ကော်ဖီပုံပြင်

ကော်ဖီတွေတောင်အေးကုန်ပြီ။ မနက်ကအလောတကြီးအိမ်ကထွက်လာပြီး မသောက်ဖြစ်ခဲ့တဲ့ကော်ဖီက ခုတော့ အေးစက်နေပြီ။ ဒီနေ့ ဘုရားကိုစောစောထွက်ရမယ်ဆိုတာသိရက်နဲ့ ကျွန်မမထနိုင်ခဲ့ပေ။ ခုချိန် မောင်သာရှိရင် ဆိုသည့်အတွေးက ကျွန်မဦးနှောက်ထဲကိုရောက်ရောက်လာတယ်။ ချက်ချင်းပင်အတွေးကိုဖျောက်ကာ ကော်ဖီခွက်ကို ကောက်ကိုင်လိုက်မိတယ်။ အိမ်အပြင်မှာတော့ မိုးကဖျောက်စိပ်ကျကာ အေးစိမ့်စိမ့်ဖြစ်နေတယ်။ တက္ကစီပေါ်မှ ခပ်မြန်မြန်ဆင်းလာလို့ပဲ မိုးစက်တွေ စွတ်စိုစိုက လူတစ်ကိုယ်လုံးချမ်းကာနေတော့တယ်။ ရေနွေးကိုဆူအောင်တည်ထား ရင်း ခပ်စိုစိုဖြစ်နေတဲ့ ဆံပင်တွေကို သုတ်နေလိုက်တယ်။ မိုးအေးအေးဆိုရင် ကော်ဖီဆိမ့်သက်သက်တစ်ခွက်ကတော့ ကျွန်မဖျော်သောက်နေကြလေ။ ကော်ဖီမှုန့် ၊ Creamer ၊ သကြားတွေကို စိတ်ကြိုက်ထည့်ပြီး ကော်ဖီပူပူတစ်ခွက်ကို သောက်နေရင်း မောင့်ကိုပြန်ပြောင်းသတိရမိတယ်။

 

“ယွန်းကကော်ဖီ သိပ်ကြိုက်တယ်ပေါ့” သွားထပ်လေးပေါ်အောင် ရီရင်းမေးတဲ့မောင့်ကို ကျွန်မခေါင်းတစ်ချက်ပဲ ညိတ်ပြလိုက်တယ်။ အကြောင်းအရာတစ်ခုခုကု အစွဲအလန်ကြီးတဲ့ မောင့်ရဲ့စိတ်ကို စတွေ့ကတည်းက ကျွန်မ ရိပ်မိနေခဲ့တယ်လေ။ ကျွန်မလိုပဲ မောင်လည်းကော်ဖီသိပ်ကြိုက်တဲ့ သူတစ်ယောက်ပင်ဖြစ်တယ်။ ကော်ဖီတစ်ခွက်ကို ရိုးရှင်းစွာ စွဲလန်းပြီး သောက်တတ်တဲ့ကျွန်မနဲ့ ကော်ဖီတစ်ခွက်ကိုလေးလေးနက်နက် သောက်တတ်တဲ့မောင့်ကို ကျွန်မကို တစ်ခါတစ်ခါ စဉ်းစားရကြပ်စေတယ်။

 

“ယွန်းသိလား ကော်ဖီကို အေဒီ (၉)ရာစုမှာ အီသီယိုးပီးယား နိုင်ငံက စတင်တွေ့ရှိတာတဲ့….” ကော်ဖီအကြောင်း မောင်ကအားပေါင်ရင်းသန်သန် ပြောပြနေချိန်မှာ ကျွန်မကတော့ ကော်ဖီတစ်ခွက်ကို အရသာခံသောက်နေချိန်ဖြစ်တာက ဆန်းနေသလား။ တစ်ခါတစ်ရံ မောင်ပြောတာကို ကျွန်မနားမထောင်တဲ့ကိစ္စတဲ့ စိတ်ကောက်တတ်ကြသေးတယ်။ တစ်ခါတစ်ခါကျွန်မပြောစကားထဲမှာ မောင့်ကိုထိခိုက်စေတဲ့ စကားများပါသွားခဲ့သလားဆိုတာတော့ ကျွန်မ မသိခဲ့ရိုးအမှန်ပါ။ မောင်နဲ့ကော်ဖီသောက်သော တစ်ရက်ကပေါ့။ အမှန်တော့ ကျွန်မစိတ်ရင်းအမှန်မှာ မောင်နဲ့ အတူကော်ဖီအတူတူ အေးအေးဆေးဆေးသောက်ဖို့ပါပဲ။ Coffemixတွေ သိပ်မသောက်ဖြစ်တဲ့ကျွန်မက ကိုယ်တိုင်ဖျော်တဲ့ကာ်ဖီကိုပဲ အများဆုံးသောက်ဖြစ်တယ်လေ။  မောင်နဲ့အားလပ်ရက်ဆုံတိုင်း ကော်ဖီစေ့ကို လတ်လတ်ဆတ်ဆတ်ကြိတ်ပြီး ဖျော်တဲ့ကော်ဖီဆိုင်လေးမှာပဲ တူတူသောက်ဖြစ်ကြတယ်။

 

…………………………………………………………………………………

 

“သမိုင်းဒဏ္ဍာရီအရဆို ကော်ဖီကို(Arabian)သိုကျောင်းသားလေးက စတွေ့ခဲ့တဲ့ သိလား ယွန်း….” ကော်ဖီခွက်ကိုကြည့် ရင်းနဲ့ မောင့်ရဲ့ကော်ဖီသမိုင်းကြောင်းကို စတော့မယ်မှန်းကျွန်မသိလိုက်တယ်။

 

“အစပိုင်းတော့ သူ့သိုးတွေက ညဘက်ဆို မအိပ်ဘဲ ခုပေါက်ကစားနေရာကနေ  ချုံကြားမှာပေါက်နေတဲ့ အသီးနီ ကလေးတွေကို စလေ့လာခဲ့တာတဲ့ အဲသည်တုန်းကတော့ အရိုင်းပင်ပေါ့ ယွန်းရယ်”  နှစ်ယောက်သား ကြည်နူးစွာကော်ဖီ သောက်ချိန်မှာတော့ မောင့်နှုတ်မှထွက်တဲ့စကားတွေက သူ့လက်ထဲမှာရှိတဲ့ ကော်ဖီအကြောင်းတွေပဲ ဖြစ်နေတော့တာ ဘာကြောင့်လဲ ကျွန်မမသိတော့ပါဘူး။

 

“ကော်ဖီကိုသောက်စရာအဖြစ်မွေးစားခဲ့တာက တူရကီတွေတဲ့ ယွန်းရဲ့”

 

“မောင်……..”

 

“ဘာလဲ…ယွန်းရဲ့”

 

“မောင်…ယွန်းနဲ့အတူ ကော်ဖီသောက်မှာလား…မောင်ရယ်” ကျွန်မမေးတဲ့အခါမှာတော့ ပြုံးတုံ့တုံ့နဲ့ ခေါင်းညိတ်ပြတယ်။

 

“မောင်ရယ် ယွန်းကော်ဖီခွက်ထဲက ကော်ဖီရဲ့တန်ဘိုးနဲ့ …. မောင့်ကော်ဖီခွက်ထဲက တန်ဘိုးက သိပ်ကိုကြီးလွန်းနေ သလားလို့….” ဟု ကျွန်မပြောတဲ့အခါမှာတော့ မျက်မှောင်ကုတ်ပြီး ကျွန်မကိုပြန်လည်ကြည့်တယ်။

 

“ဟုတ်တယ်လေ…ယွန်းကကော်ဖီသိပ်ကြိုက်တဲ့ မောင်နဲ့အတူ ကော်ဖီကိုတူတူသောက်ချင်တာ။ မောင်က ကော်ဖီ သောက်ရင်း သမိုင်းတွေအကြောင်းပြောပြနေတော့ မောင့်ကော်ဖီတွေက တန်ဘိုးကြီးလွန်းနေသလားလို့…” ကျွန်မ ထိုစကားပြောပြောချင်းပဲ မျက်မှောင်ကုတ်ပြီး ကျွန်မကိုကြည်တယ်။ ပြီးတော့ကော်ဖီခွက်ကို တစ်ချက်ကြည့်ပြီး တစ်ဆက်တည်းမော့သောက်ပစ်လိုက်တယ်။ မောင့်ကိုကျွန်မကြည့်ပြီး ကော်ဖီကိုအရသာကိုခံပြီး သောက်ပစ်လိုက်တယ်။ တစ်ခါတစ်ခါ မောင်သည်ချစ်ဖို့ကောင်းတဲ့ ပုံပြောကောင်းသူတစ်ယောက်ဖြစ်တယ်။ တစ်ခါတစ်ရံမောင်ဟာ စိတ်အလွန် ကောက်တတ်သော ယောက်ျားတစ်ယောက်ဖြစ်တယ်ဆိုတာ ကျွန်မသိလိုက်တယ်။

 

………………………………………………………………………………………………….

 

“ဘယ်ရောက်နေလဲ……မောင်” ဒိုင်ယာရီစာအုပ်ပေါ် ထိုစာသားလေးအားရေးပြီးပြီးချင်းပဲ သောက်လက်စကော်ဖီခွက် လေးကို ကျွန်မကြည့်လိုက်မိတယ်။ ခပ်နွေးနွေးကျန်သေးတဲ့ ကော်ဖီတစ်ငုံစာကို သောက်လိုက်ရင်း မောင့်အရိပ်အငွေ့ အသက်များ ဖြတ်သန်းသွားသလို ခံစားလိုက်ရတယ်။ မောင်ရယ် ဘာကြောင့်များကော်ဖီလိုခါးသက်နေရတာလဲ။  ဖျောက်စိပ် ဖျောက်စိပ်နဲ့ ဆွေနေသည့်မိုးက အလွမ်းများကိုပိုပြီး စွတ်စွတ်ဆိုနေတော့သလိုပါပဲ ညနေစောင်းအချိန်နဲ့ အေးစိမ့်စိမ့်ရာသီဥတုက အပေါ်ယံအကျီင်္လက်ရှည်ခပ်ပါးပါးကို ကျွန်မကောက်ယူဝတ်လိုက်တယ်။ အရင်လိုအချိန် ဒီလိုညနေတွေဆို တွေးရင်းနဲ့ နှုတ်ခမ်းတစ်ချက်ကိုက်ကာ စားပွဲခုံပေါ်ရှိ စီဒီစက်ခလုတ်ကို ကျွန်မနှိပ်လိုက်တယ်။ စီဒီစက်မှထွက်လာသည့်သီချင်းက ကျွန်မသိပ်နှစ်သက်တဲ့ မခိုင်ကြီးရဲ့ ဓာတ်ပြားဟောင်းလေးတစ်ချပ် ခပ်စိမ့်စိမ့်ချမ်းနေတဲ့ရာသီဥတုကြောင့် ကော်ဖီမှုန့်များများနဲ့ နောက်ထပ်ကော်ဖီခါးခါး တစ်ခွက်ဖျော်သောက်ဖို့ ကျွန်မဟန်ပြင်လိုက်တယ်။

 

“ကော်ဖီခါးခါးသိပ်မသောက်နဲ့လေ ယွန်းရဲ့…”

 

“ဘာဖြစ်လို့လဲ မောင်ရဲ့….”

 

“ကော်ဖီသောက်ရင် ဦးနှောက်ကို သွက်စေတယ် ယွန်းရဲ့…. လန်းဆန်းစေတယ်.. ဦးနှောက်ရဲ့လုပ်အားကို မြှင့်ပေးတယ် သောက်တာများသွားရင် ကော်ဖီခါးခါးကို များများသောက်ရင် ကတုန်ကရင်ဖြစ်တတ်မယ်… ဂနာမငြိမ်ဖြစ်မယ်… ဒါကြောင့်ပြောတာ ယွန်းကို….”

 

“မောင်…က ဘယ်လိုသိတာလဲ..” မောင့်အပြောကျွန်မ မေးခွန်းပြန်ထုတ်တော့ ကျွန်မကိုစူးရှရှမျက်ဝန်းနဲ့ ပြန်ရှင်းပြတဲ့ မောင့်မျက်နှာပြုံးပြီး ကျွန်မပုခုံးကို ခပ်ဖွဖွလေးပုတ်တယ်။

 

ကော်ဖီအနံ့ခပ်ပြင်းပြင်းက နှာခေါင်းထဲဝင်ရောက်လာမှပဲ ကော်ဖီမွှေနေမှန်း ကျွန်မသတိပြန်ဝင်လာတယ်မောင်။  မောင်နှင့်ပတ်သက်ပြီး ကျွန်မမှာ အမှတ်တရများစွာရှိတာကို ကျွန်မသိလိုက်ရတယ်။ ပိုပြီးထူးခြားတာက မောင်နှင့်ကျွန်မ ကြားမှာ ကောဖီနှင့်ပတ်သက်တဲ့ ကိစ္စတွေကိုပဲ ကျွန်မထူးထူးခြားခြားမှတ်မိနေတာပဲမောင်။

 

“မိုခါ (mocha) ကော်ဖီနဲ့ ပတ်သက်ပြီး ရာဇဝင်ကို ယွန်းသိလား” ကျွန်မကိုမောင် အဲသည်မေးခွန်းမေးတော့ ကျွန်မ ခေါင်းခါပြရုံသာတတ်နိုင်ခဲ့တယ်လေ။ ကော်ဖီခါးခါးကြိုက်တတ်တဲ့ ကျွန်မကတစ်ခါတစ်ခါမှာ ချောကလက်အရသာလို ရောထားတဲ့ကော်ဖီသောက်တတ်တာကိုမောင်သိနေတာကို။

 

“အာရေဗျ လူမျိုးတစ်ဦးကို သူ့နောက်လိုက်တွေနဲ့အတူ သဲကန္တာရတစ်ခုကို အစာငတ်သေအောင် ပြည်နှင်ဒဏ်ပေးလိုက် ကြတဲ့တယ် ယွန်းရဲ့။ အဲသည်မှာ အိုမရ်လို့ခေါ်တဲ့ အာရေဗျတစ်ယောက်နဲ့ သူ့အဖော်တွေက နာမည်မသိတဲ့ အပင်ကရတဲ့ အသီးကိုပြုတ်ပီးစားကြတယ်။ အဲသည်အသီးတွေက အာရေဗျပြည်ပြေးတွေရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ တယ်လေ။ အဲဒါကြောင့် အဲသည်နေရာရဲ့ အနီးဆုံးမြို့ဖြစ်တဲ့ Mocha ဆိုတဲ့မြို့ကို အစွဲပြုပြီး Mocha ဆိုတဲ့ နာမည်ရလာ တာပဲ…”

 

မောင်သိပ်နှစ်သက်တဲ့ ကော်ဖီအကြောင်းကို ကျွန်မကြိုက်တဲ့ကော်ဖီကိုသောက်ရင်း နားထောင်ခဲ့ရတဲ့ရက်တွေကို ပြန်ပြီးသတိရမိတယ်မောင်။ ခုအချိန်ရော မောင်ကော်ဖီသောက်နေမလား။ မောင်ရယ်တစ်ယောက်နဲ့တစ်ယောက်သိပ် ချစ်ရတဲ့ ချစ်သူနှစ်ဦးဟာ ဘာလို့မာနတွေကြောင့်ခွဲနေရတာလဲဆိုတာ တစ်ခါတစ်ခါကျွန်မအံ့ဩမိတယ်မောင်။ ကျွန်မနဲ့မောင်ဟာ သိပ်နှစ်သက်တဲ့ကော်ဖီဆိုင်တစ်ဆိုင်မှာ သိပ်တန်ဖိုးထားတဲ့ကော်ဖီတွေကြောင့် ခွဲခွာခဲ့ရတယ်ဆိုရင် ဘယ်သူက ယုံနိုင်ပါ့မလဲ။ မောင့်ရဲ့ပြတ်သားလွန်းတဲ့မာနတစ်ခုဟာ ကျွန်မတို့နှစ်ယောက် သိပ်နှစ်သက်ခဲ့ရတဲ့ ကော်ဖီဆိုင် တစ်ခုမှာ ပေါက်ကွဲခဲ့ရတာ ကျွန်မသိပါတယ်မောင်။ အဲသည်နေ့က မောင်ကျွန်မဆီမလာနိုင်မှန်းသိလို့ ကျွန်မမိတ်ဆွေတစ် ဦးနဲ့ ကော်ဖီသောက်နေခဲ့တယ်မောင်။ ဒါပေမယ့် မမျှော်လင့်ပဲရောက်လာခဲ့တဲ့မောင် မောင့်နှုတ်ဖျားက ခါးသက်တဲ့ စကားတွေဟာ ကျွန်မကြိုက်တဲ့ကော်ဖီလို ခါးမနေခဲ့တာအမှန်ပဲ။ အဲသည်အချိန်မှာ ကျွန်မလက်ထဲက ကော်ဖီခါးခါး တစ်ခွက်ဟာ မောင့်မျက်နှာပေါ်ကျရောက်သွားမယ်ဆိုတာ ဘယ်သူမှမမျှော်လင့်ထားတဲ့ အဖြစ်အပျက်ပါ။

 

………………………………………………………………………………………………………………..

 

ကော်ဖီတစ်ခွက်ဟာ ချစ်သူနဲ့ကြည်နူးခဲ့ရတဲ့အချိန်ပေးစွမ်းနိုင်တယ်တဲ့။ ကျွန်မအတွက်တော့ အဲသည်ထက်ပိုမယ်ထင်တာပဲ မောင်………။

မောင်ရယ်..မောင့်အချစ်တွေဟာ ကော်ဖီလိုမျုးိခါးခဲ့ရင်တောင် ကျွန်မရူးသွပ်စွာစွဲလန်းခဲ့ဦးမှာ။ မောင့်ရဲ့အချစ်တွေဟာ မောင့်ရဲ့ အတ္တမာနတွေကြောင့်ခါးသွားခဲ့တာ မောင်မှသိပါဦးမလားမောင်။ မောင်လည်း ကျွန်မကိုမောင့်လိုထင်မှာပေါ့နော်။ ကျွန်မအချစ်ဟာခါးပါတယ်မောင် ဒါပေမယ့်ကော်ဖီလိုခါးခြင်းမျိုးဆိုမောင်ယုံမလားမောင်……………………………………..။ မောင့်ကိုကျွန်မသတိတရဖြစ်စေ ကော်ဖီကိုကျွန်မချစ်လို့ပဲဖြစ်စေ အခုအချိန်ထိ ကျွန်မကော်ဖီတစ်ခွက် စွဲလန်းရူးသွပ်ဆဲပဲ မောင်……………..။ အခွင့်သာရင်တော့ မောင်နဲ့အတူကော်ဖီတူတူ ကျွန်မသောက်ချင်သေးတယ်မောင်……………………။

 

************************************************************

 

ရင်နှင့်ရင်း၍

အောင်မိုးသူ

ဒီဇင်ဘာ (၇)ရက် ၂၀၁၂ခုနှစ်

ည ၁နာရီ   ၂၁မိနစ်

12 comments

  • jullies cezer

    December 7, 2012 at 11:28 am

    “ကော်ဖီတွေ အေးစက်တာ မသောက်မိပါ
    အခါးကြိုက်တဲ့ မင်းအကြောင်းတွေ
    အတွေးထဲဝင် သတိရနေလို့”
    ”အလွမ်းရက်တွေများနေတယ်
    အချစ်မရှိတော့ခါးနေတယ်”
    (ဖြူဖြူကျော်သိန်း – ချယ်ရီလမ်း)
    ဒီသီချင်းက အခု Post နဲ့တိုက်ဆိုင်တယ်ဗျာ :gee:

  • ဗုံဗုံ

    December 7, 2012 at 11:31 am

    ဘာလို့ ကော်ဖီတွေနဲ့ ပက်ရတာလဲကွယ် နှမျောစရာ
    ပို့စ်ဖတ်ရင်းနဲ့ ကော်ဖီခါးခါးလေး သောက်ချင်လာတယ် အောင်မိုးသူရေ
    ဝယ်တိုက်မလား(စတာနော်)

    • Inz@ghi

      December 7, 2012 at 11:37 am

      ဗုံဂလေး ကော်ကော် သောက်ချင်ရင် စတားဘဂ်ကနေ ဦးဂီ ဝယ်တိုက်မပေါ့ကွယ်…
      ခိ…
      :528:

      • ခင်ခ

        December 7, 2012 at 11:57 am

        ဦးဂီ ဗုံဂလေးကို တိုက်မယ့် ကော်ဖီက ခါးခါးလေးမှ ဖြစ်မှဗျ။ ဝင်တာပြောရတာ ဦးဂီက သိပြီးသားနေမှာပါနော်။

      • ဗုံဗုံ

        December 7, 2012 at 12:43 pm

        ဦးဂီတို့များ စေတနာရှိနေရင် ဒီအသက်ဒီအရွယ်ထိ ငုတ်တုတ်မေ့နေ့မယ်မထင်ပေါင် ကော်ဖီလေးတစ်ခွက်ကို ကပ်စေးနှဲခဲ့လို့ ဒီအချိန်ထိ ကင်မလာနဲ့ နှစ်ပါးသွားနေရတာမို့လား 🙂

  • Mobile

    December 7, 2012 at 11:53 am

    အခွင့်သာရင်တော့ မောင်နဲ့အတူကော်ဖီတူတူ ကျွန်မသောက်ချင်သေးတယ်မောင်…….
    ကိုအောင်မိုးသူရေ ဒီကောင်မလေးကို တွေ့ရင် ပြောပေးပါဦး ကျနော် ပြန်လာခဲ့မှာပါလို့ . . . . .

    • မင်းနန္ဓာ

      December 7, 2012 at 12:13 pm

      မောင်မလာ မောင်သာငတ်.. မောင့် ကော်ဖီခွက်.. …$#@ !!
      ဝိုးးး ဝူး ကော်ဖီဆိုရင် ခါးခါးလေး သောက်မိတယ်.. :mrgreen:

  • ရွာသူ jujuma .

    December 7, 2012 at 12:05 pm

    မှောင်နဲ့အတူ ဘီယာတစ်ဂျိုက်လောက် သောက်ချင်တယ်ရမလားဟင် … :kwi:

    • aung moethu

      December 7, 2012 at 12:17 pm

      ဘီယာသောက်ချင်တယ်ဆို ကျတော်နဲ့တူတူသောက်ပါ့မယ် မ ဂျူးဂျူး

  • Inz@ghi

    December 7, 2012 at 12:22 pm

    ♪♪♪ကော်ဖီဆိုခါးခါးကြိုက်လား ငါ့ကိုနင်မေး …
    မကြာခင်မှာ နောက်တယောက်ပြောင်းကာ ….
    ပြန်လာပါ ငါ့ရဲ့ ချစ်သူနင့်ကို ထိုင်တွေး ……
    ကော်ဖီဆို မသောက်တော့ဘူးနော်. ….♪♪

    ♪♪♪ကော်ဖီကိုကြိုက်တဲ့အကျင့်သာ ငါ့ကိုနင်ပေး..
    မကြာခင်မှာ နောက်တယောက်ပြောင်းကာ ….
    ပြန်လာပါ ငါ့ရဲ့ ချစ်သူနင့်ကို ထိုင်တွေး ……
    ကော်ဖီဆို မသောက်တော့ဘူးနော်. ….♪♪

    ဘာမှမဟုတ်ပါဝူးကွယ် … ငယ်ငယ်က ဂစ်တာ၃လိုင်းဝင်တီးပေး
    ဖီချားရင်းဝင်ဆိုပေးဖူးတဲ့ သီချင်းလေး တစ်ပုဒ် သွားသတိရလို့ပါ…

    :harr:

  • လုံမလေးမွန်မွန်

    December 7, 2012 at 10:45 pm

    အဲ..ချစ်သူလေးကိုတောင် သတိရသွားတယ်…နေ့လည်က နှစ်ခါတောင်တွေ့ထားတာဆိုတော့ လုံလောက်ပါပြီ… :mrgreen:
    တစ်နေ့သုံးခွက်ဆို နာလည်း ဂန့်လိမ့်မယ်… 😛

    ဒါပေမယ့် မမျှော်လင့်ပဲရောက်လာခဲ့တဲ့မောင် မောင့်နှုတ်ဖျားက ခါးသက်တဲ့ စကားတွေဟာ ကျွန်မကြိုက်တဲ့ကော်ဖီလို ခါးမနေခဲ့တာအမှန်ပဲ။ အဲသည်အချိန်မှာ ကျွန်မလက်ထဲက ကော်ဖီခါးခါး တစ်ခွက်ဟာ မောင့်မျက်နှာပေါ်ကျရောက်သွားမယ်ဆိုတာ ဘယ်သူမှမမျှော်လင့်ထားတဲ့ အဖြစ်အပျက်ပါ။

    ဖတ်ပြီးတော့ တစ်ခုခု ခံစားလိုက်ရသလိုပါပဲ..ဘာလဲတော့ မသိဘူး…

Leave a Reply