ကောင်းမှုတစ်ခု နေ့စဉ်ပြု

manawphyulayJuly 16, 20102min39711

ကျွန်မ ဒီခေါင်းစဉ်လေးကို ဘာလို့ ပေးသလဲဆိုတော့ အဘွားရှိစဉ် ကျွန်မငယ်ငယ်ကလေးကတည်းက ပြောဆိုခဲ့ဖူးတဲ့စကားလေးတစ်ခွန်းလေးကြောင့်ပါပဲ။ သမီး လူရယ်လို ဖြစ်လာရင် နေ့စဉ် ကောင်းမှုတစ်ခုခုကို လုပ်ရမယ်တဲ့။ လူတိုင်း လောဘ မောဟတွေနဲ့ မကင်းရပါဘူး။ ဒါကြောင့် အဘွားက အများကြီး မလုပ်ခိုင်းပဲနဲ့ သေးသေးမွှားမွှားကနေ ကြီးကြီးမားမားထိအောင် နေ့စဉ် ကောင်းမှုတစ်ခုတော့ လုပ်ပါလို့ သွန်သင်ဆုံးမခဲ့ပါတယ်။ အဘွားမရှိတော့တဲ့နောက်ပိုင်းလည်း အဘွားရှိစဉ်ကဲ့သို့ သမီး ကောင်းမှုတွေ ဆက်တိုက်လုပ်ဖြစ်ခဲ့ပါတယ်။ ခုလည်း ဒီကနေ့က တနင်္ဂနွေနေ့ဆိုတော့ အများသူငှာ နားရက်ဆိုလည်း မမှားပါဘူး။ ကျွန်မအတွက်တော့ မွေးဖွားခဲ့ပြီးချိန်ကနေ ဒီကနေ့ထိ နားရက်ဆိုတာ တစ်ခါဖူးမှ မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မ နေပျော်တယ်။ ဒီနေ့ဆို ပိုပြီး ကြည်နူးဝမ်းသာစိတ်ဖြစ်မိတယ်ဆိုလည်း မမှားပါဘူး။ ကျွန်မရဲ့ ရည်ရွယ်ချက်၊ ဖြည့်ဆည်းချင်တဲ့စိတ် နောက်တစ်ချက်က ပရဟိတအလုပ်တွေကို နာဂစ်ပြီး နောက်ပိုင်း အတော်များများ လုပ်ခဲ့မိပါတယ်။ ခု ဒီနေ့က ကျွန်မ ဆိုက်တွေလည်ပြီး စာဖတ်ရင်းနဲ့ ဆိုက်တစ်ဆိုက်ကို ရောက်ခဲ့ခြင်းကနေ စခဲ့တယ်ဆိုရမှာပေါ့။

ဆိုက်နာမည်က http://myanmaractivecaringfamily.ning.com ဆိုတဲ့ ဆိုက်လေးတစ်ခုပါ။ လူငယ်တွေ သူတို့ရဲ့ မအားလပ်တဲ့အချိန်၊ နောက်ပြီး လုပ်ခ လုပ်စာလေးတွေနဲ့ တည်ဆောက်ထားတဲ့ ပရဟိတလုပ်ငန်းလေးတစ်ခုပေါ့။ ကျွန်မ ရင်ထဲမှာ ဖော်မပြတတ်အောင် ဝမ်းသာမိပါတယ်။ ကျွန်မက ကိုယ်သာ ငတ်ရင် ငတ်ပါစေ၊ သူများ ကူညီနေရရင် ကျေနပ်တတ်တဲ့သူဆိုတော့ စိတ်ပါဝင်စားစွာ ရောက်သွားခဲ့တယ်။ ဒါနဲ့ ဆိုက်ကနေ ကျွန်မကို မေးလ်ပို့လာပါတယ်။ ဘယ်နေ့ဘယ်ရက်ကို အလှူအတန်းအတွက် တိုင်ပင်ကြမယ်လို့ ရေးထားပြီး လှူမယ့် ကျောင်းကိုလည်း ရှင်းပြပါတယ်။ ၄ ကြိမ်မြောက် ပရဟိတမှာ ကျွန်မ ပါဝင်ခွင့်ရခဲ့ပါတယ်။

မိဘမဲ့ကလေးများနဲ့အတူ(သေချာရှာကြည့်နော်)

စတုတ္ထအကြိမ်မြောက် ကူညီထောက်ပံ့လှူဒါန်းရန် ရည်ရွယ်ထားသည့် စမ်းမြသီတာ သီလရှင်စာသင်တိုက် နှင့် ပတ်သက်ပြီး တင်ပြခြင်း။ စမ်းမြသီတာ သီလရှင်စာသင်တိုက် (သီလရှင်ဆရာလေးနှင့် ဆင်းရဲနွမ်းပါးနေသော ကလေးသူငယ်များ ပညာသင်ကြားလျက်ရှိသော ပရဟိတကျောင်း) ဖြစ်ပါတယ်။ အဆိုပါကျောင်းတွင် အမိမဲ့၊ အဖမဲ့ ခိုကိုးရာမဲ့ ကျောင်းသား/သူကလေးများ၊ ရပ်ကွက်ကျေးရွာ အသီးသီးမှ ဆင်းရဲနွမ်းပါး ပညာမသင်ကြားနိုင်သူများကို တိုက်အုပ်-သီလရှင်ဆရာလေးက မိမိ၏ ရင်နှစ်သီးခြာ သား/သမီးများကဲ့သို့ ပြုစုစောင့်ရှောက် အခမဲ့ ပညာသင် ကြားပေးလျှက် ရှိပါတယ်။ ကျောင်းသား/သူများ လက်ခံရာတွင် (၃)မျိုး လက်ခံပါတယ်။ အတိုကောက်အနေနဲ့ (စုံ၊ပဲ့၊မဲ့)လို့ သတ်မှတ်ထားကြောင်း သိရှိရပါတယ်။

မိဘစုံလင်ပေမယ့် ဆင်းရဲနွမ်းပါးနေတဲ့ ကလေးသူငယ်တွေ၊ မိဘနှစ်ဦးမှာ တစ်ဦးဦးပဲ့နေတဲ့ ကလေးသူငယ်တွေနဲ့ မိဘလုံးဝမဲ့နေတဲ့ ကလေးသူငယ်တွေ အားလုံးကို ပညာ သင်ကြားပေးလျက်ရှိပြီး၊ ထိုက်သင့်သလောက် ကျွေးမွေးစောင့်ရှောက်ပေးနေတဲ့ ကျောင်းတစ်ကျောင်းဖြစ်ကြောင်းကိုလည်း လေ့လာသိရှိခဲ့ရပါတယ်။ လက်ရှိအခြေအနေမှာတော့ ကလေးသူငယ် စုစုပေါင်း (၁၁၀)ယောက်ကို စာသင်ကြားပေးနေပြီး ကျောင်းမှာ သီလရှင်နဲ့ မိဘမဲ့ကလေး အရေအတွက် (၆၂) ယောက် နေထိုင်ပါတယ်။ သူငယ်တန်းကနေ ဒသမတန်းအထိ ပြုစုစောင့်ရှောက် အခမဲ့ ပညာသင်ကြားပေးလျှက် ရှိပါတယ်။ အတန်းတင်စာမေးပွဲ ဖြေဆိုရာမှာတော့ မူလတန်းကလေးများကိုတော့ ကျောင်းတွင်းမှာပဲ ဖြေဆိုခွင့် ပြုထားပြီး အလယ်တန်းနှင့် အထက်တန်း ကလေးများကို ဘ/က ကျောင်းတွေမှာ သွားရောက်ပြီးတော့ ဖြေဆို ရပါတယ်လို့ သိရှိခဲ့ရပါတယ်။ ဒီကျောင်းလေးက ကားလမ်းမနဲ့ တော်တော်လေး အလှမ်းဝေးတဲ့ ကျောင်းလေးတစ်ကျောင်းပါ။

စာနာထောက် ထားမှုနဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတတ်မှုကို လိုလားနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ လှူချင်တယ်၊ ထောက်ပံ့ချင်တယ် ဆိုရင်တော့ လှူသင့်၊ ထောက်ပံ့သင့်တဲ့ ကျောင်းလေးတစ်ကျောင်းဖြစ်ပါတယ်။ နေ့စဉ် စာသင်ကြားနေတဲ့ ကလေးသူငယ်တွေရဲ့ ပညာသင်ကြားမှုစရိတ်၊ ကျွေးမွေးမှုစရိတ်နဲ့ လူတန်းစေ့ ဝတ်-စားနိုင်ရေးအတွက် စရိတ်တွေက မသိသာပေမယ့် မလွယ်ကူလှတဲ့ စရိတ်တွေပဲ ဖြစ်ပါတယ်။ အလှူငွေ သိပ်မရှိတဲ့ ကျောင်းဖြစ်သလို ရတဲ့အလှူငွေတွေနဲ့ လုံလောက်အောင် အသုံးပြုလုပ်ဆောင်နေသော ကျောင်းတစ်ကျောင်းဆိုလည်း မမှားပါဘူး။ လက်ရှိမှာ အလိုအပ်ဆုံးဖြစ်နေတဲ့ အရာတွေကတော့ ပုံနှိပ်စာအုပ် (တတိယတန်း-သိပန်)၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် အခြားအသုံးအဆောင်ပစ္စည်းများ၊ စားသောက်ကုန်ကြမ်းများနှင့် အလှူငွေများ လိုအပ်နေတယ်လို့ သိရပါတယ်။ M.A.C.Family ပရဟိတလူငယ်အဖွဲ့မှ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ၊ ၁၃ ရက် နေ့မှာတော့ ဒီကျောင်းလေးကို ကူညီထောက်ပံ့လှူဒါန်း သွားမှာဖြစ်ပါတယ်။ ကလေးသူငယ်များအတွက် စား-ဝတ်နေရေး၊ ပညာသင်ကြားရေး၊ ကျန်းမာရေးကိစ္စရပ်များ၊ အခြားလိုအပ်သော အသုံးအဆောင်ပစ္စည်းများနှင့် အလှူငွေများ လှူဒါန်းလိုပါက မသွားမီ လာရောက်လှူဒါန်းနိုင်ပါတယ်။ လိုအပ်တဲ့ထောင့် တစ်နေရာကနေ တတ်နိုင်သလောက် ပါဝင်လှူဒါန်းနိုင်ပါကြောင်း လေးစားစွာဖြင့် နှိုးဆော် ဖိတ်ကြားအပ်ပါတယ်။

M.A.C.Family ပရဟိတလူငယ်အဖွဲ့ရဲ့ စတုတ္ထအကြိမ်မြောက် ကူညီထောက်ပံ့လှူဒါန်းမှုလေးမှာ မိဘမဲ့ကလေး သူငယ်များကို ကြင်နာသနားစိတ် ထားရှိခြင်းဖြင့် အနယ်နယ် အရပ်ရပ်က စေတနာရှင် ကုသိုလ်ရှင်များကို မင်္ဂလာဖြင့် ကြိုဆိုပါတယ်တဲ့။
စမ်းမြသီတာ သီလရှင်စာသင်တိုက်အား ကူညီထောက်ပံ့လှူဒါန်းနိုင်မည့် လှူဖွယ်ပစ္စည်းများ နှင့် လိုအပ်ချက်များ တင်ပြခြင်း။
# ပုံနှိပ်စာအုပ် (တတိယတန်း – သိပ္ပံ)၊

# ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံ၊ ခဲဖျက် . . . အစရှိသော စာရေးကိရိယာပစ္စည်းများ၊

# ခြင်ထောင် (ဆိုဒ်ကြီး)၊

# ဖျာကြမ်း (တစ်ဖက်ချော)၊

# သောက်ရေပုံး၊

# သောက်ရေအိုးစင်၊

# အမှိုက်ပုံး၊

# တံမြတ်စည်း (အချော)၊

# ပလတ်စတစ် ဂေါ်ပြား၊

# သောက်ရေခွက်၊

# ရေချိုးခွက်၊

# လက်ဆွဲရေပုံး၊

ဆပ်ပြာ (ကြမ်း/ချော/မှုန့်)

စားသောက်ကုန်ကြမ်းများ (သိမ်းဆည်းနိုင်မည့်)
# ဆီ

# ကုလားပဲ

# အာလူး

# ကြက်သွန်နီ၊ ကြက်သွန်ဖြူ

# ငါးခြောက်

# ပဲကြာဇံ . . .
အစရှိသည်များ
ဆေးဝါးများနှင့် ကျောင်းစာကြည့်တိုက်အတွက်

ဗဟုသုတ စာစာပေများကိုလည်း စေတနာရှင် ကုသိုလ် ရှင်များ အနေဖြင့် စိတ်ပါဝင်စားပြီး လှူဒါန်းလိုပါက M.A.C.Family ပရဟိတလူငယ်အဖွဲ့သို့ ဆက်သွယ် ပါဝင် ကူညီထောက်ပံ့လှူဒါန်း ဆောင်ရွက်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ် . . . . ။

မနက် ၈ နာရီအရောက် အသင်းတည်ရှိရာနေရာကို လာရပါမယ်တဲ့ အသင်းကနေ ၈ နာရီခွဲ ကားထွက်မယ်လို့ ပြောပါတယ်။ ကျွန်မက စိတ်ဝင်စားပြီး ကုသိုလ်လိုချင်တဲ့သူများကို ပြောတော့ စိတ်ပါဝင်စားစွာ လိုက်မယ်လို့ ပြောတဲ့အတွက် ကျွန်မရဲ့ ကုသိုလ်တွေကို မျှဝေပေးရလို့ ပီတီဖြစ်မိပြန်ပါတယ်။
ဒီနေ့မနက် အစောကြီး ၁ဝ မိုင်ဈေးရှေ့ကနေ စောင့်နေလိုက်တာ လာခေါ်တဲ့ကားက ၁ဝ နာရီဝန်းကျင်မှ ရောက်လာတယ်။ ဒါနဲ့ ၈ မိုင်မှာ တစ်ယောက်ခေါ်မယ်ဆိုပြီး ပြန်တက်သွားတယ်။ ဒါနဲ့ မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်ကို ဆက်မောင်းတယ်။ လမ်းကတော့ ကောင်းလိုက် မကောင်းလိုက်ပဲ။ နာရီဝက်လောက်ကြာတော့ ပုလဲမြို့သစ်မှာရှိတဲ့ စိမ်းမြသီတာ သီလရှင်ကျောင်းကို ရောက်ရှိခဲ့ပါတယ်။ ဒါနဲ့ ဆရာလေးတွေ ဆွမ်းစားမှီဖို့အတွက် မနားတော့ပဲ ဆွမ်းအတွက် ပြင်ဆင်ရပါတယ်။ ယောက်ျားလေးတွေကတော့ ကလေးကျန်းမာရေးအတွက် လက်သည်း ခြေသည်း ရှင်းလင်းပေးပြီး ကျန်းမာရေးအတွက် နားလည်အောင် ရှင်းပြကြပါတယ်။ ဒါနဲ့ အားလုံး တစုတဝေးတည်း လုပ်လိုက်တာ ခဏကြာတော့ ပွဲတွေအားလုံးပြင်ပြီးတော့ ဆရာလေးတွေ အားလုံးကို ကပ်ကြပါတယ်။ ဆရာလေးတွေ အားလုံး ၃၉ ပါး ရှိပါတယ်။ ဆရာလေး လူကြီးတွေက ၃
ပါးပဲ တွေ့ရပြီး ကျန်တာက မယ်သီလရှင် ကလေးတွေပဲ များပါတယ်။ ဆွမ်းကပ်ပြီးတော့ ကျောင်းက ကလေးတွေ စာသင်ပေးတဲ့ဆရာမတွေနဲ့ ဧည့်သည်တွေကို ကျွေးပြီးမှ ကျွန်မတို့အဖွဲ့က တစ်စုတစ်စည်းတည်း ပျော်ပျော်ပါးပါးစားကြပါတယ်။ စားပြီးတော့ ခဏနေပြီးတော့ ကလေးတွေနဲ့ စိတ်ဓာတ်မြင့်ဖို့အတွက်ရယ်၊ ပျော်ရွှင်မှုတွေ မျှဝေချင်တာရယ်ကြောင့် ကလေး အယောက် ၉ဝ ကို အဖွဲ့ ၅ ဖွဲ့ခွဲပြီး လူခွဲလိုက်တယ်။

ရယ်ရသေးတယ်။ ကျွန်မပါတဲ့အဖွဲ့က ခေါ်လာတဲ့ကလေးတွေက ကလေးသေးသေးလေးတွေ နောက်ပြီးတော့ မိန်းကလေးတွေကြီးပဲ တချို့က
ရွေးခေါ်တယ်ပေါ့။ သွားခေါ်တဲ့ ညီမလေးကို ဘာလို့ ရွေးမခေါ်လာတာလဲလို့ ပြောတော့ မမကလည်း သူတို့က သမီးကို အကုန်ဝိုင်းဆွဲကြတာတဲ့။ ဒါနဲ့ ကလေးတွေကို နိုင်အောင် ကစားရမယ်နော် နိုင်တဲ့သူ ဆုချမယ်ပြောတော့ သူတို့ နိုင်အောင် ကစားမယ်တဲ့ လက်သီးလက်မောင်းတန်းလို့ ကလေးတွေက တော်တော်ငယ်သေးတယ်။ အဖြူအစိမ်းလေးတွေသာ ဝတ်ထားကြတာ ကောင်းကောင်းကန်းကန်းတော့မဟုတ်ဘူး။ အကျႌအနွမ်းလေးတွေနဲ့လေ။ ဒါနဲ့ တော်သလင်းနေ ပုစွန်သေဆိုတဲ့အတိုင်း နေပူလိုက်တာလည်း ကျဲကျဲတောက်ပဲ သီလရှင်လေးတွေလည်း ကတုံးလေးတွေမှာ ချွေးတရွှဲရွှဲနဲ့ မမောနိုင် မပန်းနိုင် ဆော့ကစားနေလိုက်ကြတာ။ ကျန်တဲ့အဖွဲ့တွေက ခဏနေတော့ သူတို့ ဆော့ပြီးရင် စားဖို့
ရွှေရင်အေးတွေကို အဆင်သင့် ပြင်ထားပြီး ၂ နာရီခွဲတော့ ဆော့တာ ရပ်ပြီး လက်ဆေးခိုင်းရပါတယ်။ နောက်တော့ ရွှေရင်အေးသောက်ဖို့
နေရာချပြီးနောက် အားလုံးကို ပေးဖို့ ဗလာစာအုပ်၊ ခဲတံ၊ ခဲဖျက်၊ မုန့်တွေ၊ သကြားလုံးတွေကို တန်းစီးပြီး ဝေငှလိုက်ပါတယ်။

သီလရှင်လေးတစ်ပါးက အတင်းလာဆွဲတယ်။ ပြီးတော့ ဆရာမ ရော့ စားတဲ့။ သူကို ပေးတဲ့ဝေစုကို လာပေးတယ်။ မစားပါဘူး ဆရာလေး စားပါလို့ပြောတော့ မစားဘူးတဲ့ အတင်းလက်ထဲထည့်ပြီး ထွက်ပြေးသွားတယ်။ ဒါနဲ့ အနားမှာ ရှိတဲ့ တခြားကလေးတွေကို ပြန်ဝေငှလိုက်တော့
သူက ဆရာမကို စားစေချင်လို့ ကျွေးတာပါ။ ရော့ သကြားလုံးတွေစားတဲ့ လာထည့်ပြန်ရော။ ထပ်ပြီး ပြောရတယ် စားပါလို့ ပြောတော့ ပြန်ရင်
လိုက်ချင်တယ်တဲ့။ စိတ်ထဲမကောင်းပါဘူး။ ပျော်အောင် နေလို့ စာကြိုးစားလို့ ပြောတော့ မျက်ရည်လေး ကလယ်ကလယ်နဲ့ နောက်လည်း လာလည်ပါနော်တဲ့။ ဒါနဲ့ ခဏနေတော့ လှူဖွယ်ပစ္စည်းအတွက် ရေစက်ချအမျှဝေဖို့ ဓမ္မရက္ခိတ ဓမ္မာရုံမှာ လူပြန်စုပြီး ဆရာတော်ရဲ့ တရားကို နာကြားကြပါတယ်။ ဆရာတော်က တရားဟောရင်း ပြောပါတယ်။ ဗုဒ္ဒမြတ်စွာဘုရားရဲ့ ဆုံးမစကားဟာ လုပ်သင့် လုပ်ထိုက် မှန်ကန်လား မမှန်ကန်ဘူးလား မေးပြီး တရားတော်နဲ့အညီ ပြုမူနေထိုင်သွားရင် လူတိုင်း တိုးတက်အောင်မြင်မယ်ဆိုတဲ့အကြောင်းတရားတွေပါ နောက်ပြီး ဒီလိုသာ လူကြီးလူငယ်တွေက ထောက်ပံ့ကြမယ်ဆိုရင် စာမတတ်သူ ပပျောက်ရေးဆိုတာလည်း တကယ့်လက်တွေ့မှာ
အကောင်အထည်ပေါ်လာတော့မှာလို့ ယုံကြည်မိတဲ့အကြောင်းနဲ့ ဆရာတော်က နယ်လှည့်သာသနာပြု ပရဟိတလုပ်နေတဲ့
ဆရာတော်တစ်ပါးလည်း ဖြစ်ပါတယ်။ သူက ခု ငါးဆယ်ကျော်ပြီတဲ့ ကလေးတွေနဲ့ ကျွန်မတို့အဖွဲ့ဟာ ပျော်ရွှင်မြူးတူးစွာ ဆော့ကစားနေကြတာ
တကယ့်မောင်ရင်းနှမအတိုင်းပဲ မြင်ရတာ ကြည်နူးတယ်တဲ့ သူတောင် အသက် ပြန်ငယ်လိ်ု့ရရင် ပြန်ငယ်ချင်သေးတယ်လို့ ပြောရှာပါတယ်။ ဒါနဲ့
ရေစက်ချ ပြန်ဖို့ ပြင်ကြဆင်ကြနဲ့ ၃ နာရီ ၄၅ မိနစ်မှာ ပြန်လည်ထွက်ခွာလာခဲ့ပါတယ်။ သူတို့တွေရဲ့ ကြေကွဲတဲ့အကြည့် ခဏတာ ပျော်ရွှင်မှုဟာ အိပ်မက်ပုံစံမျိုး ဖြစ်မှာ အရမ်းကြောက်မိပါတယ်။ သူတို့လေးတွေ အမြဲပြုံးပျော်ရွှင်ပြီး ပညာတတ်တွေ အနာဂတ်ရဲ့သားကောင်းဇာနည်တွေ ဖြစ်စေချင်မိတာ ကျွန်မ မလွန်ဘူးလို့ ထင်ပါတယ်။ ကျွန်မတို့အဖွဲ့ရဲ့ ပြုပြုသမျှ ကုသိုလ်အဖို့ဖို့ကို သင်လည်း ရစေဖို့ ထပ်မံ မေတ္တာပို့ အမျှအတမ်း ဝေလိုက်ပါတယ်။ ကျွန်မရဲ့ တစ်နေ့တာ အလုပ်က အကျိုးရှိလား မရှိဘူးလား စာဖတ်သူ ပြောပြသွားပါဦးနော်။

ရင်ထဲက ထွက်ကျလာတဲ့စကားစုလေးတစ်စုကို ကဗျာအဖြစ် သွန်းလောင်းခဲ့မိပါတယ်။

သာဓုခေါ်နိုင်စေ

ရွှေကိုသာ ရမယ်ဆို
ဘာမဆိုလုပ်တဲ့
ရွှေရဲ့ကျွန် ငါမဟုတ်….။
ငွေကိုသာရမယ်ဆို
ဘာမဆိုလုပ်တဲ့
ငွေရဲ့ကျွန် ငါမဟုတ်…။
ကျော်ကြားမှုသာရမယ်ဆို
ဘာမဆိုလုပ်တဲ့
ကျော်ကြားမှုကျွန် ငါမဟုတ်…။
တစ်ခဏတာ ဘဝထဲတွင်
ကုသိုလ်အစု ပြုချင်ခဲ့
ကောင်းမြတ်သော
ဘဝနေနည်းဓမ္မအတွက်
ကိုယ်တိုင်လည်း အစွမ်းကုန်ကြိုးစား
အများအတွက်လည်း
နိုင်စွမ်းသရွေ့ကူညီ
ကျန်ရှိနေတဲ့အချိန်များအတွင်း
ကောင်းမှုမြတ်နိုး
ကောင်းအောင်လုပ်ရင်း
ထိုကောင်းမှုအတွက်
နှလုံးသားဖြင့် ခေါင်းလောင်းထိုး
အားလုံးအတွက် အမျှဝေ
နှလုံးသားရှိသူတိုင်း
ကြားသိရှိ
သင်လည်း သာဓုခေါ်နိုင်စေ…။ ။

တတ်နိုင်သလောက် လက်တစ်ဖက်ကမ်းရင်း မိဘမဲ့များအတွက် ရှင်သန်ရပ်တည် ပြုပြုသမျှကောင်းမှု အစုစုကို ပြန်လည် မျှဝေလိုက်ပါတယ်။

11 comments

  • Yin Nyine Nway

    July 16, 2010 at 10:46 am

    ဟုတ်တယ်
    ရှိပြီးတဲ့ လူတွေကိုပဲ လှူနေတာထက်စာရင်
    မရှိတဲ့ လူကိုလှူတာက နာမည်တော့မရပေမဲ့ ပိုပြီး ကုသိုလ်ရမှာပါ

  • manawphyulay

    July 16, 2010 at 10:55 am

    မိဘမဲ့ကျောင်းများ နှစ်လတစ်ကြိမ် သွားရောက် ကုသိုလ်ယူနေပါသည်။ လှူဒါန်းချင်သူများ ဆက်သွယ်နိုင်ပါသည်ရှင်…..

  • kopauk mandalay

    July 16, 2010 at 12:02 pm

    မှန်ပါတယ်။
    ပြည့်နေတဲ့အိုးထဲကိုရေထပ်ထည့်မယ်.အစား မပြည့်သောအိုးကို ဖြည့်တာ
    လိုအပ်သောနေရာကို ဖြည့်ပေးတာ ပိုသဘာဝကျပါတယ်။
    အခုလို လိုအပ်နေတဲ့နေရာလေးကို သိသူတွေကလဲ သတင်းပေးသင့်ပါတယ်။
    တွေ့တယ်နော် အကျီအနီလေးနဲ့ပေါ့။

  • zaymdy

    July 16, 2010 at 1:01 pm

    အကျိုးရှိတဲ့ အလုပ်လေးပါ ဗျာ လို.အပ်နေတဲ့ အလှူလေးပါ ဒီထက်မက
    လှူနိုင် တန်းနိုင်ပါစေဗျာ

  • manawphyulay

    July 9, 2011 at 11:04 am

    လူတိုင်းလူတိုင်း ရင်ထဲမှာ မေတ္တာတရား ထားနိုင်ကြပါပြီး ပရဟိတအလုပ်လေးတွေကို တစ်နိုင်တစ်ပိုင်လုပ်နိုင်ကြမယ်လို့ မနော မျှော်လင့်နေမိပါတယ်။

    • manawphyulay

      January 21, 2012 at 12:21 pm

      အမြင်ကတ်ပုဒ်မနဲ့ အနီတွေ လာပေးထားပြန်ပြီထင်တယ်။ ကောင်းလေစွ ကောင်းလေစွ.. အလှူပြုတာတောင် အကုသိုလ်လုပ်တဲ့သူကရှိသေးဆိုသလိုပေါ့လေ.. အားမပေးတဲ့သဘောလား။

  • zaw min

    July 9, 2011 at 2:24 pm

    ကောင်းမူတစ်ခု နေုစဉ်ပြု ကောင်ကျိုးချမ်းသာ အဖြာဖြာဧကန်ရမည်သာ။သာဓု..သာဓု…သာဓု
    တကယ်လိုအပ်တဲ့ နေရာမှာလှူတန်းရတာ အလှူခံပုဂ္ဂိုလ်ရော၊ အလှူရှင်ပါ အင်မတန်အကျိုးရှိလှပါတယ်။အများအကျိုးကိုဆက်လက်ဆောင်ရွက်နိုင်ပါစေဗျာ….ဆက်သွယ်လှူတန်းလိုပါသည်။

  • True Answer

    January 21, 2012 at 12:35 pm

    ကောင်းမှုတစ်ခု နေ့စဉ် ပြု။
    နောက်တော့
    ကောင်းမှု တစ်ခု မက နေ့စဉ် ပြု။
    နောက်တော့
    အချိန်တိုင်းမှာ ကုသိုလ်ကောင်းမှုဖြစ်နေအောင်….
    ကျွန်ုပ်တို့ ကြိုးစားရပေမည်

    • manawphyulay

      January 21, 2012 at 12:52 pm

      အတိုင်းထက် အလွန်ပေါ့ရှင်။ ကုသိုလ်တရားဆိုတာ အစဉ်အမြဲပြုနိုင်ရင် အကောင်းဆုံးပါပဲ။

  • မှော်ဆရာ

    January 21, 2012 at 6:59 pm

    ကလေးတွေကြားထဲမှာ မ မနောကိုတွေ့တယ် ..
    ပန်းရောင်လေးနဲ့ ..
    ဂတုံးလေးနဲ့ :mrgreen:

  • မမမနောရဲ ့ကောင်းမှု ကုသိုလ်က မွန်မြတ်ပါပေတယ်။
    ဒါနဲ ့လေ အနီမှတ်တွေ များနေသလားလို ့ပါ။ဘယ်လိုဖြစ်ပါလိမ့်ဗျာ။
    တစ်ခုခုတော့ မှားနေသလား။

Leave a Reply