ဒီတစ်ချီလည်း(ဇာတ်သိမ်းပိုင်း)

:saut: “ဒီတစ်ချီလည်း(ဇာတ်သိမ်းပိုင်း)” :byae:

:chee: ဒီတစ်ချီလည်း(ပထမပိုင်း) :saut:

“အားလုံးအတွက် ကျေးဇူးဦးလတ် သွားတော့မယ်ဗျို့ ”

သူရနိုင်က သူ့အဝတ်တွေနဲ့ ဖွေးဖွေးသူရဲ့အဝတ်အစားများကိုလာထားပြီး ညိုလတ် အိမ်ကအခန်းလွတ်ကိုရှင်းလင်း အလှဆင်ကာ ညနေစောင်းတွင် ဖွေးဖွေးသူအားသွား ခေါ်ရန် သာကေတသို့ပြန်မည်။
မသွားခင်ကပင်ပြောခဲ့သေးသည်။

“ဖွေးအဖေကြီးက အခုညနေရထားနဲ့မန္တလေးတက်မှာဦးလတ်ရ သားအိမ်မှာ ဟန်မ ပျက်ပြန် နေပြီး ညရနာရီကိုးရီးယားလာချိန်လောက်ကျမှ ဖွေးကိုဆွဲလာခဲ့မှာ ဟီး အစီအစဉ်မိုက်တယ်နော်”

“မိုက်ပါတယ်ကွာ မင်းအစီအစဉ်နဲ့မင်းတော့ဟုတ်နေတာပဲ ကဲကဲ အိမ်က စိတ်ပူနေမယ်ကျောင်းလွှတ်ချိန်အမှီပြန်ချေမင်းကိုတော့ငါတကယ်မနိုင်တော့ဘူးကွာ”

“မနိုင်ရင် ၂ခါခွဲသယ် ဟီး နောက်တာ ဦးလတ်ရေ ဘိုင့်ဘိုင်”

ပြောရင်းက နှုတ်ဆက်ထွက်သွားသော သူရနိုင်ရဲ့နောက်ကျောကိုကြည့်ကာ ညိုလတ် တစ်ယောက် စိတ်မကောင်းတာတော့အမှန်။
မတတ်နိုင်ပါ။ညိုလတ်ဘဝမှာ နာကျင်ရတာတွေများနေပြီမဟုတ်လား။
ဒီတစ်ခါကိစ္စပြီးလို့ကတော့ သူရနိုင်နဲ့ပါ အပြတ်ဖြတ်ပစ်ရတော့မည်/

ဖြစ်နိုင်ရင် သာကေတဘက်သို့ ခြေဦးတောင်မလှည့်တော့ ဟုဆုံးဖြတ်လိုက်ချေပြီ။
ကိုယ့်ဆုံးဖြတ်ချက်ကိုယ် ကျေနပ်အောင်ကြိုးစားလျက် နိုက်ဂျူတီဝင်ရန် ပြင်ဆင်စရာ ရှိတာတွေပြင်ဆင်နေလိုက်တော့သည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“ကိုရယ် ဖွေးတော့သိပ်ကြောက်တာပဲ”

“ဘာကြောက်စရာလိုလဲဖွေးရာ ကို့ဦးလေးကသိပ်သဘောကောင်းတာ ဖွေးလည်းသိသားနဲ့”

“ဖွေးကအဲဒါကိုကြောက်တာမှမဟုတ်တာ အဖေ့တို့ကိုကြောက်တာ မှားသွားပြီလားလို့ လည်းတွေးမိတယ်”

“တော်ကွာဖွေး ကြာရင်ကိုစိတ်ဆိုးမိမယ်နော် ကို့ပုခုံးပေါ်ခေါင်းလေးမှီပြီးနေ ရှေ့နားဆို ရောက်တော့မယ်…ဒီညဦးလတ်ကြီးက နိုက်ဂျူတီဗျ ဟဲဟဲ”

“ဟုတ်လား တော်သေးတာပေါ့ ချက်ချင်းကြီး ဦးလတ်ကိုမျက်နှာမပူရတော့ဘူး မနက်ကျမှ မျက်နှာပူရင် မျက်နှာသစ်လိုက်မယ် ဟိဟိ”

နှစ်ယောက်သား အပူပင်မရှိသည့်နှယ်ရယ်မောမိကြသည်။
သူရနိုင်က လက်ကနာရီကိုကြည့်မိတော့ ည၉နာရီထိုးတော့မည်။

ဖွေးအဖေကြီးကိုဘူတာပို့ပြီး ဖွေးတို့ပြန်လာတော့ ည၈နာရီထိုးခါနီးတော့မည်မို့ ဖွေးကအိမ်မှာဟန်မပျက်ပြန်နေပြီး ည၈နာရီကျော် ဖွေးအမေဘုရားဝတ်ပြုချိန် ဖွေးအစ်မတွေအခွေကြည့်ချိန်ကျမှ မသိမသာလေး သူရနိုင်တို့ အိမ်ရှေ့ကဖြတ် လျှောက်သွားသည်။
အိမ်မှာ အဖေနဲ့အမေက ကိုးရီးကားပြီး၍ထမင်းစားနေချိန်ဖြစ်ပြီး အငယ်မလေးက အခန်းထဲမှာစာကြည့်နေသည်။
သူရနိုင်ကတော့ လမ်းပေါ်ကိုမြင်သာတဲ့ အမေ့အပ်ချုပ်စက်ခုံပေါ်မှာ စာကြည့်ချင်ယောင် ဆောင်နေလိုက်သည်။

ဖွေးတစ်ယောက်ဖြတ်လျှောက်သွားတာမြင်မှ ထမင်းစားခန်းကအဖေတို့မသိအောင် အပြင်ဘက်ထွက်ကာ ဖွေးနောက်လိုက်လာပြီး လမ်းမပေါ်ရောက်တာနဲ့ တွေ့တဲ့ တက္ကင်္ဆီကို ဈေးပင်မဆဟစ်တော့ပဲ တန်းငှားကာတက်လိုက်လာကြတာပင်။
လမ်းတစ်လျှောက်လုံးနှစ်ယောက်လုံးရဲ့ရင်တွေ တဒုန်းဒုန်းခုန်နေကြပြီး တော်တော်နဲ့ စကားမပြောဖြစ်ခဲ့ကြ။

“ဟိုရှေ့နားက ဂိမ်းဆိုင်လေးမရောက်ခင်ရပ်လိုက် ဦးလေး”

သူရနိုင်က ဦးလတ်အိမ်ရှေ့ထိ ကားကိုမမောင်းစေချင်တာကြောင့် မီးတွေထိန်လင်းနေ တဲ့ ဂိမ်းဆိုင်ရှေ့မရောက်ခင် အမှောင်ရိပ်တစ်ခုမှာ ကားကိုရပ်ခိုင်းလိုက်တာပင်။

အိမ်ကမီးရောင်မှိန်မှိန်ထွန်းလျက် တံခါးပိတ်ထားသည်ကိုလှမ်းမြင်ရသည်။

ဦးလတ်နိုက်ဂျူတီသွားတော့ တံခါးပိတ်ခဲ့မှာပေါ့။ဘောင်းဘီအိတ်ထဲက သော့အပိုကို ထုတ်ယူပြီး အိမ်လှေကား၃ဆင့်ကိုတက်လိုက်မှ

“အင်..သော့လည်းခတ်မထားဘူး စေ့ရုံစေ့ထားတာပဲ ဦးလတ်ပြန်ရောက်နေတာလား မသိဘူး လာဖွေးရေ တက်ခဲ့”

၂ယောက်သားတံခါးကိုတွန်းဖွင့်ဝင်ရောက်လိုက်တာနဲ့ ဧည့်ခန်းဆက်တီမှာ ထိုင်နေကြ တဲ့လူတစ်စုကိုတွေ့လိုက်ရသည်။

“အဖေ”

၂ယောက်လုံး မျက်လုံးအပြူးသားနဲ့အံ့ဩစွာ လက်ဖျားများပင်အေးစက်ကုန်တော့တာ ချက်ချင်း။
ဖွေးဖွေးသူရဲ့ဖခင်နဲ့အတူ လူကြီး၂ယောက်ထိုင်ရာမှထရပ်လိုက်ကြပြီး

“အေး ဟုတ်တယ် ခွေးထက်မိုက်တဲ့ကလေးတွေ…ဟေ့ကောင် မင်းကငါ့သမီးကို ငယ်ငယ်လေးနဲ့ဒုက္ခတွင်းထဲ တွန်းချမလို့ပေါ့လေ ဟုတ်လား”

သုူရနိုင်တစ်ယောက် ပြူးပြူးပျာပျာနှင့် အထစ်ထစ်အငေါ့ငေါ့စကားတို့ထွက်လာရသည်။

“မ..မဟုတ်ပါဘူး ဦးလေး ကျွန်တော်တို့တကယ်မေတ္တာရှိလို့ပါ”

“ဘာ မေတ္တာလည်း တော်စမ်း မင်းဘာသောက်သုံးကျသေးလို့ငါ့သမီးကိုအခုလိုလုပ်ရ တာလည်း…ဟိုကောင်မ လာစမ်းဒီဘက်ကို”

ဖွေးဖွေးက ကြောက်ရွံ့စွာ သူ့အဖေနဲ့တိုးကပ်သွားသည်။
ဖွေးဖွေးသူအဖေနားက လူကြီးတွေထဲကတစ်ယောက်က

“ကဲ ငါ့တူ ဦးတို့က ဒီရပ်ကွက်ကတာဝန်ရှိသူတွေပဲ အခုလောလောဆယ် မင်းရဲစခန်း ကိုလိုက်ခဲ့လိုက်ပါကွာ”

“ဟာ မဟုတ်သေးဘူးလေ ကျွန်တော့်ဦးလေးရှိပါတယ် သူ့ သူ့ကိုခေါ်ပြီးရှင်းခိုင်းပါ့မယ်”

“စခန်းရောက်ပြီးမှ မင်းဦးလေးကိုခေါ်လိုက်ပါမယ် အခုတော့ ဦးတို့နဲ့လိုက်ခဲ့ဦး”

လူကြီး၂ယောက်ရဲ့ဆွဲခေါ်မုှမှာ ယက်ကန်ယက်ကန်နဲ့ပါသွားတဲ့ သူရနိုင်က ဖွေးဖွေးသူ
ထံအားကိုးတကြီးကြည့်မိတော့ ကြောက်ရွံ့ထိတ်လန့်မှုများအထင်းသားနဲ့ ဖွေးဖွေးသူ က သူမဖခင်နားမှာ ခေါင်းပင်မဖော်ရှာ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အချုပ်ခန်းအတွင်းမှသားကိုကြည့်လျက်က နိုင်မင်းဝင်းတစ်ယောက် တက် တစ် ခေါက်ခေါက်နှင့်ဖြစ်နေရုံသာ။
မျက်ရည်စက်လက်နဲ့ မာလာကတော့အချုပ်ခန်းသံတိုင်ကိုကိုင်လျက် သားအနားက ခွာချင်ပုံမရ။
“ဦးနိုင်မင်းဝင်းတို့ပြန်လို့ရပါပြီ..နှစ်ဦးနှစ်ဘက်ပြေလည်အောင်ညှိနုှိင်းကြပါ ကလေး တွေကသိပ်ငယ်သေးတော့ အမှုကိုသေးရာကမကြီးစေချင်ဘူး”
တစ်ဖက်ကကောင်မလေးဖခင် ဦးလင်းကျော်ဆိုတာကလည်း ရပ်ကွက်ထဲမှာတော့ နိုင်မင်းဝင်းလို ဒေါသအိုးတစ်ယောက်အဖြစ်နာမည်ကြီးတာပင်။
စိတ်ကြီးသူအချင်းချင်းတွေ့ကြတော့ နိုင်မင်းဝင်းတို့ ထင်တိုင်းကျဲလို့မဖြစ်သေး။
ဒီလောက်တော့ပါးနပ်ရဦးမည်။ကိုယ်က သားရှင်မို့လား။

ဘာပဲပြောပြော မှားတဲ့ဘက်ကလို့ဆိုလို့ရသည်။
စိတ်ထဲမှာ ရိုက်သတ်ချင်စိတ်ပေါက်နေတာက ညိုလတ်ဆိုတဲ့ကောင်ကိုသာ။
အခုထိလည်းရဲစခန်းသို့ရောက်မလာ။

ခရီးလွန်နေသည် ဟုသာသတင်းပို့ထားသည်တဲ့။ဘယ်ခရီးကိုလွန်နေရတာလဲ။
မဟုတ်တာလုပ်ထားပြီးရှောင်ပြေးချင်တဲ့ သူရဲဘောကောင်။

ဒီကောင့်စနက်မပါပဲနဲ့ ဦးလင်းကျော်နဲ့ရပ်ကွက်လူကြီးတွေက ဒီကောင့်အိမ်ထဲကြို ရောက်နေစရာအကြောင်းမရှိ။
အကွက်ကျကျနဲ့ နိုင်နိုင့်ကိုထောင်ဖမ်းတာအရှင်းကြီးပေါ်နေသည်မဟုတ်ပါလား။

ဒင်းထံကို ဖုန်းဆက်ပြီးနှိပ်ကွပ်ခဲ့သည့် နိုင်မင်းဝင်းနဲ့မာလာ့ကိုပညာပေးသွားတာနေမှာ။
မတတ်နိုင် လောလောဆယ်တော့ ကိုယ့်သားလွတ်မြောက်ဖို့အရေး အရင်လုံးပမ်းရပေ ဦးမည်။
ဒီကောင့်ကိစ္စ နောက်မှစာရင်းရှင်းဖို့လည်း တေးထားလိုက်မိသည်။

အချုပ်ခန်းထဲကလူမိုက်ကတော့ မျက်နှာသေလေးနဲ့ အခုမှ မအေကိုညောင်နာနာ လုပ်နေတော့သည်။
နရင်းတွေချည်း ဖြတ်ဖြတ်ရိုက်ပစ်လိုက်ချင်သည်။ဒီဟာလေးလည်း နေနှင့်ဦး။
အချုပ်ခန်းကထွက်မှ ကောင်းကောင်းပုံစံသွင်းရဦးမည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

သူရနိုင်တစ်ယောက် လွတ်လာတာ တစ်ပတ်လောက်ရှိပြီ။
အဖေကော၊အမေပါ မျက်စိဒေါက်ထောက်ကြည့်ရှုနေမှုအောက်မှာ နားရွက်ပင်မခတ် ဝံ့ဟုသာဆိုချင်တော့သည်။
အဖေသည် သူ့ကိုစကားသိပ်မပြောတော့သာသိသိသာသာ။

အမေက နင့်အဖေစိတ်ကိုသိတယ်မို့လား အခြေအနေကြည့်နေ ဟုဆိုထားသည်။
ကျောင်းလည်းမတက်ရတော့။အဖေကတော့ ကျောင်းပြန်တက်ခွင့်ရဖို့ ကြိုးစားနေသည် ဟုအမေ့ထံမှသိရသည်။
ဘာပဲပြောပြော လတ်တလောမှာ အပိုးကျိုးနေပြရသည်။

ဖွေးတစ်ယောက်တော့ ဘယ်လိုနေသည်မသိ။ဖွေးရဲ့ကောင်းမှုကြောင့်လည်း ဒီပြဿနာ က ဒီလောက်နဲ့ရပ်သွားတာဖြစ်မည်။
ချစ်သူကိုမတွေ့ရတဲ့ရက်တွေမှာ လွမ်းဆွတ်သလိုလိုရှိပေမယ့် လောလောဆယ် ကို်ယ့်ခေါင်းနဲ့ကိုယ့်ကိုယ် တွဲမိနေရေးသာ အနေအထိုင်ဆင်ခြင်နေရဦးမည် မဟုတ်ပါလား။

စိတ်ထဲမှာတော့ ဦးလတ်တစ်ယောက်ကိုနားမလည်နိုင်အောင်ဖြစ်နေမိသည်။
ဒေါသထွက်ရမှာလားဆိုရအောင်လား ဦးလတ်ကိစ္စကိုရေရေလည်လည်မသိသေး။
ယခုအထိလည်း ပျောက်နေဆဲ။

အဖေကတော့ တွေ့တာနဲ့ပြေးသတ်မလားတောင်မသိ။ကြိမ်းဝါးသံတွေနဲ့တင် ကိုယ်တိုင် ပါလဲသေချင်မိသည်။
ဦးလတ်ကတော့ မိမိအပေါ်ယခုလို ရက်ရက်စက်စက်လုပ်သွားမည်ဟုမယုံကြည်နိုင် သေး။
အရမ်းကိုတွေ့ချင်နေမိတာအမှန်။

လောလောဆယ် ဖွေးနဲ့ဦးလတ် ဘယ်သူု့ကိုတွေ့မလဲဆိုရင် ဦးလတ်ကိုသာအရင် တွေ့ချင်လောက်အောင်ပင်။
အမြီးကုတ်နေရပေမယ့် ဦးလတ်သတင်းရနို်င်မယ့် ဦးစိုးဦးဆိုင်သို့ လစ်ထွက်နိုင် မည့်အရေး ကြံစည်နေမိသေးသည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ညိုလတ်တစ်ယောက် ဒီနေ့ပဲအိမ်ပြန်ရောက်သည်။

နိုင်နိုင်ပြဿနာဖြစ်တဲ့ညကပဲ တောင်ကြီးတက်မယ့်ရုံးကားနှင့် တခြားအဖွဲ့မှူးကိုယ်စား တောင်ကြီးသို့လိုက်သွားလိုက်တာ အခုဆိုရင် နိုင်နိုင်တို့ အမှုကြေအေးသွားတာပင် တစ်ပတ်ကျော်လောက်ရှိပြီဟု သိရသဖြင့်စိတ်အေးသလိုတော့ရှိသွားသည်။

အခုလောက်ဆို နိုင်မင်းဝင်းတစ်ယောက်လည်း ညိုလတ်ကိုအမှုန့်ကြိတ်ချင်လောက် အောင် ဖြစ်နေမှာ ဗေဒင်မေးစရာပင်မလို။
ဘာပဲပြောပြော နိုင်မင်းဝင်းတို့လင်မယား သားဇောတွေနဲ့တော်တော်တော့ ချာချာလည် သွားမှာတွေးမိရင်း မိမိရဲ့နိုင်ကွက်တစ်ခုအပေါ် အားရမိသေးသည်။
နိုင်နိုင့်ခရီးဆောင်အိတ်ကို ဟိုလှန်ဒီလှန်လုပ်မိသည်။

ကြည့်စမ်း နိုင်နိုင့်မှတ်ပုံတင်ပါလား။ဒီခရီးဆောင်အိတ်တွေကို စိုးဦးကတဆင့်ပြန်ပို့ရဦး မည်။
နိုင်နိုင့်ထံမှာသော့အပိုရှိပေမယ့် လာမယူကြသေးပုံထောက်ရင် ညိုလတ်ကိုစောင့်ဖမ်း ကြဖို့ကြံစည်ထားကြပုံရသည်။
အမှတ်မထင် မှတ်ပုံတင်ကိုယူကြည့်မိသည်။

“ဟင် နို်င်နိုင့်သွေးအုပ်စုက B ဆိုပါလား၊နေပါဦး နိုင်မင်းဆိုတဲ့ကောင်က A သွေး၊ ငါနဲ့အတူမှတ်ပုံတင်လုပ်လို့သိပြီးသား။ မာလာကလည်း O သွေးလို့သိထားတာ
နို်င်နို်င်က အဖေအမေနဲ့တစ်ယောက်နဲ့မှမတူပါလား ……….ဟင် ဘီ ၊ဘီ ဆိုတော့ ငါ့သွေးအမျိုးအစားပဲ နိုင်နိုင်က ငါ ငါနဲ့ရတာများလား”

နိုင်နိုင့်ရဲ့မှတ်ပုံတင်ကိုကိုင်လျက် အိပ်ယာပေါ်ပက်လက်လှန်ချလိုက်မိသည်။

“ငါ့ ငါ့သားဆိုရင်တော့ ငါ့သားကိုငါဒုက္ခပေးလိုက်မိပြီပေါ့…ဟုတ်မှာပါ ဟုတ်မှာ”

ညိုလတ်တစ်ယောက် ဖြစ်စဉ်များကိုခွဲခြမ်းစိတ်ဖြာရန် အချိန်ကာလတစ်ခုဆီသို့ အတွေး ရွက်လွှင့်လိုက်မိသည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ညိုလတ်နဲ့နို်င်မင်းဝင်းတို့ ဖခင်တွေက ညီအစ်ကိုအရင်းတွေ။
ညိုလတ်တို့နှစ်မိသားစုလုံး အဘိုးရဲ့အိမ်မှာနေထိုင်ကြရတာ။

ညိုလတ်ရဲ့မိခင်ကအနေအေးပြီး တစ်အိမ်လုံးနဲ့သင့်မြတ်ပေမယ့် နိုင့်ထက်စီးနင်း ဆန်လှတဲ့ နိုင်မင်းဝင်းရဲ့အမေနဲ့ တော့အဆင်မပြေ။
နိုင်မင်းဝင်းကလည်း မအေသွေးအပြည့်ပါတယ်ဆိုရလောက်အောင် သူများအပေါ် နိုင်ထက်စီးနင်းပြုရမှကျေနပ်တဲ့ကောင်။
ဒီကြားထဲ ယောက်ျားလေးဆိုတော့ ဂျစ်ကန်ကန် မိုက်ကန်းကန်းနှင့် ကျောင်းမှာလည်း ပြဿနာပေါင်းစုံမကြာခဏ တက်လေ့ရှိသည်။

ညိုလတ်ကတော့အစ်မအရင်းနဲ့ကော၊ တစ်ဝမ်းကွဲဖြစ်တဲ့ နိုင်မင်းဝင်းတို့မောင်နှမနဲ့ပါ သင့်အောင်ပေါင်းပါသည်။
နိုင်မင်းဝင်း အနိုင်ကျင့်သမျှကိုလည်း ညီအစ်ကိုချင်းပဲလို့ စိတ်ထဲထားပြီး သီးခံလိုက်တာ များသည်။

နိုင်မင်းဝင်းက ညိုလတ်အပေါ်လုံးဝကြည့်မရတော့အောင် အမြင်စောင်းသွားတာက တော့ ညိုလတ်တို့နှစ်ယောက်ကြား မာလာဝင်ရောက်လာချိန်မှစသည်။
အဘိုးကွယ်လွန်တော့ ညိုလတ်တို့၂မိသားစုအမွေခွဲကြသည်။
အဘိုးရဲ့အိမ်နဲ့ခြံကိုရောင်းပြီးတစ်ဝက်စီခွဲဝေကြတာပါ။

နိုင်မင်းဝင်းတို့မိသားစုကတော့ သာကေတထဲမှာပဲ အိမ်နဲ့ခြံခပ်သေးသေးပြန်ဝယ်သည်။
ညိုလတ်တို့မိသားစုကတော့ အမေ့ဆန္ဒအရ သူတို့နဲ့ဝေးရာဒေါပုံဆိပ်အနီး ပြောင်းရွှေ့ခဲ့ ကြသည်။
နိုင်မင်းဝင်းကော၊ညိုလတ်ပါ ဆယ်တန်းကို တစ်ဘုံးဘုံးကျသဖြင့် အပြင်ဖြေဖြစ်သွားချိန် တွင် ညိုလတ်က သာကေတထဲက အမေ့အစ်ကိုရဲ့တွင်ခုံမှာ အလုပ်သင်ဝင်လုပ်နေ လိုက်သည်။

နိုင်မင်းဝင်းကတော့ ဟိုယောင်ယောင်ဒီယောင်ယောင်နှင့်သာကေတထဲက လူမိုက်တစ် ချို့နဲ့ပင်အပေါင်းအသင်းဖြစ်နေတော့သည်။
မာလာဆိုတာက နယ်ကနေပြီး ညိုလတ်တို့လို ဆယ်တန်း၂ခါကျထားသဖြင့် သာကေ တကသူ့အဒေါ်ရဲ့ အထည်အော်ဒါချုပ်လုပ်ငန်းမှာ လာရောက်ကူညီနေထိုင်တာဖြစ် သည်။

နယ်ကဆိုပေမယ့် ရန်ကုန်သူတွေလောက် ဝတ်တာစားတာပုံပမ်းမကျသော်လည်း၊ တော်တော်လေးကြည့်လို့လှတဲ့မိန်းကလေးလို့ဆိုရမည်။
မာလာတို့နေတဲ့အိမ်က နိုင်မင်းဝင်းတို့လူငယ်တွေစုဝေးတတ်တဲ့ လ္ဘက်ရည်ဆိုင်နဲ့နီး သလို၊ညိုလတ်တို့တွင်ခုံနဲ့လည်း နီးတာကြောင့် ညိုလတ်ကော၊နိုင်မင်းဝင်းပါ မာလာ့ကို သဘောကျစွာပိုးပမ်းလျက်ရှိကြသည်။

ဆယ်တန်းဖြေဖို့၄လလောက်အလိုမှာ ညိုလတ်က ဒေါပုံထဲကဆရာတစ်ယောက်ဆီမှာ ညဘက်ကျူရှင်တက်ဖြစ်သည်။
ဆရာက ဈေးသက်သက်သာနဲ့ကျက်စာတွေကလွဲလို့ဘာသာစုံကိုတစ်ယောက်တည်း သင်ပေးသည်။
ညိုလတ်တို့လို အဆင်သိပ်မပြေတဲ့ နှစ်ကျကျောင်းသားတွေအတွက် အဆင်ပြေလှတာ ကြောင့် ညိုလတ်နဲ့စိုးဦးအပါအဝင် သာကေတထဲက သူငယ ်ချင်းတစ်ချို့ပါ လာတက် ကြသည်။

ညိုလတ်တို့တက်နေပြီး လဝက်လောက်အကြာမှ မာလာကလည်း ဆယ်တန်းပြန်ဖြေ ဖို့ရှိသည်ဆိုပြီး ညိုလတ်တို့ကျူရှင်သို့ရောက်လာသဖြင့် ညိုလတ်တစ်ယောက် ရေငတ် တုန်းရေတွင်းထဲကျသည့်နှယ် ပျော်လိုက်သည့်ဖြစ်ခြင်း။
သာကေတထဲတွင် ပိုးပမ်းနေတတ်သော နိုင်မင်းဝင်းတစ်ယောက် ဒေါပုံအထိ ရောက်လာကာ မာလာ့ကိုချဉ်းကပ်ဖို့ကြိုးစားတော့သည်။
မာလာမကြိုက်ဘဲ အတင်းနဲ့တဇွတ်ထိုးမလုပ်ဖို့ ညိုလတ်ကဖျောင်းဖျမိရာက ညိုလတ် အပေါ် ထာဝရရန်သူတစ်ယောက်နှယ် စတင်ဆက်ဆံလာတော့တာပင်။

မာလာအနေနဲ့ ရုပ်မဆိုးလှပေမယ့် ဂင်တိုတို၊မိုက်ကန်းကန်းဆန်လှသော နိုင်မင်းဝင်း ထက်၊အရပ်မြင့်မြင့်နဲ့ သဘောမနောကောင်းလှတဲ့ ညိုလတ်အပေါ် အခွင့်အရေးပေးခဲ့ သည်။

တစ်ယောက်နဲ့တစ်ယောက် နေ့ဘက်တွေ သာကေတမှာတွေ့ဆုံ၊ညဘက်တွေ ကျူရှင် မှာစကားနှီးနှောနဲ့ သိပ်မကြာခင်မှာပဲ ချစ်သူဘဝရောက်ရှိခဲ့ကြသည်။
နိုင်မင်းဝင်းမသိအောင် သိုသိုသိပ်သိပ်လုပ်ခဲ့ကြပေမယ့် နားများစွာရှိတဲ့ သကောင့်သား ကသိသွားပြီး ဆင်ကြံကြံနေပြီ ဟုသူငယ်ချင်းတွေက သတိပေးသည်။
နိုင်မင်းဝင်းရဲ့ အန္တရာယ်ကို တထိတ်ထိတ်နဲ့စောင့်ကြည့်နေကြရင်း တစ်ရက်မှာ ဆရာက ပဲခူးရိုးမသစ်စခန်းတစ်ခုနားကရွာမှာ ဆေးမှူးလုပ်နေတဲ့ ဆရာ့ညီ မင်္ဂလာ ဆောင်မှာမို့ ကျူရှင်ကို ၃ရက်လောက်ပိတ်မည်ဟုပြောသည်။

ဆရာနဲ့အရင်းနှီးဆုံး ညိုလတ်၊မာလာနဲ့စိုးဦးအပါအဝင် သူငယ်ချင်း၆ယောက်လောက် ဆရာနဲ့အတူ လိုက်ချင်ကြောင်းဝိုင်းပူဆာကြသည်။
သဘောကောင်းလှတဲ့ဆရာကလည်း စာမေးပွဲမဖြေခင် ခေါင်းဆေးသလိုဖြစ်အောင် လိုက်ချင်လိုက်ခဲ့ကြဖို့ ခွင့်ပြုတာနဲ့ အိမ်တွေကိုခွင့်တောင်းပြီး လိုက်ခဲ့ကြသည်။

မင်္ဂလာဦးညမှာ ဆရာနဲ့သတို့သားအပါအဝင် အားလုံးလိုလို ညနေစောင်းတည်းက သောက်ကြ၊စားကြနှင့် ပျော်ပွဲဆင်နေကြချိန် ညိုလတ်နဲ့မာလာက လမ်းလျှောက် ဟုဆိုကာ သစ်တောများအနီးသို့ထွက်ခဲ့ကြသည်။

တောရိပ်တောင်ရိပ်ရဲ့လွှမ်းမိုးမှု၊အချိန်ကာလရဲ့စေ့ဆော်မှု၊ပတ်ဝန်းကျင်ရဲ့အထောက်အပံ့ပေးမှုတို့အောက်မှာ အနေနီးကပ်နေတဲ့ ချစ်သူနှစ်ဦး လူငယ်ဘာဝ လွန်ကျူးမိကြ တော့သည်။

ရန်ကုန်သို့ အပြန်လမ်းတစ်လျှောက်ချစ်သူနှစ်ဦး အခြေအနေကို ကြည့်၍ စာမေးပွဲပြီးမှ လက်ထပ်ဖို့အရေးကြိုးစားကြရန် တိုင်ပင်လာကြရင်း ပျော်မြူးနေကြသည်။

ရန်ကုန်ရောက်ရောက်ချင်းညမှာပဲ လယ်ဝေးရှိ အမေ့ရဲ့မိခင်၊ညိုလတ်တို့အဖွား ဆုံးသွား ပြီဆိုပြီး အဘွားနဲ့အတူနေတဲ့ ဒေါ်လေးတို့မိသားစုက သတင်းလှမ်းပို့သဖြင့်၊ ညရထားနဲ့ပဲညိုလတ်တို့မိသားစုကော၊တွင်ခုံက ဘကြီးတို့မိသားစုပါ လယ်ဝေးသို့ ကတိုက်ကရိုက်ထွက်ခဲ့ကြရသည်။
အသုဘရက်လည်ပြီး တစ်ရက်နှစ်ရက်လောက်အကြာ၊ညိုလတ်တို့ ရန်ကုန်ပြန်ရောက် ချိန်မှာပဲ နိုင်မင်းဝင်းနဲ့မာလာတို့ လက်ထပ်လိုက်ကြပြီဆိုတဲ့ သတင်းဆိုးက ရင်ဝကိုဆီး ကန်တော့သည်။

ညိုလတ်တို့တစ်စု ဆရာနဲ့ခရီးထွက်သွားကတည်းက ရမ်းပုံမီးကျဖြစ်နေသော နိုင်မင်းဝင်းက မာလာပြန်ရောက်တာနဲ့ဆွဲရန် ကျားချောင်းချောင်းနေသည်ဟုသိရသည်။

ဒီကြားထဲ ညိုလတ်တို့က ရောက်ရောက်ချင်းပဲ ခရီးထပ်ဆက်ရသဖြင့် နိုင်မင်းဝင်းအဖို့ တိုင်း၍ယက်တဲ့ပက္ကလာ မိုးရွာသည်နှင့်အခန့်သင့် ဖြစ်သွားလို့နေသည်။

နောက်နေ့ညမှာပဲ လူမိုက်အဖွဲ့နဲ့ပေါင်းပြီး မာလာ့ကို ကားတင်ပြေးသည် ဟုသတင်းစုံကို ပြောပြကြသည်။
မာလာ့ အုပ်ထိန်းသူတွေကလည်း တစ်ရှက်ကနေ နှစ်ရှက်မဖြစ်ရအောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်မင်းဝင်းမိခင်ကဝယ်ပေးတဲ့ရေခဲသေတ္တာကိုယူကာ အမှုမလုပ် တော့ပဲ လက်ထပ်ပေးစားလိုက်ကြသည်။

မာလာကိုယ်တိုင်ကလည်း နိုင်မင်းဝင်းရဲ့ အဓ္မကျင့်မှုကို အကြိမ်ကြိမ်ကျရှုံးခံခဲ့ရပြီးပြီမို့ ဘဝကို ဒီလိုပဲဆက်လိုက်ရတော့သည်ဟု ဆိုသည်။
နိုင်မင်းဝင်းဆွဲသွားတုန်းက ကိုယ်နဲ့ဖြစ်ခဲ့ပြီးပြီလို့မပြောပြရကောင်းလား ဆိုပြီး မာလာ့ အပေါ်လည်းနာကျည်းမိသည်။
မာလာကလည်း ညိုလတ်နဲ့မျက်နှာချင်းမဆိုင်ရအောင် အတတ်နိုင်ဆုံးရှောင်ကွင်းနေ သဖြင့် နှစ်ယောက်လုံးအပေါ် နာကျည်းချက်တွေက ရင်ဘတ်ကွဲထွက်မတတ်။

ခံစားချက်တွေကို အရက်နဲ့လည်းမမျောတတ်တာမို့ ရင်ကွဲသမျှ စိုးဦးက ဒိုင်ခံ နားညီး ပေးနေရသည်။
နောက်ဆုံး ဘကြီးရဲ့အကူအညီနဲ့ ရွှေပြည်သာဘက်က စက်ရုံတစ်ခုမှ အလုပ်ဝင်ပြီး မာလာတို့နှစ်ယောက်နဲ့မတွေ့အောင် ရှောင်လိုက်တော့သည်။
မာလာတို့ယူပြီး မကြာခင်ပဲ မာလာက သူရနိုင်ကို ကိုယ်ဝန်ဆောင်ရသည်။

သူရနိုင်မွေးပြီးနောက်ကလေးကိုယ်ဝန်ဆောင်ချိန်လောက်မှ ညိုလတ်တစ်ယောက် သာကေတထဲ ပြန်လည် သွားလာလုပ်လာခဲ့သည်။
စိတ်ထဲမှာ မာလာ့အပေါ်ချစ်ခင်တွယ်တာမှုတွေလည်း အနည်ကျကုန်ပြီမို့ နေရပ် ဟောင်းကို ပြန်လည်ခြေချမိတာပါ။
စိုးဦးရဲ့စာအုပ်အငှားဆိုင်မှာ ကာတွန်းလာလာငှားတဲ့ သူရနို်င်လေးက ညိုလတ်ကို သူ့ဦးလေးမှန်းလည်းသိ၊သဘောလည်းကောင်းမှန်းသိတာမို့ အရမ်းကိုတွယ်တာ သည်။

မိဘတွေ ရှေ့ဆင့်နောက်ဆင့်ဆုံးပြီးကတည်းက အစ်မတို့မိသားစုရှိရာသို့ခပ်ကျဲကျဲသာ ရောက်ဖြစ်တော့ပေမယ့် သူရနိုင်အပေါ်ချစ်ခင်မိစိတ်ကြောင့် သာကေတကိုတော့ အားလပ်ရက်တိုင်းလိုလိုရောက်ဖြစ်သည်။

နိုင်မင်းဝင်းအပေါ်လည်း ဒေါသဖြစ်စိတ်တွေသိပ်မရှိတော့တာမို့ ကလေးအပေါ်တွယ် တာမိတဲ့ စိတ်ကိုလွှတ်ပေးမိသည်။
နိုင်နိုင်ကလည်း နိုင်မင်းဝင်းလို ဂင်တိုတိုမဟုတ်ပဲ၊မအေတူစွာ ချစ်ခင်နှစ်လိုဖွယ်ကောင်း ပြီး စကားပြောလည်းသွက်လက်လှသဖြင့်ညိုလတ်က ချက်ချင်းပင်သံယောဇဉ်ရှိသွား မိတာ။

စက်ရုံအိပ်၊စက်ရုံစားဘဝကနေ ရိုးသားကြိုးစားသောညိုလတ်ကို အခုအချိန်မှာ အိုးပိုင် အိမ်ပိုင်ဖြစ်အောင် အလုပ်ရှင်က ကူညီစောင့်ရှောက်လိုက်တာပင်။
အိမ်နဲ့ခြံဖိုးလည်း ကျေပြီးပြီမို့ ဒေါပုံဆိပ်ကအိမ်ကို အစ်မတို့မိသားစုကိုပဲ အပြတ်ပေး လိုက်ဖို့ဆုံးဖြတ်ထားပြီး တစ်ကိုယ်တော်ဘဝနဲ့ စိတ်လက်ပေါ့ပါးစွာဖြတ်သန်းလာမိတာ။

အခုနောက်ပိုင်းကာလတွေမှာတော့ စိတ်လက်မချမ်းသာစရာတွေက ဆက်တိုက်ရိုက် ခတ်လာသဖြင့် တော်တော်လေး ပူလောင်နေရပြန်ပြီ။

နိုင်နိုင့်ပေါ်မှာ အစ်မအရင်းကမွေးတဲ့တူထက် သံယောဇဉ်ပိုမိခြင်းဟာ သွေးကစကား ပြောတာကြောင့်ပဲ ဟုတစ်ထစ်ချကောက်ချက်ချက်မိပြီမို့ မိမိရဲ့ကောက်ချက်ကိုအတည် ပြုရန်အတွက် မာလာရဲ့လျို့ဝှက်ချက်တို့ကို သိနိုင်လောက်မည်ထင်သော သင်္ဘော ကျင်းဘက်က မာလာ့ဆယ်တန်းတုန်းကသူငယ်ချင်း ခင်မာကြည်ထံ သွားရန် ချက်ချင်း ပြင်ဆင်လိုက်တော့သည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“နိုင်နိုင် အမေနဲ့အိုးရှင်းခဏလိုက်ခဲ့စမ်း သယ်စရာတွေများလို့”

“ဘာတွေဝယ်မှာမို့လဲအမေရ အရင်လည်းတစ်ယောက်တည်းသွားနေကျဟာ”

လိုက်ချင်စိတ်ကို မဖော်ပြပဲ အတွန့်တက်လိုက်သေးသည်။အမှန်က အိမ်ထဲကုတ်နေရ တာကြာပြီမို့ အမေနဲ့တင်မဟုတ် အဖေနဲ့လိုက်ရတောင် အပြင်တကယ်ထွက်ချင်နေ တာပင်။

“အငယ်မအတွက်စာအုပ်ထည့်ဖို့ ကော်သေတ္တာကြီးတစ်လုံးဝယ်မလို့ပါ။ကလေးမက သူ့စာအုပ်တွေကို သိပ်တန်ဖိုးထားတာ သေသေချာချာလေးထားချင်တယ်ဆိုလို့ မင်းနဲ့တော့ကွာပါ့”

“တော်ပါအမေရာ ကဲကဲ သွားမယ်မို့လား သားကအကျီ င်္လဲရုံပဲ အမေကအဆင်သင့်ဖြစ် ပြီလား”

သားအမိနှစ်ယောက် မြို့ထဲဘက်ဝင်သည့် ကားတစ်စီးပေါ်တက်စီးလာခဲ့ကြသည်။

သဘောင်္ကျင်းမှတ်တိုင်မှာ ကားရပ်နေတုန်း

“ဟင် ဟိုမှာ ဦးလတ်ပါလား”

ကားပြတင်းမှတဆင့် လမ်းတစ်ဖက်ရှိ ဦးလတ်ကိုတွေ့လိုက်တယ်ဆိုရင်ပဲ အမေ့ကို ဘာမှမပြောပဲနှင့် ကားပေါ်ကပြေးဆင်းပြီး လမ်းကိုအလောတကြီးကူးလိုက်မိသည်။

“ဟဲ့ ဟဲ့နိုင်နိုင် ဘယ်ကိုလည်း”

“ကျွိ…………………..”

“အမလေး”

“ဟာ…ကားတိုက်ပြီ”

ချက်ချင်းဆိုသလိုရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့ပြီ…..သူရနိုင်အသိတရား မမဲ့ခင်မှာ ဦးလတ်သူ့ထံပြေးလာတာတွေ့တော့မှ စိတ်ချလက်ချ မျက်လုံးအစုံမှိတ်ချလိုက်မိသည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“အဖေ အဖေ့ရဲ့အပြစ်တွေပါသားရယ် သားကိုအဖေဒုက္ခရောက်အောင်လုပ်မိတယ်”

ခင်မာကြည်အိမ်သို့ပင်မရောက်သေး နိုင်နိုင့်အက်စီးဒင့်ကြောင့် ဆေးရုံသို့ရောက်နေရပြီ။

နိုင်နိုင့်အခန်းရှေ့ရပ်လျက်ကတတွတ်တွတ်ရွတ်နေမိသည်။

“ဟင် မင်းမင်းဘာလာလုပ်တာလဲ”

ဆေးရုံထဲဝင်လာတဲ့နိုင်မင်းဝင်းကို ညိုလတ်ကိုတွေ့တာနဲ့ ဘီလူးသရဲကိုတွေ့သည့်နှယ်

“ငါ တောင်း တောင်းပန်ပါတယ် နိုင်မင်းရာ ငါ့သား ငါ့သားလေး ငါ့ကြောင့်”

“ဘာ ဘာပြောတယ်ကွ ဘယ်သူကမင်းသားလဲ မင်းကဘယ်တုန်းကသားရသွားတာလဲ”

“နိုင်နိုင်လေကွာ အမှန်ကနိုင်နိုင်က ငါနဲ့ရတဲ့ကလေးပါ မင်းကိုမာလာကပြောမပြထား ဘူးလား”

“နေပါဦး အဲဒီကိစ္စ မာလာ့ကိုခိုးတဲ့ညကတည်းကသိပြီးသား အဲဒါနဲ့ပဲ နိုင်နိုင်ကမင်းသား ဖြစ်ရောတဲ့လား”

“ဒီမှာ နိုင်နိုင့်မှတ်ပုံတင် မင်းနဲ့ကော မာလာနဲ့ပဲသွေးအုပ်စုမတူပဲ ငါနဲ့တူနေတာကွ”

အိတ်ကပ်ထဲမှာထည့်ယူလာတဲ့ နိုင်နိုင့်မှတ်ပုံတင်လေးကိုထုတ်ပြကာရဲရဲဝံ့ဝံ့ ပြောလိုက် မိသည်။

“ငါ့သားကိုငါနဲ့ပြန်ခေါ်ထားပါရစေ”

“သူရနိုင်ရဲ့အဖေရောက်ပြီလား”

အထူးကြပ်မတ်ဆောင်ထဲမှာထွက်လာတဲ့ အနီဝတ်လေးကမေးလိုက်တာပါ။

“ကျွန်တော်ပါဆရာမ”

“လူနာကလန့်ပြီး ခုန်ရှောင်ရင်းက လမ်းဘေးပလက်ဖောင်းနဲ့ခေါင်းဆောင့်မိပြီး မေ့သွားတာပါ စိုးရိမ်စရာတော့မရှိပါဘူး လိုအပ်ရင်သွေးလှူရအောင် အသင့်တော့ ပြင်ထားပါ.သူ့အမေက ဆေးကောင်တာသွားတယ်.ဒါနဲ့ လူနာက ဘီသွေးနော် ”

“ဟုတ်ကဲ့ဆရာမ”

“ဆရာမ မှားနေပြီ ဒီမှာလူနာရဲ့မှတ်ပုံတင်မှာ အေလို့ပါတယ်လေ”

ဆရာမလေးက နိုင်မင်းဝင်းဘက် မျက်စချီပြလိုက်သည်။

“ဟေ့ကောင်အရူူး အဲ့မှတ်ပုံတင်ပြပြီး အရူးလိုက်ထမနေနဲ့ အဲဒီမှတ်ပုံတင်က အလယ်တန်းတုန်းကကျောင်းကလုပ်ပေးတာ သွေးအုပ်စုမှားနေတာ ငါတို့လဲ နိုင်နိုင် ရက်ရှည်ဖျားတုန်းက သွေးစစ်ကြည့်မှ အဖြေမှန်သိတာ အသက်၁၈နှစ်ပြည့် မှတ်ပုံတင် လဲတော့မှ အဲ့ကိစ္စပြန်လုပ်ရမှာ ရမ်းသမ်းပြီးလျှောက်ထင်မနေနဲ့”

ညိုလတ်တို့ မျက်လုံးပြူးရချေပြီ။ကိုယ့်သားမှတ်လို့ ပူလောင်လိုက်ရတာ မာလာနဲ့မရလို့ အသည်းကွဲတုန်းကထက် ဆယ်ဆလောက်သာသည်။
အခုတော့

“ဒါဖြင့် နိုင်နိုင်က ငါ့သားမဟုတ်ဘူးပေါ့”

“ဘာကိစ္စနင့်သားဖြစ်ရမှာလဲ ညိုလတ်ရယ် နင်အခုချိန်ထိ ငါတို့မိသားစုကြား နှောက် ယှက်နေပြန်ပြီ….ဟိုပြဿနာလည်း နင့်အပေါ်ဗွေမယူတော့ပါဘူး နင့်ဟာနင် အေးအေး နေစမ်းပါ နောက်ငါ့သားကိစ္စဝင်မပူနဲ့သိလား”

ဆေးကောင်တာမှပြန်လာတဲ့ မာလာ့ရဲ့အနိုင်ပိုင်းတဲ့စကားကိုခေါင်းငုံ့ခံရချေပြီ။

“အေး ငါလည်း မင်းအပေါ် စိတ်မလုပ်တော့ဘူး နောက် ငါ့သားကိုပြဿနာရှာလို့က တော့ ငါသီးခံမှာမဟုတ်တော့ဘူးနော် သွားကွာ နိုင်နိုင်မမြင်ခင် ပြန်တော့”

ဪ ဘဝမှာစိတ်ထားကောင်းကောင်းနဲ့ ရိုးသားစွာနေခဲ့သော်လည်း အပြစ်မြင်ချင်တဲ့ လူတွေက ရှာကြံအပြစ်မြင်နေကြတာပါလား ဟုညိုလတ်တွေးရင်း စိတ်မကောင်းစွာ ပဲ လှည့်ထွက်ခဲ့လိုက်ပါသည်။
ညိုလတ်တို့က စိတ်သန့်သန့်နဲ့တွေးပြီး မေတ္တာထားချင်ပေမယ့် နေရာတိုင်းအတွက် မသင့်တော်မှန်း စာမကျေခဲ့။
ဒီတစ်ချီလည်း ညိုလတ်တို့ အလွဲကြီးလွဲ အခံကြီးခံခဲ့ရပြန်ပြီလေ…………….

“နန်းတော်ရာသူ”ရေးသားသည်။
7-12-2012
6:48(AM)
http://nanntawyarthu.webs.com

7 comments

  • jullies cezer

    December 7, 2012 at 12:41 pm

    စလယ်ဆုံးအားပေးသွားပါတယ် အစ်မရေ ……..

  • Inz@ghi

    December 7, 2012 at 12:57 pm

    အားပေးသွားတယ်ဗျို့..

    :harr:

    အဲ့သည့်
    သွေးအုပ်စုကိစ္စ ငယ်ငယ်က Reader Digest က ဖတ်ခဲ့ရတာလေး သွားသတိရတယ်…

    အဲ့ ဇာတ်လမ်းလေးက သည်လို ..ညဘက်ကြီး စစ်ပြန်တယောက် ကားမောင်းပြီး
    ကာလရှည် ကွာဝေးနေတဲ့ အိမ်ကို ပြန်လာသတဲ့ .. လမ်းမှာ ထောင်ဖောက်ပြေးလာတဲ့
    အချုပ်သား နဲ့ တွေ့တယ်.. နှစ်ရှည်လများ စစ်မြေပြင်မှာ အသက်လုတမ်း ကစားလာရတော့
    လူကောင်းဖြစ်စေ လူဆိုးဖြစ်စေ ကိုယ့်လူမျိုးတူ နိုင်ငံသားတူ ဆိုတော့ အချုပ်သားကို
    ကားကြုံတင်ဖို့ ကယ်ဖို့ ဆုံးဖြတ်လိုက်သတဲ့ကွယ်..

    လမ်းမှာစကားတပြောပြောနဲ့ စစ်ပြန်ရဲ့ နေရပ်တို့ဘာတို့ အင်ဖော်မေးရှင်းအကုန်
    အချုပ်သားက သိသွားသတဲ့
    အဲ့သည့်မှာ အချုပ်သားက သည်လိုတွေးတယ်..သူနဲ့ သက်တူရွယ်တူ အလုံးအဖန်
    အရပ်အမောင်းတူ စစ်ပြန်ကို သတ်ပြီး သူ့နေရာမှာ လူစားဝင်နေဖို့ကြံသတဲ့ …
    (ကားမှောက်အောင်လား ဘယ်လိုလားတော့မေ့သွားပြီ) စစ်ပြန်ကို သတ်ပြီး
    သူကိုယ်တိုင်လည်း ဒဏ်ရာတွေရခဲ့သတဲ့ ..အဲ့သည့်မှာ အဝတ်အစားအဆောင်အယောင်
    တွေ လဲလှယ် ဝတ်ဆင်ပေးပြီး သူ့ကိုယ်သူ စစ်ပြန်အနေနဲ့ ဆေးရုံကိုရောက်သတဲ့ …

    အော်ပရေးရှင်းလုပ်ဖို့ သွေးသွင်းရင်း စစ်ပြန် အယောင်ဆောင် အချုပ်သား
    သေသွားသတဲ့ကွယ် … ဖြစ်ပုံက စစ်သားတွေ လည်ပင်းမှာ စွဲတဲ့ အပြားလေးမှာ
    နာမည် ကိုယ်ပိုင်နံပါတ် သွေးအမျိုးအစား စတာတွေ ရေးထားလေ့ရှိသတဲ့ …
    စစ်ပြန်ရဲ့ သွေးအမျိုးအစားနဲ့ အချုပ်သားရဲ့ သွေးအမျိုးအစားက မတူလေတော့
    စစ်ပြန်ရဲ့ ကိုယ်ပိုင်နံပါတ်ပြားလေးက သူ့ကို ဂလဲ့စား ချေလိုက်တယ် လို့ ပဲ
    ဆိုကြလေရဲ့ ကွယ်…

    ပုံပြင်လေးက တော့ ဒါပါဗျဲ..။

    ခင်တဲ့

    :kwi:

  • ကျွန်မရဲ့ဝတ္ထုတိုထက် အူးဒေါ်ဂီရဲ့ ဇာတ်လမ်းလေးကိုပိုစိတ်ဝင်စားကုန်တော့မှာသေချာတယ်။
    ကျွန်မဇာတ်ကားအတွက် ပိုက်ဆံပေးမကြည့်တော့ပဲ အူးဒေါ်ဂီရဲ့ထွေလာတင်ကြည့်ပြီးပြန်ကုန်ရင်တော့ ငတ်ပြီ :eee:
    :byae:

  • Mon Kit

    December 7, 2012 at 2:32 pm

    အင်း.. ဇာတ်လမ်းလေးက အကွေ့အဝိုက်လေးတွေနဲ့…
    မြန်မာကားများလို ဇာတ်သိမ်းခန်းကို ကြိုမသိနိုင်ဘူးနော်..
    ကောင်းတယ်… အားပေးသွားတယ်နော်..

  • လုံမလေးမွန်မွန်

    December 7, 2012 at 10:40 pm

    အစ်မရေ..နှစ်ပိုင်းစလုံးကို တစ်ခါတည်းဖတ်သွားတယ်…
    ဇာတ်လမ်းထဲမှာ မျောသွားတာပဲ… လှည့်ကွက်လေးတွေနဲ့ရေးထားတာ..

    လက်မတစ်ချောင်းပါ အစ်မရေ….

  • မောင်ပေ

    December 9, 2012 at 1:36 pm

    နှစ်ပိုင်းစလုံး ဖတ်ပြီး ဖြစ်ပါကြောင်း
    ရဲဘော် မောင်ပေ ခင်မင်စွာ
    သတင်းပို ့ခဲ့ပါအိ

Leave a Reply