“နှလုံးသားကို ပိုင်စိုးသောမြေ”(EPISODE 19)

nicolus agralDecember 12, 20121min661

တကယ်တမ်းကျတော့ အသက် ၁၄ နှစ်အထိသာ တရုတ်နိုင်ငံမှာနေခဲ့ပြီး လူလားမြောက်ကတည်းက အင်္ဂလန် အမေရိက မှာ ကြီးပြင်းခဲ့ရတာမို့ သူများကကိုယ့်ကို “တရုတ်ဖြစ်ရတာ ဘယ်လိုနေသလဲ။ ကိုယ့်ကိုယ်ကိုယ် တရုတ် လို့ရော စိတ်ထဲမှာ ထားသေးရဲ့လား။” လို့ မေးလာရင် ဘယ်လိုဖြေရမှန်းတောင် မသိပါဘူး။ အမှန်အတိုင်းပြောရရင်တော့ အမေရိကန်တွေကြားထဲရောက်နေရင် အမေရိကန်တစ်ယောက်လို့ ခံစားရပြီး တရုတ်တွေကြားထဲပြန်ရောက်သွားရင်တော့ တရုတ်ပြန်ဖြစ်သွားတာပေါ့။ ကျီးယောင်လည်း ဆောင်နေတာ မဟုတ်ဘူး။ ဒေါင်းယောင်လည်း ဆောင်နေတာ မဟုတ်ဘူး။ ပတ်ဝန်းကျင်နှစ်ခုစလုံးမှာ အသားကျအောင် နေတတ်နေပြီ။ အယူအဆ အတွေးအမြင် သဘောထားဆိုတာ တခြားလူတွေ နားလည်စေချင်ရင် စကားလုံးတွေနဲ့သာ ထုတ်ဖော်ပြသရစမြဲမို့ တခါတခါမှာ အင်္ဂလိပ်ဝေါဟာရတွေ တရုတ်ဘာသာမှာ အလားတူ မရှိဘူးဆိုရင် တရုတ်တွေဟာ အဲသလို အတွေးအမြင်မျိုး မရှိဘူး လို့ ယူဆလို့ရတယ်။ တချို့တရုတ်ဝေါဟာရတွေ အင်္ဂလိပ်စာမှာ မရှိတာလည်း ဒီသဘောပေါ့။ အင်္ဂလိပ်တွေရဲ့ စိတ်နေသဘောထားကို အင်္ဂလိပ်တွေမှသာ နားလည်နိုင်ကြသလို တရုတ်တွေရဲ့ အတွေးအခေါ်ကိုလည်း တရုတ်တွေသာ အလွယ်တကူ သဘောပေါက်နိုင်စွမ်းရှိမယ်။ (ဒါကြောင့်မို့ တရုတ်မလေးတွေကို ကိုယ့်ကိုနားလည်ပေးပါ ကလေးရယ် လို့ သွားပြောရင် ဟိုက ဝေါ်ပုကျိတောက် လို့ပဲ ပြန်ပြောတာနေမယ်)။ ယင်းမာတို့ဘိုးဘိုးဟာ ဟောင်ကောင်မှာ သုံးနှစ်လောက်နေသွားပေမယ့် အဲဒီမှာပြောတဲ့ ကန်တုန်စကားကို သူမတတ်ပါဘူး။ အားအားရှိ စာဖတ်နေတတ်ပြီး ဖတ်သမျှကလည်း သတင်းစာကလွဲရင် စာအုပ် သုံးအုပ်ပဲ ရှိတယ်။ “ယိကျင်း” ရယ်၊ “ရှီဂျီ” ရယ်၊ တရုတ်အဘိဓါန်ကလေးတစ်အုပ်ရယ်ပဲ။ တခါတုန်းကတော့ သူ့ကို မေးကြည့်ဖူးသေးတယ်။ ဘာဖြစ်လို့ ဒါတွေချည့်ပဲ အပြန်ပြန်အလှန်လှန်ဖတ်နေရသလဲ ဆိုတော့ ဖိုးဖိုးက သေသေချာချာ တွေးတွေးဆဆ နဲ့ ဖြေတယ်။ “ဖိုးဖိုး အရင်တုန်းကတော့ စာတွေ အများကြီး ဖတ်ခဲ့ဖူးပါတယ်။ အခုချိန်မှာတော့ ဖိုးဖိုးအတွက် ဝတ္ထုဇာတ်လမ်းတွေ၊ အံ့ဖွယ်သုတတွေက စိတ်ဝင်စားစရာ မကောင်းတော့ဘူး။ အပြင်လောကမှာ ဘာတွေ ဖြစ်ပျက်နေသလဲပဲ စိတ်ဝင်စားတော့တယ်။ အဲဒါကြောင့် ဖိုးဖိုး သတင်းစာတွေဖတ်တယ်။ ကျန်တဲ့စာအုပ် သုံးအုပ်ကတော့ ဖိုးဖိုးစိတ်တွေ တွေဝေလာတဲ့အခါ တရုတ်ရိုးရာဗေဒင် ယိကျင်း (I Ching) ကိုဖတ်မယ်။ တရုတ်စကားလုံးတွေ အဓိပ္ပါယ်ဒွိဟဖြစ်လာရင် အဘိဓါန်စာအုပ်ကြည့်မယ်။ ဖိုးဖိုးတို့ တရုတ်ယဉ်ကျေးမှုထွန်းကားလာပုံကို သိချင်ရင် ရှီဂျီကိုဖတ်မယ်။ ဖိုးဖိုးအတွက်တော့ အဲဒီစာအုပ်သုံးအုပ်ဟာ တရုတ်ဖြစ်ရကျိုးနပ်တဲ့အရသာပဲ။”

လျူဘန်ဟာ ရှန်းယုကို ဖန်ဘိုးဘိုးနဲ့ အောင်အောင်မြင်မြင် သွေးခွဲလိုက်နိုင်ပေမယ့် တောင်ဘက်အရပ်က ရှန်းယုတို့ ချူနိုင်ငံနဲ့ စစ်မျက်နှာမှာတော့ မအောင်မြင်နိုင်သေးပါဘူး။ သူကိုယ်တိုင် စပါးကျီအစောင့်ဘဝကနေ စစ်ဗိုလ်ချုပ်ကြီးရာထူးတိုးပေးထားတဲ့ ဟန်ကျင်းကတော့ မြောက်ဘက် စစ်မျက်နှာမှာ ပညာရှိချင်ယုကို တိုက်နေရတယ်။

ချင်ယုဟာ ငယ်ငယ်က ကွန်ဖြူးရှပ်စ်ကျောင်းမှာ စာသင်နေခဲ့တုန်း ဆန်အဲဆိုတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ အသက်ပေးမတတ် ချစ်ကြခင်ကြသတဲ့။ သူတို့ ဝေနိုင်ငံကို ချင်ဧကရာဇ်ကြီး လာသိမ်းပြီး စာအုပ်မီးရှို့ ကျောင်းသားမြေဖို့ လုပ်တော့ သူငယ်ချင်းနှစ်ယောက် တောခိုပြီး နန်းကျဘုရင်တွေကို နန်းတင်ဖို့၊ စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့လုပ်တဲ့အတွက် ချင်တိုင်းပြည်က ဘလက်လစ်စ် ထုတ်လိုက်တာကြောင့် ချူနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်နေကြရသတဲ့။ အဲဒီအချိန် နယ်စပ်က ဆောင်ပြည်နယ်မှာ သူပုန်ထတော့ သူတို့လည်း ဝမ်းသာအားရ ပူးပေါင်းလိုက်ကြရော။ ချင်အင်ပါယာကျဆုံးချိန်မှာ ဂျောင်ကောကြီးတို့ ရှန်းယန်နေပြည်တော်ကို သူပုန်တွေ ဝိုင်းတုန်းက နန်းထဲရှိတဲ့ တပ်တွေနဲ့ ကာကွယ်ပေးခဲ့တဲ့ ဘဏ္ဍာစိုးဆန်းလျန်ဟာ သူပုန်ခေါင်းဆောင် ရှန်းယုရဲ့ဦးရီးတော်ကို နှိမ်နှင်းပြီးတာနဲ့ မြောက်ဘက်က ဆောင်ပြည်နယ်ကို လာဝိုင်းပါတယ်။ ဒီအခါမှာ ဆောင်ဘုရင်က ဆန်အဲနဲ့အတူ ဂျူလူးမြို့ကို ထွက်ပြေးရင်း ဟိုမှာ ပိတ်မိနေရော။ ချင်ယုကတော့ အဲဒီအချိန် အပြင်ရောက်နေလို့ လွတ်သွားသတဲ့။ ဆန်အဲခမျာ ချင်ယုကို ကယ်ပါယူပါ တစာစာ အော်သော်လည်း ဟိုက မကယ်ပါဘူးတဲ့။ သူ့ဦးရီးတော်သတင်းကြားတာနဲ့ ရှန်းယုက အပြင်းချီလာပြီး ချင်တပ်တွေကို တိုက်ထုတ်ပစ်လိုက်တဲ့အတွက် သူတို့လည်း အသက်ချမ်းသာရာရသွားရှာတယ်။ ဒါပေမယ့် ချင်ယု နဲ့ ဆန်အဲတို့အကြားမှာ စိတ်တွေ နာကုန်တယ်။ အဲဒီဂျူလူးတိုက်ပွဲမှာ ချင်ယုက ချင်နိုင်ငံကစစ်သူကြီး ဘဏ္ဍာစိုးဆန်းလျန်ဆီကို ချင်အင်ပါယာ ကျရှုံးတော့မှာမို့ ရှန်းယုဆီမှာ လက်နက်ချ အညံ့ခံသင့်ကြောင်း တိုက်တွန်းခဲ့တဲ့စာဟာ အင်မတန် နံမယ်ကျော်ပါတယ်။ ဒါပေမယ့် စာအကြောင်းပေအကြောင်း နားမလည်တဲ့ စစ်သူကြီးရှန်းယုက သူ့အစား ဆန်အဲကို ဆောင်ဘုရင်အဖြစ် နန်းတင်လိုက်တော့ ချင်ယုခမျာ ဂျေတွေဝင်ရလွန်းလို့ အိပ်လို့တောင် မပျော်ဘူး။ ဒါကြောင့် သူ့အချစ်ဟောင်းကြီး ဆန်အဲကို တိုက်ဖို့အတွက် ချီနိုင်ငံက ရောင်စစ်သူကြီးဆီမှာ စစ်ကူသွားတောင်းတာပေါ့။ စစ်ကူအားကိုးနဲ့ ချင်ယုက ဆန်အဲကို တိုက်ထုတ်ပြီး ဆောင်ဘုရင် အဟောင်းကိုပဲ ပြန်နန်းတင်တဲ့အခါ ရှန်းယုကို နားရွက်တံတွေးဆွတ်သလို မဖြစ်ပါလား။ သူ့ထက်ပိုပြီး မျက်နှာ တံတွေးနဲ့ထွေးသလို ဖြစ်ရတဲ့သူကတော့ နန်းတင်ပေးတဲ့ ချင် ဘက်က ရှန်းယုဆီ မပြေးပဲ ဟန် ဘက်က မဟာရန်သူတော်ကြီး လျူဘန်ကို မှ အကူအညီသွားတောင်းတဲ့ ဆန်အဲပါပဲ။ ရိုးရိုးသွားတောင်းတာတောင် မဟုတ်ဘူး။ ရှန်းယုရဲ့ အမျိုးတစ်ယောက်ကို ခေါင်းဖြတ်ပြီး လက်ဆောင်အဖြစ် ယူသွားသေးတာတဲ့။ ဟိုကလည်းပဲ ငါ့ရန်သူရဲ့ရန်သူဆိုတာ မိတ်ဆွေပဲ လို့ဆိုပြီး ဝမ်းသာအားရကို ခိုလှုံခွင့်ပေးလိုက်တယ်။ အခု အဲဒီဆန်အဲဟာ လျူဘန်ရဲ့လက်ထောက် ဗိုလ်ချုပ်ကြီးဟန်ကျင်းနဲ့ မြောက်ဘက်စစ်မျက်နှာမှာ ပညာရှိချင်ယုကို တိုက်နေတာပေါ့။ နားရှင်းအောင် ပြောရရင် “ချင်” နဲ့ “ဆောင်” နဲ့ တိုက်နေတဲ့အကြားကို အခု “ဟန်” ဝင်စွက်ဖက်လာတာ။ ပဋ္ဌာန်းဆက်တွေက အဲသလိုရှိနေပါတယ် တရားနာပရိသတ်ရေ။ (ချ ချိ ချု ချေ ချဲ ချော ချန် ချို နဲ့ မျက်စိတွေကို လည်နေလောက်ရောပေါ့။ ပြောသားပဲ တရုတ်စာက တရုတ်မှ နားလည်ပါတယ် လို့)။

စစ်သူကြီးဟန်ကျင်း ဆောင်နိုင်ငံ မရောက်ခင်မှာ လီ ဆိုတဲ့ စာပေသမားတစ်ယောက်က ချင်ယုဆီလာပြီး အကြံပေးသတဲ့။ (သူတို့တရုတ်ပြည်မှာ အကြံပေးတွေ တယ်ပေါသကိုးဗျာ)။ “ရှေးဆိုရိုးစကား တစ်ခုရှိတယ်။ “ရိက္ခာကို ဝေးဝေးသယ်ရင် တပ်ထဲ အစာမရှိ ဖြစ်တတ်တယ်။ ထမင်းချက်ရင်းမှ ထင်းခုတ်ရင် ဗိုက်ထဲ အစာမရှိ ဖြစ်တတ်တယ်။” တဲ့။ ရန်သူ့တပ်တွေဟာ တောတွေတောင်တွေကြား ခရိးကြမ်းဖြတ်လာတာကြောင့် လူမဆိုထားနဲ့ မြင်းများတောင် ပန်းလှပြီ။ တအောင့်လောက်နေရင် သူတို့တပ်က ရိက္ခာသယ်တဲ့လှည်းတွေဟာ နောက်ကျန်နေရစ်မှာ မလွဲဘူး။ ကျွန်တော်မျိုးကြီးကို စစ်သည်သုံးသောင်းလောက်သာ ခဏငှားပါ။ ဖြတ်လမ်းကသွားပြီး ခါးလယ်က ဖြတ်တိုက်ပေးပါ့မယ်။ ဒီအတောအတွင်း သင်စစ်သူကြီး မြို့ရိုးအတွင်းမှာသာ အခိုင်အမာ ခုခံနေပါ။ ခရီးပန်း၊ ဝမ်းဆာ၊ စားစရာမရှိတဲ့ ဟန်စစ်တပ်ဟာ ရှေ့တိုးထမ်းပိုး နောက်ဆုတ်လှည်းတုတ် နဲ့ တွေ့ရပါလိမ့်မယ်။ ရန်သူ့တပ်တွေ ပြန်ဆုတ်တဲ့အခါ လမ်းကစောင့်ပြီး ပျောက်ကျားစံနစ်နဲ့ ချေမှုန်းလို့ ရပါတယ်။ ဒင်းတို့တောင့်ခံနိုင်လှ လွန်ရောကျွံရော ဆယ်ရက်ထက် မပိုပါဘူး။ ဟန်ကျင်းနဲ့ ဆန်အဲရဲ့ ခေါင်းနှစ်ခေါင်းကို ဗန်းပေါ်တင်ဆက်ပါ့မယ်။” လို့ ပြောသတဲ့။

အကြံကတော့ ကောင်းပါရဲ့။ ဒါပေမယ့် ဟန်က ရှိသေးသလေ။ ချင်ယုက ပညာတတ်၊ ဂုဏ် နဲ့ ဒြပ်နဲ့ နေတာ။ သတ္တိလည်း မနည်းပါဘူး။ ရန်သူကို ပရိယာယ်သုံးပြီး နောက်ကျောက ဓါးနဲ့ထိုးတဲ့အကွက်မျိုး မသုံးဘူး။ ကြောက်ကြောက်နဲ့ မြို့တံခါးပိတ်ပြီး မီးမှိတ်နေမယ့်အစားလည်း မဟုတ်ဘူး။ မဟာရန်သူအချစ်တော်ကြီး ဆန်အဲရှေ့မှာလည်း သိက္ခာအကျ မခံနိုင်ဘူး။ အဲ သူ့အတွက် ပိုသိက္ခာကျစေတာကတော့ ပညာတတ်ချင်းအတူတူ တစ်မူးပိုရှူတဲ့ကိစ္စလေ။ သေနင်္ဂဗျူဟာစစ်ပညာဆိုတာ ကွန်ဖြူးရှပ်စ်ကျောင်းတော်မှာ သူလည်း သင်ခဲ့ဖူးသားပဲ။ ရန်သူထက်ကိုယ်က အင်အားဆယ်ဆသာနေရင် ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ပါတဲ့။ နှစ်ဆလောက်သာနေရင်တော့ ရင်ဆိုင်တိုက်ခိုက်ပါတဲ့။ ဟန်ကျင်းတို့တပ်တွေက အင်အားတစ်သောင်းလောက်ရှိတယ်ဆိုတာ အလကား။ တကယ်တမ်းရင်ဆိုင်တွေ့ရင် သုံးလေးထောင်ထက် မပိုပါဘူး။ ခရီးပန်းနေတော့ တိုက်ခိုက်ဖို့ အင်အားလည်း ရှိမှာမဟုတ်ဘူး။ နောက်က စစ်ကူတွေမလာခင် ချက်ချင်းကိုယ်တိုင်ထွက်တိုက်တာသာ အကောင်းဆုံး လို့ ကိုတတ်ပ လုပ်လိုက်သတဲ့။

ဟန်စစ်တပ်ကလွှတ်ထားတဲ့ ထောက်လှမ်းရေးတွေက အဲဒီသတင်းကို ကြားသွားတော့ ဝမ်းသာလွန်းလို့ မျက်ရည်များတောင် လည်ရှာတယ်။ မြို့ရိုးနဲ့ မလှမ်းမကမ်းမှာ စခန်းချတပ်စွဲလိုက်တယ်။ ညဉ့်နက်သန်းကောင်ကျမှ လက်ရွေးစင်မြင်းသည်တော် ၂၀၀ဝ လောက်ကို သူတို့ဟန်နိုင်ငံရဲ့ အနီရောင်အလံတော်တွေ ထုတ်ပေးတယ်။ ညတွင်းချင်း တောင်ပေါ်လမ်းကပတ်ပြီး ခံတပ်အနောက်ဘက်ကို ရောက်အောင်သွား။ ကင်းပုန်းဝပ်နေ။ ဒီဘက်က တစုံတရာ အချက်မပြမချင်း ထွက်မလာနဲ့ လို့ မှာတယ်။ “ငါတို့တပ်တွေ ဆုတ်သွားတာ မြင်ရင် ချင်ယုကတော့ မြို့ထဲကထွက်ပြီး နောက်ကလိုက်တိုက်မှာ မုချပဲ။ အဲဒီအခါကျရင် မင်းတို့က မြို့စောင့်တပ်ကို ဝင်စီးပြီး သူတို့ဆောင်အလံတွေကို ဖြုတ်ချပြီး ငါတို့ ဟန်အလံတွေကို တင်ရမယ်။” လို့ သေသေချာချာ မှာထားတယ်။ အဲဒီနောက်တော့ တပ်သားတွေကို လက်ကျန်ရိက္ခာတွေ အကုန်ထုတ်ပေးပြီး “ဝလင်အောင် စားထားနှင့်ကြ။ နက်ဖြန်ညနေ ဆောင်ကိုသိမ်းပြီးတော့မှပဲ အေးအေးဆေးဆေး ညစာစားရင်း ပြန်ဆုံကြမယ်။” လို့ ပြောလိုက်သတဲ့။ အင်အားချင်းမမျှမှန်းသိတဲ့ ဟန်တပ်သားတွေကလည်း “တို့ဗိုလ်ချုပ်က အရေးထဲ လာ နောက်နေသေးတယ်။ တို့က အင်အားသုံးသောင်းတောင် မပြည့်ဘူး။ ဟိုက စစ်သည်နှစ်သိန်းရှိတယ်။ ရွဲ့ပြောတာနေမှာ။ ငါတို့လည်း ပြန်ရွဲ့ကြတာပေါ့” ဆို ပျော်ပျော်ပါးပါး သောက်ကြစားကြသတဲ့။

နောက်နေ့ကျတော့ ဗိုလ်ချုပ်ဟန်ကျင်းက စစ်သည်တစ်သောင်းကို မြစ်ဘက်ကျောပေးပြီး တပ်ဖြန့်ထားလိုက်သတဲ့။ ဆောင်တပ်ကကောင်တွေတွေ့တော့ “ဒီကောင်တွေ ကြောက်လွန်းလို့ ကြောင်သွားပြီ။” ဆိုပြီး တဟားဟား ရယ်ကြတယ်။ ကြည့်နေရင်းပဲ ဟန်စစ်သည်တွေက အလံတွေ တံခွန်တွေ ဖြန့်ထုတ်လိုက်ပြီး ဆောင်မြို့ရိုးဘက်ကို မုရိုးစည်မောင်းတီးလို့ ညာသံပေးပြီးတက်လာတယ်။ မြို့ထဲက ဆောင်စစ်သည်တွေ ထွက်တိုက်တော့ ဟုတ္တိပတ္တိ ရင်ဆိုင်တိုက်လိုက်သေးတယ်။ တအောင့်လောက်နေတော့မှ အင်အားချင်းမမျှလို့ တပ်လန်တဲ့ပုံစံနဲ့ မြစ်ဘက်ကို ပြန်ဆုတ်တယ်။ ဆောင် စစ်သည်တွေက အားတက်သရော နောက်ကနင်းလိုက်လာတဲ့အခါ မြစ်ကမ်းနံလေးမှာ တိုက်ပွဲ အပြင်းအထန် ရင်ဆိုင်တွေ့ကြပြန်တယ်။ အဲဒီအချိန်ကျမှ ဗိုလ်ချုပ်ဟန်ကျင်းက အလံတွေ ဝှေ့ရမ်း ဘင်ခရာသံတွေပေးလို့ အချက်ပြလိုက်တဲ့အခါ ပုန်းနေတဲ့ ဟန်စစ်သည်တွေက မြို့ရိုးစောင့်တပ်တွေကိုစီးပြီး ဟန်အလံတွေ ရဲနေအောင် တင်ပေးလိုက်တယ်။ တချိန်တည်းမှာပဲ တပ်စွဲထားတဲ့ စခန်းထဲက လူစုံလက်နက်စုံနဲ့ အင်အားအပြည့်သုံးပြိး တရကြမ်းတိုက်စစ်ဆင်တော့တယ်။ မွန်းလွဲပိုင်းလောက်အထိ အရှုံးအနိုင် မပြတ်သားသေးပဲရှိခိုက် ဆောင်စစ်သည်တွေကို မြို့တွင်းပြန်ဆုတ်ဖို့ အမိန့်ပေးလိုက်တဲ့အခါ မြို့ရိုးပေါ်မှာ ဟန်အလံတွေ တလူလူလွင့်နေတာ တွေ့လိုက်ရလို့ “ဒီကောင်တွေ ဘယ်ချိန်ကများ ငါတို့မြို့ကို သိမ်းသွားပါလိမ့်။” လို့ ဇဝေဇဝါ ဖြစ်သွားတယ်။ ငါတို့ဘုရင်များ သူတို့လက်အောက် ကျသွားလို့လားဆို တပ်လန့်ပြီး ဖရိုဖရဲဖြစ်ကုန်ရာက နောက်ဆုံးတော့ တပ်ပျက်သွားတယ်။ ကစဉ့်ကလျားဖြစ်နေတဲ့ ဆောင်တပ်တွေကို ဟန်ကျင်းက အလွယ်တကူ အနိုင်ယူလိုက်ပြီး ချင်ယုကို ခေါင်းဖြတ်ပလိုက်တယ်။

ဆောင်မြို့တော်ကို သိမ်းအပြီးမှာ ဟန်ကျင်းက အပူတပြင်း လိုက်ရှာတဲ့ လူတစ်ယောက်ကတော့ အကြံပေးကောင်းလျက် ဘေးထွက်ထိုင်နေရတဲ့ စာပေသမား လီ ပါပဲ။ သူ့လက်အောက်က စစ်သည်တွေနဲ့ အောင်သေအောင်သားစားတဲ့ ပွဲမှာ သူနဲ့ မျက်နှာချင်းဆိုင် ထိုင်စေသတဲ့။ ပြီးမှ “အခုချိန်မှာ မြောက်ဘက်ကိုစစ်ချီပြီး ယန်နိုင်ငံကို တိုက်လိုပါတယ်။ ပြီးမှ အရှေ့ဘက်က ချီနိုင်ငံကို သိမ်းပါမယ်။ အဲဒါ သင်လူကြီးမင်း ဘယ်လိုသဘောရပါသလဲ။” လို့ မေးသတဲ့။ “သုံ့ရမင်းမှုထမ်းတစ်ဦးတွင် ရဲစွမ်းသတ္တိ ရှိသေးအံ့လော။ စစ်ရှုံးမူးမတ်တစ်ဦးတွင် ဘုန်းတန်ခိုးဂုဏ်ရောင် ထွန်းပြောင်နိုင်အံ့လော။ အကျဉ်းသားမျှသာဖြစ်သူတစ်ဦးအနေဖြင့် ထင်မြင်ချက်ပေးရန် မဝံ့ပါ။” လို့ လျှောက်တင်သတဲ့။ “ရှေးက ယူနိုင်ငံက အမတ်ကြီးကို ချင်နိုင်ငံက သိမ်းပိုက်တဲ့အခါမှာလည်း သူက အကြံကောင်းဉာဏ်ကောင်းတွေ ပေးတဲ့အတွက် ချင်မင်းဆက် ဘုန်းတန်ခိုးကြီးထွားခဲ့ရဖူးတဲ့ သာဓက ရှိတယ်။ ယူအမတ်ကြီးဟာ သူ့ဘုရင်နဲ့သူတုန်းက အသုံးမကျပဲ ကျူးကျော်သူဘုရင်ကိုသာ အလုပ်ကျွေးပြုသူလို့တော့ ဘယ်ပြောလို့ ရမလဲ။ ယူဘုရင်တုန်းက အသုံးမချဖြစ်တဲ့ အကြံဉာဏ်တွေကို ချင်ဘုရင်က အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်လို့ မဟုတ်ဘူးလား။ ချင်ယုကသာ လီပညာရှိစကားကို နားထောင်ခဲ့ရင် ခုချိန်မှာ လက်နက်ချရတဲ့သူက ငါလည်း ဖြစ်ချင်ဖြစ်နေမှာ။ အဲဒါကြောင့် ငါ့အနေနဲ့ မင်းရဲ့ အကြံဉာဏ်တွေကို တလေးတစား လိုက်နာလိုပါတယ်။” တဲ့။ ဒီလိုနဲ့ အပြန်အလှန် ခြေအတင် စကားတွေ ငြင်းခုံပြီးတဲ့နောက်မှာ လီက “ဒါဆိုရင်လည်း စစ်ပန်းနေတဲ့ တပ်သားတွေကို ဆောင်မှာ အမောဖြေပြီး အားပြည့်ပါစေဦး။ ဆောင်လူငယ်လူရွယ်နဲ့ ကလေးသူငယ်တွေကို စည်းရုံးချေပါဦး။ ဒါမှ ယန်ဘက်ကို စစ်မျက်နှာလှည့်သွားရင် ဆောင်ဘက်ကပြည်သူတွေအတွက် နောက်ကြောင်းအေးရမယ်။ ယန် ကို သိမ်းချင်ရင် စစ်ချီမယ့်အစား သံတမာန်လွှတ်ပြီး သစ္စာပေးခိုင်းရင် ပိုသင့်တော်ပါလိမ့်မယ်။ ယန်ကို အောင်မြင်တော့မှ အရှေ့ဘက် ချီနိုင်ငံကို ဆက်စည်းရုံးပါ။” လို့ အကြံပေးသတဲ့။ သူခန့်မှန်းသလိုပဲ ယန်ဘုရင်က အညံ့ခံလာတဲ့အတွက် လျူဘန့်ဆီ သတင်းကောင်းပို့လိုက်ပြိး ဆန်အဲကို နန်းပြန်တင်နိုင်ခဲ့ပါတယ်။

အဲဒီအချိန်မှာ လျူဘန်က ကျွမ်းယန်မြို့အနီးက ချန်ကောင်းမှာ ရှန်းယုတပ်တွေကို ရိက္ခာဖြတ်ဖို့ အောစပါးကျီကို သိမ်းဖို့ စီမံနေတယ်လေ။ သတင်းကြားကြားချင်း ရထားတစ်စီးနဲ့ ညတွင်းချင်း အပြင်းနှင်လာတဲ့ လျူဘန်ဟာ ခရီးရောက်မဆိုက်ပဲ ဟန်ကျင်းတဲနန်းထဲက အမိန့်ပေးတံဆပ်ပြားကိုယူပြီး တပ်မှူးတပ်သားတွေကို အစည်းအဝေးခေါ်တာ ဟန်ကျင်းနဲ့ ဆန်အဲတောင် မသိလိုက်ရပါဘူးတဲ့။ သူ့ကိုယ်သူ ဟန်တပ်မကြီးရဲ့ အကြီးအကဲခန့်ပြီး ဆန်အဲကို ဆောင်ဘုရင်အဖြစ် နန်းတင်၊ ဟန်ကျင်းကိုတော့ ဝန်ကြီးချုပ်ရာထူးပေးလိုက်သတဲ့။ ပြီးတာနဲ့ သေသွားတဲ့ ချင်ယုတပ်တွေကို စုစည်းပြီး အရှေ့ဘက်က ချီနိုင်ငံကို ဆက်သိမ်းဖို့ ဟန်ကျင်းကို ခေါင်းဆောင်စေလွှတ်လိုက်တယ်။ သူကိုယ်တိုင်ကတော့ မူလက ဟန်ကျင်းဦးဆောင်တဲ့တပ်တွေကိုခေါ်ပြီး တောင်ဘက်ပြန်ဆင်းသွားတယ်။ အဲဒီမှာ ရှန်းယုက ချန်ကောင်းမြို့ကိုစီးထားပြိး အောစပါးကျီကလည်း သူ့လက်ထဲမှာပဲ ရှိသေးတာကိုး။ အင်အားတွေဖြည့်တင်းပြီးပေမယ့် လျူဘန်ဟာ ရှန်းယု နဲ့ ထိပ်တိုက်ရင်မဆိုင်ပဲ ချူနယ်စပ်မှာ ပျောက်ကျားစံနစ်နဲ့တိုက်နေတဲ့ ဖန်ယုဆီကို စစ်ကူတွေ ပို့လိုက်၊ ရှန်းယုတပ်ကိုသွားမယ့် ရိက္ခာလှည်းတွေကို ဖြတ်တိုက်လိုက် လုပ်နေတယ်။

အဲဒီအချိန်မှာ ဆရာပေါသွပ်က ချီနိုင်ငံကိုသွားဖို့ သူ့ကိုတမန်အဖြစ် စေလွှတ်ခိုင်းတယ်။ ဟိုအရင်က ရှန်းယုဝိုင်းထားတဲ့ ချီနိုင်ငံမှာ ရောင်ဘုရင်ကို ပြည်သှူတွေကသတ်ပြီး ရှန်းယုဆီမှာ အညံ့ခံခဲ့ပေမယ့် သုံ့ပန်းတွေကို အရှင်မထားမှန်းသိလို့ ရောင် ရဲ့ သားကို နန်းတင်ပြီး အခိုင်အမာ ခုခံနေကြတယ်။ အင်အားနှစ်သိန်းလောက်ရှိတဲ့ အဲဒီတပ်ကြီးသာ လျူဘန့်ဆီပါလာခဲ့ရင် ဘုံရန်သူကြီး ရှန်းယုကို စစ်မှက်နှာ နှစ်ဘက်ညှပ်ပြီး တိုက်နိုင်တော့ မှာ မဟုတ်လား။ ဆရာပေါသွပ်ကို သူတို့အားလုံးပေးထားတဲ့ ဘွဲ့တစ်ခုကတော့ ရွှေလျှာရှင် ပါတဲ့။ သူ့လျှာကလေး သုံးလက်မလောက်ဟာဖြင့် ရွှေချထားထိုက်တဲ့ ပုဂ္ဂိုလ်ပါပဲ လို့ ပြောကြတယ်။ ပြောလည်း ပြောလောက်ပါပေတယ်။ ချီဘုရင်မင်းမြတ်ကလေး ရှေ့တော် ဝင်သွားပြီး “အသင်မင်းကြီး အခု ပြည်သူတွေရဲ့ နှလုံးသားမှာ ဘာရှိတယ်ဆိုတာ သိပါသလား။” တဲ့။ ဟိုက “မသိဘူး။ ပြောပြပါဦး။” ဆိုတော့မှ “ပြည်သူတွေရဲ့ နှလုံးသားမှာ ဟန်နိုင်ငံ ရှိတာပေါ့။” “Ren xin gui Han” (Heart of the people belongs to း Han.) လို့ ပြောသတဲ့။ တရုတ်ပြည်မကြီးရဲ့ မြေပုံပေါ်မှာဆိုရင်လည်း ဟန်နိုင်ငံရှိခဲ့တယ်ဆိုတဲ့ နေရာဟာ အလယ်ဗဟိုကျကျ နှလုံးသားရပ်ဝန်းမှာ တည်ရှိတယ် လို့ ပြောရမယ်။ အရှေ့ဘက်မှာ ချူ ၊ ချီ နဲ့ ယန် နိုင်ငံ၊ အနောက်ဘက်မှာတော့ ချင်နိုင်ငံ၊ မြောက်ဘက်မှာ ဆောင်နိုင်ငံ ရှိတယ်။ အဲဒါကြောင့် တရုတ်ပြည်ကြီးမှာ တရုတ်အဆန်ဆုံးနိုင်ငံကို ပြပါဆိုရင် ဟန်နို်င်ငံအပြင် ပြစရာ မရှိဘူး။ ကိုယ်တို့ဆီက မန္တလေးမြို့ကြီး နဲ့ တူသလားလို့။ (ခုတော့ မန္တလေးတောင် နှလုံးသားက ဟန်နိုင်ငံမှာ ရှိနေမလား မပြောတတ်)။

ဒီစကားပုံဟာ တရုတ်လူမျိုးတွေအတွက် တရုတ်စစ်စစ်အဖြစ် ခံစားရတဲ့ ဝံသာနုစိတ်ဓါတ်ကိုလည်း ညွှန်းတယ်။ ၁၉၉ရတုန်းက မာဂရက်သက်ချာကြီး တိန့်ရှောင်ဖိန်နဲ့ လက်မှတ်ထိုးပြီး ဟောင်ကောင်ကျွန်းကို ပြန်အပ်စဉ်မှာ ယင်းမာရဲ့ မိတ်ဆွေ အမေရိကန် ရေနံလုပ်ငန်းရှင်တစ်ယောက်ဟာ လိုင်ဘေးရီးယား လို့ခေါ်တဲ့ အာဖရိကနိုင်ငံသေးသေးကလေးတစ်ခုမှာ ရောက်နေခဲ့တယ်။ လူမရောက် မြင့်မိုရ်တောင်ဆိုသလို အဲဒီက ကပ္ပလီတွေကြားထဲမှာလည်း တရုတ်ထမင်းဆိုင်ကလေးတစ်ဆိုင် ရှိနေတာကတော့ အံ့ဩစရာ မကောင်းပါဘူး။ အံ့ဩစရာကောင်းတာက ဆိုင်ထဲမှာ ဘာတစ်ခုမှ ချိတ်မထားပဲ စက္ကူအနီရဲရဲကြီးနှစ်ချပ်ပေါ် တရုတ်စာလုံး မဲမဲကြီးတွေ ရေးထားလို့ ဓါတ်ပုံရိုက်ယူလာပြီး ကယ်လီဖိုးနီးယားမှာ ယင်းမာကို ပြတဲ့အခါ အဲဒီ “Ren xin gui Han” ဖြစ်နေတယ်။ မိတ်ဆွေကြီးကတော့ တအံတဩနဲ့ “မင်းတို့တရုတ်တွေဟာ အာဖရိက တောနက်ထဲမှာနေရင်းကလည်း နှလုံးသားက ဟိုမှာပဲ ကျန်နေတုုန်းပဲ။” လို့ ကောက်ချက်ချတယ်။ အဲဒီအချိန်က ဟောင်ကောင်ကျွန်းကို ပြည်မကြီးဘက် ပြန်အပ်ရေး မအပ်ရေးကိစ္စဟာ တရုတ်လူမျိုးတွေ အကြားမှာ တော်တော်ကြီးကို ဂယက်ရိုက်သွားခဲ့ပါတယ်။ ကောင်းတာတွေလည်း ရှိသလို မကောင်းတာတွေလည်း ရှိသပေါ့။ ကွန်မြူနစ်လက်အောက်ကို ပြန်သွားရမှာ မဟုတ်လား။ ဒါပေမယ့် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ မဖြစ်မနေ ပြန်ရောက်သွားရခြင်း အကြောင်းရင်းကတော့ အဲဒီ “Ren xin gui Han” တစ်ခုတည်းကြောင့်ပါပဲ။

ဆရာပေါသွပ်ကြီးကတော့ အဲသည်စကားလုံးလေးလုံးနဲ့ ချီဘုရင်မင်းမြတ်ကို နိုင်ငံရေးစစ်ရေး အနေအထားတွေ ရှင်းပြပါတယ်။ အရေးကြီးတဲ့ လျူဘန် နဲ့ ရှန်းယု နှစ်ယောက်ရဲ့ စိတ်နေစိတ်ထား၊ စစ်အင်အားအခြေအနေတွေလည်း ပါတာပေါ့။ အဆုံးသတ်မှာတော့ ချီဘုရင်ကလည်း သူ့လျှာကို ရွှေချလွှတ်လိုက်ပါတယ်။ ရှန်းယုကိုဆန့်ကျင်ပြီး လျူဘန်နဲ့ မဟာမိတ်ပြုလိုက်တယ်။ ပြဿနာကတော့ လျူဘန်ဟာ ဆရာပေါသွပ်ကို လျှော့တွက်တာလား၊ စစ်သူကြီး ဟန်ကျင်းကို လျှော့တွက်တာလားတော့ မသိပါဘူး။ နှစ်ယောက်လုံးမှာ တစ်ယောက်ယောက်ကသာ အောင်မြင်နိုင်မယ် ထင်လို့ နေမှာပေါ့။ ဆောင်နိုင်ငံကိုလိုက်သွားပြီး ဟန်ကျင်းကို ချီနိုင်ငံကို ဆက်သိမ်းချေ လို့ စေလိုက်တာလည်း သူပဲ မဟုတ်လား။ အခု ဆရာပေါသွပ်ကြီး ပွဲသိမ်းလိုက်လို့ ပိစ်ဖြစ်နေတာ ဟန်ကျင်းက မသိလိုက်ပါဘူး။ ဒါကြောင့် မြစ်ဝါမြစ်ကို ဖြတ်ပြီး ချီနိုင်ငံထဲရောက်လာတယ်။ လျူဘန်ဆီကလည်း စစ်ဆုတ်ဖို့၊ စစ်ရပ်ဖို့ ဘာညွှန်ကြားချက်မှ မလာဘူး။ စစ်တပ်ဆိုတာ စစ်မိန့်နဲ့ချီတက်ရတာမို့ အထက်ကအမိန့်တစုံတရာ မရမချင်း အရင်အမိန့်ကို လိုက်နာရုံပဲ ရှိတယ်။ (တော်ပါသေးရဲ့။ တို့ဆီမှာတော့ အမိန့်ထွက်ပြီးတိုင်း ပြန်ပြန်လွှမ်းခြုလို့ရပေလို့။ ပညာရှိတွေနေတဲ့ တိုင်းပြည်ပေကိုးဗျ) အောက်လူတွေ ဝိုင်းမြှောက်ပေးတဲ့အခါတော့ ပိုဆိုးတော့တယ်။ “ဒီအဖိုးကြီးက အပြောလေးနဲ့ ဘုရင်တွေကို ကပ်ဖားညာဝါး စားသောက်နေတာ။ တို့စစ်သူကြီးမင်းလိုမျိုး ရဲစွမ်းသတ္တိအပြည့် ရှေ့တန်းစစ်မျက်နှာမှာ တိုက်ရဲခိုက်ရဲတာလည်း မဟုတ်ပဲနဲ့။ စစ်ရေးစစ်ရာဆိုတာ စစ်ဗိုလ်ချုပ်တွေထက် ဘယ်သူတွေက ပိုသိနိုင်ဥိးမှာလဲ။” ဆိုတော့ ဟန်ကျင်းကြီးလည်း ခါးတောင်းကျိုက် မဖြုတ်တော့ဘူး။ ဟိုဘက်မှာကလည်း မဟာမိတ်စာချုပ်ချုပ်ပြီးပြီဆိုတော့ အခုအခံမရှိ မြို့ထဲကို ရောက်လာကြတော့တယ်။ သစ္စာဖောက်တာပဲလို့ စိတ်ဆိုးမာန်ဆိုးဖြစ်သွားတဲ့ ချီဘုရင်မင်းမြတ်က ဆရာပေါသွပ်ကို အခုချက်ချင်း အဲဒီတပ်တွေကို ရုတ်သိမ်းဖို့ အမိန့်ပေးပါ ဆိုပေမယ့် ဆရာပေါသွပ်မှာ အဲသလို အမိန့်ပေးနိုင်တဲ့ အခွင့်အဏာ မရှိဘူး ဖြစ်နေတယ်။ (စစ်ဘက်ကလူတွေကသာ အရပ်ဘက်မှာ လာလာအမိန့်ပေးလို့ရမယ်။ အရပ်ဘက်ကလူတွေကတော့ စစ်ဘက်မှာ သွားအမိန့်ပေးလို့ မရဘူးဆိုတာ တရုတ်အစဉ်လာပေါ့နော်)။ နောက်ဆုံးတော့ ဆရာပေါသွပ်ကြီးခမျာ YKKO ပို့ပြီး ကြေးအိုးပြုတ်လုပ် အသောက်ခံလိုက်ရသတဲ့။ အင်း ပညာတတ်က ပညာတတ်ပီပီ ကိုယ့်ပညာနဲ့ကိုယ်မနေပဲ စစ်ရေးနိုင်ငံရေးတွေမှာ သွားသွားအကြံပေးမိရင် ပြုတ်စော်နံတတ်တယ်လို့ သင်ခန်းစာယူကြပါစို့ကွယ်။

တရုတ်ပြည်မှာ ဥမမယ်စာမမြောက်ဘဝနဲ့ ကြီးပြင်းလာခဲ့ရတဲ့ တရုတ်မကလေး ယင်းမာဟာ ငယ်ငယ်ကတည်းက အားလပ်ချိန်တွေမှာ ကွန်ဖူးဇာတ်လမ်းတွေ ရေးလေ့ရှိပါတယ်။ တနင်္ဂနွေနေ့တိုင်း ထိုင်ရာမထ အဲဒိစာတွေ ရေးရေးနေရတာ တလောကလုံးတောင် မေ့မေ့သွားတယ်။ ဖြစ်ချင်တာတွေ အားလုံးလည်း ဝတ္ထုထဲမှာ ဖန်တီးယူလို့ရတယ်လေ။ ဘယ်ဇာတ်လမ်းမှာပဲ ဖြစ်ဖြစ် ယင်းမာက သိုင်းလောကထဲက သူရဲကောင်းတစ်ယောက်ပဲ။ ဆရာသခင်တွေကတော့ ရှောင်လင်ဘုန်းတော်ကြီးတွေပေါ့။ ပညာတွေကတော့ မိုးပျံနေတာ “မည်သို့လုပ်လိုက်သည်မသိ” နဲ့တင် လူတစ်ရာလောက် အတုန်းအရုံး သေပလိုက်လို့ရတယ်။ စီမာချန်က ရှီဂျီထဲမှာ “နှလုံးသားကို ပိုင်စိုးတဲ့မြေ” လို့ ဆိုလိုက်တော့ ယင်းမာအနေနဲ့ ငါ ဘာဖြစ်လို့ တရုတ်ပြည်ကို အဲသလောက် ချစ်နေရတာလဲ လို့ စဉ်းစားမိပါတယ်။ တရုတ်ဖြစ်ရတဲ့ဘဝဟာ ဘာများ ကောင်းသလဲ။ အဲဒီမှာတင် ဝုန်းကနဲ ထခုန်မိတယ်။ ကောင်းတယ်လေ။ ကောင်းမှကောင်း။ အဲဒီကွန်ဖူးသိုင်းဝတ္ထုတွေကိုက ကောင်းတာ။ အဲဒါ တရုတ်ဖြစ်ရတဲ့အရသာပဲ။ ရှီဂျီမှာရေးထားတာကတော့ “jiang hu wen hui” တဲ့။ အင်္ဂလိပ်လို မပြန်လိုက်နဲ့။ အဲဒီစာလုံး မရှိဘူး။ တရုတ်တွေချင်းပဲ နားလည်မှာမို့ တရုတ်စာလုံးပဲ ရှိတယ်။ ဒဲ့ကြီးဘာသာပြန်လိုက်ရင်တော့ “ယဉ်ကျေးမှုဆိုတာ မြစ်တွေ ရေကန်တွေကို အခြေပြုတယ်” တဲ့။ သူတို့တရုတ်ယဉ်ကျေးမှုဆိုတာတော့ ကမာ္ဘရဲ့ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အားနည်းတဲ့သူတွေကို ဖေးမပြီး၊ ဖိနှိပ်တဲ့သူတွေကို ဆန့်ကျင်တဲ့ သိုင်းဝတ္ထုတစ်ပုဒ်ပါပဲ။ အံမခန်းသိုင်းစွမ်းရည်တွေနဲ့ ကွန်ဖူးသူရဲကောင်းဟာ ဂုဏ်၊ ငွေ၊ အာဏာ၊ ပကာသနတွေကို ပမာမထားပဲ ကိုယ်ကျင့်တရား၊ လွတ်လပ်မှုနဲ့ သူရဲကောင်းစိတ်ဓါတ်ကိုသာ အလေးထားသူတစ်ဦးပေါ့။

ရွက်ကြွေတော စာအုပ်ထွက်ပြီးကတည်းက ငယ်ငယ်ကဖတ်ခဲ့တဲ့ တရုတ်စာပေတွေ ပြန်ဖတ်ဖြစ်သွားတဲ့အခါ စိတ်ထဲမှာ ရှေးသရောအခါက ကွန်ဖူးသူရဲကောင်းကလေးကို ပြန်မြင်ယောင်လာတယ်။ အရိုးမရှိသလို ပျော့ပြောင်းစွာ သက်ပြင်းကလေးလို ပေါ့ပါးတဲ့ ခြေလှမ်းကလေးတွေနဲ့ အိမ်ခေါင်မိုးတွေပေါ် လွှားကနဲ လွှားကနဲ ခုန်ပျံကျော်လွှားသွားပြီး နံရံတွေပေါ်မှာ ယင်ကောင်တစ်ကောင်လို နားနေတဲ့ လူငယ်ကလေးပါ။ ဒီလိုနဲ့ ကိုယ့်အသွေးထဲအသားထဲက တရုတ်ဗီဇကလေးက လှစ်ကနဲ ပြန်ပေါ်လာပြီး ငယ်ငယ်က အန်တီလေးနဲ့အတူ ထပ်ခိုးကြမ်းပြင်လေးပေါ်မှာ စာရေးစာဖတ်နေတဲ့ဆီကို ပြန်ရောက်သွားပါတယ်။ တကယ်တော့ ယင်းမာလည်းပဲ သန်းပေါင်းများစွာသော အခြားတရုတ်လူမျိုးများနည်းတူ ဟန်နိုင်ငံက ပိုင်စိုးထားတဲ့ နှလုံးသားနဲ့ပါပဲလား။

credit to Dr Soe Min & Dr Yin Mar

One comment

  • padonmar

    December 13, 2012 at 11:19 pm

    အင်္ဂလိပ်တွေရဲ့ စိတ်နေသဘောထားကို အင်္ဂလိပ်တွေမှသာ နားလည်နိုင်ကြသလို တရုတ်တွေရဲ့ အတွေးအခေါ်ကိုလည်း တရုတ်တွေသာ အလွယ်တကူ သဘောပေါက်နိုင်စွမ်းရှိမယ်။

    မှန်ပါ့ Nicolus ရေ။
    မြန်မာလို အားနာတယ်ဆိုတာလည်း အနောက်တိုင်းဘာသာတွေမှာမရှိဘူးလို့ပြောကြပါတယ်။
    Don’t feel backward လို့သုံးဆိုပြီးပြောကြပေမယ့် တစ်မျိုးကြီးပါဘဲ။

    ဆရာစိုးစာတွေ တစ်စုတည်း အတွဲလိုက်ဖတ်လို့ရအောင် တင်ပေးနေတာအတွက် ကျေးကျေးပါ။
    မမန့်ဖြစ်လည်း ဖတ်နေတယ်လို့ သဘောပေါက်ပြီး ဆက်တင်ပေးပါနော်။

Leave a Reply