တစ်ခုသောတနင်္ဂနွေ

ဆုျမတ္မိုးDecember 11, 20121min1414

 တိတ်ဆိတ်တဲ့လမ်းမကြီးက ဝါကျင့်ကျင့်မီးရောင်တွေကလွဲရင် ခွေးတစ်ကောင်ကြောင်တမြီးမှမရှိ ။ လမ်းတစ်ဘက်က အုပ်အုပ်ဆိုင်းဆိုင်းနွယ်ပင်တွေ ကားမှတ်တိုင်ခေါင်မိုးပေါ်ကိုတိုးတက်နေလိုက်ကြတာ ။ မိုးတိတ်ပြီးစ ဒီလိုအချိန်ဆိုရင် ဒီနေရာမျိူးက ခြောက်ကပ်တတ်တာကို သူမသိလျက်နဲ့ပဲ ဒီလမ်းကိုဇွတ်လာမိခဲ့တာလည်းသူမအပြစ် ။ ဘေးပတ်ဝန်းကျင်ကိုအကဲမခပ်ရဲလောက်အောင် သူမထိတ်လန့်နေမိသည်။ နောက်ဘက်က ခရစ်ယာန်ဘုရားရှိခိုးကျောင်းကြီးကလည်း ခါတိုင်းတနင်္ဂနွေရက်တွေနဲ့မတူ တိတ်ဆိတ်ငြိမ်သက်နေလိုက်တာ ။ မနက်ခင်းကပဲသူမဘုရားကျောင်းတက်ဖို့ရောက်လာခဲ့သေးတယ်လေ။ဘုရားကျောင်းဘက်ကိုဆတ်ခနဲ့တစ်ချက်ငေးအကြည့် ဘေးနားမှာက ယူကလစ်ပင်အောက်မှာ လူရိပ်ယောင်ယောင်မြင်လိုက်မိသည်။ သေချာအောင်ထပ်ကြည့်လိုက်တော့ ဘာမှမရှိပြန်.. သူမမျက်စိမှားတာပဲနေမှာပါ ကြောက်ပါတယ်ဆိုမှ ။
ကြောက်စိတ်တွေဝင်နေပေမယ့် စိတ်ထဲမှာမသိုးမသန့်ခံစားချက်ကို သူမခုမှစခံစားမိသည်။ အချိန်က ည ဆယ့်နှစ်နာရီနီးပါး ၊ နေရာက လူ့မလိုင်တွေအနေများတဲ့ အိမ်ရာဝင်းတစ်ခုရဲ့ နောက်ဘက်က ကားလမ်းမကြီးဘေးက ကားမှတ်တိုင်သေးသေးလေးတစ်ခု ၊  မိုးတိတ်ပြီးစ လူခြေတိတ်နေတဲ့ညတစ်ညမှာ သူမဘာကြောင့်ကားစောင့်နေရသလဲ….။ သူကဘာကြောင့်တစ်ယောက်တည်းဖြစ်နေရတာလဲ..။ ပင်ပန်းလွန်းတဲ့နှလုံးသားအတွေးတစ်စကိုဖယ်ထုတ်လိုက်ပြီး ပတ်ဝန်းကျင်ကိုအာရုံစိုက်လိုက်မိတယ်..။ညက တိတ်ဆိတ်လွန်းသလို ကားအသွားအလာကလည်း ပြတ်လုနီးပါးဖြစ်နေပြီ ။မြို့ပြရဲ့ညတွေကလည်းတိတ်ဆိတ်နေလိုက်တာ။ ခွေးလေ ခွေးလွင့်တွေရဲ့အူသံကိုကြားရရင် အဲဒီနေရာမှာတင်သူမအသက်ထွက်သွားနိုင်တယ်။ အခုတော့မီးရောင်ခပ်ကျင်ကျင်တွေကြောင့်သာ သူမဆက်ပြီးအားတင်းနေနိုင်ခဲ့တာပါ..။ လက်ထဲက ဖုန်းလေးကို ကိုင်ရင်း..နှိပ်နေကျနံပါတ်လေးကိုနှိပ်ရင်ကောင်းမလားစဉ်းစားမိပေမယ့် ရင်ဘတ်ထဲကနာနေတယ်…။ အို…….ဘယ်လိုဖြစ်ဖြစ်..လုံးဝမခေါ်နိုင်ဘူး ။ မျက်ရည်ကြည်တစ်စက်လက်ခနဲဖြစ်သွားပေမယ့် သူမအားတင်းလိုက်မိသည်..။နောက်ထပ်ဘယ်တော့မှမငိုဘူး ။

ဖုန်းလေးကိုကောက်ကိုင်လိုက်ရင်း နောက်ကားလာမယ့်အချိန်ကိုသူမကြည့်လိုက်မိသည်..။ ဆယ့်ငါးမိနစ်အတွင်းရောက်မယ်ဆိုတဲ့ကားက ခုချိန်ထိမရောက်နိုင်သေးပါလား ။ ညကလည်းနက်လာလိုက်တာ…နောက်ကျောမလုံစိတ်နဲ့အတူ အရိပ်တစ်ခုသူမဆီကိုလွင့်စင်လာသလိုခံစားရသည်..။ လှည့်ကြည့်လိုက်တော့ သူမလိုပဲဘဝတူ ကားလာစောင့်ပုံရသော ယောကျာ်းလေးတစ်ယောက် ။ ဘာပဲပြောပြောအဖော်လေးရှိတော့ သူမအားတက်မိပါတယ်။ ဒါပေမယ့်လည်း လူဆိုးလားလူကောင်းလား သူမမသိနိုင်ဘူးလေ..။ သူမနဲ့မတိမ်းမယိမ်းအရွယ်အဲဒီကောင်လေးဟာ..အော်လ်တာဦးထုပ်ကလေးဆောင်းပြီး သူမရှိရာခုံလေးနားမှာပဲ ဝင်ထိုင်လိုက်သည်။ ခွေးရုပ်ကလေးပေါ်မှာပတ်ထားတဲ့အိုင်ပေါ့ကြိုးလေးကို ဖြည်ယူရင်း သူမထိုကောင်လေးကိုမိတ်ဆွေဖွဲ့ဖို့လှမ်းကြည့်လိုက်မိသည်။ သူမသာအကြိမ်ကြိမ်ကြည့်နေပေမယ့်ထိုကောင်လေးကတော့ သူမကိုလှည့်မကြည့်သလို သတိထားမိသယောင်တောင်မရှိ လက်ထဲမှာရှိတဲ့အိုင်ဖုန်းလေးကို အသည်းအသန်ကြည့်နေလေတော့  သူမလည်း မာနကြီးတဲ့သူပီပီ လှည့်မကြည့်တော့ပဲ အိုင်ပေါ့လေးကိုပဲဆက်ဖွင့်ပြီး သီချင်းမြူးမြူးလေးတွေရွေးနားထောင်မိပါတယ်..။ ကဲ ဘယ်လောက်ထူးဆန်းလိုက်လဲနော် ညသန်းခေါင် ဘက်စကားမှတ်တိုင်မှာ ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက် ၊ အတွေးကိုယ်စီနဲ့အလုပ်တွေရှုပ်နေကြတာလေ..။ ဘေးနားက ဘုရားကျောင်းက ဒေါင်ဒင်ဒင်ဆိုပြီး ၁၂ နာရီထိုးသံကြားရသည်..။ မျှော်လင့်နေတဲ့ ဘက်စ်ကားကလည်းခုထက်ထိမလာနိုင်သေး..။ ဘေးကကောင်လေးကလည်းငုတ်တုပ် တုတ်တုတ်မျှကိုမလှုပ်။ သူမစိုးထိတ်စပြုလာပြီ..။ သူမခဏခဏကြည့်တတ်တဲ့သရဲကားထဲကလို..ဘေးနားက ကောင်လေးဟာ မျက်နှာတစ်ခြမ်းပျက်ပြီး သူမကိုပြုံးပြမလား ၊ ကျောကုန်းဟောင်းလောင်းပေါက်ကြီးနဲ့ သူမကိုနောက်လှည့်ပြမလား…လားပေါင်းမြောက်မြားစွာနဲ့သူမဇောချွေးပြန်နေမိသည်။

မျှော်နေတုန်းမှာပဲ ကျော့ဆုံးလာဆိုသလို သူမမျှော်လင့်နေတဲ့ ၇၅ ကားကြီးက သူမရှေ့ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပြီ ။ သူမဘေးက ကောင်လေးကတော့ ခုမှလောကကြီးနဲ့အဆက်သွယ်ပြန်ရသွားသလိုပဲ ။ ဖုန်းလေးကိုအိတ်ထဲအသာလေးထည့်ရင်း ကားပေါ်ကိုလွှားခနဲပြေးတက်လိုက်တယ်..။လူတစ်ယောက်စ နှစ်ယောက်စနဲ့အေးစိမ့်နေတဲ့ကားပေါ်မှာ သူမနေရာယူရင်း ပတ်ဝန်းကျင်ကိုငေးကြည့်မိသည်။ လူနေထူထပ်လွန်းတဲ့မြို့ပြ ၊ လူနေမှုစရိတ်မြင့်မားလွန်းတဲ့မြို့ပြ ၊ မိဝေးဖဝေးနေလာခဲ့တာ သူမတော်တော်လေးကြာမြင့်ခဲ့ပြီ။ တနင်္ဂနွေနေ့မနက်ခင်းတိုင်း သွားနေကျဘုရားကျောင်းလေးနဲ့ ချစ်သူသာမရှိရင် သူမဘယ်လိုရှေ့ဆက်ရမယ်မသိ..။ ချစ်သူကကော………။ လက်ထဲကဖုန်းလေးကိုကောက်ကိုင်ရင်း ဓာတ်ပုံလေးတွေကိုပြန်ကြည့်မိသည်။ ခန့်ညားချောမောလွန်းတဲ့သူမရဲ့ချစ်သူ..။ ပျော်စရာနေ့ရက်တွေက ပြန်ရနိုင်ဖို့ခဲယဉ်းသလို ပြန်ရောက်လာဖို့ရှည်ကြာလွန်းသည်။ သူမမျက်ဝန်းတွေအရောင်လဲ့သွားတယ်..။ သူနဲ့အတူကားပေါ်တက်လာတဲ့ကောင်လေးကတော့ ဖုန်းကိုသဲကြီးမဲကြီးအာရုံစိုက်နေပြန်သည်..။ အသားဖြူဖြူနဲ့နှစ်လိုဖွယ်ကောင်းတဲ့ပုံစံလေးကိုကြည့်ပြီး စိတ်ထဲမှာတော့ရယ်ချင်သွားသလိုပဲ..သူမ အဲဒီကောင်လေးကို သရဲလားတောင်ထင်မိသေး ဆောရီးပါကောင်လေးရယ်…။

သူမဆင်းမယ့်မှတ်တိုင်ရောက်ခါနီးပြီမို့ အလန်းခလုတ်လေးကိုနှိပ်ရင်းအောက်ကိုဆင်းဖို့ပြင်ဆင်လိုက်သည်…။ချစ်သူဝယ်ပေးထားတဲ့ ဆလင်းဘတ်အိတ်လေးကိုကိုင် အိုင်ပေါ့လေးကိုသိမ်း ဖုန်းလေးကိုကောက်ကိုင်ရင်း သူမကားပေါ်ကပေါ့ပါးစွာဆင်းလိုက်မိသည်..။ ဝေ့ခနဲဝိုက်ခနဲတိုက်လာတဲ့ မိုးနံ့သင်းလေညှင်းတွေကိုရှုရှိုက်ရင်းသူမတွေးလိုက်မိသည်…

ချစ်သူ မနက်က ငါသာဘုရားကျောင်းမသွားခဲ့ရင် နင်နဲ့ငါရန်ဖြစ်စရာအကြောင်းမရှိ။
ငါသာနင်နဲ့ရန်ဖြစ်ပြီး လမ်းမကူးမိရင်….ဒီလို….စိန့်မေရီသချင်္ိုင်းမှာ ငါညနက်နက်တွေကိုဖြတ်သန်းစရာအကြောင်းမရှိဘူးပေါ့….။ ။

4 comments

  • လရောင်မလင်း
    ညမှောင်မှောင်
    သန်းခေါင်ချဉ်းနေတဲ့အချိန်ရောက်အောင်
    ဘာတွေများ လုပ်နေပါလိမ့် သိချင်လိုက်တာအေ

    • ဆုမြတ်မိုး

      December 12, 2012 at 8:27 am

      ဘုရားကျောင်းကအပြန် လမ်းဖြတ်အကူး ဖုန်းပြောရင်းကားတိုက်ရာကနေ….ညနေဘက်ကျသူနေရမယ့်သချိုင်းကိုပြန်တာလေ..:P

  • MaMa

    December 12, 2012 at 9:10 am

    အရေးအသားက မိုက်တယ်။
    တော်ရုံလက်တော့ မဟုတ်ဘူး။ :hee:

Leave a Reply