“ မဲ ့ပြုံး ”

ဒေါ်ခင်ရီက တီဗွီခန်းထဲတွင် အေးအေးလူလူ လက်ဖက်သုတ် ထိုင်စားနေသော ချွေးမ မစန္ဒာကိုကြည့်ပြီး နုတ်ခမ်းက အလိုလိုနေရင်း ရွဲ့သွား၏။”တတ်လည်း တတ်နိုင်တဲ့ မိန်းမ”ဟု စိတ်ထဲကပြောရင်း အိမ်ရှေ့ဆိုင်လေးထဲ ကူးလာခဲ့သည်။ ဒေါ်ခင်ရီက ဆိုင်ထဲရှိ ဆန်အိတ်များကို ကြည့်ပြီး စိတ်အလိုမကျဖြစ်ရပြန်သေးသည်။ ဆန်အိတ်။

“တရားခံက ဒီဆန်အိတ်တွေပဲ”ဟုရေရွှတ်ရင်း နောက်ကျောက တီဗွီခန်းကို လည်ပြန်ကြည့်လိုက်သေးသည်။ ပြီးတော့ တကိုယ်တည်းရေရွတ်သလိုမျိုးနှင့်-

“ဒီဆန်အိတ်တွေ လက်ခံထားမိတာကိုက ဂြိုဟ်ဆိုးဝင်သလိုပဲ ရောင်းမထွက် ပြုမထွက်နဲ့ ပစ္စည်း အဝင်မတော်ဘူးထင်ပါရဲ့” ဟုပြောတော့ တီဗွီခန်းထဲရှိ ချွေးမ မစန္ဒာက ဆိုင်ဘက်ကို ခေါင်းလှည့်ကြည့်ပြီး တစ်ချက်မဲ့လိုက်၏။ ထို့နောက် တီဗွီဘက်ပြန်လှည့်ပြီး –

“ယောက္ခမတွေများ ဒီလိုချည်းပဲလား မသိပါဘူး”ဟု စိတ်ထဲပြောလိုက်မိသည်။

(၁)

          “ချွေးမရေ ဒီတစ်ခေါက် ယောက္ခမကို ခဏ ဆိုင်းထားပေးဦးဟေ့ ခုသလော ငွေကလည်း ကြပ်နေလို့”

“ပြောစရာလား ယောက္ခမရယ် ဆက်ဆံလာတာပဲကြာလှပြီ ချွေးမ အကြောင်းမသိတာကျလို့ ရတယ် အဆင်ပြေမှပေး”

အဲသည်လို စကားအသွားအလာတွေကိုကြည့်ပြီး တစ်နေ့တော့ ထူးရချည်ရဲ့လို့ အားလုံးက မှန်းဆနေကြပြီ။ မှန်းဆို ဒေါ်ခင်ရီမှာက လူပျိုဖားဖား သားယောကျာ်းလေးက တစ်ဦးတည်းမွေးထားသည်ကိုး။ ကျောင်းပညာတစ်ပိုင်းတစ်စဆိုသော်လည်း ဒေါ်ခင်ရီအတွက်တော့ စာမတတ်လည်း အရေးမဟုတ်။ သွားလေသူ ဦးကျော်ရင်က သေတာသွားသည်။ သူမောင်းနေကျ ဒိုင်နာကားကြီးကိုတော့ ယူမသွားနိုင်။ ထိုကားလေးတစ်စီးကို သားကို သေချာကြီးကြပ် ဂရုစိုက်ခိုင်းပြီးတော့ အိမ်ဆိုင်ကလေးတစ်ဖက်နှင့် မုဆိုးမ ဒေါ်ခင်ရီတို့သားအမိ ရပ်တည်နေသည်မှာကြာပြီ။ မစန္ဒာကတော့ ဆန်အရောင်းအဝယ်လုပ်ရင်း ဒေါ်ခင်ရီ၏ သားတော်မောင် မောင်းသော ဒိုင်နာကားကြီးနှင့် မိတ္ထီလာမြို့ကို ကူးချည် သန်းချည်။

မစန္ဒာက သွက်သွက်လက်လက်၊ ချက်ချက်ချာချာ ရှိလှသည်ဆိုတော့ ဒေါ်ခင်ရီက သဘောကျသည်။ တစ်ခုက မစန္ဒာနှင့်က ဈေးရောင်းဈေးဝယ်မလွတ်ကင်းတာလည်း ပါသည်ကိုး။ တစ်ခါတစ်လေ ဆန်အိတ်တွေ ပြတ်လပ်သည့်အခါ မစန္ဒာကိုပဲအားကိုးရသည်။ မစန္ဒာဆိုလျှင် “ချွေးမ ချွေးမ”နှင့်ပြာနေအောင် ဆက်ဆံသည်။

မစန္ဒာကလည်း ထောင်မြင်၍ ရာစွန့်သည်ဟု အရပ်က ဘယ်သို့ပင်ပြောပြော “ယောက္ခမ”ဟု ပြန်ခေါ်ရမှာကို တစ်ချက်ကလေးမှ ဝန်မလေး။ ဒေါ်ခင်ရီ၏ သားတော်မောင် ကိုလူချောကို အပိုင်ကိုင်ဖို့အရေး အမေကို ခေါင်ကိုင်မှ အောက်စည်းလုံမည်ဟု တွေးထားသည်ကိုး။ သည်သားတစ်ယောက်အပေါ် ဒေါ်ခင်ရီ ဘယ်လောက် ဩဇာညောင်းသည်ဆိုတာကို မစန္ဒာက သိသည်။

ခုတော့ ဈေးရောင်း ဈေးဝယ် နှစ်ဦးနှစ်ဖက်ဆက်ဆံရင်းဖြင့် ဒေါ်ခင်ရီဘက်က”ချွေးမ”ဟု ကင်ပွန်းတပ်ခေါ်လာတော့ မစန္ဒာက “ယောက္ခမ”ဟု ရေစီးနှင့် အသာလေး မြောလိုက်ရုံပင်။ ဒေါ်ခင်ရီဘက်က မီးစိမ်းပြလိုက်သည်နှင့် မစန္ဒာက သွက်သွက်ကလေး လှုပ်ရှားဖြစ်သည်။ မိန်းမ မာယာ သဲကိုးဖျာဆိုသည့် စကားပုံက ဖတ်ဖို့ မှတ်ဖို့ထားခဲ့သည်မဟုတ်။ လက်တွေ့အသုံးချဖို့ မာယာလေးဆယ်ပါ အပီထည့်စွယ်လေတော့ ဒေါ်ခင်ရီ့သားလည်း ကျားပဲ။

သည်ကြားထဲ ညအိပ် ညနေခရီး သည်ကားကြီးစီးပြီးသွားရသည်ဆိုတော့ ကြိုးချင်းထား ကြိုးချင်း ငြိ၊ အိုးချင်းထား အိုးချင်းထိတော့သည်။ အထိ အတွေ့အပြင် အာရုံ ငါးပါးလုံးလိုလို ခံစားသိမြင်ဖူးသော ကျားဖြစ်သော်လည်း မစန္ဒာဆိုသော မိန်းမလည်၏ ကျော့ကွင်းကတော့ ကျားလည်း ကြောင်ဖြစ်သွားရသည်။

(၂)

          “ဒေါ်ခင်ရီ့သား မိန်းမခိုးပြေးလို့”ဆိုသည့် သတင်းရပ်ကွက်ထဲ ပျံ့နှံ့လာတော့ အားလုံးက မအံ့ဩ။ တစ်နေ့သည်လိုဖြစ်လာမည်မှန်းတွက်ဆထားပြီးသည်မို့ ထူးပြီးမအံ့ဩတာလည်းပါမည်။ သို့ပေမယ့် ဒေါ်ခင်ရီ့ဘက်က-

“သဘောမတူဘူး ခွဲမယ် ခွာမယ်”ဟု အသံထွက်လာတော့ တစ်ရပ်ကွက်လုံး အံ့ဩ မေးငေါ့ရပြီ။

“ဘာဖြစ်လို့တုန်း မခင်ရီရဲ့ စန္ဒာလေးက တော်ပါတယ် အလုပ်အကိုင်လေးကလည်းရှိ ရုပ်လေးကလည်းရှိ”

“အို အဲဒီကောင်မ ဘာတွေရှိရှိ ကျုပ်ကတော့ သဘောမတူနိုင်ပါဘူး”

“နို့ စတုန်းက ချွေးမလေး ချွေးမလေးနဲ့ တော်ပဲ သဘောတူပြီးခေါ်ခဲ့တာ မဟုတ်လား”

“ဘယ်နှယ့် သဘောတူလို့ ခေါ်ရမှာတုန်း ရောင်းရေးဝယ်တာ အဆင်ပြေအောင် ကျုပ်ကခေါ်တာ ဒီမိန်းမလည် သိန်းကြွယ်ကို ကျုပ်က ချွေးမတော်စရာလား”

တစ်ရပ်လုံး သဘောပေါက်ရပြီ။ ဒေါ်ခင်ရီဘက်က မြောင်းတူး၍ မစန္ဒာဘက်က ရေလာတာ မဆန်းဟု သဖန်းပိုးထိုးသလို အတင်းကပွပြီ။ မစန္ဒာ၏ မိဘများကတော့ အေးအေးလူလူ။ သမီးလင်နောက်လိုက်သည်ကို ထူးပြီးပူမနေ။

ဒေါ်ခင်ရီဘက်က သဘောမတူဘူးဟုကြားတော့လည်း ကမ္မသကာ။ တစ်ပတ်လောက်ရှိတော့ ဒေါ်ခင်ရီအိမ်ပေါ်သို့ သားတော်မောင်က ချွေးမ မစန္ဒာ၏လက်ဆွဲပြီး တက်လာပါရော။  ဒေါ်ခင်ရီ၏ မျက်နှာက လငပုတ်ဖမ်းသလို ဖြစ်နေသော်လည်း မစန္ဒာကတော့ ဘာသိဘာသာ။ ခန္ဓာကိုယ်လေးရို့ပြီး လင်တော်မောင် ပူပူနွေးနွေး၏လက်ကိုများ ချိတ်ထားလိုက်သည်မှာ ဂဟေဆော်ထားသည့်အတိုင်း။ ဒေါ်ခင်ရီက သားတော်မောင်ကို တိုးတိုးခေါ်ပြီး ကျိတ်ဆူတော့ သားတော်မောင်၏ စကားတစ်ခွန်းတည်းနှင့်တင် ပါးစပ်ကြီးဟပြီး ဘာမှပြန်မပြောနိုင်တော့။

“စန္ဒာမှာ ကိုယ်ဝန်ရှိနေပြီ အမေရဲ့ အမေဘာသိလို့လဲ”ဆိုတော့။

ကိုင်း…….။

(၃)

          မင်္ဂလာဆောင်ကို တပ်သုတ်ရိုက်ပြီး ဆောင်လိုက်ရသည်။ တပ်သုတ်ရိုက်ဆိုသော်လည်း မျက်နှာလှလှဖြစ်အောင် ဒံပေါက်တော့ကျွေးလိုက်ရသေး၏။  မစန္ဒာ၏ မိဘများက သမီး လင်ကောင်းရသည်ဟု သတ်မှတ်ပြီး ကန်တော့ခံကာ ပြန်သွားသည်။ ဒေါ်ခင်ရီ့မှာ နေမထိ ထိုင်မသာဖြင့် ရင်တွင်း၌ ခိုးလု ခုလုဖြစ်နေရသည်။ မစန္ဒာက ယောက္ခမဟု အရင်တုန်းကလို ခေါ်တိုင်း ချွေးမဆိုပြီး လည်ချောင်းဝကတေ ချောချောရှုူရှူ ပြန်မထွက်နိုင်။

သည်ကောင်မ ပိုင်းလုံးမ။

မစန္ဒာကတော့ ဒေါ်ခင်ရီအပေါ် ယောက္ခမလိုတမျိုး မိဘလိုတမျိုး ဆက်ဆံရှာသည်။ စိတ်ထဲတွင်တော့ ချွေးမဟု ကြည်ဖြူစွာ ခေါ်ခဲ့ပြီးမှ ခုတကယ်တမ်း ချွေးမတော်ရသည့်အခါ မလိုလားသည့် အရိပ်တွေ တွေ့ရပြန်တော့ မစန္ဒာ အံ့ဩရသည်။

မစန္ဒာကို ဒေါ်ခင်ရီက ပိုပြီး မျက်မုန်းကျိုးလာသည်။ တစ်နေ့ တစ်နေ့  အရောင်းအဝယ်ကိစ္စဟု အကြောင်းပြကာ နေကုန်နေခမ်း မိုးစုန်းစုန်းချုပ်မှ ပြန်လာသည်။

“ကောင်မ လင်တာရတာ သီချင်းညည်းက မပြတ်ဘူး”ဟု တစ်ခါ တစ်ခါ ဒေါ်ခင်ရီက မကြားတကြားပြောသည်။ မစန္ဒာကတော့ မကြားသလိုလို၊ မသိသလိုလို။ ထိုသို့လုပ်လေ ဒေါ်ခင်ရီ ဒေါပွလေ။ မနက်စောစောထပြီး ဒေါ်ခင်ရီက ဘုရားရှိခိုး မနက်စာစားပြီးသည်အထိ မစန္ဒာကို အရိပ်အယောင်တောင် မမြင်ရ။

ဟင်းတစ်ခွက် လောက်လောက်လားလား ချက်တတ်လားဆို ကြက်ဥပြုတ်လျှင်တောင် ရေအရင်ထည့်ရလား၊ ကြက်ဥ အရင်ထည့်ရလား မေးနေသေး၍ ဒေါ်ခင်ရီ လက်မှိုင်ချရသည်။

အိမ်ထောင်မှု ဗာဟီရ ကိစ္စများ ဘာတစ်ခုမှ စိတ်မဝင်စားသဖြင့် ဒေါ်ခင်ရီ့စိတ်ထဲတွင် တစ်နေ့ တစ်နေ့ ဒေါသ မီးသာ ဟုန်းဟုန်းတောက်နေရသည်။

 

တစ်ခါ တစ်ခါ စိတ်တိုတိုဖြင့်-

“စန္ဒာ ညည်း ဟင်းတစ်ခွက်တော့ ကောင်းကောင်းချက်တတ်အောင်လုပ်ဦး ငါ့သားက ဟင်းရွေးတယ် အေ့”ဆိုတော့

“ဪ ယောက္ခမရယ် ဝယ်စားလိုက်ပေါ့ ချွေးမက ချက်မှမချက်တတ်တာ ယောက္ခမက မေ့နေလို့သာ စန္ဒာ ဟင်းမချက်တတ်တာ အရင်ကတည်း ပြောပြီးသား”

ဒေါ်ခင်ရီ ပါးစပ်ကြီးဟ၍ ကျန်ခဲ့ရသည်။ သားတော်မောင်ကတော့ ဘာမှမသိ။ ဒေါ်ခင်ရီက-

“မင်း မိန်းမ ကြည့်ပြောဦး”

“အမေပဲ ကြည်ဖြူလှချည်ရဲ့ဆို စန္ဒာကပြောတယ် ခုမှတော့ ပြောမနေပါနဲ့ အမေရာ အမေ မချက်နိုင်ရင် အိမ်ဖော်သာ ခေါ်လိုက်တော့ဗျာ” ဆိုတော့ ဒေါ်ခင်ရီ ဘာမှမပြောနိုင်တော့။

ထို့ကြောင့် တဆိတ်ရှိ ဆန်အိတ်မြင်လျှင် ဒေါ်ခင်ရီ ဒေါပွ၏။ မစန္ဒာကလည်း ယောက္ခမဒေါ်ခင်ရီကို မြင်လျှင် မျက်နှာပေါ်၌ မဲ့ပြုံးကလေးတစ်ခုတော့ ပြုံးမိနေသည်မှာ အမြဲ……။

သော်ဇင်(လွိုင်ကော်)

 

 

8 comments

  • Pye Kun Zaw

    December 10, 2012 at 2:55 pm

    အင်မတန်ဖတ်လို့ကောင်းပါတယ်။ အားပေးသွားပါတယ်ခင်ဗျာ။

  • Foreign Resident

    December 10, 2012 at 3:19 pm

    ဆရာ သော်ဇင် ရယ် ။
    Post ကောင်းလေးကို ၊
    နဲနဲ ရှည်ရေးလိုက်တာမဟုတ်ဘူး ။
    အခုတော့ အရှိန်လေးနှင့် ဖတ်လာတာ ၊
    တုန့်ကနဲ ရပ်သွားရတယ် ။

  • jullies cezer

    December 10, 2012 at 3:26 pm

    အားပေးသွားပါတယ် ယောက္ခမနဲ့ချွေးမဆိုတာတည့်နိုင်ခဲတဲ့မျိုးကို
    တည့်တဲ့သူတော့ရှိပါတယ် ဒါပေမဲ့ရှားတယ် ……….

  • Mr. MarGa

    December 10, 2012 at 8:34 pm

    အရှည်ကြီးမှတ်လို့ ဖြည်းဖြည်း ဖတ်နေတာ
    ဟုတ်တယ်ဗျာ ဒီပို့စ်က တိုလွန်းတယ်

  • Mon Kit

    December 11, 2012 at 11:29 am

    ကိုသော်ဇင်ကြီး…
    ဆက်ရန်ရှိသေးလားဗျ…
    အဲလိုတော့ ဇတ်သိမ်းမသွားပါနဲ့ဗျာ….. 😆

  • Thaw Zin Loikaw

    December 11, 2012 at 11:58 am

    ဟုတ်ကဲ့ဗျာ….တိုလွန်းသွားတယ်ဆိုရင်တော့ ကျွန်တော့်အားနည်းချက်တာ ဖြစ်ပါကြောင်း

  • မောင်ပေ

    December 11, 2012 at 7:36 pm

    မဲ့ပြုံး လို ့ဆိုရင်
    ဖတ်ရတာလွယ်ပေမယ့်
    တစ်ကယ်မဲ့ပြုံး ပြုံးဖို ့ဆိုတာ
    ခံစားချက်တော်တော်ပြင်းမှရတာကလား

  • MaMa

    December 11, 2012 at 8:59 pm

    အရေးအသားလည်း ကောင်း။
    အကြောင်းအရာလည်း ခိုင်မာ။
    ရသစာပေ ပီသပါပေတယ်။

    လက်က မချချင်အောင် ကောင်းတယ်ဆိုတာ ဒါမျိုးပေ့ါ။
    ဒါ့ထက် နည်းနည်းလေး ပိုရှည်ရှည်ရေးရင် ပိုကောင်းမယ်နော်။ :hee:

Leave a Reply