါ။ ကျနော်က အမှန်အတိုင်းဆို တခြားလူရဲ့ ကိုယ်ရေးကိုယ်တာ မေးလေ့မရှိပါဘူး။ ဆိုလိုတာက အပြင်ဘဝကိုပါ။ ဒါပေမယ့် ကျနော် ပြောဖူးသလိုပဲ အခုဟာက စာရေးသူက ကိုယ့်ရဲ့ပါစင်နယ် ဘဝကို စာရေးတဲ့ နေရာကို တင်လိုက်ပြီဖြစ်လို့ ဖတ်သူတဦးအနေနဲ့ မရှင်းတာကို မေးတာ ဖြစ်ပါတယ်။
    နောက်ပြီး မြန်မာရုပ်ရှင် ဇတ်လမ်းတွေကို မကြိုက်တာက အနုပညာရှင်ကြောင့်လား ဖန်တီးမှုကြောင့်လား အတွေးအခေါ်ကြောင့်လား။ ရုပ်ရှင်ကကျတော့ ကိုယ်မကျွမ်းကျင်တဲ့ နယ်ဖြစ်ပြီး ကျယ်ပြန့်လို့ မေးကြည့်တာပါ။

    • စိုင်း ကွမ်းခေး

      December 8, 2012 at 5:08 am

      ဆိုတော့ကာ ဘာကြောင့်အိမ်မက်က နိုးထခဲ့တယ်ပြောလဲဆိုတော့ ယခင်ပို့စ်တွေမှာ ကျွန်တော် သွယ်ဝိုက်ပြီးတစ်ဖုံ၊ တည့်တည့်တစ်ဖုံ ရေးသားခဲ့ဖူးပါတယ်.. အနှစ်ချုပ်ပြန်ပြောရမယ်ဆို မြန်မာပြည်ပညာရေးစနစ်အရ ဆယ်တန်းနှစ်မှာ လူငယ်တွေရဲ့ဘဝကို ကန့်သတ်၊ ပြောင်းလဲပြစ်လိုက်တာမလား၊ အဲဒီအချိန်မှာ ပညာရေးကို ဦးစားပေးတဲ့ မိဘတွေ၊ အထူးသဖြင့် သားသမီးကို ဖြစ်စေချင်လွန်းအားကြီးတဲ့ မိဘတွေဆို အရမ်းအလေးထားကြပါတယ်။ ကျွန်တော်ကတော့ တစ်မိသားစုထဲမှာ မူဝါဒနှစ်မျိုးခွဲ ဆက်ဆံခံခဲ့ရလို့ပါ။ ကျွန်တော့်အထက်တစ်ယောက် တစ်နှစ်လုံး ဆယ်တန်းကို ကျူရှင်တက်၊ စာကျက်ဖော်မရှိရင် စာမကျက်တတ်လို့ဆိုပြီး အိမ်ပေါ်ခေါ်တင်ကျွေးထားတာတောင် တစ်နှစ်ကျပြီး ကျွန်တော်နဲ့ တစ်နှစ်တည်း ဆယ်တန်းပြန်ဖြစ်လာတယ်ပေါ့။ ဒီမှာတင် သားသမီးကြား ခွဲခြားခြင်းကိုကောင်းကောင်းကြီး ခံခဲ့ရတာ သိလာရတာပေါ့လေ။ ငယ်ငယ်ကတည်းက ထူးချွန်လာတဲ့သား၊ ဖြစ်ချင်တဲ့ အိမ်မက်ကို ပြောပြပြီး ဖြစ်အောင်လဲ လုပ်နေတဲ့သူကို ဘယ်ကျူရှင်မှမထား၊ ကျောင်းကတောင်းသမျှဘာစရိတ်မှ မပေးပေမယ့် ဆယ်တန်းတစ်နှစ်ကျထားတဲ့ အထက်တစ်ယောက်ကိုတော့ မနှစ်က စာကျက်ဖော်တစ်ယောက်တည်းရှိလို့ စာမေးပွဲမအောင်တာဖြစ်မယ်ဆိုပြီး စာကျက်ဖော် ၃ ယောက်ကို အိမ်ပေါ်ခေါ်တင် ကျူရှင်ထားပေးပြီး ကျွန်တော်သည်ကား စက်ဘီးတစ်စီးနဲ့ လမ်းသရဲကျောင်းသားများထံမှ စာများကို ကူးယူ၊ ဖတ်ရှုလေ့လာ၊ သူတို့ကို ပြန်လည်ရှင်းပြရင်းနဲ့ အဲလိုနဲ့ပဲ အောင်တော့အောင်လာတယ်ပေါ့။ ကံကောင်းချင်တော့ GTC လောက်မှီပါသေးတယ်။ အဲဒီထိ ဘာမှမဖြစ်သေးဘူး၊ မိဘတွေအဆင်မပြေလို့ပဲလို့ တွေးနေတုန်း၊ နောက်ဆုံး GTC ကို ကိုယ့်ဖာသာငွေရှာပြီးတက်နိုင်ရင် တက်စေသတည်းလို့ တာဝန်မဲ့ပြောခံလိုက်ရတုန်းက ကျွန်တော် ၁၆ နှစ်သားပဲရှိပါသေးတယ်။ အဲဒီမှာတင် ကျွန်တော်ခံယူချက်၊ အတွေးအခေါ်တွေ ပြောင်းလဲခဲ့ရတယ်။ မိသားစုကို သံယောဇဉ် အနည်းငယ်တောင်မတွယ်တော့ပဲ ကိုယ့်ဝင်ငွေနဲ့ကိုယ် ရအောင်ရပ်တည်လာရတာ ခုထိပါပဲ။

      ဒါကတစ်ပိုင်း… အမေးရှိလာလို့ ပြောပြချင်တာ ပြောပြခြင်းဖြစ်ပါတယ်။

      မြန်မာရုပ်ရှင်ဇာတ်လမ်းတွေမကြိုက်တာကတော့ ကျန်တာတွေတော့ ဘာမှ မဝေဖန်ချင်ဘူး၊ အထက်မှာလဲ ရေးခဲ့ပြီးပါပြီ၊ ဇာတ်လမ်းတွေရဲ့ အနှစ်သာရမဲ့မှု၊ အကြောင်းအရာမကောင်းမွန်မှုတွေကြောင့် မကြိုက်ခြင်းဖြစ်ပါကြောင်း၊ နောက်တစ်နည်းက မြန်မာကားတိုင်း ရှေးရိုးစွဲအတွေးအခေါ်၊ အမူအကျင့်တွေသာ ထပ်ကာတစ်လဲလဲ မှိုင်းတိုက်နေတယ်လို့ မြင်မိခြင်းကြောင့် ဖြစ်ပါကြောင်း။

      စိုင်းကွမ်းခေး
      (မန့်သလေးဂွဇွတ်)

      • San Hla Gyi

        December 8, 2012 at 9:20 am

        ဆောင်းပါးရှင်ရေ
        အရင်ပို့စ်တွေမှာ သွယ်ဝိုက်ပြီးတဖုံ တည့်တည့်တဖုံ ရေးခဲ့တယ် ဆိုပေမယ့် ကျနော်က သေသေချာချာ မဖတ်ဖြစ်ခဲ့ပဲကိုး။ အစတုန်းက ခင်ဗျားကို ကွန်မန့်သဘောမျိုး ပေးမိတာကလည်း ဟိုတုန်းက ကျနော့်ပို့စ်တွေကို လာအားပေးတဲ့ ကိုအရှုံးတွေနဲ့ကျွန်တော်နဲ့ ရောသွားလို့။ အဲဒီတုန်းက ခင်ဗျားနာမည်က လည်းရှုံးနိမ့်မှုများနဲ့လူ ဆိုပြီး ရေးထားတာကိုး။ ခင်ဗျား အခုပြောတဲ့ ခင်ဗျားပြဿနာကတော့ ရှေးရိုးစွဲဝါဒနဲ့ မဆိုင်ပဲ ခင်ဗျားမိသားစု အတွင်းရေးနဲ့ ဆိုင်နေတယ်။ ဒီတော့ နည်းနည်းလောက်ပဲ အကြမ်းဆွေးနွေးမယ်။ သိပ်ဆွေးနွေးရင် ခင်ဗျားမိသားစု အတွင်းရေးတွေကို ပြောသလို ဖြစ်နေလိမ့်မယ်။ ခင်ဗျားမိဘနဲ့ ခင်ဗျား ပြဿနာက ကျနော့်စိတ်ထင် ရှေးရိုးစွဲဝါဒနဲ့ မဆိုင်ပဲ အိမ်တွင်းရေးသက်သက်ပဲ။ ခင်ဗျားမိဘတွေမှာ ဘာပြဿနာတွေရှိတယ် သူတို့က ခင်ဗျားကို ဘယ်လိုအမြင်ရှိတယ် ခင်ဗျားက သူတို့အပေါ်မှာ ဘယ်လိုဆက်ဆံရေး ရှိခဲ့တယ် ဆိုတာတော့ ကျနော်တို့က ခင်ဗျားပြောသလောက်ပဲ သိနိုင်လို့ အသေးစိတ် မပြောနိုင်ဘူး။ ခင်ဗျားပြောပုံအတိုင်းဆို အဆန်းသားပဲ။ ကျနော် သိသလောက် ခင်ဗျားပြောတဲ့ နှစ်အခြေအနေအရ အကြီးကောင်ကို ကျူရှင်ထားပြီး အငယ်ကောင်ကို ဘာမှကျူရှင်မထားဘူး ဆိုတာ တမျိုးကြီးပဲ။ ကျနော်သိသလောက် အဲဒီလို တော်တော့်မိဘတွေ မလုပ်တတ်ပါဘူး။ အခု ခင်ဗျား စာကြည့်ရတာလည်း တော်တော့်ကို စိတ်ထဲမှာ အကျိတ်အခဲ ရှိနေပုံပဲ။ ခင်ဗျားပြောတဲ့ GTC တတ်တုန်း ဖြစ်တဲ့ဟာ ဆိုတာတော့ သူတို့ စီးပွားရေး လုံးဝမပြေလည်လို့ ဖြစ်မှာထင်တယ်။ အမှန်ဆို တကယ်တော့ မိဘအနေနဲ့ အဲဒီလို မပြောမဖြစ် ပြောခဲ့ရတာကို နောက်ပိုင်းမှာ ခင်ဗျားထက်တောင် ရင်နာနေမှာပါ။ ကျနော်က ပုံမှန်လမ်းကြောင်းကနေ စဉ်းစားတာပါ။ အဲဒီတော့ ဒီကိစ္စကတော့ ခင်ဗျားမိဘတွေရဲ့ ခင်ဗျားအပေါ်သဘောထားရယ် ခင်ဗျားရဲ့ သူတို့အပေါ် ဆက်ဆံရေးရယ် သူတို့ရဲ့ ပညာအခြေခံရယ် ဆက်စဉ်းစားပြီး ညှိကြည့်ပေါ့ဗျာ။ အခုဟာက ခင်ဗျားအိမ်တွင်းရေးပဲ ခင်ဗျားမိဘတွေ ဒီလိုဖြစ်တာ ရှေးရိုးစွဲဝါဒကြောင့် မဟုတ်ဘူး။ ဘာမှမဆိုင်ဘူး။
        ခင်ဗျား မိသားစုအကြောင်းကို အမေးရှိရတာတော့ ကျနော် ပြောခဲ့သလိုပဲ ခင်ဗျားစာထဲက မရှင်းဘူးထင်တာကို မေးတာဆိုတော့ မေးသူကလည်း မေးခွင့်ရှိသလို ဖြေသူကလည်း ဖြေခွင့်ရှိပါတယ်။
        အခုပြောတာ စာပေအကြောင်းများတော့ ရုပ်ရှင်ဘက်ကို သိသလောက် ဝေဖန်လေကန်ရအောင်။ ဒါမှ ကျုပ်ကို ခေါင်းဆောင်မင်းသားနေရာ သရုပ်ဆောင်ဖို့ လာဌားအောင်။ ကျနော် ထင်တဲ့အတိုင်းပဲ။ ခင်ဗျားဟာ မြန်မာကားတွေကို မကြိုက်တာက ဇတ်လမ်းတွေရဲ့ အနှစ်သာရမဲ့မှု အကြောင်းအရာမကောင်းမွန်မှုကြောင့် မကြိုက်တာ ဖြစ်ရမယ်လို့။ ခင်ဗျားက အဲဒီလို ဇတ်လမ်းမကောင်းတာကို ရှေးရိုးစွဲဝါဒလို့ ပြောချင်နေတာ။ ကျနော့်စိတ်ထင် တကယ်ရှေးရိုးစွဲဝါဒကို တကယ့်ပညာသည်က တင်ပြပုံကောင်းကောင်းနဲ့ ရိုက်ရင် ကိုယ့်လူ ကြိုက်အုံးမှာ။
        ဆောင်းပါးရှင်ရေ ကိုယ့်လူမှ မဟုတ်ဖူး။ ကျုပ်ဆို မြန်မာကားတွေ မကြည့်တော့တာ ဟိုးငယ်ငယ် လေးငါးတန်းအောင်ပြီး ကတည်းကပဲ။ အင်္ဂလိပ်ကားတွေနဲ့တော့ ကွာတာပေါ့ဗျာ။ ကွာတာက ခင်ဗျားပြောတဲ့ ရှေးရိုးစွဲဝါဒကြောင့် မဟုတ်ဖူး။ အနုပညာရှင်တွေရဲ့ ပြီးစလွယ် လုပ်မှုကြောင့် ဇတ်လမ်းတွေက လုံးဝအရသာ မရှိတော့တာ။ ရုပ်ရှင်ဘက်ကို ဝေဖန်လိုက်အုံးမယ်။
        ရုပ်ရှင်တို့ ဗီဒီယိုတို့ကတော့ တခန်းချင်းကောင်းတာလေးတွေ ပေါင်းပြီးမှ တကားလုံးကောင်းတယ်လို့ ပြောရတာဆိုတော့ ပြောဖို့ခက်တယ်။ ပြောကြည့်ရအောင်။ ဥပမာ အင်္ဂလိပ်ကား Harry Potter ဇတ်လမ်းတွဲတွေမှာ ပါတဲ့ မှော်ပညာဖန်တီးမှုမျိုးကို ဇတ်အဝတ်အစား အခင်းအကျင်းမျိုးကို ကျနော်တို့ မြန်မာရုပ်ရှင်က အခုနေလုပ်ပြဆို ဘယ်လုပ်နိုင်ပါ့မလဲ။ ဒါက စက်မှုအတတ်ပညာနဲ့ ငွေကြေးသုံးစွဲနိုင်မှုမှာ ကွာသွားတာ။
        နောက်ပြီး မြန်မာဇတ်လမ်းတွေရဲ့ ပြီးစလွယ်လုပ်မှု။ ဥပမာ ကျနော် ကြိုက်တဲ့ ဝတ္ထုဇတ်လမ်း တပုဒ်ဗျာ။ စာရေးဆရာ မင်းသိင်္ခရဲ့ ဇတ်လမ်း။ ထုံးစံအတိုင်း ဆရာ မင်းသိင်္ခကတော့ သူ့ဇတ်လမ်းတွေက လျိူ့ဝှက်ဆန်းကြယ်တွေ ပါပြီးသား။ ဝတ္ထုက မျက်လှည့်ဆရာကြီးတဦး(အမှန်က ဂမ္ဘီရပညာရပ်များကို လေ့လာနေသူ) ကို သူ့ရဲ့ ပြိုင်ဘက်တွေက မျက်လှည့်သေတ္တာထဲမှာ ထည့်ထားတဲ့ လျိူ့ဝှက်မြေပုံကို လိုချင်လို့ သတ်သွားတာကို မင်းသားက နောက်ကလိုက်တာပေါ့။ အဲဒီမှာ ဇတ်လမ်းအရ မျက်လှည့်ပြကွက်တွေ ဘာတွေကလည်း ပါတာပေါ့။ အဲဒါက အသက်ကိုး။ အဲဒါကို ရုပ်ရှင်ရိုက်တော့ ဇတ်လမ်းအတိုင်း မျက်လှည့်ဆရာကြီး လုပ်ရင် မျက်လှည့်ပြကွက်တွေ လျိူ့ဝှက်ဆန်းကြယ်ပြကွက်တွေ ပရိသတ်ကို ပြရတော့မှာပေါ့။ အပြင်က တကယ်တတ်တဲ့ မျက်လှည့်ပညာသည်ကို ဌားရတော့မှာကိုး။ ငွေကုန်ကြေးကျ ကရိကထကလည်း များတော့မှာပေါ့။ အဲဒီတော့ ခပ်လွယ်လွယ်ပဲ ဇတ်လမ်းကို ခေတ်ဟောင်းက ရုပ်သေးကြိုးဆွဲ ဆရာကြီးတယောက်ကို သူ့ပြိုင်ဖက်တွေက ရုပ်သေးကြိုးကွက်တွေ လိုချင်လို့ သတ်သွားတယ်လို့ ဇတ်ညွှန်းပြင်လိုက်ရော။ ရုပ်သေးကြိုးဆွဲ ဆရာကြီးလို့ လုပ်လိုက်ရင် ကျနော်တို့ မြန်မာရုပ်ရှင် အနေအထားအရ ဘုရားစောင်းတန်းက ရုပ်သေးရုပ်လေး တရုပ်ဝယ်ပြီး ကိုင်ပြလိုက်ရုံနဲ့ ပြီးတယ်လေ။ ငွေကုန်ကြေးကျ ခံစရာ မလိုတော့ဘူး။ အဲဒီမှာတင် စာရေးဆရာ နောက်ပိုင်း ဆင်ထားတဲ့ လျိူ့ဝှက်ဆန်းကြယ်ပြကွက်တွေနဲ့ ဆင်ထားတဲ့ ဇတ်လမ်းလဲ ပျက်ပါလေရော။ အဲဒီကားကို ကြည့်ရင် စာမဖတ်တဲ့ ပရိသတ်က ကြည့်မကောင်းတာပဲ သိလိမ့်မယ်။ ဘယ်နေရာကြောင့်ဆိုတာ သိမှာမဟုတ်ဖူး။ အခုပြောတာက ဥပမာ။ ကျန်တာတွေလဲ ဒီအတိုင်းပဲ လုပ်ကြလို့ မြန်မာဇတ်လမ်းတွေရဲ့ အဆင့်နိမ့်သွားတော့တာပဲ။
        အခုနောက်ပိုင်း ဒါရိုက်တာ ဦးသုခ မကွယ်လွန်ခင် ရိုက်သွားတဲ့ “ရဟန်းစားရသော ဆွမ်းတနပ်” တို့ “ရဟန်းမစားရသော ဆွမ်းတနပ်” ပြန်ပြရင် လူတွေ ဘာကြောင့် ကြည့်ကောင်းတယ်လို့ ထင်နေသလဲ သိလား။ ခင်ဗျားပြောတဲ့ ရှေးရိုးစွဲဝါဒပဲ။ ကြည့်ကောင်းမှာပေါ့။ တကယ့်ပညာသည်က သူလိုချင်သလို ရိုက်ထားတာကိုးဗျ။ အဲဒါ ဒါရိုက်တာ အရည်အသွေး ကွာသွားတာ။ ဟိုတုန်းက လူတွေက စာလဲဖတ်တာကိုး။ ကဲပါ ရုပ်ရှင်ဝေဖန်ရေး လုပ်လိုက်အုံးမယ်။ မြန်မာဇတ်လမ်းတွေက အင်္ဂလိပ်ကားတွေကို ယှဉ်ဖို့မပြောနဲ့ ဟိုတုန်းက မြန်မာ့ရုပ်ရှင် အဖြူအမည်းကားတွေနဲ့တောင် မယှဉ်နိုင်သလိုပဲ။ ဒါရိုက်တာ ဦးသုခ ရိုက်တဲ့ လူကြမ်းမင်းသား ဦးအံ့ကျော် အကယ်ဒမီရတဲ့ “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” ဆိုတဲ့ ဇတ်လမ်းကြည့်ဖူးလား။ မြန့်မာ့ရုပ်မြင်သံကြားက ပြန်ပြတတ်တယ်။ အဲဒီကားမှာ နောက်ဆုံးအခန်း ဦးအံ့ကျော် အကယ်ဒမီရတဲ့ အခန်းမှာ သူက ထန်းလျက်တောင်းကြီးကို ထမ်းပြီး စာလာသင်တဲ့ ဆရာမလေးတွေ လှည်းနောက်က ငိုပြီးပြေးလိုက်တဲ့အခန်း။ အဲဒီအခန်းကို ရိုက်တော့ ဒါရိုက်တာ ဦးသုခက အံ့ကျော်ကို တကယ့်ထန်းလျက်တောင်း အလေးချိန်အတိုင်း တောင်းထဲကို ကျောက်ခဲတွေ ထည့်ပြီး ပြေးခိုင်းတယ်တဲ့။ အဲဒီမှာ ဦးအံ့ကျော်က ဆရာ သိပ်လေးတယ် ကျနော် တောင်းအလွတ်ကို ဟန်လုပ်ပြီး ထမ်းပြေးလို့ မရဘူးလားလို့ ပြောတော့ ဦးသုခက မရဘူးကွ မင်းအဲဒီလို အလွတ်ကြီးကို ထမ်းပြီး ဟန်လုပ်ရင် မင်းဘယ်လိုလုပ်လုပ် မင်းရဲ့ ပခုံးနှစ်ဘက် တညီတည်းဖြစ်နေလိမ့်မယ်။ တကယ် ထမ်းထားတဲ့လူရဲ့ ပခုံးနှစ်ဘက်က တောင်းရဲ့ အလေးချိန်ကြောင့် တဘက်နိမ့် တဘက်မြင့်နဲ့ မညီပဲ ဖြစ်နေတယ်ကွ။ နောက်ပြီး မင်းမောနေပုံကို တကယ်မောတာ မဟုတ်ဖူးဆိုတာ အဲဒီလို ပခုံးနှစ်ဖက် ညီနေတာတွေကို တကယ့်ဝါရင့်ပရိသတ်နဲ့ ပညာသည်တွေက သိတယ်ကွ။ အဲဒီတော့ ငါပြောသလို လုပ်ဆိုပြီး ရိုက်တာ အဲဒီအခန်းနဲ့ အကယ်ဒမီရသွားတယ်တဲ့။ ဆိုလိုတာက ရှေးရိုးစွဲဝါဒကြောင့် မဟုတ်ဖူး ကိုယ့်လူရေ ပညာရှင်ရဲ့ အရည်အသွေးနဲ့ ပြီးစလွယ်လုပ်မှုကြောင့် ခင်ဗျားမြန်မာကားတွေကို ကြည့်လို့မကောင်းတော့တာ။
        နောက်ပြီး ခင်ဗျားမယုံရင် ပြန်ရှာကြည့်။ အေဝမ်းဦးတင်မောင် ရိုက်တဲ့ “ဗိမ္မိသာရ” ဆိုတဲ့ ဇတ်လမ်းလည်း ဒီအတိုင်းပဲ။ ပြန်ပြရင် ကြည့်လို့ကောင်းနေတုံးပဲ။ ကောင်းတာပေါ့ဗျ။ အသေးစိတ်တွေက အစ သေသေချာချာ လုပ်ထားတာကိုး။ အဲဒီမှာ အဇာတသတ် လုပ်ရတာက မင်းသားဦးဝင်းဦးဗျ။ အဇာတသတ်မင်းသားကို ပြတဲ့အခန်းကလည်း ဦးဝင်းဦးက သူ့ဗလတွေကို ထုတ်ပြပြီး ပုဆိုးခါးတောင်းကျိုက်နဲ့ ဓားရေးလေ့ကျင့်နေတာကနေ စပြတာ။ မယုံရင် ပြန်ရှာကြည့်။ အဲဒီမှာတင် ဒါရိုက်တာရဲ့ အရည်အသွေးကို မြင်ရတော့တာပဲ။ တကယ့် စာအရလဲ အဇာတသတ်က ဆင်ပြောင်ဆယ်စီး အားမာန်ကြီးတယ်လို့ ဆိုတာကိုး။ အဲဒီတော့ ဦးဝင်းဦးလို လူမျိုးကို ထည့်မှရမှာပေါ့။ အဲဒီနေရာမှာ မင်းသား ဦးစိန်မြင့်လို ပိန်ပိန်ရှည်ရှည် လူမျိုးကို ထည့်လိုက်ရင် စာဖတ်တဲ့ ပရိသတ်က ဟာသဖြစ်ပြီး ဇတ်လမ်းရဲ့ အနှစ်သာရလျော့သွားမှာကိုး။ ဆိုလိုတာက အသေးစိတ်တွေကို တခုချင်းလုပ်မှ ရုပ်ရှင်တို့ ဘာတို့ကကောင်းပြီး အခုနောက်ပိုင်း ပြီးစလွယ်လုပ်တာ အရည်အသွေး မရှိတာတွေကြောင့်ပါ။ ရှေးရိုးစွဲဝါဒကြောင့် မဟုတ်ဖူး။ ကျနော်သိတယ်။ ခင်ဗျားကို ရှေးရိုးစွဲကားတွေကိုပဲ တကယ့် ပညာရှင်တွေနဲ့ ရိုက်ပြရင် ကြည့်ကောင်းနေအုံးမှာပဲ။
        အမှန်တော့ ကျနော့်ရုပ်ရှင်အကြောင်းကို တကွက်ချင်း ဒီထက်ပိုပြီး ဝေဖန်ချင်တာ။ သိပ်ရှည်သွားပြီ။ ခင်ဗျား အခုကျနော် ပြောတာတွေကို ဟုတ်မဟုတ် ပြန်ကြည့်ပေါ့။
        ပညာရေးစနစ်ကတော့ နောက်ကျရင် ဆက်တာပေါ့ဗျာ။ ခင်ဗျားစာကလဲ ခင်ဗျား မိဘတွေရယ် မြန်မာရုပ်ရှင်ဇတ်လမ်းတွေရယ် ပညာရေးရယ် သုံးခုပဲရှိတော့ မိဘတွေကတော့ ခင်ဗျားအိမ်တွင်းရေးပဲ အဲဒီတော့ ရုပ်ရှင်အကြောင်းကို ဝေဖန်လိုက်တယ်။ ခင်ဗျား မကြိုက်တာ ရှေးရိုးစွဲဝါဒကြောင့် မဟုတ်ဖူး။ ဇတ်လမ်းတွေရဲ့ ဖန်တီးမှု အားနည်းတာနဲ့ ပြီးစလွယ် လုပ်တာကြောင့်။

  • နိုင်ငံခြား က လူငယ်တွေရဲ့ကြိုးစားကြတာ အတွေးအခေါ်တွေ ဖောက်ထွက်ကြတာ
    အားရစရာ။
    တစ်ခုကြားဘူးတာတော့ရှိတယ် နိုင်ငံခြားမှာ အသက်ပြည့်ပြီးတဲ့ လူက မိဘအိပ်ကပ်မစားရဘူးလို့ကြားဘူးတယ်။
    ကိုယ့်ထမင်းကိုယ်ရှာစားပေါ့။
    ဘယ်အရွယ် ကစပြီး ကိုယ့်ထမင်းကိုယ်ရှာစားရတာလဲလို့ သိချင်ပါတယ်ဗျ။

    နောက်အနောက်နိုင်ငံက လူငယ်များကို အားကျတဲ့ မြန်မာနိုင်ငံက လူငယ်များရော
    အဲဒီနိုင်ငံက လူငယ်တွေလို အသက်အရွယ်ရတာနဲ့ အိမ်ကဆင်းပြီး ကိုယ့်ထမင်းကိုယ်ရှာစားကြတဲ့
    လူငယ် တွေရော ဘယ်လောက်များများရှိလဲလို့ သိချင်ပါသေးတယ်။။

    ကျနော်အသိရဲ့ သမီးလေး က မြန်မာပြည်က ဘွဲ့ရပြီး ဂျပန်မှာ တက္ကသိုလ်ဆက်တယ်တယ်ပေါ့။.
    သူ့အဖေက အဲဒီနိုင်ငံကို မြန်မာပြည်က တာဝန်နဲ့သွားအမူ့ထမ်းနေတယ်။
    အဲဒီ ကလေးမ တက်တဲ့ကျောင်းက မိဘအိမ်ကကျောင်းတက်ရင်လက်မခံဘူးလို့ ကြားလိုက်တယ်ဗျ။
    အဆောင်မှာနေရတယ်ပြောတယ်။
    အဲဒါမျုးိရော ဟုတ်လားမသိဘူး။

    ကျနာ်က အကြမ်းဖျဉ်းဘဲ သိတာပါ။

    တကယ်တိတိကျကျ သိချင်လို့ သိသူက ဖြေပေးစေလိုပါတယ်။

    • kai

      December 8, 2012 at 2:44 am

      ယူအက်စ်မှာ(ယေဘုယျအားဖြင့်) အထက်တန်းက ဂရိတ်၁၀-၁၂ ဆိုတော့ အသက်က.. ကောလိပ်တက်ရင် အသက်၁၈-၂၂ အတွင်းလောက်ရှိပါတယ်။
      အများအားဖြင့့် ကလေးတွေ ကောလိပ်သွားရင် တချို့ကအိမ်နားလျှောက်ပြီး အိမ်ကတက်တယ်။
      တချို့က မိဘနဲ့ဝေးအောင် မြို့ခွဲ..ပြည်နယ်ခွဲကျောင်းလျှောက်ကြပါတယ်။

      ဆိုတော့..
      အဲဒီအချိန်ကအိမ်ကထွက်သွားတဲ့ကလေး..တော်တော်များများ.. အိမ်ပြန်မလာတော့ပါဘူး..။

      အများအားဖြင့်မိဘတွေက.. ကောလိပ်တက်တဲ့သားသမီးကို ကျောင်းစရိပ်ထောက်တယ်…။( တက္ကသိုလ်အဆင့်ထိတော့..မိဘ တော်တော်များများ.. မတတ်နိုင်ကြတော့ပါဘူး..။)
      ဒါပေမယ့် သားသမီးတွေက.. ငွေပိုကလေးတွေရပြီး.. ကိုယ်ပိုင်သုံးစွဲဖို့က.. အပြင်မှာအချိန်ပိုင်းထွက်လုပ်ပြီး.. သူ့စားရိပ်သူရှာပါတယ်.. တချို့အပြည့်မထောက်နိုင်တဲ့ မိဘဆိုလည်း.. ကလေးက.. အချိန်ပြည့်လုပ်ရင်း.. သူ့စားရိပ်သူရှာတတ်တာပါပဲ..။ တချိ့ကတော့.. အစိုးရစီက.. ငွေချေးတယ်ပေါ့လေ…။ စတူးဒန့်လုံးပေါ့..။
      အဲဒီလိုနဲ့..အရှိန်ရပြီး.. နောက်တော့လည်း.. သူ့ပညာနဲ့.. သူဝင်ငွေနဲ့.. သု့ဘဝသူနဲ့..သူဖြစ်သွားတာပေ့ါ..။

      အရေးကြီးတာပြောချင်တာတခုက.. ကျောင်းသားမှာလည်း..(တိုင်းပြည်အရင်းအမြစ်တွေ အချောင်ထိုင်စားနေရန်မဟုတ်) ကုန်ထုတ်စွမ်းအားရှိရပါတယ်…။
      သားသုံးသားမှာ.. တိုင်းပြည် အနာဂတ်အတွက်အင်မတန်အရေးကြီးတဲ့.. ကျောင်းသားအတွက်.. ကျောင်းပညာနဲ့အတူ.. အနာဂါတ်အလုပ်ဝန်းကျင်အတွက်.. လေ့ကျင့်မှုပါတခါတည်းရစေတဲ့.. ပါတ်ဝန်းကျင်ဖြစ်နေစေတာပါ..
      အစိုးရက.. ဒီလိုဖြစ်အောင်.. “ဂွင်”လုပ်ပေးထား(ရ)တယ်..။ ..
      =
      ပိူ့စ်နဲ့ဆက်စပ်.. အခြေခံသဘောပြန်ပြောရရင်..
      မိဘဆိုတာ.. သားသမီးနောင်ရေးကောင်းအောင်.. သားသမီးကို ..လမ်းညွှန်ပေးရာမှာ.. လေ့ကျင့်ပေးရာမှာ.. ပရိုမဟုတ်ပါ… အချိန်လည်းမပေးနိုင်ပါ..။
      အဲဒါကြောင့်.. သူရှာ(ပေး)နိုင်တဲ့.. ငွေကြေးပေးပြီး.. ပရိုကိုခိုင်းရတာပါ..
      အဲဒီနယ်ပယ်မှာ.. ပရိုဖက်ရှင်နယ်တွေက.. ကျောင်းဆရာတွေနဲ့.. လုပ်ငန်းခွင်တွေပေါ့..။

      ဒါနဲ့ပါတ်သက်ပြီး.. ကျယ်ကျယ်ပြန့်ပြန့်…ကိုယ်သိတာလေးပြော.. သူသိတာလေးယူနဲ့.. .ဆွေးနွေးကြည့်ချင်သား..
      စာဖတ်သူတွေ.. အကျိုးများမှာပါ..။
      တယောက်ယောက်.. ပို့စ်တင်ရင်ပေါ့….။ :harr:

      • စိုင်း ကွမ်းခေး

        December 8, 2012 at 9:29 am

        အိမ်း…

        ထရန်စပါယ်ရယ်စီရှိလိုက်တာ.. ပို့စ်နဲ့မဆိုင်တဲ့ (တစ်ခါကပြောခဲ့ဖူးတဲ့) စည်းကမ်းချက်အမှတ် ၁၃ ကြီးနဲ့ တည့်တည့်ကြီးငြိနေတဲ့ တုန့်ပြန်စာရတယ်ထင်တာပဲ..

        ရှိစေတော့.. တစ်ခါမှားခဲ့တာ၊ နောင်ဘယ်တော့မှ ထပ်မဖြစ်စေရဘူး

        • San Hla Gyi

          December 8, 2012 at 1:34 pm

          ဆောင်းပါးရှင်ရေ
          ဘယ်သူ့ကို ပြောမှန်းမသိလို့ ကျုပ်လဲ ဝင်ပြောသွားတယ်။ စည်းကမ်းချက် အမှတ် ၁၃ နဲ့တည့်တည့်ကြီး ငြိတာ တဂျီးကို ဆိုလိုတာ မဟုတ်ဘူးလို့ ဆိုသလို ကျုပ်လဲ အဲဒီအထဲမှာ လွတ်တယ်ဗျို့။ ဒီတော့ ကျန်တဲ့လူထဲကပဲ။ ကျုပ်ပြောဖူးသလို ခင်ဗျားပြောတဲ့ ပုဗ္ဗာစရိယ မိနှင့်ဘ မှာ မိဘနဲ့ သားသမီး ဆက်ဆံရေးကို ရေးတာမှာ ခင်ဗျားမိသားစုကိစ္စမို့လို့ ခင်ဗျားမိဘတွေရဲ့ အနေအထား ခင်ဗျားရဲ့ အနေအထားကို သေသေချာချာ မသိလို့ ဘာမှမဆွေးနွေးသွားပါဘူး။ မိသားစုကိစ္စမှာ ခင်ဗျားမိဘတွေကို အပြစ်မတင်သလို ခင်ဗျားကိုလဲ ဘာမှပြောမသွားဘူး။ ပြောသွားတာကလဲ ခင်ဗျားရေးထားသလောက်ကိုပဲ အပြစ်တင်တဲ့ စကားလုံးမထည့်ပဲ ပြောသွားတာ။ ကွန်မန့်ကို ဖတ်ကြည့်ရင် သိပါတယ်။ ခင်ဗျားက ပွင့်ပွင့်လင်းလင်းသမားလို့ ပြောထားလို့ပါ။
          တခုတော့ ပြောအုံးမယ်။ ဗိမ္မိသာရလို ဖခင်မျိုး ရှိသလို မွေးကင်းစကလေးကို ကိုယ့်ရှေ့မှာပဲ သံလျက်နဲ့ ဖြတ်ပြီး သတ်တဲ့ဖခင်မျိုးလည်း ရှိတယ်။ အဲဒါကတော့ လူနဲ့ပဲ ဆိုင်တော့တယ်။ ဒါပေမယ့် ဘုရားဟောတာတော့ မာတာပိတုဂုဏောလို့ ဟောတာ။ ဆိုလိုတာက ယေဘူယျ သဘောက မိဘအများစုက ကြင်နာတဲ့သဘော။ အဲဒီမှာ ရက်စက်တဲ့ အဖေဆိုတဲ့ ဇတ်လမ်းပါလာလို့ ဘုရားကလည်း ပြင်မဟောဘူး။ ဘာလို့လဲဆိုတော့ ယေဘူယျသဘောကို ပြောလို့။ ယေဘူယျကို ပြောတဲ့ နေရာမှာ ချွင်းချက်ကို ထည့်ပြောလို့ မရဘူးဆိုတဲ့ စည်းကမ်းကြောင့်ပါ။
          ရုပ်ရှင်ဇတ်လမ်းကတော့ ကျုပ်ပြောသလိုပဲ ခင်ဗျားမကောင်းဘူး ထင်တာ ရှေးရိုးစွဲဝါဒကြောင့် မဟုတ်ဘူး။ ဖန်တီးမှုကြောင့်။ ခင်ဗျားမှာ ဥပမာရှိရင်လဲ ပြောပေါ့ဗျာ။ အဲဒီ ရုပ်ရှင်ကတော့ ကျနော် တော်တော် ဥပမာပေးခဲ့တယ်ဗျ။
          ပညာရေးကတော့ ဆောင်းပါးရှင် ပြောသလိုပဲ အလွတ်ကျက်စနစ်ကတော့ ပညာရေးစနစ်ကကို ဒီလိုဖြစ်နေတာ။ ဒါကတော့ အစိုးရက ပြောင်းမှရမယ်။ ချက်ချင်းလည်း မရဘူး။ တော်တော်ကြာမယ်။ ကျုပ်စိတ်ထင် ဆယ်စုနှစ် ၃ ခုစာလောက် ကြာမလားပဲ။ နောက်ပြီး မြန်မာနိုင်ငံ ပညာရေးက လွတ်လပ်ရေး ရပြီးကတည်းက ဝိဇ္ဇာနဲ့ သိပ္ပံပေါင်းတာနဲ့ ခွဲတာပဲ ရှိတယ်လို့ ဆိုကြတယ်။ အဲဒါကတော့ အစိုးရက လုပ်မှရမယ့်အလုပ်ပဲ။
          အခုကတော့ ပညာရှာရာမှာ ကိုယ်ပိုင်ငွေနဲ့ ရှာရမယ်ဆိုတာ တဂျီးပြောတဲ့ထဲကလို အစိုးရက ဂွင်လုပ်ပေး စီစဉ်ပေးမှလွယ်တာ။ ကိုယ့်ဘာသာ ကိုယ်အလုပ်လုပ်ဆို အလုပ်က ကျောင်းလွတ်တဲ့အချိန် ရအုံးမှကိုး။ နောက်ပြီး အိမ်အလုပ်လုပ်ဆိုလဲ ဝန်ထမ်းသားသမီးကျတော့ အိမ်စီးပွားရေး မရှိတော့ဘူး။ ပြောတော့သာ လွယ်တာ။ အလုပ်ခက်တယ်။ ကူလီထမ်းဆိုတော့ မလုပ်နိုင်ပြန်ဘူးကိုဗျာ့။ ခွန်အားအရ ပြောတာပါ။
          ကျုပ်စည်းကမ်းချက် ၁၃ နဲ့ငြိတဲ့ စာရှိရင်လည်း ပြောပါဗျို့။ ဘာလို့လဲ ဆိုတော့ ခင်ဗျားဆောင်းပါးမှာကို ကိုယ်မှန်သည် ထင်သည့်အရာကို ရှင်းရှင်းဘွင်းဘွင်း ပြောတတ်သည်လို့ ရေးထားလို့ပါ။ ကျုပ်ကလဲ အဲဒီလိုလူပဲ။ ဒါကြောင့် ကျုပ်လည်း လစ်ဘရယ်ဒီမိုပဲ။ ကျုပ် လစ်ဘရယ်ဒီမိုမှန်း မသိမှာစိုးလို့တောင် ရှေးရိုးစွဲဝါဒတွေကို ဆန့်ကျင်ကြ ဆန့်ကျင်ကြ ဆိုပြီး ပို့စ်တခုရေးရသေးတယ်။

      • ကိုခိုင်ရေ ကျနော်ပြောချင်တာ ဒီအချက်ပါဘဲ။
        မြန်မာပြည်မှာက အရင်ကဆိုရင် မြန်မာမိသားစုဝင်တွေက အိမ်ကကလေး တက္ကသိုလ်တက်နေရင်အိမ်မှာ လုပ်ငန်းရှိမရှိ။
        အိမ်အလုပ်ကို လုံးဝအလုပ်မခိုင်းဘဲ ဘောကြော့နေခိုင်းတာပါဘဲ။

        ကျနော်သူငယ်ချင်းတရုပ်အိမ်က မိသားစုကတော့ ညနေခေါက်ဆွဲဆိုင်ဖွင့်ဘို့
        မနက်အသားစဉ်းပြီးမှ ကျောင်းပြေးရပါတယ်။
        အဲဒါကိုကြည့်ရင်းကျနော်တို့မြန်မာအများစုက ပညာသင်နေတုန်းဆိုပြီးကလေးတွေကို မခိုင်းတော့
        ကျောင်းလဲပြိးရော အစိုးရအလုပ်ကလဲ လွယ်လွယ်မရ။
        အိမ်အလုပ်ဝင်လုပ်ဘို့ဆိုပြန်တော့ မလုပ်ချင်နဲ့ ဘွဲ့ရအလုပ်လက်မဲ့တွေဖြစ်ကုန်ပါတယ်။

        အခုခေတ်မှာတော့ အဝေးသင်တက္ကသိုလ်ဆိုတာရှိလာတော့
        (ပညာတတ်တာ မတတ်တာ ဒီအပိုင်းမှာ မပြောသေးဘူး) ကိုယ့်ကျောင်းစာရိတ်ကိုယ်ရှာဘို့အတွက်
        အလုပ်လုပ် လာကြပါတယ်။
        ခက်တာက ကုမ္ပဏီတွေက ကျောင်းတက်တဲ့ကလေးကို ခွင့်မပေးဘူး။
        အဲဒီမှာ ကျောင်းတက်ရင်းအလုပ်လုပ်ချင်တဲ့ကလေးက ပြဿနာတက်ရော။
        ဖြစ်သင့်တာ မြန်မာပြည်မှာ အချိန်ပိုင်း အလုပ်လုပ် လို့ရနိုင်တဲ့နေရာ
        (ကျောင်းသားများအတွက်ပေါ့)လိုအပ်နေပါပြီ.။

        တက္ကသိုလ်တက်နေတယ်ဆိုပြီး မိဘ လုပ်စားဖြုန်းနေတဲ့ဘော်ကျော့တွေ ပပျောက်စေချင်ပါတယ်။
        ဒါပေမယ့် သူတို့ အလုပ်လုပ်ဘို့အတွက် နေရာပေးနိုင်ဘို့လိုအပ်တယ်ဆိုတာက လဲ အဓိကအချက်ပါဘဲ။
        ကဲ ရုန်းလိုက်ကြရအောင်ဗျို့

  • pazflor

    December 8, 2012 at 4:03 am

    ကောင်းပါတယ်ခင်ဗျာ။
    သူကြီး ပြောသလို နှစ်တစ်ထောင်ကျိန်စာကြီးကို ဘယ်လိုအရာတွေကဖြစ်လာစေတာလည်းဆိုတာ ပိုပြီးတိတိကျကျ သိလာချင်တယ်ဗျာ။
    အဲ့ဒါနဲ့ ပက်သက်ပြီး research လုပ်ဖို့ စိတ်မဝင်စားကြဘူးလားခင်ဗျ။
    ဆိုပါစို့၊ လူတွေဘုရားရှိခိုးကြတယ်၊ ဆုတောင်းကြတယ်။ အများစုက တကယ်မသိကြဘူး Buddha ဆိုတာ တန်ခိုးရှင်လိုမျိုးသူတို့တောင်းသမျှပေးမယ်လိုထင်ကြတယ်။
    ဒီတော့ ဥပမာအနေနဲ့ လူတွေကို survey လုပ်၊ သူတို့တွေဘယ်လို ယုံကြည်နားလည်ကြတာလည်း၊ နောက် သူတို့ရဲ ့ ပညာရေး၊ ဝင်ငွေ စတာတွေ ဒေတာကောက်လုပ်ကြည့် ကြရင် ပိုပြီး စိတ်ဝင်စားစရာတွေ တွေ့လာရမယ်ထင်တယ်။
    ကျနော်စဉ်းစားမိတာ ဂဇတ်ထဲမှာ အလှူတွေဘာတွေ လုပ်နေကြဆိုတော့၊ အဲလို့မျိုး research လုပ်ဖို့ အတွက်ရော မလှူချင်ကြဘူးလားလို့။ ကျနော်ဒါမျိုးဆိုပါဝင်ချင်ပါတယ်။
    ပိုစ်နဲ့ မဆိုင်သလိုဖြစ်သွားရင်တော့ တောင်းပန်ပါတယ်။

    • စိုင်း ကွမ်းခေး

      December 8, 2012 at 5:39 am

      မလုပ်လိုက်ပါနဲ့ဗျာ.. အဲလို Research မျိုး ကျွန်တော်တို့နိုင်ငံမှာ လုပ်မယ်ဆိုရင် အတော်လေးကို စွန့်စားလုပ်ကိုင်ရမယ်လို့ထင်ပါတယ်.. ရလာတဲ့ သုသေသနစာတမ်းကရော ဘယ်နေရာမှာ သွားချပြလို့ရမယ်ထင်ပါသလဲ၊ အရင်ဆုံးတော့ ပေါင်မုန့်ခုတ်ချုပ်ကြီးတွေကို ပြရမယ်၊ ဆိုတော့ ဘာပြောမလဲဆိုရင် မင်းဟာက ကွန်မျူနစ်ဆန်လှချည်လား အပြောခံရမယ် ထင်ပါတယ်။ နောက်စာအုပ်ထုတ်ကြည့်မယ်ပေါ့၊ အဲဒီအချိန်ကျရင် ဘာလို့ အနောက်တိုင်းယဉ်ကျေးမှုတွေ သွတ်သွင်းနေတာလဲ အပြောခံရမယ်။ မြန်မာပြည်က ချစ်ရာကောင်းတဲ့ အလေ့အထ ယဉ်ကျေးမှုတွေကို ဖျက်ဆီးနေတာလို့ အပြောခံရပါမယ်။ နောက်တစ်ချက် ဘာသာရေးဆရာများမှလည်း ကန့်ကွက်ခြင်းကိုခံရပါမယ်။ ဒီထက်မက ဆိုးဝါးသွားနိုင်ပါတယ်။

      လုပ်ချင်တယ်၊ လုပ်နိုင်မယ်ဆိုရင်တော့ စာသင်ကျောင်းတွေက စရမှာပဲ။ မျိုးဆက်တစ်ဆက်စာလောက်တော့ လုပ်ယူရပါမယ်၊ ပြုပြင်ပြောင်းလဲရပါမယ်။ ဆိုတော့ ဥပမာပြောရရင် သင်ရိုးစာအုပ်ဆိုတာကို ရည်ညွှန်းကိုးကားလောက်ပဲထား၊ ကျောင်းသားတွေ နားလည်မှုကို ပြန်လည်ဖြေဆိုခိုင်းတဲ့ စာမေးပွဲမျိုးလုပ်ပြီး အမှတ်ပေးစနစ်ကိုပြင်၊ အောင်မြင်ကျော်ကြားနေသူတွေကို ကျောင်းတွေကိုဖိတ်ခေါ်ပြီး သူတို့တွေရဲ့ ဘဝအမြင်၊ ဖြတ်သန်းလာပုံ၊ အဘယ်သို့ အဘယ်ပုံအောင်မြင်လာပုံတွေကို ဟောပြောပွဲတွေလုပ်ခိုင်း၊ ကျောင်းသားလူငယ်တွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းရည်တွေကို ဖော်ထုတ်ပြသနိုင်ဖို့ သင်ထောက်ကူတွေထား၊ ပညာရပ်ဆိုင်ရာ ဆရာတွေနေရာမှာ ဆရာဖြစ်သင်တန်းဆင်းတွေကိုမထားပဲ ပညာရပ်ဆိုင်ရာထူးချွန်သူများကို ဆရာအဖြစ်ခန့်အပ်၊ အစရှိသည်များဖြင့် အများကြီးပါပဲ။

      ကျွန်တော်ကတော့ တစ်နိုင်ငံလုံး၊ မျိုးဆက်တစ်ခုစာလုံး မပြောင်းလဲ မမြှင့်တင်နိုင်လို့ ကိုယ့်မျိုးဆက်တစ်ခုကိုတော့ လွတ်လပ်စွာ ဖြန့်ကျက်တွေးခေါ်၊ သင်ယူလေ့လာ စူးစမ်းသူများဖြစ်စေရန်၊ လမ်းသစ်ထွင်လျှောက်နိုင်သူများ ဖြစ်စေရန်သာ စွမ်းဆောင်မည်ဟု မြဲမြဲမှတ်ယူထားပါကြောင်း။

      • Inz@ghi

        December 8, 2012 at 11:10 am

        ဗယာကြော် ကိုရင်စိုင်း ရေ့

        လက်မအမြင့်ကြီးထောင်သွားတယ်ဗျို့

  • Mobile

    December 8, 2012 at 9:04 pm

    ဖတ်ရတဲ့ ကွန်မန်းလေးတွေက ဗဟုသုတ ဖြစ်စေသားဗျ။
    များများရေးကြပါဗျို့ များများဖတ်ပါ့မယ်။

Leave a Reply