ဒီပွဲကို အားခဲထားတာ ကြာတော့ကြာပြီ။

သတင်းစာ ဂျာနယ်တွေထဲမှာ ကြော်ငြာတွေဖတ်နေရကတည်းကပဲ။

ဟုတ်တယ်လေ.. အလွန်ထူးခြားတဲ့ ၁၂-၁၂-၁၂ ရက်နေ့ က  စလို့ ဆိုင်ခန်းပေါင်း ၇၀၀ ကျော်နဲ့ နေပြည်တော်မှာ ထူးကဲစွာ ကျင်းပမယ်ဆိုထားတယ် မလား။

နေပြည်တော်လို့ နာမည်ကြီးသာပေးထားတယ် ဒီလို ခမ်းနားတဲ့ အိတ်စပို ပွဲကြီးမျိုးက တစ်နှစ်တစ်ခါ ရှိချင်မှ ရှိတာကလား။

ကျုပ်လည်း စနစ်တွေပြောင်းပြီး ကားဈေးတွေ ကျနေပြီ ကျနေပြီ ဆိုကတည်းက ကားရူး ရူးနေတာလေ။ ရန်ကုန်၊ မန်းလေး မြို့ကြီးတွေမှာ ကားပြပွဲတွေလုပ်သွားတာ သတင်းတွေကြားပြီး လူမှာ မရိုးမရွ။ ဆယ်လီဗျစ်တီဒေါ့ကွန်းတို့ မောင်စေတန်တို့မှာ တတ်လာတဲ့ ဓာတ်ပုံတွေ ကြည့်ပြီးတော့ပဲ သရေကျနေခဲ့ရတာ။ (ကားရောင်စုံတွေက ဓာတ်ပုံစားလှတာကိုး) ရှလွတ် ပြောရင်းက သရေ ကျလာပြန်ဘီ။

ဟုတ်တယ်လေ။ မော်ဒယ်စုံ ဘလင်းစုံ (ကီရာ၊ တိုယိုတာ စသဖြင့်ပြောပါတယ်).. အကြီး အသေး ဆိုဒ်စုံ (ဆလွန်း၊ ဘတ်စ် တို့ကိုဆိုလိုတာပါ) ဟိုက်ရှားဘားရတာကလား။

နေပြည်တော်မှာ လုပ်တဲ့ အိတ်စပိုပွဲကြီးလည်းဖြစ်ပြန် ၁၂.၁၂.၁၂ နေ့ထူးလည်း ဖြစ်ပြန်တော့ကာ အမှတ်တရအနေနဲ့ ရွာထဲမှာ ပို့စ်တင်ရအောင် စီဂျေလုပ်လိုက်အုံးမယ်ဟေ့လို့ ကင်မလာလေးဆွဲပြီး ရုံးဆင်းခါနီး လစ်သွားခဲ့ပါတယ်။

ပုံ(၁) ပြပွဲကွင်း မုဒ်ဦး

ပုံ(၁) ပြပွဲကွင်း မုဒ်ဦး

ဈေးပွဲတော်ကြီးလုပ်နေတဲ့ ကွင်းနားအရောက်မှာ လမ်းဘေးတစ်လျှောက် ကြော်ငြာဘုတ်ကြီးတွေ တန်းစီလို့၊ ကွင်းထဲကနေ မိုးပျံပူပေါင်းကြီးတွေ ထိုးတတ်ကာ အ၀င်ဝမှာလည်း နေပြည်တော် ဈေးပွဲတော်နှင့် ကားပြပွဲလို့ အဓိပ္ပာယ်ရတဲ့ မုဒ်ဦးကြီး လုပ်ထားပါတယ်..။ မုဒ်ဦးကို ဖြတ်၊ စီးတော်ယာဉ်ဆိုင်ကယ်လေးကို သတ်မှတ်နေရာမှာ ရပ်တော့.. အပ်ခ..ငါးရာတဲ့။ (မသကာ နှစ်ရာပေါ့ဗျာ) စိတ်ထဲမှာ နင့်ခနဲ ဖြစ်သွားပေမယ်လို့ ငါ အားခဲထားတဲ့ ပြပွဲကြီး၊ အစုံအစေ့ (ကား အမျိုးအစားစုံ၊ ဈေးနှုန်းတွေအကုန် ထောင့်စေ့အောင်) ကြည့်ရ မြင်ရမှာ ငါးရာတော့ ပေးလိုက်ပါမယ်ရယ်လို့ ထားလိုက်ပါတော့တယ်။

ပုံ(၂) ပွဲတော်ကွင်းထဲ အ၀င်

ကားပြပွဲကွင်းထဲကို ရောက်တော့ ထင်ထားသလောက် လူတွေ ရုတ်ရုတ်အုပ်အုပ် မရှိလှဘူး။ အဲလေ နေကလည်းပူနေသေးတာကိုး။ ရွှေပွဲလာသူတွေ ဘယ်ကားက ဘယ်လိုကောင်းပြီး ဘယ်လောက်ဈေးရှိတယ်ဆိုတာတွေ ဆိုင်ထဲ အရိပ်ထဲ မေးမြန်းစုံစမ်းနေကြမှာပေါ့။ ရွာထဲက ကပေတို့ ကိုအံဇာတို့လို တချို့လည်း အချောအလှလေးတွေနား ကားကြည့်သလိုလိုနဲ့ ချောင်းနေကြမှာပေါ့။ ကျုပ်လည်း အင်တာနက် ဓာတ်ပုံတွေထဲကလိုကို အပြင်မှာ အရှင်လတ်လတ် အဲ အကောင်အထည်လိုက် ကားမျိုးစုံ တွေ့ရတော့မှာမို့ အိုဗျာ ရင်တွေတောင် တုန်မိသေး။

ပုံ (၃) မျှော်လင့်ထားတာက ဒီလို (Credit to: myanmarcelebrity.com)

တွေးထားတာက အသစ် အဟောင်း brand အစုံ၊ ဈေးနှုန်းတွေ ရှေ့မှန်မှာ ပြူးနေအောင် ကပ်ထားပြီး ဒီမော်ဒယ်က ဘယ်လိုကောင်းကြောင်း၊ အင်ဂျင်ပါဝါကဘယ်လောက်ရှိကြောင်း စသဖြင့် အရောင်းသမားတွေက ရှင်းပြလို့၊ brand model အလှလေးတွေကလည်း အစ်ကိုရဲ့ မောင်ရဲ့ ဒါလေးရွေးလိုက်ပါလား၊ ဒီနေ့ဖွင့်ပွဲနေ့မို့ ဒစ်စ်ကောင့်လဲ ပိုပေးထားတယ်ရယ်လို့ မကြည့်ကြည့်ချင် အဲ..မ၀ယ်ဝယ်ချင်အောင် ဆွယ်ကြလိမ့်မယ်ပေါ့။

ပုံ(၄) တကယ်တမ်းတွေ့ရတာကဒီလို

တကယ်တမ်းက ကားကုမ္ပဏီ သုံးလေးခုလားပဲရှိတယ်..။ Lan Lan ဆိုင်ကယ်ပြခန်းက တစ်ခန်း။ မျက်စိထဲတိုးတဲ့ ကားလည်း တွေ့တော့တွေ့ပါရဲ့ ဈေးနှုန်းတွေကပ်မထား၊ သွားမေးရမှာလည်း မရဲ၊ အဓိက ကလေးတွေဆိုတာလည်း ဘယ်နားနေမှန်းမသိ.. အရောင်းသမားတွေပြောပါတယ်။ Security ဆိုတဲ့ စာတမ်းပါ အင်္ကျီဝတ်ဦးလေးကြီးပဲ ငုတ်တုတ် ထိုင်စောင့်နေသေး။ ဘယ်သူက မ ပြေးမှာကျလို့။ လေပါတယ်ဗျာ။

ပုံ (၅) ပြပွဲက တချို့ကားတွေ

အဲဒါနဲ့ ကျီးကြည့်ကြောင်ကြည့် (အူးကြီးမိုက်နဲ့ အူးကြောင်ကြီးကို ပြောတာမဟုတ်) လျှောက်ကြည့်ပြီး အလန်းဇယားလေးတွေ တွေ့တဲ့နား မယောင်မလည်သွားတော့ Kixx အင်ဂျင်ဝိုင်အရောင်းပြခန်းတဲ့။ ၀ယ်တဲ့လူ ကံစမ်းမဲ တစ်စောင်ရမယ်.. ဆိုင်ကယ် သုံးစီး မဲဖောက်မှာဆိုတာနဲ့ တစ်လီတာဘူးတစ်ဘူး ၀ယ်ပြီး ကံစမ်းခဲ့ပါရောဗျို့..။

ပုံ (၆) မဲဖောက်မယ့်ဆိုင်ကယ်တွေ (မှောင်နေတာကို ပြူးမကြည့်ကြပါနဲ့ ရွာသားတို့ :P )

ကဲဗျာ မရှိတော့လည်း ရှိတဲ့ အလန်းဇယားလေးတွေပဲ လက်ဆော့ခဲ့ရတာပေါ့ (လေးပေါက်စကား)

ပုံ (၇) ပိုစတာကို ရိုက်လာတာနော်

ကားအရောင်းပြခန်းတွေက ထင်သလောက် မဟန်ခဲ့တော့ အင်ဂျင်ဝိုင်ဘူးလေးဆွဲပြီး ဈေးဆိုင်တန်းတွေဘက် လှည့်ခဲ့တယ်…။ အဲဒီမှာ ပိုဆိုးတော့တာပဲ။ လျှပ်စစ်ပစ္စည်းဆိုင် နှစ်ဆိုင်သုံးဆိုင်လောက်၊ ဟန်းဆက်ဆိုင် နှစ်ဆိုင်လောက်၊ ရွှေဆိုင်က တစ်ဆိုင်လား ပဲ။ Solar system တစ်ဆိုင်၊ မီးသတ်ဆေးဗူးဆိုင်၊ ဆေး၊ အချိုရည် ကော်ဖီမစ်ဆိုင်ခန်းနဲ့ ရေသန့်စက်ဆိုင်ရှိမယ်။ အိမ်သုံးပစ္စည်းဆိုင်၊ တရုတ်က သံလိုက်တဲ့ စတီးပစ္စည်းဆိုင်တချို့နဲ့ ကျန်တာ ဘုရားပွဲက အ၀တ်အစားဆိုင်၊ အရုပ်ဆိုင်လိုမျိုးတွေနဲ့ ဘေထုတ်ဆိုင်တွေပဲ များတယ်။ ဘုရားပွဲလို မုန့်ဆိုင်တွေလည်း အများကြီးနဲ့ ရဟတ်တစ်ခု၊ လေမှုတ်ကစားကွင်းကြီး တစ်ခုနဲ့ 3D ရုပ်ရှင်ဆိုတာလည်း တွေ့ခဲ့ရပါတယ်..။

ပုံ(၈) ဆော့ကြမယ် ခုန်ကြမယ်

ဘုရားပွဲ ဈေးသာသာဖြစ်နေတဲ့ နေပြည်တော် ဈေးပွဲတော်နှင့် ကားပြပွဲကို ရောက်ခဲ့တဲ့ ကျွန်တော်ဟာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာကြောင့် ငါးမရလည်း ရေချိုးပြန်မယ်လို့ ဆုံးဖြတ်ပြီးသကာလ ကားဝယ်ဖြစ်ရင်သုံးဖို့ နေရောင်ခြည်စွမ်းအင်သုံး သော့ချိတ်တစ်ခုကိုပဲ ငါးရာပေး၍ ထပ်မံ ၀ယ်ကာ ပြန်ခဲ့ပါတယ်ဗျာ။

ကဲ.. ရွာစားကျော်တဲ့ကွ.. တစ်ကျော်တည်းရှိတယ်။ မကျော်ဘူးဆို ရေလုံပြုပ်ပစ်မယ်။ :harr:

ပုံ (၉) Solar-powered Key chain

 

 

About ရွာစားကျော် မင်းနန္ဓာ

ရွာစားကျော် မင်းနန္ဓာ has written 71 post in this Website..

နတ္ထိတွေ အစာသွပ်ထားတဲ့ ရင်ဘတ်ထဲ ၀မ်းစာကလည်း ရှားပါးလို့ ပစ္စုပ္ပန်မှာ ငူငေါင်ငေါင်ရပ်ရင်း လှမ်းမျှော်ပြီးကြည့်တော့ အနာဂတ်ဟာ မှုန်ဝါးလို့နေရဲ့.. မထူးဇာတ်ခင်းကာ အတိတ်က အိပ်မက်တွေကို ပြန်တူးကြည့်တော့ ပုပ်သင်ဥတွေပဲ ထွက်လာတယ်.... CJ # 7202011