၁။

 

ကျွန်တော် သွားခဲ့သည်။ ကျွန်တော် သွားနေသည်။ ကျွန်တော် သွားလိမ့်ဦးမည်။ သွားနေသော ကျွန်တော်သည် သွားနေကြောင်း သေချာစေရန် စမ်းစစ်ကြည့်ရန် လိုအပ်ပါသလား။ သို့မဟုတ် အဘယ့်ကြောင့် သွားရန် လိုအပ်ပါနည်း။

“ဟေ့ … ဘယ်သွားမလို့လဲ”

“ဟေ့ … ဘယ်က ပြန်လာတာလဲ”

မေးခွန်းတစ်ချို့က ကျွန်တော့်ထံ ခန့်ခန့်ညားညား ၀င်ရောက်လာကြပါသည်။ ကျွန်တော် ဖြေရန်လိုအပ်ပါသည်။ သို့သော် ထိုမေးခွန်းများထက် ပိုခက်သော မေးခွန်းက နောက်ဆုံးမှ တိတ်တိတ်လေး ၀င်ရောက်လာခဲ့ဖူးသည်။

“ဟေ့ … ဘာကြောင့် သွားနေတာလဲ”

ကျွန်တော် တိတ်ဆိတ်သွားမိသည်။ ဟုတ်ပါသည်။ ကျွန်တော် ဘာကြောင့် သွားနေပါသနည်း။ ထိုမေးခွန်းသည် သွားရန်မလိုအပ်သဖြင့် မေးသော မေးခွန်းပေလော။ သို့တည်းမဟုတ်ပါက သွားနေခြင်းကို အငြင်းဝါကျဖြင့် မေးသော မေးခွန်း တစ်ခုပေလော။ ကျွန်တော် မကွဲပြား။ ဖြစ်နိုင်သည် နောက်တစ်ခုက ထိုမေးခွန်းသည် သွားနေခြင်းကို အဓိပ္ပါယ်တစ်စုံတစ်ရာ ဖြည့်စွက်ပေးသည့် မေးခွန်းလည်း ဖြစ်နေနိုင်ပါသည်။

ဟုတ်ပါသည်။ ကျွန်တော်တို့ ဘာကြောင့် သွားနေကြပါသနည်း။

 

၂။

 

ငယ်စဉ်ကလေးဘ၀က ဖတ်ခဲ့ဖူးသော ယုန်နှင့် လိပ်ပုံပြင်ကို ကျွန်တော် အမှတ်ရမိပါသည်။ ယုန်သည် လိပ်ကို ရှုံးသည်ဖြစ်စေ သူတို့ အတူတူ ပြေးခဲ့ကြပါသည်။ သူတို့ ဘာကြောင့် ထိုခရီးကို ပြေးခဲ့ကြပါသနည်း။  သူတို့တွင် ပန်းတိုင်ရှိနေ၍လား။ သို့မဟုတ် သူတို့တွင် ပြိုင်ပွဲရှိနေ၍လား။ သို့မဟုတ် သူတို့သည် အနိုင်ရချင်ကြ၍လား။

ငယ်စဉ်ကပင် ဖတ်ခဲ့ဖူးသော နောက်ပုံပြင်တစ်ပုဒ်မှာ မပုကြွယ်နှင့် ခရုငယ် ဖြစ်ပါသည်။ ခရုငယ်သည် ထိပ်ဆုံးထိ ဘာကြောင့် အပင်ပန်းခံ တက်ခဲ့ပါသနည်း။ ထိပ်ဆုံးတွင် သူ့အတွက် အစားအစာ ရှိခဲ့၍လား။ မသေချာပါ။ ယုန်နှင့်လိပ်ကဲ့သို့ သူ့တွင် ပြိုင်ဘက်မရှိပါ။ ထိုအခါ ထိပ်ဆုံးသည် သူ့အတွက် ပန်းတိုင်တစ်ခုဖြစ်ခဲ့ပါသလား။ မသေချာပါ။ တစ်ချိန်ချိန်တွင်တော့ ခရုငယ်သည် အောက်သို့ ပြန်လည် ဆင်းလိမ့်ဦးမည် ဖြစ်ပါသည်။

 

၃။

 

ကျွန်တော်တို့သည် နေ့စဉ်ရက်ဆက် သွားလာလှုပ်ရှားနေကြပါသည်။ တစ်ချို့က ခြေလျင်၊ တစ်ချို့က စက်ဘီး၊ တစ်ချို့က ယာဉ်အမျိုးမျိုးဖြင့်။ လူတို့သည် အပြေးပြိုင်ပွဲများလုပ်ကာ ပြေးကြပါသည်။ စက်ဘီးပြိုင်ပွဲများလုပ်ကာ နင်းကြပါသည်။ ကားပြိုင်ပွဲများလုပ်ကာ မောင်းကြပါသည်။ ထိုမျှမက မြင်းပြိုင်ပွဲများ လုပ်ကာဖြင့် မြင်းများကိုလည်း ပြေးခိုင်းကြသေးသည်။ ကျွန်တော်တို့သည် သွားကြသူများဖြစ်ပါသည်။

ကျွန်တော်သည် အမောမခံနိုင်ပါ။ အားကစား မလုပ်ဖြစ်ပါ။ သို့သော် ကျွန်တော်သည်လည်း မသွားဘဲ နေလို့မရပြန်။ သွားနေရပါသည်။ ရပ်တန့်ချိန်သည် အလွန်နည်းပါးခဲ့ပါသည်။ မြို့ပြကြီးသည် ထိုသို့ဖြင့် သွားလာလှုပ်ရှားနေကြသူများကြားတွင် တဖြည်းဖြည်းဖြင့် ရှုပ်ထွေးလာခဲ့သည်။ ကျွန်တော်ငယ်ငယ်က မြို့ပြသည် အလွန်ကျဉ်း၍ ယခုအခါ အလွန်ကျယ်လာပါသည်။ ထို့ကြောင့် မြို့ပြသည်လည်း သွားနေသူ ဖြစ်ပါသည်။

ထိုသို့သော အတွေးများဖြင့် ကျွန်တော်သည် ရပ်တန့်ကာ လက်တွင်ပတ်ထားသော နာရီကို ကြည့်မိသည်။ နာရီစက္ကန့်များသည်လည်း သွားလို့ နေပါသည်။ အချိန်များသည် တရွေ့ရွေ့ဖြင့် ကုန်ဆုံးနေကြပါသည်။ လမ်းများသည်လည်း ပိုကျယ်လာသည်။ မိုးပျံလမ်းများ ဖောက်လာကြသည်။ ခြောက်လမ်းသွားမှ ရှစ်လမ်းသွားများ ဖြစ်လာကြသည်။ မြစ်ကို တွေ့လျှင် လမ်းသည် တံတားအဖြစ် သွားသည်။ တစ်မြို့မှ တစ်မြို့၊ တစ်နိုင်ငံမှ တစ်နိုင်ငံ လမ်းများသွားလျက်ရှိကြသည်။

ကျွန်တော်တို့ ကမ္ဘာကြီးသည်လည်း အချိန်ပြည့် လည်ပတ်နေသူ ဖြစ်နေပြန်ပါသည်။ စင်္ကြ၀ဠာအဖွဲ့အစည်း တစ်ခုလုံးသည် လည်း အချိန်ပြည့် သွားလို့နေကြပါသည်။ ကျွန်တော် ရပ်တန့်နေရင်းက နောက်ကျမည် စိုးသဖြင့် တဖန် ပြန်လည် သွားမိပြန်သည်။

 

၎။

 

သွားမှုသည် အချိန်ကို အခြေခံသည်။ အချိန်တွင် အတိတ်၊ ပစ္စုပ္ပါန်၊ အနာဂတ်ရှိသည်။ အချိန်သည် စင်္ကြ၀ဠာ၏ သွားမှု စံဖြစ်သည်။ ထိုစံထားမှုသည်လည်း သွားနေပြန်ပါသည်။ ထို့ကြောင့် အချိန်သည်လည်း ထာဝရ စံထားမှု မဖြစ်နိုင်ပြန်။ သင်ကြားဖူးခဲ့သော သိပ္ပံပညာရှင် အိုင်းစတိုင်းက အလင်းသည် အမြန်ဆုံးသွားနိုင်သည်ဟု ဆိုခဲ့သည်။ အလင်းနီးပါး သွားနိုင်လျှင် အချိန်ကို ရပ်တန့်စေနိုင်သည်ဟု ဆိုသည်။ အလင်းထက် မြန်အောင် သွားနိုင်လျှင် အချိန်ကို နောက်ပြန်ဆုတ်စေနိုင်သည်ဟု ဆိုသည်။ ထိုအခါ ကျွန်တော်တို့သည် အလင်းထက် မြန်အောင် သွားနိုင်ပါလျှင် အသက်ပြန်ငယ် သွားနိုင်ပါသလား။ ကျွန်တော် မကွဲပြား။

သို့သော် ယနေ့ခေတ် ရူပဗေဒပညာရှင် စတီဗင်ဟော့ကင်းက အချိန်ထက် မြန်သော အမှုန်များကို အမှုန်အရှိန်ပြင်းစက်ဖြင့် သက်သေပြခဲ့သည်။ အိုင်းစတိုင်းပြောခဲ့သည်များ မှားယွင်းသွားချေသည်။ ထိုအချက်ကြောင့် အမှန်တရားများသည်လည်း သွားလျက်ရှိကြသည်။ အမှန်တရားများ အားလုံးသည်လည်း ရပ်တန့်မနေကြ။ အစဉ်ထာဝရ သွားလျက်ရှိကြပါသည်။

 

၅။

အတိတ်က ကမ္ဘာ့သမိုင်းများတွင် သွားနေသူများကို ရပ်တန့်သွားစေရန် ပြုလုပ်ခဲ့သည်များ ရှိလေ၏။ သို့သော် အချိန်ကာလ တစ်ခုတွင်တော့ ပြန်လည် သွားခဲ့ကြတာချည်း ဖြစ်လေသည်။ အဘယ်အရာမျှ ထာဝရ ရပ်တန့်၍ မရကြ။ ခရစ်နှစ် ၁၂၇၀ အေ၊ဒီ က မာကိုပိုလိုသည် အရှေ့အာရှနိုင်ငံများသို့ သွားခဲ့သည်။ ထိုစဉ်က အရှေ့အာရှနိုင်ငံများတွင် စက္ကူလုပ်ငန်း၊ ကျောက်မီးသွေးမှ စွမ်းအင်ထုတ်လုပ်ငန်းများကို အနောက် ဥရောပထက်ပင် စောလျင်စွာ လုပ်ဆောင်နိုင်နေကြောင်း မာကိုပိုလို တွေ့ရှိခဲ့သည်။ သို့သော် အနောက်ဥရောပ ထံသို့ သူပြန်ရောက်သော အခါ မည်သူကမျှ သူတွေ့ရှိခဲ့သည်များကို မယုံခဲ့ကြ။

ပစ္စုပ္ပါန်တိုင်း၏ သွားမှုသည် တစ်ဦးနှင့် တစ်ဦး အလျင်မတူကြ။ ရုပ်လက္ခဏာ သွားမှုချင်း မတူကြသကဲ့သို့ အသိပညာသွားပုံချင်းလည်း မတူကြပြန်။ ဂရိမှ သေးလိသည် အီဂျစ်သို့သွားခဲ့သည်။ အီဂျစ်မှ ပီးရမစ်များကို သေးလိသည် လေ့လာကာ ဂရိသို့ ပြန်လာခဲ့သည်။ ဂရိသည် သေးလိ၏ သွားမှုတွင် သမိုင်းတွင်သော ပညာရပ်များကို နောင်ခေတ်များတွင် ဖေါ်ထုတ်နိုင်ခဲ့သည်။

ကျွန်တော်တို့သည် တစ်နေရာမှ တစ်နေရာသို့ သွားလာနေကြသူများဖြစ်သည်။ အဓိပ္ပါယ်မဲ့သော သွားခြင်းများ ရှိသကဲ့သို့ အဓိပ္ပါယ် ရှိသော သွားခြင်းများ ရှိသည်။ မည်သို့ပင်ဖြစ်စေ သွားခြင်းကတော့ ရှိနေပါသည်။ ယနေ့ခေတ် ကျွန်တော်တို့ နိုင်ငံတွင်လည်း နယ်မှနေသူများ မြို့သို့ သွားကြသည်။ မြို့တွင် နေသူများ နိုင်ငံခြားသို့ သွားကြသည်။ ကျွန်တော် စဉ်းစားကြည့်မိသည်။ သူတို့၏ သွားမှုများသည်လည်း အဓိပ္ပါယ်ရှိသော သွားခြင်းပေလော။

 

၆။

 

သွားမှုသည် လူကို ကြံ့ခိုင်မှုပေးသည်။ အတွေ့အကြုံသစ်များကို ယူတတ်လျှင် ပေးသည်။ အသိပညာအသစ်များလည်း ယူတတ်လျှင် ရမည်ဖြစ်သည်။ သမိုင်းတွင် ပေါ်ထွန်းခဲ့ဖူးသော ဂရိပညာရှင် အာခိမီးဒီးသည် ဂရိနိုင်ငံ၏ ပညာရေးတစ်ခတ်ကို အရှိန်အဟုန်ဖြင့် သွားစေခဲ့သည်။ သို့သော် ရောမအင်ပါယာစစ်ပွဲက ဂရိကို ရပ်စေခဲ့သည်။ ထိုမျှမက အာခိမီးဒီးကို သတ်ပစ်ကာ ကမ္ဘာသမိုင်း၏ ပညာရေးလောကကို နှစ်ပေါင်း တစ်ထောင့်ခုနှစ်ရာကျော် ရပ်တန့်သွားစေခဲ့ဖူးသည်။

အတိတ်သမိုင်းတွင် လူတို့၏ လောဘစစ်ပွဲများ၊ ဒေါသစစ်ပွဲများက သွားမှုကို ရပ်တန့်စေခဲ့သည်။ အမှန်တရား၏ သွားမှု အရှိန်ကို လျော့ပါးစေခဲ့သည်။ အနာဂတ်တွင် နှစ်ပေါင်းများစွာ ပညာရပ်တစ်ခုကို ပြန်လည် ရှာဖွေကြရသည်။ ကျွန်တော်တို့ နိုင်ငံတွင်လည်း ထိုနည်းတူ သမိုင်းများရှိခဲ့သည်။ ရှေးဘုရင်လက်ထက်က ပညာရှိများကို မှားယွင်း တရားစီရင်မှုများ၊ သူရဲကောင်းများကို အတ္တနှင့် မာနကြောင့် သတ်ဖြတ်ပစ်ခဲ့မှုများ။ ထိုအရာများသည် သွားမှုကို ရပ်တန့်စေရန် လှုံ့ဆော်ခြင်း၊ ပြုလုပ်ခြင်း များဖြစ်နိုင်ပါသည်။

တစ်ချို့ရပ်တန့်စေမှုများသည် လောဘများ အတ္တများနှင့် မဆိုင်ပြန်ပါ။ အယူအဆများကြောင့် ရပ်တန့်စေခဲ့ခြင်ဖြစ်သည်။ ကနောင်မင်းသားသည် ရေမြုပ်ဗုံးကို တီထွင်ခဲ့ပါသော်လည်း ရေနေသတ္တ၀ါများ သေစေမှုကို ထောက်ထား၍ ရပ်တန့်စေခဲ့ဖူးသည်။ ကျွန်တော်တို့သည် သွားမှုကို ပြုလုပ်သူများ ဖြစ်သလို အခြားသော သွားမှုကို ရပ်တန့်စေခဲ့သူများ ဖြစ်နေပါသည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကို မကောင်းကြံ သတ်ဖြတ်ခဲ့မှုသည်ကား အထင်ရှားဆုံး ရပ်တန့်စေခဲ့မှုပင် ဖြစ်နေနိုင်သည်။

 

၇။

 

တစ်ချို့သော ရပ်တန့်စေမှုများကြောင့် လူအများအပြား ဒုက္ခရောက်ကြရသည်။ နောက်ကျကြရသည်။ သို့သော် ရပ်တန့်စေမှုများ အရေးကြီးသကဲ့သို့ တလွဲသွားမှုများသည်လည်း အရေးကြီးပါသည်။ လက်ရှိ ပစ္စုပ္ပါန်၏ သွားမှုသည် အနာဂတ်၏ အမှန်တရားတစ်ခုဆီ ဖြစ်သင့်ပါသည်။ သို့မဟုတ်ပါက ရပ်တန့်နေသကဲ့သို့ မထူးလှချေ။ ပို၍ပင် ဆိုးရွားနိုင်ပါသေးသည်။

အနောက်ဥရောပမှ ပေါ်ထွက်ခဲ့သော Fuzzy Logic သီအိုရီကို အနောက်နိုင်ငံများမှ လက်မခံခဲ့။ သို့သော် ဂျပန်နိုင်ငံက ထို Fuzzy Logic ကို သုံးကာ အီလက်ထရောနစ် ပစ္စည်းများစွာကို အသုံးပြုကာ အနောက်ဥရောပထက်ပင် အောင်မြင်ခဲ့ဖူးသည်။ ရှေ့တစ်ပြတွင် မြင်နေရသော ပန်းတိုင်နှင့် အနောက်တွင် များစွာပြတ်ကျန်ခဲ့သော လိပ်သည် ယုန်ကို ရပ်တန့်စေခဲ့ဖူးသည်။ ကျွန်တော်တို့သည် သွားမှုကို ကိုယ်တိုင် ရပ်တန့်စေသူများလည်း ဖြစ်နေပြန်ပါသည်။

ကျွန်တော်တို့သည် မှန်ကန်သော သွားမှုကို မှန်မှန်ကန်ကန် သွားနေရန်လိုအပ်ပါသည်။ ရဲဘော်သုံးကျိပ်သည် အနောက်ဥရောပသို့ သွားခဲ့သည်။ ကျွန်တော်သည် မန္တလေးမှ ရန်ကုန်သို့ သွားခဲ့သည်။ နယ်မှ ကျွန်တော်၏ ဦးကြီးသည် နယ်မှ မန္တလေးသို့ သွားခဲ့သည်။ ကိုလိုနီခေတ်တွင် စစ်အင်အားရှိသော နိုင်ငံများ ကမ္ဘာနိုင်ငံအများအပြားသို့ သွားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလန်နိုင်ငံသို့ သွားခဲ့သည်။ ဦးသန့်သည် ကမ္ဘာကုလသမဂ္ဂသို့ သွားခဲ့သည်။ ကျွန်တော့်သူငယ်ချင်းတစ်ချို့သည် စင်္ကာပူသို့ သွားခဲ့သည်၊ မလေးရှားသို့ သွားခဲ့သည်။ တောင်ဥက္ကလာပမြို့နယ်မှ ဈေးသည်သည် ဘုရင်နောင် ဈေးသို့ သွားခဲ့သည်။

ကျွန်တော်တို့ မည်သည့်အတွက်ကြောင့် သွားခဲ့ကြပါသနည်း။

 

၈။

ကျွန်တော်သည် အတိတ်တွင် သွားခဲ့သလို လက်ရှိပစ္စုပ္ပါန်တွင်လည်း သွားနေရသည်။ သွားမှုသည် လူ့အသိုင်းအ၀ိုင်း၏ ကြီးထွားမှု၊ ပြန့်ကားမှုနှင့် တိုးတက်မှုများ၏ အကြောင်းအရင်း ဖြစ်နေနိုင်သည်။ အချို့သော သွားမှုများအတွက် အချို့သော ရိက္ခာများ လိုအပ်ပါသည်။ အချို့သော သတင်းအချက်အလက်များ လိုအပ်ပါသည်။ ကျွန်တော်သည် နေအိမ်မှ အလုပ်သို့ သွားရန် ဘက်စ်ကားခနှင့် ထီးတစ်လက် ရှိရန်လိုအပ်သည်။ သို့သော် မိုးရွာနိုင်၊ မရွာနိုင်ဟူသော သတင်းအချက်အလက်အပေါ်တွင် မူတည်၍ ထီးတစ်လက်ကို ယူသင့် မယူသင့် ဆုံးဖြတ်နိုင်ပါသည်။

သွားမှုများတွင် မလိုအပ်သည်များကိုလည်း ချန်ထားခဲ့သင့်သည်။ ထိုအရာများသည် သင့်ကို နှောင့်နှေးစေနိုင်သည်။ ဖတ်ခဲ့ဖူးသော ပုံပြင်တစ်ပုဒ်တွင် ဖားများသည် တောတစ်ခုသို့ ခရီးထွက်ခဲ့ရင်း ဖားနှစ်ကောင်သည် ချောက်ထဲ ပြုတ်ကျခဲ့ဖူးသည်။ ပြုတ်ကျသွားသော ဖားနှစ်ကောင်ကို ကျန်ဖားများက ခုန်တက်၍ မဖြစ်နိုင်ဟု ဆိုခဲ့ကြသော်လည်း ဖားတစ်ကောင်သာ စိတ်ဓါတ်ကျကာ ပြုတ်ကျသေဆုံးသွားခဲ့သည်။ အပေါ်သို့ မရ၊ ရအောင် ပြန်တက်လာနိုင်ခဲ့သော ဖားသည် နားမကြားချေ။

ကျွန်တော်တို့သည် သွားမှုတွင် အချို့သော ကိစ္စများကို လစ်လျူရှုရပေမည်။ အချို့သော သတင်းအချက်အလက်များကို နားစွင့်ရပေမည်။ တစ်ခါတစ်ရံ စောင့်ဆိုင်းရသည်များရှိသလို တစ်ခါတစ်ရံ ဘုရင့်နောင် ဖေါင်ဖျက်ရသည်လည်း ရှိပေမည်။ သို့သော် ရုပ်ပိုင်းဆိုင်ရာ ဖြစ်စေ အသိပညာပိုင်းဆိုင်ရဖြစ်စေ တစ်စုံတစ်ခုတော့ သွားနေရမြဲ ဖြစ်ပေသည်။

 

၉။

 

ပစ္စုပ္ပါန် ယခုအချိန်တွင် ကျွန်တော် သွားနေသည်။ အတိတ်ကာလများက ရိက္ခာများနှင့် အသိပညာများကို လွယ်ရင်း ကျွန်တော် ယခု သွားနေခြင်းဖြစ်သည်။ ပန်းတိုင်သည် ကျွန်တော့်ရှေ့တစ်ပြတွင်လည်း ရှိနိုင်သည်။ အလွန်ဝေးလွန်းသော အလင်းနှစ်မိုင်ပေါင်း များစွာတွင်လည်း ရှိနိုင်သည်။ ပန်းတိုင်များကို ကျွန်တော် ပန်းဝင်ခဲ့သော်လည်း ကျွန်တော် ဆက်သွားခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်ထင်သော ပန်းတိုင်သည် အမှန်တကယ်ရောက်သောအခါ အမှန်စင်စစ် ပန်းတိုင်များမဟုတ်၍ ဖြစ်သည်။

ကျွန်တော်သွားနေသည်။ သင်သွားနေသည်။ အတိတ်ကလည်း သွားခဲ့သည်။ ပစ္စုပ္ပါန်တွင်လည်း သွားနေကြသည်။ ခရီးမတူသူများသည် တစ်လမ်းဆီ ဖြစ်ကာ ခရီးတူသူများကို ပြိုင်ဘက်မဖြစ်စေချင်သည်မှာ ကျွန်တော့် အယူအဆဖြစ်သည်။ ခရီးတူသူများကို လက်တွဲကာ တညီတညွတ်တည်း သွားချင်သော ဆန္ဒသာ ရှိသည်။ ကျွန်တော်တို့ ထင်ထားသော ပန်းတိုင်များသည် အနာဂတ်တစ်နေရာတွင် ပုံစံအမျိုးမျိုးဖြင့် ရှိနေလိမ့်မည်။ ပန်းတိုင်များရောက်တိုင်း နောက်ထပ် ပန်းတိုင်များ ရှိနေလျှင် နောက်ထပ်သော အနာဂတ်ပန်းတိုင်သို့ သွားမှုကို ကျွန်တော်တို့ တည်ဆောက်ရလိမ့် ဦးမည်သာ ဖြစ်တော့သည်။

 

ရင်နင့်အောင်

About ရင် နင့် အောင်

ရင် နင့် အောင် has written 57 post in this Website..