အရိုးပွရောဂါ အန္တရာယ် သင့်မှာ ရှိ မရှိ???

manawphyulayJuly 16, 20101min1154

အရိုးပွရောဂါဆိုတာ ကိုယ်ထဲမှာ ဖြစ်လို့ ဖြစ်မှန်းမသိ ဖြစ်နေတတ်တဲ့
ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ပုံမှန်ရှိရမယ့် အရိုးရဲ့ ကျစ်လျစ်သိပ်သည်းမှု
(standard density of bone) မရှိတော့ရင် အရိုးပွရောဂါ ဖြစ်နေတယ်လို့
ဆိုနိုင်ပါတယ်။ ဒီလို ဖြစ်ရင် အရိုးတွေဟာ ကြံ့ခိုင်မှု မရှိတော့ဘဲ သာမန်
ထိခိုက်မှုနဲ့တောင် ကျိုးလွယ်လာတာ အဓိက နောက်ဆက်တွဲ ဆိုးကျိုးပါပဲ။
အရိုးကျိုးတာအပြင် အရိုးပွခြင်း အရမ်းဆိုးရင် ရိုးရိုးကျိုးရုံမက
ကြေမွပျက်စီး တဲ့အထိ ဖြစ်နိုင်ပါတယ်။ အများဆုံး ဖြစ်လေ့ရှိတဲ့ အရိုးနေရာ
တွေကတော့ ခါးရိုးဆစ်၊ တင်ဆုံရိုးနဲ့ လက်ကောက်ဝတ် နေရာတွေ ဖြစ်ပါတယ်။

ဆေးရုံမှာ အရိုးကျိုးလို့ ရောက်လာတဲ့ လူနာတွေကို
အရိုးကျစ်လျစ်သိပ်သည်းမှု (Bone Density) စစ်ကြည့်ရင် များသော အားဖြင့်
ဆယ်ယောက်မှာ ရှစ်ယောက်က လျော့နည်း နေကြတာ တွေ့ရပါတယ်။ အရိုးပွခြင်းဟာ
လူတိုင်း အသက် အရွယ် ရလာတာနဲ့အမျှ ဂရုစိုက် ကာကွယ်သင့်တဲ့ ရောဂါ
တစ်မျိုးမို့ အရိုးပွရောဂါရဲ့ လက္ခဏာ များနဲ့ ဖြစ်စေတဲ့
အကြောင်းရင်းများကို မက်ဖန် ပရိသတ်များ သတိပြု ဖွယ်ရာ စုစည်း ဖော်ပြ
ပေးလိုက်ရပါတယ်။

အရိုးပွရောဂါ၏ လက္ခဏာများ
အရိုးပွရောဂါရဲ့ မြင်သာထင်သာတဲ့ လက္ခဏာ ရယ်လို့ မည်မည်ရရ မရှိပါဘူး။
အဆိုးဝါးဆုံး ပြဿနာကတော့ အရိုးပွနေတဲ့ လူတစ်ယောက်ဟာ အရိုးပွခြင်း အနေနဲ့
ထူးထူးခြားခြား ဘာရောဂါ လက္ခဏာမှ မပြဘဲ နှစ် နှစ်ဆယ်ကျော် သုံးဆယ်အထိ
ဖြစ်နေခဲ့ပြီး တော်ရုံ ထိခိုက်မှု (သို့) အပြင်းအထန် ထိခိုက်မှု တစ်ခုခု
ရပြီးတော့မှ ဒဏ်ရာကြောင့် ဖြစ်သင့်တာထက် ဆိုးဆိုးဝါးဝါး
အရိုးထိခိုက်ပြီးမှ သိလိုက်ရတာပဲ ဖြစ်ပါတယ်။

ဒီတော့ အရိုးပွခြင်းကို အရိုးကျစ်လျစ်သိပ်သည်းမှု (Bone Density)
စစ်ဆေးခြင်း နဲ့သာ အများဆုံး သိနိုင်ပါတယ်။ သွေးဖောက်စစ်ရုံနဲ့
သိနိုင်တဲ့ Elecsys b-Cross Lap ဆိုတဲ့ စမ်းသပ်မှုကို မြန်မာနိုင်ငံမှာ
လွယ်ကူစွာ ပြုလုပ်နိုင် နေပြီလို့ ကြားဖြတ်သတင်းကောင်း ပါးပါရစေ။

ဒီစစ်ဆေးမှုဟာ အရိုးတကယ် ပွနေ မပွနေကို တိကျစွာ သိနိုင်ပြီး ဆေးကုသမှု
ခံယူနေစဉ်အတွင်း အရိုးရဲ့ ကျစ်လျစ်မှု တကယ်တက်လာ မတက်လာကိုပါ စဉ်ဆက်မပြတ်
စစ်ဆေး သိရှိနိုင်တာမို့ အစွမ်းထက် ထိရောက်တဲ့ နောက်ဆုံးပေါ် နည်းပညာသုံး
စမ်းသပ်မှု တစ်ခု ဖြစ်ပါတယ်။ စမ်းသပ်မှု ခံယူလိုတယ် ဆိုရင်တော့ SML
Medical & Diagnostic Center ၊ ဒဂုံတာဝါ မြေညီထပ်၊ ရွှေဂုံတိုင်လမ်းဆုံ၊
ဗဟန်းမြို့နယ်၊ ဖုန်း ၅၄၄၄၆၃၊ ၅၄၄၄၆၄၊ ၅၄၄၄၆၅ သို့ ဆက်သွယ် စုံစမ်းပြီး
စစ်ဆေးမှု ခံယူနိုင်ပြီ ဖြစ်ပါတယ်။

အရိုးပွခြင်းကို ဖြစ်စေသော အကြောင်းရင်းများ
အောက်ပါ အချက်တွေဟာ အရိုးပွရောဂါကို ဖြစ်စေပါတယ်။ ဒီအချက်တွေ ရှိနေတဲ့
သူတွေဟာ အထက်ပါ စစ်ဆေးမှုကို လုပ်သင့်ပြီး အရိုးအားဖြည့် ကယ်လစီယမ်နဲ့
ဗိုက်တာမင် D အားဆေးတွေကို ဆရာဝန် ညွှန်ကြားချက် ပမာဏ အတိုင်း
မှီဝဲသင့်ပါတယ်။

(၁) မျိုးရိုး ရှိခြင်း
ပထမအဆင့် ဆွေမျိုး (1st degree relative) လို့ခေါ်တဲ့ မိသားစုဝင်တွေထဲမှာ
တစ်ယောက်ယောက် အရိုးပွရောဂါဖြစ်ဖူးရင် သင်လဲ ဖြစ်ဖို့ တော်တော်
နီးစပ်ပါတယ်။

(၂) အမျိုးသမီး ဖြစ်ခြင်း
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အရိုးပွရောဂါဖြစ်ဖို့ ပိုနီးစပ်တာ
တွေ့ရပါတယ်။ သွေးဆုံးပြီး အမျိုးသမီးတိုင်းဟာ အရိုးပွရောဂါ ရှိနေတာ
သေချာသလောက်ပါပဲ။

(၃) လူဖြူ (သို့) အာရှသား ဖြစ်ခြင်း
လူဖြူ (သို့) အာရှသား တွေဟာ လူမည်းတွေနဲ့ အမေရိကသားတွေထက် အရိုးပွရောဂါ
ပိုဖြစ်လေ့ ရှိပါတယ်။

အထက်ပါ အချက် (၃) ချက်ဟာ သင်ဘယ်လိုမှ ပြောင်းလဲ၍ မရသော အချက်များ
(Non-modifiable Factors) တွေ ဖြစ်လို့ ဒါတွေအတွက်တော့
သင်ရှောင်ကြဉ်ဆင်ခြင်လို့ မရနိုင်ပါဘူး။ ဒါပေမယ့် အခု ဆက်လက်ဖော်ပြမယ့်
အချက်တွေကတော့ ပြောင်းလဲ၍ ရသော အချက်များ (Modifiable Factors) တွေ
ဖြစ်တာမို့ သင်သာဆင်ခြင်မယ်ဆိုရင် အရိုးပွရောဂါကို ရာသက်ပန်
ကာကွယ်တားဆီးရာ ရောက်ပါတယ်။ (ဒါပေမဲ့ အရမ်းတော့လည်း မလွယ်ပါဘူး) အောက်က
အချက်တွေက အပေါ်က အချက် သုံးချက်ထက် ပိုလည်း အရေးပါပါတယ်။

(၄) မ ဟော်မုန်း အီစထရိုဂျင် လျော့နည်းသွားခြင်း
အီစထရိုဂျင်ဟာ အရိုးပွခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အမျိုးသမီးတွေဟာ
သွေးဆုံးသွားတာနဲ့ အီစထရိုဂျင်ပမာဏ လုံးဝ ကျဆင်း လျော့နည်းသွားတာမို့
အရိုးပွတဲ့ အခြေအနေကို သွေးဆုံးပြီး လပိုင်း အတွင်း ရောက်သွားနိုင်ပါတယ်။

အီစထရိုဂျင်ကို သားဥအိမ် (Ovary) နှစ်ခုကနေ ထုတ်ပေးပါတယ်။ ဒါကြောင့်
သွေးဆုံးတဲ့ အရွယ်မရောက်သေး ပေမယ့် အကြောင်းကြောင်းကြောင့် (ဥပမာ
သားဥအိမ်ကင်ဆာ) သားဥအိမ် ထုတ်လိုက်ရရင် အီစထရိုဂျင် ထုတ်လုပ်မှု
လျော့နည်းသွားစေပြီး အရိုးပွနိုင်ပါတယ်။

ဒီနေရာမှာ (အမျိုးသမီး ကျန်းမာရေးဆောင်းပါး ရေးပေးပါလို့ တောင်းဆိုတဲ့
သူတွေကို) ပြောလိုတာက အရွယ်ရောက်ပြီး သွေးဆုံးဖို့ ဝေးသေးတဲ့
အရွယ်တွေမှာလည်း ဓမ္မတာ ကာလမမှန်ခြင်း (ပေါ်လိုက် ပျောက်လိုက်၊ တိုလိုက်
ရှည်လိုက် ဖြစ်ခြင်း) တွေဟာ အီစထရိုဂျင် ပမာဏ နည်းတာကို ပြတာမို့ ဒီလို
အမျိုးသမီးတွေဟာလည်း အရိုးပွလာနိုင်ပါတယ်။

အမျိုးသားများ အတွက်ကတော့ အရိုးတွေကို မပွအောင် ဖိုဟော်မုန်း
တက်စတိုစတီရုန်းက ကာကွယ် ပေးတာမို့ တက်စတိုစတီရုန်း ပမာဏလျော့နည်းတဲ့
အမျိုးသားတွေလည်း အရိုးပွနိုင်ပါတယ်။

(၅) ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း လုံးဝ မလုပ်ခြင်း
လေ့ကျင့်ခန်းမှန်မှန် စနစ်တကျ လုပ်သူတွေဟာ အရိုးတွေ သန်မာစေတဲ့ အကျိုး
ရရှိပါတယ်။ မလုပ်ရင် အရိုးတွေ ကြံ့ခိုင်မှု နည်းကာ အရွယ်မတိုင်ခင်
အရိုးပွရောဂါ ရစေနိုင်ပါတယ်။

(၆) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်ထဲမှာ ပါတဲ့ ဓာတုဒြပ်ပေါင်းတွေဟာ သင့်ခန္ဓာကိုယ်က ကယ်လစီယမ်ခေါ်
ထုံးဓာတ်ကို မသုံးစွဲနိုင်အောင် နှောင့်ယှက်ပြီး အီစထရိုဂျင်က
အရိုးတွေကို ကာကွယ်တဲ့ စွမ်းရည်ကိုပါ ကျဆင်းစေတာ အခိုင်အမာ
တွေ့ရှိထားရပါတယ်။

(၇) အရက် အလွန်အကျွံ သောက်ခြင်း
အရက် အလွန်အကျွံ သောက်ရင် ကယ်လစီယမ် ပမာဏ လျော့နည်းကျဆင်းစေပြီး
အရိုးတွေက ကယ်လစီယမ်ကို သုံးစွဲပြီး တည်ဆောက်မှုကိုပါ လျှော့ချပစ်ပါတယ်။

(၈) အစာအိမ် အူလမ်းကြောင်း ရောဂါများ ရှိခြင်း
ဒီရောဂါမျိုး တွေထဲက တစ်ခုခုရှိရင် ကယ်လစီယမ်နဲ့ ဗိုက်တာမင် D
စုပ်ယူမှုကို လျော့နည်းစေပါတယ်။

(၉) ကျောက်ကပ်ရောဂါ ရှိခြင်း
ကျောက်ကပ်ရောဂါ ရှိသူရဲ့ ကျောက်ကပ်ဟာ ကယ်လစီယမ်တွေ ဆီးဖြစ်အောင်
စုစည်းမှုကနေ ပြန်လည်စုပ်ယူနိုင်စွမ်း ကျဆင်းလာတာမို့ ကယ်လစီယမ်
ဆုံးရှုံးမှု များလာက အရိုးပွလာ စေပါတယ်။ ဒါကြောင့် ကျောက်ကပ်ရောဂါ
ငယ်စဉ်ကတည်းက ရှိတဲ့ ကလေးတွေဟာ အရပ်ရှည်ခဲတာ ဖြစ်ပါတယ်။

(၁၀) ပါရာသိုင်းရွိုက်နှင့် သိုင်းရွိုက်ရောဂါ ရှိခြင်း

ပါရာသိုင်းရွိုက် ဟော်မုန်း လွန်ကဲခြင်းဟာ အရိုးထဲက ကယ်လစီယမ်တွေကို
အပြင်ကို ထွက်စေပြီး အရိုးပွစေပါတယ်။ သိုင်းရွိုက်ဟော်မုန်း လွန်ကဲသူတွေ (လည်ပင်း အကျိတ်ကြီးရောဂါ ရှိသူတွေ) ဟာ အရိုးတွေအားနည်းပွယောင်းလာခြင်းကို ရေရှည်မှာ ခံစားလာရပါတယ်။

(၁၁) အစာစုပ်ယူမှု ပြဿနာရှိသော ရောဂါ တစ်မျိုးမျိုး ရှိခြင်း
ဥပမာ ဂျုံစားရင် ဝမ်းလျှောတဲ့ မျိုးရိုးလိုက်ရောဂါ (Celiac Disease)
ရှိရင် ကယ်လစီယမ်နဲ့ ဗိုက်တာမင် D စုပ်ယူမှု အားမကောင်းတဲ့အတွက်
အရိုးပွရောဂါ နောက်ဆက်တွဲ ရနိုင်ပါတယ်။

(၁၂) အချို့ဆေးများကို စွဲသောက်နေရခြင်း
ကျောက်ကပ်ရောဂါ၊ ပန်းနာရင်ကြပ်၊ လေးဘက်နာ အမျိုးမျိုး စတဲ့ Prednisone
ပရက်ဒီဆိုလုံး (အရပ်အခေါ် ပက်နက်စလုံး) စွဲသောက်နေရတဲ့ သူတွေ၊
သိုင်းရွိုက်ဟော်မုန်း အထွက်နည်းလို့ ဖြည့်စွက် သိုင်းရွိုက်ဟော်မုန်း
ဆေးတွေ ကြာရှည် မှီဝဲနေရသူတွေ၊ ဝက်ရူးပြန်ရောဂါရှိလို့ အတက်ကျဆေးတွေ
စွဲသောက်နေရသူတွေ၊ အလျူမီနီယမ် ပါဝင်တဲ့ ဝါးစားလို့ရတဲ့
အစာအိမ်လေနာပျောက်ဆေးတွေ မကြာခဏ သောက်နေရ သူတွေဟာဖြင့် အရိုးပွရောဂါ
ဖြစ်ဖို့ အလွန်နီးစပ်ပါတယ်။

ဒါကြောင့် အရိုးပွရောဂါကို ကာကွယ်တဲ့ အနေနဲ့ နို့နဲ့ နို့ထွက်
အစားအစာများကို မှန်မှန်စားသုံးပေးခြင်း၊ မနက်ခင်းနေပူစာ လှုံပေးခြင်း၊
ဗိုက်တာမင် D နဲ့ ကယ်လစီယမ် ပါဝင်တဲ့ အရိုးအားဖြည့်ဆေးတွေ သောက်ပေးခြင်း
စတာတွေနဲ့ ကာကွယ်နိုင်ပြီး သံသယရှိတယ် ဆိုရင်ဖြင့် ဆရာဝန်နှင့်
သွားရောက်ပြသ၍ စစ်ဆေးမှု ခံယူသင့်ပါကြောင်း တင်ပြပေးလိုက်ပါတယ်။
Last Updated at 2010-07-06 on 22:35:39 Written by : သီဟသစ်(ဆေး-၂) Mutdfan.com

4 comments

  • winne

    July 16, 2010 at 9:05 am

    တန်ဖိုးရှိတဲ့ ဆောင်းပါးလေးပါ ကျေးဇူးတင်ပါတယ် အခုလို တင်ပေးတဲ့ အတွက် ကြိုတင် သိရှိပြီး အနီး အနားမှာ ရှိတဲ့ လူကြီးတွေကို ဂရုစိုက်ပေးလို့ရတာပေါ့။

  • kopauk mandalay

    July 16, 2010 at 5:04 pm

    သည်လိုအများမသိတာကိုသိအောင်ပြောပေးတာကျေးဇူးပါ။
    ကြိုသိတော့ အနာမသည်းခင်ကုလို့ရနို်င်သလိုရှောင်လဲရှောင်နိုင်ပါမယ်။

  • winter boy

    July 31, 2014 at 3:42 am

    စာရေးဆရာကြီးခင်ဗျာ ။ ။ကျွန်တော် သီဟသစ် ဆိုတဲ့အစ်ကိုတစ်ယောက်ကိုရှာနေတာပါ ။သူကကျွန်တော့ရဲ့ဆရာဆိုလဲဟုတ်ပါတယ်။မော်ဒန်ဝထ္ထုတွေကို စတင်မြည်းစမ်းစေခဲ့သူလဲဖြစ်ပါတယ်။ကျွန်တော်လဲ ရနိကုန်ပြန်မရောက်တာကြာပါပြီ။အကယ်၍များ doctor သာ ”ရွှေဖိနပ်မှာ အစိမ်းရောင် ကြက်ခြေခတ်နဲ့ကောင်မလေး”စာအုပ်ထဲက ပြန်လည်မွေးဖွားခဲ့တာဆိုရင် ဝ၉၂၅၀၄၉၀၆၅၉ဖုန်းနံပါတ်လေးကို ဆက်ပေးပါခင်ဗျာ။ကျွန်တော့်နာမည် TTH ပါ ကျေးဇူးတင်ပါတယ်။

  • ခင် ခ

    July 31, 2014 at 12:24 pm

    ကျန်းမာရေးအသိပေးစာမို့ ကူးယူသိမ်းထားလိုက်ပါ၏။
    မျှဝေတင်ပေးသူကိုလည်း ကျေးဇူးပါ။

Leave a Reply