(ဗုဒ္ဓဝင်ထဲမှ ရှင်ဒေဝဒတ်နဲ့ အဇာတသတ်မင်းကြီး အကြောင်း တင်ဆက်လိုက်ပါတယ်။ ဗုဒ္ဓဝင်ထဲက အချက်အလက်တွေအတိုင်း ရေးတာဖြစ်ပြီး အချို့နေရာမှာတော့ စာရေးသူရဲ့ စိတ်ကူးနဲ့ ဟာသ ထည့်ထားပါတယ်။ ဟာသ ဆိုပေမယ့် တကယ့်အဖြစ်အပျက်တွေ အပေါ်မှာ ဟာသလုပ်တာ ဖြစ်ပါတယ်။ ဟာသကလည်း မြတ်စွာဘုရားရှင်ကိုတော့ မလုပ်ဝံ့လို့ ရှင်ဒေဝဒတ်နဲ့ အဇာတသတ်မင်းသား အခန်းတွေမှာ ဟာသထည့်ထားပါတယ်)

အချိန်ကား ဘုန်းတော်ကြီးသော ဂေါတမမြတ်စွာဘုရားရှင်သည် ကောသမ္ဗီပြည်တွင် သီတင်းသုံး နေထိုင်တော်မူသော အခါဖြစ်ပေသည်။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ရှိတော်မူသော အခါဖြစ်သဖြင့် သာသနာတော်ဝယ် လွန်စွာ လှူဒါန်းပူဇော်သူ များသော အခါလည်းဖြစ်သည်။ လူတို့သည် ကျောင်းသို့ရောက်လျှင် မြတ်စွာဘုရားရှင် အဘယ်မှာနည်း စသည်ဖြင့် ကျောင်းသို့လာကြလေသည်။ ဘုရားရှင်ကို ဖူးတွေ့ပြီးလျှင် အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန် အရှင်မဟာကဿပ အရှင်ဘဒ္ဒိယ စသော သာဝကကြီးတို့ကို မေးမြန်းကြလေသည်။ အရှင်ဒေဝဒတ်သည် ထိုကိစ္စနှင့် ပက်သက်ပြီး မကျေမလည် ရှိလေသည်။ သူကား လှူဒါန်းပူဇော်သူ ရလိုသောကြောင့် ဖြစ်သည်။ သူကား ပုထုဇဉ် သာရှိသေးသူတည်း။ လောကီဈာန် တန်ခိုးများနှင့်မူ ပြည့်စုံလေသည်။ ပုထုဇဉ် မှန်သမျှ လာဘ်လာသ ကျော်စောမှုကို မက်သူချည်းပင် ဖြစ်ရာ ဒီအထိတော့ သူမမှားသေးဟု ဆိုနိုင်သည်။

မြတ်စွာဘုရားရှင် ကိုယ်တိုင် ရှိသောအခါဖြစ်သဖြင့် လာဘ်လာဘကတော့ ရှားပါးသောအခါ ဆိုသည်မှာ ကြုံတောင့်ကြုံခဲပင် ဖြစ်သည်။ သို့ပေမယ့် ရှင်ဒေဝဒတ်ကား အရေးပါသော သူများက သူ့ကို ကိုးကွယ်စေလိုခြင်းဖြစ်သည်။

(ပထမဦးစွာ ရှင်ဒေဝဒတ်၏ ဘဝခေါ် သူ၏ ကိုယ်ရေးရာဇဝင်ကို ကြည့်လျှင် ဒေဝဒဟပြည့်ရှင် ဘုရင်သုပ္ပဗုဒ္ဓနှင့် အမိတာဒေဝီမိဖုရားကြီးတို့၏ သားတော် ရွှေလင်ပန်းနှင့် အချင်းဆေးခဲ့သူပေတည်း။ ခေတ်စကားနဲ့ ဆိုရသော် ရှင်ဒေဝဒတ်က သူသည် elite ခေါ် လူ့အထက်တန်းလွှာမိဘနှစ်ပါးက ပေါက်ဖွားခဲ့သူပါဟု ဆိုလျှင် အလွန်မှန်ပါသည်ဟု ဆိုရမည့်သဘော။ ကြည့်လေ ဖခင်သုပ္ပဗုဒ္ဓမင်းကြီးက မာယာဒေဝီမိဖုရားကြီး၏ မောင်အရင်း မိခင် အမိတာဒေဝီက သုဒ္ဓေါဒနမင်းကြီး၏ နှမအရင်း ငယ်စဉ်ကတည်းက ကပိလဝတ်နှင့် ဒေဝဒဟကို ကားယားခွပြီး ငါကွဟု လက်မထောင်ခဲ့သူပေ။ ဒီလိုလူကမှ elite မဟုတ်ဟုဆိုလျှင် ဘယ်သူမှလည်း ဟုတ်စရာ မရှိတော့။)

ဒီတော့ ရှင်ဒေဝဒတ်က သူ့ကို ကိုးကွယ်မည့်သူရှာသည်။ ရှင်ဒေဝဒတ်ရဲ့ အတွေးကို ဒီမှာတင် တွေ့နိုင်သည်။ သူက သာမန် ယုံကြည်ကိုးကွယ်နိုင်မည့် သူဋ္ဌေးသူကြွယ် ဒါယကာလောက်ကို မလိုချင်။ သူက ဒီလိုတွေးသည်တဲ့။ “ဗိမ္မိသာရမင်းသည် မြတ်စွာဘုရားရှင်ကို ပထမအကြိမ် ဖူးတွေ့စဉ်ကပင်လျှင် သောတာပန်တည်သူ ဖြစ်သည်။ ထိုဗိမ္မိသာရမင်းကြီးနဲ့တော့ တစိတ်တဝမ်းတည်း ဘယ်နည်းနဲ့မှ မဖြစ်နိုင်(သူ့ကို ကိုယ့်ဘက်ပါအောင် ဆွယ်လို့ရမည်မဟုတ်)။ ကောသလမင်းကြီးနှင့်လည်း ဘယ်လိုမှ မဖြစ်နိုင်။ ထက်ဝန်းကျင် ထီးဆောင်းနန်းနေ ပဒေသရာဇ်မင်း အားလုံးနီးပါးသည်လည်း ဘုရားရှင်၏ ဥပါသကာတွေချည်း။ ဗိမ္မိသာရမင်းကြီး၏ သားတော်ဖြစ်သော အဇာတသတ်မင်းသားလေးကား ငယ်လည်း ငယ်သေးသည်။ ထိုမင်းသားကို ငါ့အား ဆရာပြု၍ ကိုးကွယ်စေရသော် များစွာသော လာဘသက္ကာရ ဖြစ်လတ္တံ့။ ထို လာဘသက္ကာရကိုမှီ၍ ပရိသတ်လေးပါးတို့ ပြန့်ပွားစည်ပင်စွာဖြစ်မည်” ဟုတွေးလေတော့သည်။

(ကဲ ကြည့် စစဉ်းစားကတည်းက အခွင့်အာဏာရှိသော ရှင်ဘုရင်တွေကို စပြီး စဉ်းစားခြင်းဖြစ်သည်။ ရှင်ဒေဝဒတ ်အတွေးကတော့လည်း မှားတော့မမှား။ လူ့သဘော လူ့မနောကိုတော့ အတော်ကျမ်းကျေသူ ဆိုတာ သူရဲ့ လုပ်ရပ်တွေ တွေးပုံတွေက ပြနေသည်ထင်သည်။ ခေတ်စကားနဲ့ ဆိုသော် နေရာတိုင်းတွင် Admim ခေါ် အုပ်ချုပ်စီမံရေးကို ကိုင်ထားသူများကို ပိုင်လျှင် ကျန်တာတွေ လွယ်တယ်ဆိုတာ သူကောင်းကောင်း သိသည်ဆိုသည့်သဘော။ ဒါကြောင့် စစဉ်းစားကတည်းက Admin ခေါ် အုပ်ချုပ်ရေး အာဏာပိုင်သော ဘုရင်တွေကို စစဉ်းစားခြင်းဖြစ်သည်။ စဉ်းစားကြည့်ပေါ့ admin ခေါ် အုပ်ချုပ်ရေးကို ကိုင်ထားသော ဘုရင်ကိုပိုင်လျှင် ကျန်တဲ့လူက အရင်းလဲလျှင် အဖျားထင်းဖြစ်ပဲ။

လူဆိုသည့် သဘာဝကလည်း အာဏာရှိသူ လုပ်ပိုင်ခွင့် တစုံတရာရှိသူတွေက လုပ်လျှင် သူ့နောက်လိုက် အသိုင်းအဝိုင်း သူ့အာဏာ မကင်းသူတွေက ကြောက်လို့တကြောင်း မျက်နှာလုပ်ချင်လို့ တကြောင်း လိုက်လုပ်ကြသည်သာ။ မထောက်ခံချင်တောင် ကန့်ကွက်ဖို့ သတ္တိမရှိတော့။ အဇာတသတ်မင်းသားလေးက အိမ်ရှေ့မင်းသား နောက်တတ်မည့် ဘုရင် သူကကိုးကွယ်ပြီး ရှင်ဒေဝဒတ်ဝါဒတွေကို ထောက်ခံသော သဘောပြောလိုက်သည်နှင့် သူ့အာဏာစက် အောက်မှာ နေရသူတွေက မျက်နှာရချင်တာ တကြောင်း နောက်မရေးရတော့မှာ ကြောက်တာတကြောင်း အဲလေ ယောင်လို့ ရာဇဝတ်သင့်မှာ ကြောက်တာတကြောင်းတို့ကြောင့် ထောက်ခံရတော့မည်သာ။ ဒီကြားထဲ ခပ်ကဲကဲ အဇာတသတ်နဲ့ ရွယ်တူ မင်းမှုထမ်းကလေးတွေဆိုလျှင် ဆရာဒေဝဒတ်၏ တရားပွဲတိုင်း လာပြီး ဘာပြောပြော ဒီတရားလေးကတော့ အဘဆရာ ဒေဝဒတ်က ဘာလဲ ဘူလဲ ဆိုတာ ပြလိုက်တာပဲ ဆိုပြီး စကားတောင် မပီမသနဲ့ ထောက်ခံပေအုံးတော့မည်လေ။ အမှန်လဲ ရှင်ဒေဝဒတ်က ထိုအချိန်တွင် အသက်က အဇာတသတ်မင်းသား ထက်များစွာကြီးပြီး အဘအရွယ်ပါပဲ။)

အဲဒီတော့ ရှင်ဒေဝဒတ်က ရာဇဂြိုဟ်ပြည်၏ နောက်တတ်မည့် သူကြီးလောင်း အဲလေ မင်းကြီးလောင်းကလေးအား စည်းရုံးသိမ်းသွင်းရန် ကောသမ္ဗီပြည်မှ ရာဇဂြိုဟ်ပြည်သို့ သူရထားသော ဈာန်တန်ခိုးများဖြင့် လာခဲ့ပါပြီ။ ရာဇဂြိုဟ်ပြည်နားရောက်တော့ ရဟန်းအသွင်ကို ပယ်ပြီး အသက် ၁၆ နှစ်ခန့် သူငယ်အသွင်ကို ဖန်ဆင်းပြီး လက်နှစ်ဖက် ခြေနှစ်ဖက်စီမှာ မြွေတကောင်စီ လေးကောင် လည်ပင်းမှာ မြွေတကောင်ပတ်ပြီး အခြားမြွေတကောင်ကို ခေါင်းပေါ်မှာ ပတ်ပြီး မြွေခြောက်ကောင်ကို အမြီးချင်း ယှက်ထိုးပြီး သူ့ကိုယ်သူ မြွေတွေနဲ့ တန်ဆာဆင်လိုက်ပါတယ်။ နောက်တော့မှ ကောင်းကင်ခရီးနဲ့ ပျံလာပြီး အဇာတသတ်မင်းသားလေးရဲ့ အိပ်နေတဲ့နားမှာ ထိုင်လိုက်ပါတော့တယ်။

ဒီတော့မှ အဇာတသတ် မင်းသားလေးက လန့်ပြီး အော်တာပေါ့။ အဲဒီတော့မှ ရှင်ဒေဝဒတ်က မင်းသား ကြောက်သလောပေါ့။ အဲဒီတော့မှ အဇာတသတ် မင်းသားလေးက “သင်ဘယ်သူလဲ လူလော နတ်လော နဂါးလော” လို့မေးတော့မှ ရှင်ဒေဝဒတ်က “မကြောက်ပါနဲ့ မင်းသား။ ငါကား ရှင်ဒေဝဒတ်တည်း။ တန်ခိုးစွမ်းအင်ကို သိစေလို၍ ထုတ်ကြွား အဲ ပြပါသည်ပေါ့” အဲဒီတော့မှ အဇာတသတ် မင်းသားလေးက ရှင်ဒေဝဒတ်ဆိုရင် ရဟန်းအသွင်ကို ပြပါလို့ ပြောတော့မှ သူငယ်အသွင်ကို ပယ်ပြီး ပရိက္ခရာရှစ်ပါးနဲ့ ရဟန်းအသွင်ကို ပြလိုက်ပါတော့တယ်။

(ဒီမှာတင် ရှင်ဒေဝဒတ်ရဲ့ လူကင်းပါးပုံကို တွေ့ရပြန်ပြီ ပရိသတ်ကြီးရေ။ လူလူချင်း မိတ်ဆက်တဲ့ နေရာမှာ ကိုယ်ပိုင်တဲ့ အာဏာပါဝါကို ပြပြီး မိတ်ဆက်ရင် တဘက်သားရဲ့ အထင်ကြီးမှုကို အလွယ်ရတယ်ဆိုတဲ့ အလွန်ရိုးလှတဲ့ နည်းလမ်းကြီးကို အသုံးချတာပါပဲ။ သူက ဒီလို လာမိတ်မဆက်ပဲ ရိုးရိုးသားသား ကောသမ္ဗီကနေ ကြွလာပြီး အဇာတသတ်မင်းသား နန်းတော်ထဲဝင် “ကျနော့်နာမည် ဒေဝဒတ်ပါ။ ကောသမ္ဗီမှာ နေပါတယ်” ဆိုပြီး ပြောလို့ကတော့ အဇာတသတ်မင်းသားက မျိုးကျော့မြိုင်နဲ့ မှားပြီး ဝမ်းစမိုးလို့တောင် ထအော်အုံးမယ်။ ပိုင်လိုက်တဲ့ ရှင်ဒေဝဒတ်ပေါ့။ ခေတ်စကားနဲ့ ပြောရင်တော့ လူဘဝနဲ့သာ ဆိုရင်တော့ ရှင်ဒေဝဒတ်က မြေပဲယိုသီချင်း ထဲကလို ဘယ်ဆိုင်မှာ သွားစားခဲ့တာ ဘယ်လိုတွေ သုံးဖြုန်းခဲ့တာ ဘယ်ကောင်မလေးနဲ့ တွေ့တာတို့ ဘယ်ဘွဲ့တွေရတာတို့ ပြောမှာပေါ့။ ခုတော့ ရဟန်းဘဝနဲ့ ဆိုတော့ သူ့ရဲ့ တန်ခိုးကို ထုတ်ပြရတာပေါ့။

ဒါပေမယ့် လောကီတန်ခိုးကျတော့ အရိယာမဖြစ်သေးသူတွေဟာ သုံးရင် မှားနိုင်တယ်ပေါ့။ ဘာလို့လဲဆိုတော့ လောဘ ဒေါသ မောဟ မကင်းလို့တဲ့။ ထေရဝါဒ အရပေါ့။

အမှန်တော့ ဒီအချိန်ထိ ရှင်ဒေဝဒတ် မမှားသေးဘူး။ ဘာလို့လဲ ဆိုတော့ ပုထုဇဉ်တိုင်း လာဘ်လာဘ နာမည်ကျော်ကြားမှုကို မက်မောတတ်တာကိုး။ ရအောင်ကြိုးစားတာတော့ မမှားသေးပါဘူး။

ထူးခြားတာက ရှင်ဒေဝဒတ်ရဲ့ အပြုအမူတွေဟာ ဒီနေ့ခေတ်လူတွေ အထိ လုပ်နေဆဲ ပြောနေဆဲ အပြုအမူတွေ ဆိုတာပဲ။ စဉ်းစားကြည့်လေ။ သူ့ရဲ့ အဇာတသတ် မင်းသားလေးကို ဖျားယောင်း သွေးဆောင်တဲ့ အခန်းမှာတင်  personal  professional  transparency နဲ့ privacy ဆိုတဲ့ ဟာတွေကို တွေ့နေရတယ်။ ပထမဆုံး သူပိုင်ဆိုင်တဲ့ သူ့ရဲ့ တန်ခိုးတွေဆိုတာ သူ့ရဲ့ ပါစင်နယ် ပိုင်ဆိုင်မှုတွေပါ။ သူ့လို ရှိသူလည်းရှိ မရှိသူလည်းရှိပေါ့။ အဲဒါကို အဲဒီအချိန်မှာ မြတ်စွာဘုရားကလည်း ချစ်သားတို့ ဒီတန်ခိုးတွေကို ထုတ်မပြကြနဲ့လို့ သိက္ခာပုဒ် ပညတ်ပြီးသား။ ဆိုလိုတာကို personal ကို privacy လုပ်ဖို့ပြောတာ။ အဲဒါကို သူက အဇာတသတ ်မင်းသားလေးကို သွေးဆောင်တဲ့ နေရာကျတော့ မင်းသားလေးက သူ့ကိုယုံအောင် ပွင့်လင်းမြင်သာမှု(transparency) လို့ခေါင်းစဉ်တပ်ပြီး ထုတ်ပြလိုက်ရော။ နောက်တော့မှ မင်းသားလေး ဆီကနေ အလှူခံမှာကိုး ။ တကယ်က သူရဲ့ အဓိကအလုပ်က ရဟန်းဘဝနဲ့ ရဟန်းတရားကို အားထုတ်ဖို့။ အဲဒါက သူရဲ့ professional ပဲ။ မင်းသားက ဘယ်သူလဲလို့ မေးတော့မှ ငါ ရှင်ဒေဝဒတ်ပါဆိုပြီး သူ့ရဲ့ ပရော်ဖက်ရှင်နယ် အသွင်ဖြစ်တဲ့ ရဟန်းအသွင်ကို ပြန်ယူလိုက်ရော။ အဲဒီတော့ ရှင်ဒေဝဒတ်လည်း စကတည်းက သူ့ဘာသာသူ ပါစင်နယ် ပရော်ဖက်ရှင်နယ် ထရန်ပဲရန်စီနဲ့ ပရိုက်ဗိတ်စီတွေကို ရောထွေးနေပါလေရော။ စဉ်းစားကြည့် မိတ်ဆွေတို့ အဲဒီအတိုင်း တကယ်ဖြစ်ခဲ့တာ။ ရှင်ဒေဝဒတ်ကား ပါစင်နယ်နဲ့ ပရော်ဖက်ရှင်နယ်ကို ထရန်ပဲရန်စီဆိုသော စည်းဖြင့် ရောထွေးခဲ့သူပေ)

အဲဒီလို ရဟန်းအသွင်ကို ပြန်ယူတော့မှ အဇာတသတ်မင်းသားလေးက စဉ်းစားပါလေရော။ အထင်လဲ ကြီးသွားပြီလေ ရာဇဂြိုဟ်ပြည်ရဲ့ သူကြီးလောင်း အဲလေ မင်းကြီးလောင်း ကလေးကပေါ့။ သူက ဒီလို စဉ်းစားတယ်တဲ့။ “ရှင်ဒေဝဒတ်ကား ကြီးမားသော တန်ခိုးအာနုဘော် ရှိသည်။ နာနာဘာဝ ရူပကာယ ကိုလည်း ပြခြင်းဌာ စွမ်းနိုင်သည်။ ခမည်းတော် ကိုးကွယ်သော ဘုရားသော်မှ ဤကဲ့သို့ မပြနိုင်” ဖြစ်ပုံ ဖြစ်ပုံ ဘုရားရှင်နဲ့ ရဟန္တာတွေကပဲ သူ့ရှေ့မှာ သူပျော်အောင် ခဏခဏ တန်ခိုးပြရမလို ဖြစ်နေတယ်။ သူကလည်း အဲဒီအချိန်ကတော့ အလိမ္မာတုံးလေးပေါ့။

(ဒီစကားကို ထောက်တာနဲ့ အဇာတသတ် မင်းသားလေးဟာ ဘုရားရှင်ကို ကောင်းကောင်း မြင်ဖူးတွေ့ဖူးကြောင်း သိသာတယ်။ ဗိမ္မိသာရမင်းကြီးကလည်း ကျောင်းတော်ကို ခေါ်သွားပုံရတယ်။ ဒါပေမယ့် သူကိုယ်တိုင်က ဘုရားရှင် အနားကိုလာပြီး တရားနာတာတွေ ဘာတွေ လုပ်ခဲ့ပုံ မရဘူး။ အဲဒီတုန်းက ဘယ်ချောင် ပုန်းနေမှန်း မသိပေါ့။

အဲဒီလို ဘုရားရှင်က သူ့ကို တန်ခိုးမပြခဲ့တော့လည်း သူ့စိတ်ထဲမှာ စဉ်းစားကောင်း စဉ်းစားနိုင်တယ် ပရိသတ်ကြီးရေ။ ဘာလို့လည်း ဆိုတော့ ဒီလိုစဉ်းစားခဲ့တာလည်း သူ့စကားမှာ ပေါ်တယ်။ ခမည်းတော် ကိုးကွယ်တဲ့ ဂေါတမဗုဒ္ဓဆိုတဲ့ ဘုရားရှင်လည်း လမ်းပဲလျှောက်ရတာပဲတို့ ငါမြေပုံထဲ ထောက်ကြည့်တော့လည်း မိုင်ငါးဆယ် လောက်ပဲတွေ့တယ်တို့ ဝီကီပီးဒီးယားထဲမှာလည်း ဈာန်ပျံတယ်လို့ ရေးထားတာ မတွေ့ပါဖူးတို့ပေါ့။ အောင်ခြင်း ၈ပါးတဲ့ ဘာညာပေါ့။)

အဇာတသတ် မင်းသားလေးမှာ ငယ်စဉ်ကတည်းကပင် ထူးဆန်းသော စိတ်ထားရှိသူဟု ဆိုနိုင်သည်။ ဇောတိက သူဌေးကြီး၏ အိမ်တတ်မင်္ဂလာသို့ ဗိမ္မိသာရမင်းကြီး သွားသောအခါ မင်းကြီးကလည်း သားတော်လေးကို လက်ဆွဲပြီး သွားသည်။ ထိုစဉ်က မင်းသားလေးမှာ ရ နှစ်သား အရွယ်သာ ရှိပါသေးသည်တဲ့။ ထိုစဉ်က ဇောတိက သူဌေးကြီး၏ စည်းစိမ်များကို မြင်ပြီး သူက ဒီလိုတွေးခဲ့သည်တဲ့။ “ငါ၏ ဖခင်မင်းကြီးသည် အလွန်မိုက်လေစွတကား။ မိမိ၏ ကျေးကျွန်ဖြစ်သော သူဌေးသည် ရတနာခုနှစ်ပါး အတိပြီးသော ပြသာဒ်ဖြင့်နေလျက် မိမိမှာ သစ်သားဖြင့် ပြီးသော နန်းတော်မှာ နေရှာသည်။ ငါသာ မင်းဖြစ်လျှင် ဤဇောတိကကို သတ်ပြီး ပြသာဒ်ကို ယူမယ်” လို့ကြံတယ်တဲ့။

(ခေတ်စကားနဲ့ ပြောရရင် “အော် ငါ့ဖားသားကြီးဟာ တော်တော့်ကို ဒိတ်အောက်နေပါလား။ တကယ်ဆို ကိုယ်က ဘုရင်ပဲ။ ဇောတိက ပစ္စည်းတွေ ပြည်သူပိုင်ပစ္စည်း ငါ့ပစ္စည်းဆိုပြီး သိမ်းလိုက်ရင် ရတာပဲ။ အဲဒီလိုလည်း မလုပ်ရဲဘူး ကိုယ့်ကိုကိုယ်လည်း မယုံဘူး ထင်ပါတယ်။ ကြည့်ရတာ ငါ့ခမည်းတော်ဟာ အငုံ့စိတ် သိမ်ငယ်စိတ် မိမိကိုယ်ကို မယုံကြည်စိတ်တွေ ရှိတယ်ထင်တယ်။ တို့ရာဇဂြိုဟ်ပြည် သိပ်မတိုးတတ်ဘူးလို့ ထင်တာ လက်စသတ်တော့ ငါ့ဘိုးတော်ကြီးရဲ့ ငါးပါးသီလကို နိုင်တီးဂွမ်တီးက အမြင်တွေနဲ့ အဓိပ္ပါယ်ဖွင့်နေတဲ့ ရှေးရိုးစွဲဝါဒကြောင့်ကိုး။ တကယ်ဆို ဇောတိက ပစ္စည်းတွေကို ပြည်သူပိုင် ပစ္စည်းဆိုပြီး သိမ်းလိုက်ရင် ပြည်သူပိုင်ပစ္စည်းကို ခိုးရင် ခိုးမှုမမြောက်ဘူးဆိုတဲ့ ဝါဒအရ ဘာမှမဖြစ်နိုင်ပါဘူး။ ငါတတ်လာမှပဲ ဒါတွေကို ပြောင်းရတော့မှာပဲ။ အင်း ဘာသာရေး အနှစ် ၂၀၀၀ဝ ကျိန်စာ ကြာစိမ် အနိစ္စ ဘာညာပေါ့ဗျာ။)     

အဲဒါနဲ့ အဇာတသတ် မင်းသားလေးဟာ ရှင်ဒေဝဒတ်ကို ဆရာတင်ပြီး ရထားငါးရာနဲ့ နံနက်ခင်း ညနေခင်း အချိန်မှန်မှန် သွားရောက် ဆည်းကပ်ပါသတဲ့။ နေ့တိုင်း ဆွမ်းအိုးငါးရာကိုလည်း လှူပါလေရော။ ဆွမ်းအိုးတအိုး တအိုးဟာ လူဆယ်ယောက်လောက် စားလို့လောက်ပါသတဲ့။ မင်းချင်းတို့လည်း အသီးသီး ချီးမြှောက ်ပူဇော်ကြလေသည်ပေါ့။

(ရှင်ဒေဝဒတ် တွက်သလိုပဲ ဖြစ်လာပါတယ်။ အဇာတသတ်မင်းသားက ကိုးကွယ်မှတော့ သူ့နောက်က အမှူထမ်းရတဲ့ မင်းချင်း မင်းမှုထမ်းတွေပါ အလိုလို ကိုးကွယ်ရတာကိုး။ စိတ်ပါတာလဲရှိ မင်းသားကို ဖားချင်တာလဲ ရှိမှာပေါ့။ ဟုတ်တယ်လေ မိတ်ဆွေတို့။ ပဒေသရာဇ်ခေတ်က အဇာတသတ်လို စိတ်ခက်ထန်တဲ့ မင်းသားက ဒီဝါဒကို ယုံကြည်ပါတယ်လို့ ပြောမှတော့ ဘယ်သူကလည်း သူ့ကိုဆန့်ကျင်ပြီး လုပ်ဝံ့တော့မှာလဲ။ သူ့နောက်လိုက်ရတာပေါ့။ နည်းနည်းပါးပါး အင်တင်တင် လုပ်ချင်တဲ့ အမတ်ကြီးတွေ ဆိုရင်တော့ မင်းသားက သူ့အိမ်တော်မှာပဲ ဖြစ်ဖြစ် ညီလာခံလို နေရာမှာပဲဖြစ်ဖြစ် သူ့ဆရာ ရှင်ဒေဝဒတ်ရဲ့ တရားတခုခုလောက်ကို ညွန်းပြီး “ကဲ တူးဖော်ကြ ဆွေးနွေးကြ ပျော်ပျော်ပါးပါးပေါ့ ငါ့ဆရာ အရှင်ဒေဝဒတ်ရဲ့ ဝါဒ awareness တွေတပုံကြီးရ” လို့ ပြောလိုက်တာနဲ့ မင်းမှုထမ်းတွေကလည်း “ထောင်ပါတယ် ကိုယ်တော်လေးဘုရား ထောင်လိုက်ပါပြီ ဘုရား။ လက်မ လက်မပါဘုရား။ လက်မ အမြင့်ကြီးနဲ့ အကြီးကြီး ထောင်ပါတယ် ဘုရား” ပေါ့။

မင်းသားက အတင်းအကျပ် ကိုးကွယ်ခိုင်းတာလည်း ရှိနိုင်တာပေါ့လေ။

ဒီထက်ပိုပြီး ဂျစ်ကန်ကန် လုပ်ချင်တဲ့ အသက်ခပ်ကြီးကြီး အမတ်တွေ ဆိုရင်တော့ မင်းသားက ခပ်တည်တည်နဲ့ “ကျုပ်ဆီမှာ အမှုထမ်းရင် ကျုပ်ထုတ့်တဲ့ စည်းကမ်းကို လိုက်နာရမယ်။ ဒါအဇာတသတ်ရဲ့ ချာတာပဲ။ ထပ်ပြောရရင် ခင်ဗျားတို့ကို အခကြေးငွေ ပေးထားတယ်။ Virtual life မှာပေးထားတာ မဟုတ်ဖူး real life မှာပေးထားတာ။ ကျုပ်စည်းကမ်းကို ကျန်တဲ့လူတွေ ဘာမှမပြောပဲ ခင်ဗျားတို့ လိုက်နာဖို့ အဆင်မပြေဖူးဆိုရင် အဆင်ပြေမယ့် နေရာရှာသင့်တယ်။ အခုလောလောဆယ် ကျုပ်စည်းကမ်းတွေကို အမြဲမလိုက်နာဖူး ဆိုပြီး ညီလာခံတိုင်း ကျုပ်ကို အတိုက်အခံလုပ်တဲ့ ကျုပ်အဘိုးကြီးရဲ့ ဘော်ဘော် ဟိုစံဝဏ္ဏမဟာ ဆိုတဲ့ အမတ်ကြီးကို အရင်ဖမ်းချုပ်ရမယ်။ ဆိုတော့ ဟဲ ဟဲ ဟဲ ဟဲ” ဆိုပြီး ပြောလိုက်တာနဲ့ ကျန်တဲ့ အမတ်တွေလည်း ထောင်ပါပြီ ဘုရား။ ထောင်ပါပြီ။ လက်မ လက်မပါပေါ့။ အမြင့်ကြီးနဲ့ အကြီးကြီး ထောင်လိုက်ပါတယ်ပေါ့။)

အဲဒီလို လာဘ်ပူဇော်သက္ကာတွေကို ရတဲ့အထိ အရှင်ဒေဝဒတ် ဘာမှမဖြစ်သေးပါဘူး။ အဲဒီမှာ သူဖြစ်လာတကာက ငါဘုရားရှင်ကို သတ်ပြီး သံဃာတွေကို သင်းခွဲမယ်လို့ စဉ်းစားလိုက်တာနဲ့ သူ့ရဲ့ လောကီဈာန်တန်ခိုးတွေ ပျောက်သွားပါတော့တယ်။

အဲဒါကို ရှင်မဟာမောဂ္ဂလ္လာန် မထေရ်ရဲ့ အလုပ်အကျွေးဖြစ်တဲ့ နတ်သားက ရှင်မောဂ္ဂလ္လာန် မထေရ်ထံ လာပြီး လျှောက်ပါတယ်။ ဒါနဲ့ မထေရ်ကြီးက ဘုရားကို လျှောက်တော့ မြတ်စွာဘုရားက “ချစ်သား နတ်လျှောက်တိုင်း မှန်သည်သာတည်း။ သင်ချစ်သားကော အဘိညာဉ်တန်ခိုးဖြင့် သိသလောလို့ မေးတော့ မထေရ်မြတ်က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား တပည့်တော်လည်း အဘိညာဉ်၏ တန်ခိုးဖြင့် သိပါသည်လို့” လျှောက်တယ်တဲ့။

အဲဒါနဲ့ မြတ်စွာဘုရားရှင်က “ချစ်သား မောဂ္ဂလ္လာန် ဤစကားကို စောင့်စည်းလော့။ ဤစကားကို စောင့်စည်းလော့။ ထို ဒေဝဒတ်သည် မိမိကိုယ်ကို ကိုယ်တိုင်ပင် ထင်စွာပြုလိမ့်မည်” လို့ ပြန်မိန့်တော်မူပါတယ်။ ဆိုလိုတာက ရှင်ဒေဝဒတ် ဒီလို တန်ခိုးအစွမ်းတွေ ကင်းမဲ့သွားတာကို ကိုယ်ကတော့ ထုတ်မပြောဖို့နဲ့ နောက်ပိုင်း တဖြည်းဖြည့် သူ့ဘာသာသူ သိသာလာလိမ့်မယ်ပေါ့။

နောက်တော့ မြတ်စွာဘုရားရှင်ဟာ ကောသမ္ဗီပြည်ကနေ ရာဇဂြိုဟ်ပြည်ကို ကြွလာတော့ ရဟန်းတော်တွေက “ဘုန်းတော်ကြီးသော မြတ်စွာဘုရား ယခုအခါ အဇာတသတ် မင်းသားသည် ရှင်ဒေဝဒတ်ထံသို့ ရထားငါးရာဖြင့် နေ့တိုင်း ဆည်းကပ်ပါသည်။ ဆွမ်းချက်အိုး ငါးရာ(ဆွမ်းအုပ်ငါးရာ) တို့ကိုလည်း နေ့စဉ်ပို့ပါ၏” လို့လျှောက်ကြပါတယ်။

မြတ်စွာဘုရားရှင်ကလည်း “ငါ၏ ချစ်သား ရဟန်းများတို့ ဤမျှလောက်သော လာဘ်ပူဇော်သက္ကာတို့ များလာသည်ကား ဒေဝဒတ်အား ကောင်းကျိုးစီးပွား များစေခြင်းဌာ ဖြစ်လာသည်မဟုတ်။ ဆုတ်ယုတ်ခြင်း ဖြစ်ရန်အတွက်သာ။ ဥဏ်အမြင်နည်းသော ပုဂ္ဂိုလ်တို့ထံ ရောက်သော လာဘ်ပူဇော်သက္ကာသည် မွန်မြတ်သော အကျင့်သီလကို ဖျက်ဆီးခြင်းဌာ တရားဆုတ်ယုတ်ခြင်းဌာ အကုသိုလ် ပွားများစေရန် အတွက်သာဖြစ်၏” လို့ရဟန်းတွေကို လာဘ်များတိုင်း အားမကျဖို့ မိန့်ကြားပါသတဲ့။

ဒီနောက်တော့ ရှင်ဒေဝဒတ်က ဘုရားရှင်ထံ လာပြီး “ဘုန်းတော်ကြီးသော မြတ်စွာဘုရား ကိုယ်တော်ကား အသက်ကြီးပါပြီ။ မျက်မှောက်ချမ်းသာ ခံစားကာဖြင့် ကြောင့်ကြမဲ့ စံနေတော်မူပါ။ ဘိက္ခူ ဘိက္ခူနီ ဥပါသကာ ဥပါသိကာမဖြစ်သော တပည့် ဒကာ ဒကာမ သာဝက အပေါင်းတို့အား ကျွန်ုပ်ကို လွှဲထား အပ်နှင်းတော်မူပါ” လို့လျှောက်ပါတယ်။ တရားဝင် ဘုရားရာထူး လွှဲပေးရန် တောင်းခြင်းပါပေ။

မြတ်စွာဘုရားကလည်း “ချစ်သား ဒေဝဒတ် ဤအခွင့်ကား မသင့်ချေသေး။ သင်၏ ကိုယ်ရေးကိုသာ အားထုတ်ဦးလော့။(ရဟန်းတရားကို ရဟန်းကိစ္စပြီးအောင် အားထုတ်ရန်) ဤကိစ္စကို သင်အလိုမရှိနှင့်” ဆိုပြီး ပယ်တော်မူပါတယ်။

(ပရိသတ်ကြီးရေ ဒီမှာ ပြောချင်တာက ဘုရားရှင်တောင် ရှင်ဒေဝဒတ်ကို သူ့ရဲ့ ကိုယ်ရေး အဓိကအလုပ်ဖြစ်တဲ့ ရဟန်းတရားကိုပဲ အားထုတ်ဖို့ပြောတယ်။ ခေတ်စကားနဲ့ ပြောရရင် သူ့ရဲ့ professional(အဓိကအလုပ်) ကိုလုပ်ခိုင်းတာပဲ။ ဘာလို့လဲဆိုတော့ ရှင်ဒေဝဒတ်က ပါစင်နယ်တွေကို ပရိုက်ဗိတ်ဆီ မလုပ်ပဲ ထရန်ပဲရန်စီဆိုပြီး ချပြကာ ပရော်ဖက်ရှင်နယ်နဲ့ ရောထွေးနေတာကိုး။)

ရှင်ဒေဝဒတ်ကလည်း သုံးကြိမ်တိုင်အောင် တားတဲ့ကြားကပဲ ထပ်လျှောက်ပါတယ်။ အဲဒီတော့မှ ဘုရားရှင်က တင်းတင်းပြောမှ ရမှာဖြစ်လို့ “ ချစ်သား ဒေဝဒတ် အယုတ် အလတ် အမြတ်အားဖြင့် သုံးပါးရှိကုန်သော သတ္တဝါတို့သည် ငါဘုရားကို ရည်မှန်း၍ ရဟန်းပြုသည်သာ ဖြစ်ရကား သူတပါးအား လွှဲထားခြင်းဌာ မသင့်။ သာရိပုတ္တရာ မောဂ္ဂလ္လာန် တို့ကိုတောင် သာဝကသံဃာကို ငါဘုရား မအပ်သေး။ သူတထူး ပစ်ထွေးသော တံထွေးနှင့်တူသည့် ပစ္စည်းများကို စားသုံးသော(မစင်ကြယ်သော ပစ္စည်းများကို စားသုံးသူ) သင့်အား အများသံဃာကို အဘယ်ကြောင့် လွှဲအပ်ရမည်နည်း” လို့မိန့်ကြားပါတယ်။

အဲဒီအချိန်က စပြီး ရှင်ဒေဝဒတ်ဟာ ပိုပြီး ဆိုးလာပါတယ်။ အဲဒီနောက်တော့ အဇာတသတ် မင်းသားအိမ်သွားပြီး မင်းသားကို ဘယ်လို ဆုံးမဩဝါဒ ပေးသလဲဆိုတော့ “ရှေးသောအခါ လူများသည် အသက်ရှည်ကြ၏။ ယခုအခါ အသက်တိုကြ၏။ မင်းသား၏ ခမည်းတော်သည် အသက်အရွယ် နုနယ်ပျိုမြစ်သေး၏။ ဖခမည်းတော် ကံကုန်မှ မင်းလုပ်ရလျှင် အိုမင်းရင့်ရော်သောအခါမှ မင်းဖြစ်လိမ့်မည်။ အိုမှ ဘုရင်ဖြစ်ရင်တော့ အရသာ မရှိတဲ့ သိုးနေတဲ့ ထမင်းတွေ မုန့်တွေကို စားရတာနဲ့ ဘာမှမထူးဘူး။ ဒါကြောင့် ငယ်ငယ်ကတည်းက ဘုရင်ဖြစ်အောင် ဖခမည်းတော်ကို လုပ်ကြံပြီး နန်းတတ်ပေတော့။ ငါလည်း ယောက်ဖတော် ဂေါတမကို သတ်ပြီး ဘုရားလုပ်အံ့” လို့ပြောပါတယ်။

(အံမယ် ပရိသတ်ကြီးရေ။ ရှင်ဒေဝဒတ် ခေါ်ပုံလေးတွေ့လား ဂေါတမကိုသတ်ပြီး ဘုရားလုပ်အံ့တဲ့။ သူက ရန်သူလုပ်တော့မှာကိုး။ မြတ်စွာဘုရားလို့ မခေါ်တော့ပဲ နာမည်ကို ခေါ်လိုက်တာ။ နောက်ပြီး သူပြောပုံကို စာထဲမှာ တွေ့တဲ့အတိုင်းဆို အဇာတသတ်မင်းသားလေးကို နောက်မှ ရောက်လာမည့် စည်းစိမ်ချမ်းသာ ဆိုတာ မသေချာဘူး။ အရသာ မရှိဘူး။ အခုလက်ငင်း ရအောင်လုပ်လို့ ပြောတာ။ ဒီလူ့ ကြည့်ရတာ ပစ္စုပ္ပန်ဝါဒီတယောက်လို့တောင် ပြောလို့ရတယ်။ အသေးစိတ် တွေးကြည့်ရတာတော့ သူလည်း စာတတ်ဘုန်းကြီး ဖြစ်ခဲ့တာဆိုတော့ ပါဠိတွေ ညှပ်ပြီးပြောချင်လည်း ပြောမှာပေါ့။ ဥတ္တိရိမနုဿတို့ ပါပရေပါပတို့ ဘာညာပေါ့။ နောက်ပြီး သူပြောပုံ အတိုင်းဆို နောက်ဘဝဆိုတာ မသေချာဘူး မင်းသား။ အသက်ကြီးမှ ရမယ့်ဟာတောင် မသေချာတာ။ နောင်ဘဝဆိုတာ မြင်ရလို့လား မင်းသား။ ဒီဘဝမှာ လုပ်ရမယ့်ဟာကို နောက်ဘဝကို မလွှဲချနဲ့ မင်းသား။ သုံးကိုယ်မခွဲပါနဲ့လို့ ဒါကြောင့်ပြောတာတို့ ဘာတို့တွေကလည်း ပါမယ်ထင်တယ်။

နောက်ပြီး ဆေးပေါ့လိပ်နဲ့တူတဲ့ အယူအဆတွေကို စွဲလမ်းမနေနဲ့ မင်းသား။ မင်းသားရဲ့ အဘိုးကြီးက ငယ်တုန်းရွယ်တုန်းမှာ ဘုရားသွား ကျောင်းတတ် လုပ်နေတာတွေဟာ ဆေးပေါ့လိပ် စွဲသလိုဖြစ်ပြီး လူ့လောကကြီး မတည်ငြိမ်ဖို့ လမ်းစပဲတို့ ဘာတို့ပေါ့။)

အဲဒါနဲ့ မင်းသားလေးလည်း ပေါင်မှာ သံလျက်ကိုဖွက်ပြီး ခမည်းတော်နေတဲ့ နန်းတော်ကို သွားတော့ အစောင့်တွေက မသင်္ကာတာနဲ့ ဖမ်းပြီးစစ်တော့ မိပါလေရော။ စစ်တော့ ဘယ်သူခိုင်းတာလဲ ဆိုတော့ ရှင်ဒေဝဒတ်ပါပေါ့။ အဲဒီမှာ တချို့အမတ်တွေကလည်း မင်းသားကိုရော ဆရာဒေဝဒတ်ကိုရော သတ်သင့်တယ်ပေါ့။ အချို့ကတော့ မလုပ်ကြနဲ့အုံး။ မင်းကြီးက သူ့သားတော် သူ့ကို လုပ်ကြံမယ်ဆိုတာ သိပြီးသားပဲ။ မင်းကြီးကို အရင်လျှောက်ပေါ့။ ဒါနဲ့ ဗိမ္မိသာရမင်းကြီးဆီကို ရောက်တော့ သားတော် ဘာလို့ ဖခမည်းတော်ကို လုပ်ကြံချင်တာလဲ ဆိုတော့ ရွှေထီးရွှေနန်းကို လိုချင်လို့ပါဘုရား လျှောက်တော့ ထီးနန်းကို လိုချင်တာများ သားရယ် တကယ်ဆို ဒီထီးနန်းက ငါ့သားကို ပေးဖို့ပဲ ကဲယူပေတော့ဗျား ဆိုပြီး ချက်ချင်းကို ဘုရင်အဖြစ် ဘိသိက်သွန်းပါလေရော။

(မင်းမြှောက်တာတောင် ရိုးရိုးမဟုတ်ဘူး ပရိသတ်ကြီးရေ။ သူ့သားကို ရန်လုပ်နိုင်တဲ့ သူ့ကို သစ္စာရှိတဲ့ မှူးမတ်တွေကိုပါ ရာထူးကနုတ်ပြီး မင်းမြှောက်တာ။ ဒီကောင်တွေ ငါ့သား အလိမ္မာတုံးလေးကို ငါ့ကိုပဲ သစ္စာရှိမယ်ဆိုပြီး လုပ်ကြံရင် ဒုက္ခဆိုပြီးပေါ့။ စပယ်ရှယ်ကို သူ့သားအတွက် လုပ်ပေးတာ။ အဲဒီမှာ အမတ်ကြီး စံဝဏ္ဏမဟာတို့ ပါသွားပါလေရော။ သူက အမြဲတမ်း အိမ်ရှေ့မင်းသားကို ဆန့်ကျင်ဘက် လုပ်ခဲ့တာကိုး ဟဲ ဟဲ။

အဲဒီတော့ အဇာတသတ်မင်းကြီး ဘေးနားမှာလည်း ခမည်းတော် သစ္စာခံတွေ မရှိတော့ဘူး။ ပြောလိုက်တာနဲ့ ဘောင်းတော်ညိတ် စိတ်တော်သိပြီး ကိုယ်တော်ကြီး ကျေးဇူးတွေ ကုန်ပြီဘုရား။ အခု ကိုယ်တော်ကြီးကျေးဇူးတွေ မရှိတော့ဘူး။ အခုဟာက ကိုယ်တော်လေး ကျေးဇူးတွေပဲ ရှိတော့တယ်လို့ ပြောမယ့်အမတ်နဲ့ ထောင်လိုက်ပါပြီ ဘုရား။ ထောင်လိုက်ပါပြီ။ လက်မ လက်မလို့ ပြောတဲ့ အမတ်တွေပဲ ရှိတော့တာပဲ။)

အဲဒါနဲ့ ရာဇဂြိုလ်ပြည်ရဲ့ သူကြီးအသစ် အဲလေ မင်းကြီးအသစ်လေးလဲ ပျော်ပြီး သူ့ဆရာဆီလာပြီး “အရှင်ဘုရား ကျွန်ုပ်ကိစ္စကား ပြီးပါပြီ။ အရှင်ဘုရားကိစ္စသာ ကျန်ပါတော့သည်” ပေါ့။ အဲဒီတော့ ရှင်ဒေဝဒတ်က “ဘယ်လို လုပ်တာလဲ မင်းသား။ မြွေပွေးမြွေဟောက်ကို ခါးပိုက်ပိုက် ထားသလို ပါပဲလား။ သင့်ခမည်းတော်က သက်သက် ဟန်ဆောင်နေတာ။ နောက် နည်းနည်းကြာတာနဲ့ သူနန်းပြန်တတ်မှာ။ ရန်ကြွင်းရန်စကို မထားကောင်းဘူးပေါ့။” ဒါနဲ့ မင်းသားလည်း ခမည်တော်ကို ဓားနဲ့တော့ မသတ်သင့်ဘူး မဟုတ်လားလို့ ပြောတော့ ရှင်ဒေဝဒတ်က ထောင်ထဲမှာ ထားပြီး အစာအာဟာရ ဖြတ်ပြီး သူ့ဘာသာသူ သေရင် အပြစ်မရှိလို့ ပြောပါလေရော။ ကောင်းလိုက်တဲ့အကြံ အဝီစိရောက်ဖို့။

ဒါနဲ့ မင်းသားလည်း ခမည်းတော်ကို ထောင်သွင်း အကျဉ်းချပြီး အစာရေစာ ဖြတ်ပါလေရော။ အစတုန်းကတော့ မယ်တော် ဝေဒေဟီ မိဖုရားကြီးက နည်းအမျိုးနဲ့ ယူပြီးပို့တယ်။ နောက်တော့ မယ်တော်ပါ မဝင်ရဘူးဆိုတော့ ဗိမ္မိသာရမင်းကြီးက သောတာပန်ဆိုတော့ သူရထားတဲ့ တရားကို ဆင်ခြင်ရင်း စင်္ကြကြွပြီးနေတော့ အသားအရေတွေက ရှေးကထက်တောင် စိုပြေလာသတဲ့။ ဒါနဲ့ အဇာတသတ်မင်းကြီးက ခမည်တော် နတ်ရွာစံပြီလား မေးတော့ မစံသေးဘူး။ အသားအရေတွေက ဟိုတုန်းကထက်တောင် စိုပြေနေသလိုပဲလို့ လျှောက်တော့ ဘာအာဟာရကြောင့်လဲလို့ မေးတော့ စင်္ကြကြွနေတာကြောင့် ဖြစ်မယ်လို့ ပြောတာနဲ့ ခြေဖဝါးကို ဓားခွဲပြီး မီးကင်ခိုင်းတော့တာပဲ။ ဒါကတော့ အားလုံးသိတဲ့အတိုင်းပဲ။ အဲဒါနဲ့ မင်းကြီးလည်း နတ်ရွာစံတော့ စတုမဟာရာဇ်နတ်ပြည်မှာ ဇနဝသဘဆိုတဲ့ နတ်သား သွားဖြစ်သတဲ့။

(စကားချပ် ဗိမ္မိသာရမင်းကြီး၏ ဇတ်လမ်းမှာ အေဝမ်းဦးတင်မောင် ရိုက်သော ဗိမ္မိသာရဇတ်လမ်းတွင် ကြည့်ရှုနိုင်ပါသည်။ ရှိလျှင် ရှာပြီးကြည့်ကြပေတော့။ ဖခင်မေတ္တာဘွဲ့ အနေနဲ့တော့ အလွန်ကောင်းပါသည်။ အိမ်က အဖေနဲ့ မတည့်သူများ အနန္တငါးပါးဆိုတာ တမင်ဇတ်ခွဲထားတာလို့ အယူရှိသူများ မကြည့်ကြပါရန်။ စေတနာဖြင့် ပြောခြင်း ဖြစ်ပါသည်။)

အဲဒီမှာ ရှင်ဒေဝဒတ်လည်း ဘုရားရှင်ကို သတ်ဖို့ကြံစည်တယ်။ ပထမဆုံး လေးသမားတွေ လွှတ်ပြီး ဘုရားရှင်ရှိတဲ့ နေရာကိုသွားပြီး ပစ်ခိုင်းတယ်။ မအောင်မြင်ဘူး။ ပစ်လိုက်တဲ့ မြှားတွေ ပျောက်ကုန်လို့။ အဲဒါနဲ့ တောင်ပေါ်မှာ ကျောက်မောင်းကြီးဆင်ပြီး လှိမ့်ချတယ်။ ဒါလဲ မအောင်မြင်ဘူး။ ကျောက်တုံးကြီးက ကျလာတော့ မြတ်စွာဘုရားရှင်နားလဲ ရောက်ရော ကျောက်တုံးကြီးနှစ်ခုက မြေကြီးကထွက်ပြီး ခံလိုက်လို့။ ကျောက်တုံးချင်း တိုက်မိလို့ ကျောက်ချပ်တခုကွာပြီး ဘုရားရှင် ခြေမတော်ပေါ်ကျတာ ခြေမတော် ဖြန်းဖြန်းကွဲပါလေရော။ အဲဒီမှာတင် အရှင်ဒေဝဒတ်လဲ အဝီစိငရဲသွားဖို့ တခါတည်း ပါမစ်ရသွားတော့တာပဲ။ နောက်တော့ နာဠာဂီရိဆင်နဲ့ တိုက်တယ်။ ဒါလဲ မရဘူး။ ဒါတွေကတော့ အားလုံး သိပြီးသားပါ။

အဲ အဲဒီလို ဘုရားရှင်ကို လုပ်ကြံပြီးမှ ရှင်ဒေဝဒတ်က သံဃာကို သင်းခွဲဖို့ ဘုရားရှင်ရှိရာကို တခါပြန်လာသေးတယ်။ အဲဒီမှာ အချက်ငါးချက်ကို တောင်းတယ်။ တခုမှ ဘုရားရှင်က ခွင့်ပြုတော် မမူဘူး။ ပထမလေးချက်ကတော့ သိပ်ကောင်းလို့ မြတ်စွာဘုရားရှင်က ဓုတင်အကျင့် အနေနဲ့ ခွင့်ပြုခဲ့တယ်။ ဆိုလိုတာက လုပ်နိုင်သူတွေ လုပ်ဖို့နဲ့ မလုပ်မနေရ စည်းကမ်းအဖြစ် မသတ်မှတ်ထားလို့ပဲ။ အဲဒီ အကျင့်တွေက ကောင်းပေမယ့် ပြင်းထန်လွန်းလို့ အများစု မလုပ်နိုင်ဘူး။ အများစု မလုပ်နိုင်အောင် ကောင်းတဲ့ အချက်က ကောင်းကျိုးထက် ဆိုးကျိုးပေးနိုင်လို့ပဲ။ အမှန်တော့ ရှင်ဒေဝဒတ်ကလည်း ဒါတွေကို လိုချင်တာ မဟုတ်ပါ။ ဒါတွေကို ပြောပြီး ရန်တိုက်ပေးဖို့နဲ့ သင်းခွဲဖို့ ရောက်လာတာပါ။

(အဲဒီမှာတင် ဘုရားငြင်းလိုက်တာနဲ့ ရှင်ဒေဝဒတ်က သံဃာငယ်တွေဆီသွားပြီး မြတ်စွာဘုရားရှင်က ဒီအကျင့်ကောင်းတွေကို ခွင့်မပြုဘူးဆိုပြီး သင်းခွဲတော့တာပဲ။ မျက်စိဖွင့်ပြီး လေ့လာကြပါတို့ ဘာတို့ကလည်း ပါမှာပေါ့လေ။ ငါဟာ လောလောဆယ် သာကီဝင်ဖြစ်ချင်စိတ် ကုန်ခန်းနေတဲ့ သာကီဝင် တယောက်ပါတွေ ဘာတွေလည်း ပြောချင်ပြောမှာပေါ့။ ရှစ်စပ်က ဂျင်ခြေလည်တဲ့ ရှင်ဒေဝဒတ်ပေကိုး။ ဝေသာလီပြည်သား သံဃာငါးရာကို ဖျားယောင်းပြီး သင်းခွဲသွားတယ်။)

နေရာကား ဂယာသီသတည်း။ ရှင်ဒေဝဒတ်သည် သူဖျားယောင်း သွေးဆောင်လာသော ရဟန်းငါးရာတို့နှင့်အတူ ငါးပါးသောကျင့်ဝတ်ကို ဆောက်တည်သော ကာလဖြစ်သည်။ ရာဇဂြိုဟ်ပြည်မှ ထွက်လာသည်မှာ နှစ်လခန့် ရှိပြီ။ သံဃာငယ်တို့သည် အကျင့်ငါးပါးကို မခံနိုင်တော့သဖြင့် လူထွက်ရန် စဉ်းစားနေကြပြီ။

ဇေတဝန်ကျောင်းတော်မှ မြတ်စွာဘုရားရှင်သည် ထိုအကြောင်းကို မြင်သဖြင့် အဂ္ဂသာဝက နှစ်ပါးကို ခေါ်ပြီး မလိမ္မာသော အပေါင်းအသင်းကို ရသဖြင့် ပျက်စီးရှာတော့မည့် သံဃာငယ်တို့အား လိုက်ပြီး ခေါ်ကြ ချစ်သားတို့ဟု စေတော်မူသည်။

အဂ္ဂသာဝက နှစ်ပါးလည်း မြတ်စွာဘုရားရှင်၏ အမိန့်တော်အတိုင်း ဂယာသီသလို့ လာကြလေသည်။ အဂ္ဂသာဝက နှစ်ပါးကိုမြင်လျှင် မိမိအနီးရှိသော ကောကာလိကကို ဤသို့ပြောကြား၏။ “ကောကာလိက ယောက်ဖတော် ဂေါတမ၏ သာဝကကြီးတို့သည် ငါထံသို့ လာကြပြီ။ ငါ၏ တရားကို သူတို့နှစ်သက်၏။” ကောကာလိကလည်း ပြန်ပြောပါ၏။ “ဆရာ သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့ကို လက်မခံနှင့် သူတို့သည် မယုံရပေ။” ရှင်ဒေဝဒတ်ကလည်း မလျော့ပေ။ “ကောကာလိက ရှေးတုန်းကဆိုလျှင် ဟုတ်ပါလိမ့်မည်။ အခုတော့ ကောင်းသောလာခြင်းပါ။”

အဂ္ဂသာဝကနှစ်ပါးကို နေရာပေးလေပြီ။ အဂ္ဂသာဝက နှစ်ပါးကမူ ရှင်ဒေဝဒတ်ပေးသော နေရာသို့ မလာကြပေ။ မည်သို့မျှလည်း မပြော ဆိတ်ဆိတ်နေကြ၏။ ထို့နောက်တွင် ရှင်ဒေဝဒတ်သည် “ငါ့ရှင် သာရိပုတ္တရာ ငါကား ညောင်းညာပြီ။ သင်သာလျှင် သံဃာတို့အား တရားဟောရစ်လော့” ဆိုပြီး အိပ်လေသည်။

အဂ္ဂသာဝကနှစ်ပါးလည်း မြတ်စွာဘုရား၏ တရားတော်ကို အဆန်းတကြယ် ဟောသောအခါ ရဟန်းငယ်ငါးရာ သောတာပန် တည်လေတော့သည်။ ထို့နောက်တွင် အဂ္ဂသာဝကနှစ်ပါးနှင့်အတူ ကောင်းကင်မှ ရာဇဂြိုဟ်ပြည်သို့ ပြန်လိုက်လေတော့၏။

ထိုအချိန်တွင် ရှင်ဒေဝဒတ်၏ ဘော်ဒါကြီး ကောကာလိကသည် သူအိပ်နေရာသို့ သွားပြီး “ငါ့ရှင် ဒေဝဒတ် သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့ကို အရောမဝင်နှင့်ဟု သင့်ကို ငါသတိပေးခဲ့သည် မဟုတ်လောဟု” ပြောကာ ဒေဝဒတ်၏ ရင်ဝကို ဒူးဖြင့်တိုက်ပြီး ရှင်ဒေဝဒတ်ကို နှိုးပါတော့သည်။ ထိုအချိန်မှစပြီး ရှင်ဒေဝဒတ်သည် သွေးအန်သောရောဂါကို ရတော့သည်။

(စကားချပ် ရှင်ဒေဝဒတ်ရဲ့ ဘော်ဘော်ကြီး ကောကာလိကရဲ့ ပုံစံကို ကြည့်ရတာ စရိုက်ခပ်ကြမ်းကြမ်း လူတယောက် ဖြစ်မယ်လို့ ထင်မိတယ်။)

ကိုးလတိုင်တိုင် ထိုဝေဒနာကို ခံစားရရှာသည့် ဒေဝဒတ်ကား သူ့တပည့်တို့ကို မြတ်စွာဘုရားရှင်ကို တောင်းပန်လိုသဖြင့် ပို့ပေးကြပါဟု တောင်းပန်ရှာလေသည်။ တပည့်များကလည်း နောက်ဆုံး သနားကြသဖြင့် ထမ်းစင်ပြုလုပ်ပြီး ဇေတဝန်ကျောင်းတော်သို့ လိုက်ပို့ကြရှာသည်။ ရဟန်းတော်တို့က ဘုရားရှင်အား ဘုန်းတော်ကြီးသော မြတ်စွာဘုရား ရှင်ဒေဝဒတ်သည် နောင်တရကာ တောင်းပန်ကန်တော့ရန် လာနေပါပြီ ဘုရားဟု လျှောက်ထားသည့်အခါ မြတ်စွာဘုရားသည် ဒေဝဒတ်သည် ယခုဘဝတွင် ငါဘုရားကို ဖူးမြင်ခွင့် မရှိတော့ပြီဟု မိန့်ကြားတော် မူလေသည်။

ထို့နောက်တွင် ရှင်ဒေဝဒတ်နှင့် သူ့တပည့်များသည် ဇေတဝန်ကျောင်းတော်၏ တံခါးဝနားသို့ ရောက်လာလေပြီ။ တပည့်များလည်း ထမ်းစင်ကို ထမ်းရသဖြင့် မောကြပြီ။ ရောဂါဖောက်နေသော ရှင်ဒေဝဒတ်လည်း မောလှပြီ။ နေပူထဲမှ လာသူများ၏ ထုံးစံအတိုင်း ရေကန်ကို တွေ့သော် ထမ်းစင်ကို ခဏချပြီး တပည့်များကား ရေကန်ထဲဆင်းကာ ရေသောက် ရေချိုး ခဏအပန်းဖြေကြသည်။

ထမ်းစင်ပေါ်တွင် လိုက်ပါလာသော ရှင်ဒေဝဒတ်လည်း ထမ်းစင်ပေါ်မှ ထပြီး မြေကြီးပေါ် ခြေနှစ်ဖက်ချကာ ထိုင်မိရှာလေသည်။ သူလည်း ပင်ပန်းလှပြီ မဟုတ်လား။

သူ၏ ခြေများ မြေကြီးပေါ် ချလိုက်သည် ဆိုသည်နှင့်ပင်………………………………။

(ရယ်စရာ နည်းနည်း ထည့်ထားပေမယ့် အတည်ဆွေးနွေးချင်သူက ဆွေးနွေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော့်ဟာသက ကြိတ်ရယ်လို့ပဲ ကောင်းပြီး ဆွေးနွေးဖို့ အခက်အခဲ ရှိလို့ပါ။)

About San Hla Gyi

San Hla Gyi has written 21 post in this Website..