မန်နေဂျာလား… ဟောက်ဆာဂျင်လား…

manawphyulayDecember 13, 20121min1499

လုပ်ငန်းခွင်တိုင်းတွင် လုပ်ငန်းအောင်မြင်အောင် ဦးဆောင်ဦးရွက်ပြုဖို့အတွက် စီမံခန့်ခွဲသူတွေ ရှိရစမြဲဖြစ် ပါသည်။ လုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုတာ လူတစ်ဦးတစ်ယောက်ထဲနဲ့ လုပ်ဆောင်လို့ မရနိုင်ဘူးဆိုတာ လုပ်ငန်းလုပ်သူတိုင်း သိထားကြမည် ဖြစ်ပါသည်။ စီမံခန့်ခွဲသူသည် စီမံကိန်းများ၊ စီမံချက်များ ရေးဆွဲခြင်းအပြင် လုပ်ငန်း သဘောသဘာဝအရ အဆင့်ဆင့်သော လက်အောက်ငယ်သား ဝန်ထမ်းများကိုလည်း မှန်ကန်စွာ ကြီးကြပ်ကွပ်ကဲရမည် ဖြစ်ပေသည်။
လုပ်ငန်းတိုင်းတွင် စီမံခန့်ခွဲသူကို အထွေထွေ စီမံခန့်ခွဲရေးမှူး၊ အထွေထွေမန်နေဂျာ၊ အုပ်ချုပ်ရေးမှူး စသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ် သုံးနှုန်းကြပါသည်။ ပုဂ္ဂလိကလုပ်ငန်းများတွင်မှာတော့ အများအားဖြင့် လုပ်ငန်း သေးငယ်လျှင် လုပ်ငန်းပိုင်ရှင်သည်ပင်လျှင် စီမံခန့်ခွဲသူဖြစ်ပေသည်။ စီမံခန့်ခွဲသူဟူသော ဝေါဟာရမျိုးဖြင့် မသုံးနှုန်းသော်လည်း လုပ်ငန်းပိုင်ရှင်သည် လုပ်ငန်းကိစ္စအဝဝကို စီမံခန့်ခွဲအုပ်ချုပ်ရသူပင် ဖြစ်လေသည်။ စီမံခန့်ခွဲသူ တစ်ယောက်တွင် ရှိအပ်သော အထူးအရည်အချင်းတစ်ရပ်ကတော့ သက်ဆိုင်ရာဌာန အဖွဲ့အစည်း ဒါမှမဟုတ် မိမိရဲ့လုပ်ငန်းကို အစွမ်းကုန်တိုးတက် ကြီးပွားလာစေရန်နှင့် အမြတ် အစွန်းပေါ်ထွက်လာစေရန် ဆောင်ရွက်နိုင်ရေးပင် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်နိုင်ရန်မှာ မိမိ ကိုယ်တိုင်က ဦးဆောင်မှုအခန်းမှ ပါဝင်ရမည် ဖြစ်သကဲ့သို့ အဆင့်ဆင့်သော ဝန်ထမ်းများကိုလည်း စနစ်တကျ စီမံခန့်ခွဲကာ အုပ်ချုပ် ကွပ်ကဲရမည် ဖြစ်ပေသည်။ မန်နေဂျာသည်လည်း မန်နေဂျာ အလျောက် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ဖြေရှင်း နိုင်မည့် နည်းလမ်းကိုလည်း သိရှိထားရန် လိုပေသည်။

ယခု ကျွန်မ ပြောချင်သည်ကတော့ လုပ်ငန်းခွင်အတွင်း စည်းကမ်းသတ်မှတ်သည်မှာ အလွန် တရာ ကောင်းမွန်သော်လည်း အတိုင်းအတာ တစ်ခုထိ ရှိသင့်သည်လို့ မြင်မိသဖြင့် ဒီဆောင်းပါး ကို ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။ မန်နေဂျာတစ်ဦးသည် ဝန်ထမ်းတွေရဲ့ စိတ်နေစိတ်ထားနဲ့ အရည်အချင်း လုပ်ပုံကိုင်ပုံများ ကို သေချာ သိသင့်သည်မှာ မန်နေဂျာအလုပ်ဖြစ်သော်လည်း မှားယွင်းစွာ ဆက်ဆံနေသော လုပ်ငန်းခွင် တစ်ခုရဲ့ အသွင်အပြင်ကတော့ အလွန်တရာ အရုပ်ဆိုး အကျည်းတန် လှပေသည်။ တစ်နေ့ ကျွန်မတို့ ရပ်ကွက် အတွင်းမှာ နေထိုင်သော အေးဆေးသော မိသားစုမှ မွေးဖွားပြီး တစ်ဖက်သားအပေါ် ယဉ်ကျေးပျူငှာသော သူတစ်ဦးမှ ရင်ဖွင့်သံကို မယုံကြည်နိုင်စွာ ကြားမိသမျှ ကို ပြောပြချင်မိပါသည်။ ဒီကလေးမသည် အလွန်မှ အလုပ်လုပ်ချင်သူဖြစ်သဖြင့် ဟိုတစ်လောက အလုပ်ရသွားတာ အဆင်ပြေရဲ့လား စကားစမိတာနဲ့ သမီး အဲဒီက အလုပ်ထွက်လိုက်ပြီလို့ ပြောပါသည်။ ကျွန်မကလည်း မနေနိုင်စွာ အိမ်နဲ့လည်းနီးတယ်၊ ကားစီးရတာလည်း အဆင်ပြေရဲ့သားနဲ့ ဘယ်လိုဖြစ်ရ တာလဲ မေးမိတော့ သူမက ပြန်ပြောသည်များမှာ ကျွန်မသည် ဒုတိယနှစ် ကျောင်းသူတစ်ယောက် ဖြစ်ပါသည်။ စာမေးပွဲပြီးလျှင် အလုပ်လုပ်ချင်ပါသဖြင့် အလုပ်ရှာဖွေရေးအေဂျင်တစ်ခု ကို ဆက်သွယ်ပြီး အလုပ်လျှောက်ခဲ့ပါသည်။ ကံအားလျှော်စွာ သူငယ်ချင်းတစ်ယောက်ကနေ ဘုရင့်နောင်ပွဲ ရုံတန်း လမ်းမပေါ်ထိပ် ဖုန်းဆိုင်အသစ်တွင် အရောင်းဝန်ထမ်း အလိုရှိသည်ဟု သိရသဖြင့် သွားရောက် လျှောက်ခဲ့ရာ မိန်းကလေး ဝန်ထမ်းပြည့်နေသဖြင့် အလုပ်မရခဲ့ပါဘူး။ စိတ်မကောင်းစွာနဲ့ ပြန်လာခဲ့ရပါသည်။ သူငယ်ချင်း ယောက်ျားလေးများကို အလုပ်သွားလျှောက်ခိုင်းရာ အားလုံး အလုပ်ကြပါသည်။ သူတို့ ၄၊ ၅ ရက် လောက် အလုပ်ဝင်ပြီးလို့ ကျွန်မနဲ့ ပြန်တွေ့တဲ့အခါ သူတို့လုပ်ငန်းအကြောင်း ကျွန်မကို ပြောပြသည့်အခါ သိပ်အဆင်မပြေတာ သိရသည့်အတွက် ကျွန်မ စိတ်မကောင်း ဖြစ်မိပါသည်။ ဒီအလုပ်ကို စိတ်ဝင်စားသဖြင့် ကျွန်မ ဘုရားတွင် ဆုတောင်းထားပါသေးသည်။ သူငယ်ချင်းတွေ အလုပ်လုပ်လို့ တစ်လနီးပါးအကြာတွင် ပြန်တွေ့သောအခါ အလုပ်ရဲ့ ဆိုးဝါးတဲ့အကြောင်း စတင်ပြီး ကြားသိရပါသည်။ ကျွန်မစိတ်ထဲတွင် ဇဝေဇဝါ ဖြစ်ခဲ့ပါသည်။ သူငယ်ချင်းတွေ လစာထုတ်ပြီး အလုပ်ထွက်ခဲ့ကြပါသည်။ လူအရမ်းလို၍ ကျွန်မကို အဲဒီဖုန်းဆိုင်မှ အလုပ်လာလျှောက်ရန် ဖုန်းဆက်အကြောင်းကြားပြန်ပါသည်။ အမြန်လာပါဟု ဖုန်းထဲတွင် ပြောပါသည်။ ကျွန်မသည်လည်း ရေငတ်တုန်း ရေတွင်းထဲကျဆိုသလို ပျော်ရွှင်စွာနဲ့ ထပ်မံသွားလျှောက်ခဲ့ပြန် ပါသည်။ ကျွန်မစိတ်က သူငယ်ချင်းတွေပြောသော စကားကို ပြန်တွေးကာ သွားလျှောက်ရနိုးနိုး ဖြစ်ခဲ့ပါ သေးသည်။ ဒါပေမယ့် ကျွန်မကို ဖုန်းဆက်အကြောင်းကြားသဖြင့် သွားခဲ့ရာ ချက်ချင်းပင် အလုပ်ဆင်းရန် ခန့်သည်ကို ကျွန်မ လက်ခံခဲ့သည်။ အလုပ်စဆင်းသည့်နေ့တွင် သန့်ရှင်းရေးလုပ်ခိုင်းပါသည်။ ကျွန်မ မငြိုငြင်ဘဲ လုပ်ခဲ့ပါသည်။ ဆိုင်တွင် ခန့်အပ်ထားသော မန်နေဂျာဆိုသူသည် ဝန်ထမ်းများကိုလည်း ဆူပူကြိမ်းမောင်းနေ ပါသည်။ ဤဆိုင်မှ မန်နေဂျာဆိုသောသူသည် ‘၀၀၊ ထွားထွား၊ ဗိုက်ပူပြီး မျက်လုံးပြူးပြူး’ ဆိုသူက အလုပ်ထဲတွင် သနပ်ခါး မလိမ်းရ၊ ဆံပင်သိမ်းပြီး အကုန်လန်တင်ထားရမည်၊ စကားကို အကျယ်ကြီး ပြောရမည်ဟု စည်းကမ်းချက် ထုတ်ထားပါသည်။ နောက်တစ်နေ့တွင် ဆိုင်ပိုင်ရှင်သူဌေးက သူ့အသိ မိန်းကလေးနှစ်ယောက်ကို အလုပ်ခန့်လိုက်ပါဟု ဆိုလာပြီး ကောင်မလေး နှစ်ယောက်ပို့လိုက်ပါသည်။ အဲဒီနှစ်ယောက်ထဲက တစ်ယောက်ကို အလုပ်ခန့်ထားလိုက်ပါသည်။ နောက်ရက်အလုပ်ကို အဲဒီတစ်ယောက် လာဆင်းသောအခါ ပဲခူးမှလာရ၍ ၁ဝ မိနစ် နောက်ကျခဲ့ပါသည်။ အလုပ်ချိန်က ရးဝဝ ဖြစ်သဖြင့် မရောက်လာပဲ ရး၁ဝ မိနစ်မှ ရောက်လာသဖြင့် အလုပ်စည်းကမ်းကို ချိုးဖောက်သည်ဟု ပြောဆိုကြိမ်းမောင်းပါသည်။ ပြီးလျှင် အလုပ်စည်းကမ်းကို မသိသေးသဖြင့် ဆံပင်ချလာပြီး မျက်နှာတွင် ပါးကွက်လိမ်းခြယ်ခဲ့သည်ကို ချိုသာစွာ ပြောပြလျှင် ရသည်ကို မန်နေဂျာဆိုသောသူသည် “ငါ့ဆိုင်ကို ဒီလိုဆံပင်၊ ဒီလိုမျက်ခွက်နဲ့ ဝင်မလာနဲ့ သွား ခုချက်ချင်း ဆံပင်စည်း၊ ပါးကွက်ဖျက်ပြီးမှ ငါဆိုင်ကို ဝင်” ဆိုပြီး နှင်ထုတ်ခံရသည်ကို မြင်မိပါသည်။ ပြီးမှ ငါ့ဆိုင်ကို လာခဲ့ဆိုပြီး လူအများရှေ့တွင် အရှက်ကွဲအောင် ပြောဆိုခဲ့ပါသည်။ ကျွန်မကိုလည်း သန့်ရှင်းရေး လုပ်နေစဉ် မှန်ပြောင်နေသည်ကို မှန်မပြောင်သေးဘူးဟု ပြောဆိုကာ ပြောင်နေတဲ့ မှန်ကို ထပ်မံ တိုက်ခိုင်း ပါသည်။ ဝယ်သူမလာ၍ ခဏထိုင်သောအခါ မထိုင်ရဟု ကြိမ်းမောင်းကာ ပြောပါသည်။ ပြီးလျှင် အလုပ်လုပ် နေစဉ် အသံတိုးနေသည်ဟု ပြောကာ မူလတန်းကလေးငယ်များ စာအော်သလို အ၊ အာ၊ အားဟု ကျယ်လောင် စွာ အော်ခိုင်းပါသည်။ ကျွန်မလည်း အ၊ အာ၊ အားဟု အကြိမ်ပေါင်းမြောက်မြားစွာ အော်ခဲ့ရပါသည်။ ထပ်မံပြီးလည်း ကျွန်မကို အိပ်ငိုက်သည်ဟု ပြောကာ ဟိုဘက်ဆိုင်ကွက်လပ်တွင် သွားပြေးခိုင်းပြန်ပါသည်။ အဲဒီလို အလုပ်သဘောနှင့် မသက်ဆိုင်ဘဲ လူ့အခွင့်အရေး ချိုးဖောက်စွာ နှိမ့်နှိမ့်ချချ လူတစ်ဖက်သားကို နင်ပဲငဆ သားသမီးချင်း ကိုယ်ချင်းမစာနာ ဆက်ဆံသေးသည်။ နောက်တစ်နေ့ အဲဒီပဲခူးမှ ကောင်မလေး အလုပ်မှ ထွက်သွားပါသည်။ ကျွန်မသည်လည်း ၆ ရက်မြောက်နေ့တွင် ဆံပင်ကိုလည်း စည်းနှောင်သွား ပါသည်။ ကျွန်မရဲ့ဆံပင်သည် နကိုမွေးဆံပင် မူရင်းအကောက်ဖြစ်ပါသည်။ လေတိုက်၍ အရှေ့ဘက်သို့ ဆံပင်နည်းနည်းကျသည်ကို မန်နေဂျာက လူအများရှေ့တွင် ခေါ်ပြီး “ဟဲ့ နင့် ယောက်ျား သေသွားပြီလား” ဟု မေးပါသည်။ ကျွန်မမှာ “ယောက်ျား မရှိပါဘူး” လို့ ပြန်လည်ပြောဆိုခဲ့ပါသည်။ မန်နေဂျာမှ ထပ်မံပြီး “မသိပါဘူး။ ငါက လင်သေသွားလို့ မုဆိုးမမျက်နှာနဲ့ ငါ့ဆိုင်မှာ အလုပ် လာလုပ်နေတယ်မှတ်တာ” ဆိုပြီး ဈေးဝယ်လာသူများ ရှေ့တွင် အရှက်တကွဲပြောဆိုပါသည်။ ကျွန်မလည်း ဘာမှပြန်မပြောဘဲ အဲဒီနေ့မှာပဲ အလုပ်က ထွက်ခဲ့ပါသည်… လို့ ကျွန်မကို ရင်ဖွင့်ရှာပါသည်။
ယခု ကျွန်မပြောချင်သည်မှာ လုပ်ငန်းခွင်အတွင်း မလိုအပ်တဲ့ အပြုအမူ အသုံးအနှုန်း မန်နေဂျာ တစ်ယောက်ရဲ့ စည်းမျဉ်းစည်းကမ်းတွေ နားမလည်တာလား။ မသိတာလား။ လူတစ်ဖက်သားကို ဒီလိုပြောမှ စားဝင်အိပ်ပျော်သလားဆိုတာ မပြောတတ်တော့ပါဘူး။ ဒီလိုအကျင့်စရိုက်ရှိတဲ့သူကို ရာထူးကြီးကြီး ပေးပြီး မန်နေဂျာနေရာ ပေးထားတဲ့ သူဌေးကိုလည်း အံ့ဩမိပါသည်။ ဒီလိုပုံစံ ဒီလိုစိတ်ဓာတ်ရှိသူများ လုပ်ငန်းခွင် အတွင်း အုပ်ချုပ်ရေးနေရာ ခန့်အပ်ထားသည်ဆိုတော့လည်း ကျွန်မ မနေနိုင်စွာ ရင်ဖွင့်ရှာသည့် ကလေးမလေးကို မေးမိပါသေးသည်။ အဲဒီ မန်နေဂျာက သူဌေးရဲ့အမျိုးလားလို့ မေးတော့ မဟုတ်ဘူးလို့ ဖြေရှာပါသည်။ သူ့ကြည့်ရာတာလည်း အလုပ် ထပ်လုပ်ရမှာ အလွန်ကြောက်ရွံ့နေပုံပါပဲ။ ဒီလုပ်ငန်းပိုင်ရှင် ကလည်း ခေသူတော့ မဟုတ်ပါဘူး။ အဖွဲ့အစည်းတစ်နေရာမှာ နေရာရနေသူတစ်ဦးဖြစ်ပြီး လုပ်ငန်းကြီးများ လုပ်ဆောင်နေတဲ့ တကယ့်ကို စီးပွားရေးလောကမှာ ထိပ်ထိပ်ကြဲ လုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်ပါသည်။ မန်နေဂျာဆိုတာ ပြောချင်ရာပြော လုပ်ချင်ရာ လုပ်လို့များ ပြောထားလေသလားပဲ။ စီမံခန့်ခွဲရေးကောင်း တစ်ယောက်ဖြစ်ရန်အတွက် ကြီးကြပ်မှုအဆင့် (သို့မဟုတ်) ထို့ထက်မြင့်သော အဆင့်တွင် အနည်းဆုံး အတွေ့ အကြုံ (၁၀) နှစ်ရှိခဲ့ပြီး ဖြစ်ရမည်ဟု ကမ္ဘာ့စီမံခန့်ခွဲရေး ပညာရှင်ကြီးများ အဆိုအမိန့်ရှိပါသည်။ ထို (၁၀) နှစ်တာ ကာလအတွင်းတွင် (၁) စီမံကိန်းရေးဆွဲခြင်း။ (၂) ကုန်ပစ္စည်းထုတ်လုပ်ခြင်း၊ (၃) ငွေစာရင်းထိန်းသိမ်းခြင်းနှင့် အုပ်ချုပ်ခြင်း၊ (၄) ရောင်းဝယ်ဖောက်ကားခြင်းတည်းဟူသော ကဏ္ဍကြီး လေးရပ်ကို လေ့လာဆည်းပူးထား ရမည်ဟု ဆိုပါသည်။ အထက်ဖော်ပြပါ ကဏ္ဍလေးရပ်အနက် အနည်းဆုံး ကဏ္ဍနှစ်ရပ်ကို ဂဃနဏ ကျွမ်းကျင် ပိုင်နိုင်ရန် လိုအပ်ပြီး ကျန်ကဏ္ဍနှစ်ရပ်ကို တီးမီးခေါက်မိရှိထားရန် လိုပါသည်။
အကွပ်မဲ့ကြမ်း ပရမ်းပတာ ငါ မန်နေဂျာ ငါပြောသလို လုပ်၊ ငါ လုပ်သလို မလုပ်နဲ့ဆိုတဲ့ ခေတ်ဟောင်း စနစ်ဟောင်းမှ အကျင့်စရိုက်များသည် ယခုလို နိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင် နေစဉ်မှာ ပျက်သုဉ်းသင့်ပြီးလို့ မြင်မိပါသည်။ လူအချင်းချင်း သနားညှာတာခြင်းဆိုသည်မှာလည်း လူတစ်ဦးနဲ့ တစ်ဦး ထားရှိသင့်သည့် မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုတစ်ရပ်ပင် ဖြစ်ပါသည်။ လုပ်ငန်းဌာနကြီးတစ်ခုတွင် စီမံခန့်ခွဲသူသည် ထိပ်ဆုံးတွင်ရှိပါသည်။ သူသည် အများရဲ့ ဦးဆောင်ဦးရွက်ပြုရသော စံပြပုဂ္ဂိုလ် ဖြစ်သင့်ပါ သည်။ အဖွဲ့အစည်းတစ်ခုတွင် တစ်ဦးတစ်ယောက်ရဲ့ မှားယွင်းစွာ ပြုမူဆောင်ရွက်ခြင်းသည် လုပ်ငန်းကြီးတစ်ခု လုံးကို ထိခိုက်နစ်နာစေပြီး စီးပွားရေးအောင်မြင်မှုကို ရရှိနိုင်မည် မဟုတ်ပေ။
လုပ်ငန်းတိုင်း၊ အဖွဲ့အစည်းတိုင်းတွင် ဒီလိုလူမျိုးတွေ ဘယ်လောက်များ ရှိနေသလဲ၊ ဘယ်လောက်များ ပေါများနေသလဲဆိုတာ မှန်းဆမရနိုင်ပေ။ မန်နေဂျာကောင်းတစ်ဦးဖြစ်လာရန် ဇွဲ၊ လုံ့လ၊ ဝီရိယကို အခြေခံပြီး စိတ်ဓာတ်ရင့်ကျက်မှုများကိုပါ အနှစ်နှစ်အလလ အဆင့်ဆင့် လေ့လာဆည်းပူး ကြိုးပမ်းအားထုတ်ရမည်ဖြစ် ကြောင်းနဲ့ ဒီလိုဆိုးသွမ်းတဲ့ မန်နေဂျာများ နေရာတိုင်းမှာ ပပျောက်ပါစေလို့ ပြောကြားလိုက်ရပါတော့သည်။
မနောဖြူလေး
၁.၁၂.၁၂ (11:44 PM)

9 comments

  • ဦးဦးပါလေရာ

    December 13, 2012 at 10:17 pm

    အဲဒါ မန်နေဂျာနေရာကို နွားကျောင်းသား ခန့်မိလို့ဖြစ်တာ….

  • Mobile

    December 14, 2012 at 12:32 am

    D uို့စ်ထဲmလို 00ထွားထွား ဗိုm်uူပြီး မျm်လုံး ပြူးတw ် ဆိုတဲ့ မန်နေဂျာမျိုး အပြင်မှာတွေ့ရင်
    ဗျောင်း ဗျောင်း ဗျောင်း ဆိုနေအောင် uါးmို ဖိနu ်နဲ့ချွတ်ရိုm်ခဲ့ ဘာလုu ်တာလဲလို့မေးရင်
    mobile mရိုက်ခိုင်းတာလို့သာ ပြန်ဖြေထားခဲ့ …….. နောက်ဌာနော်

  • jullies cezer

    December 14, 2012 at 9:32 am

    မမ မနောရေ ပျောက်နေတာကြာပြီနော် အစ်မ စာထဲမှာပါတဲ့မန်နေဂျာက
    ညီမအထင်ပြောရရင် တခြားသူတွေကိုမနေနိုင်အောင်လုပ်တာ သူအမျိုးတွေ
    ပဲခန့်ချင်လို့လားမသိဘူးနော် ဘာလို့လဲဆိုတော့ အမျိုးတွေချည်းပဲဆို
    ဩဇာလဲညောင်းသလို လုပ်ငန်းအပေါ်မှာသူခြယ်လှယ်ချင်တိုင်းခြယ်လှယ်လို့
    ရပြီလေ အအော်ခံရတဲ့အမျိုးတွေခမျာလဲ အလုပ်သွင်းပေးထားတဲ့ကျေးဇူးရှင်
    ကြီးဆိုပြီး သူများထက်ပိုသီးခံကြမှာလေ အဲဒါကြောင့် ညီမမြင်တာကတော့
    အမျိုးတွေကိုခန့်ချင်လို့အဲလိုလုပ်နေတယ်ထင်တယ် …….

  • ဗုံဗုံ

    December 14, 2012 at 10:17 am

    အဲဒီ မန်နေဂျာ ဘယ်နေ့ချောင်းရိုက်ခံရမယ်မသိဘူး တော်တော်ဆိုးတာဘဲ

  • ဦးကြောင်ကြီး

    December 14, 2012 at 11:22 am

    သာမန်အားဖြင့်တော့ သူဌေးဆိုတာ ကိုယ့်ထက်လည်လို့ သူဌေးဖြစ်တာ လျှော့မတွက်နဲ့…။ တလောက ရွာထဲမှာတင်တဲ့ပို့စ်လို သူဌေးက ဂေးဖြစ်နေရင်တော့ တမျိုးပေါ့လေ။ မှန်းကြည့်ရတာ အဲဒီမန်နေဂျာဆိုသူ ကပ်စတန်မာနဲ့ကြတော့ ပြောတတ်ဆိုတတ် လုပ်တတ်ကိုင်တတ် အကြံအဖန်ရှိလည်း ဂွင်ရိုက်ပေးတတ်လို့ ဖြစ်မယ်။
    အဲလိုပြောလို သူဌေးတော်တယ် မပြောဘူးနော်၊ လည်တယ် ခိုင်းစားတတ်တယ် ပြောတာ။ လုပ်ငန်းမှာ ဦးနှောက်လွှာသုံးရတဲ့နေရာ သိပ်နည်းရင် မန်နေဂျာက တဦးထဲ တက်လမ်းရှိတဲ့နေရာ မျက်နှာရတဲ့နေရာ ပညာရတဲ့နေရာကို ချုပ်ထားပြီး ကျန်လူများကို လက်တိုလက်တောင်း အဆင့်သာထားတယ်။ သဘောမတွေ့ ချက်ခြင်းဖြုတ်လိုက်ရုံပဲ။ နေ့တိုင်း ဒါပဲလုပ်ရတယ်၊ division of labor ဆိုပြီး စက်ရုံတွေမှာ အလုပ်သမားတွေကို ပုံသေခိုင်သလိုမျိုးပါ။ အခုဟာကတော့ negative သဘောပိုဆန်တယ်။ ဂွင်ကို မန်နေဂျာက ချုပ်ထားပြီး အရေးမပါတာကို လက်အောက်ငယ်သားကို ခိုင်းခြင်းပါ။ သူ့နေရာ ဘယ်သူမှ မယူနိုင်အောင် လုပ်ထားတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဲဒီလူ ဂန့်သွားရင် ထွက်သွားရင် လူစားအလွယ် ရှာမရလို့ သူဌေး ဂိန်တတ်တယ်။ များသောအားဖြင့်လည်း လူယုံကိုသာ အဲလိုလုပ်ခွင့်ပေးတာများလို့ ရုတ်တရက် ထွက်သွား နားသွားတာမျိုးကလွဲရင် သူ့ဟာနဲ့သူ ဟုတ်နေတာပဲ။ ဖြစ်နိုင်တာ သူဌေးမှာ အခြားလုပ်ငန်ကြီး ရှိကောင်းရှိမယ်။ ဒီတော့ ဆိုင်အသေးကို ပြန်မကြည့်ချင်ဘူး မကြည့်နိုင်ဘူး၊ လည်နေတဲ့ဘီး မရပ်စေနဲ့တဲ့။ တချို့ကလည်း မလည်မဝယ်နဲ့ သူဌေးဖြစ်တော့ ကြည့်နေတယ်၊ ကိုယ်ခံရတာမှ မဟုတ်တာ၊ ဆိုင်လည်ပတ်ဖို့ အရေးအကြီးဆုံး မဟုတ်လား။ အဲလိုမျိုး အများကြီးတွေ့ဖူးတယ်။ လုပ်ငန်းသေးပြီး သူဌေးလူယုံ အုပ်ချုပ်ရင် ဖြစ်တတ်တယ်။

  • kyeemite

    December 14, 2012 at 11:36 am

    တော်တော်ဆိုးရွားတဲ့မန်နေဂျာပါတကား….မကြားစဖူးထူးလှပေစွ
    တပည့်မကောင်းဆရာ့ခေါင်းဆိုတာလို
    လုပ်ငန်းရှင်(သို့)အဆိုပါမန်နေဂျာအထက်က စီမံအုပ်ချုပ်သူ
    ကိုယ်တိ်ုင်လည်း တော်တော်ညံ့တယ်လို့ပြောရမှာပါ။
    အကြံပြုချင်တာကတော့…….ကိုယ်တိုင်လက်တွေ့ မျက်တွေ့ ခံလာရတာမျိုး
    တစ်ခြားလူတွေ ထပ်မခံစားရအောင်ဆောင်ရွက်သင့်ပါတယ်….
    ဆိုတော့ အခုပြောပြတဲ့အတွေ့အကြုံအတိုင်း နေ့စွဲနဲ့တကွ အတိအကျ
    သက်ဆိုင်ရာ လုပ်ငန်းပိုင်ရှင်ထံ လိပ်မူပီး တိုင်စာပို့သင့်ပါကြောင်း။
    တစ်ခါတလေဖြစ်တတ်တာက တကဲ့ လုပ်ငန်းပိုင်ရှင်ကအောက်ခြေကအဖြစ်မှန်မသိပဲ
    အလယ်လူက အပေါ်ဖားအောက်ဖိလုပ်နေတာမျိုးတွေရှိလို့ဖြစ်ပါကြောင်း…
    တစ်ချို့ လုပ်ငန်းပိုင်ရှင်ကြီးတွေ မှာက လုပ်ငန်းကြီးတွေအမြောက်အများ
    တပြိုင်တည်းလည်ပါတ်နေကြတာဆိုတော့ ခုလိုဖုန်းဆိုင်လောက်ကတော့
    သူတို့လှည့်ကြည့်နိုင်မယ်မထင်ပါကြောင်း……ဒါကြောင့် အဆိုပါမန်နေဂျာဆိုးအကြောင်းကို
    တိုင်ဖြစ်အောင်တိုင်ပါလို့ ထပ်လောင်းတိုက်တွန်းလိုပါဂျောင်းးးးးးးးးးးးးးးးးး :chee:

  • Shwe Tike Soe

    December 14, 2012 at 11:46 am

    ဘယ်လောက်များပေါနေသလဲ ဆိုရင်ဖြင့်…..
    ပေါမှပေါ ……. ပေါမှပေါ………..ပေါမှပေါ…….
    မြန်မာ့ဓလေ့ မြန်မာ့အစဉ်အလာ ပေါ့ဗျာ……… မန်နေဂျာသည် သခင် မန်နေဂျာသည် အိမ်ဦးနတ် ဦးချပြီးမှ ထမင်းစားရမည်။……
    ပထမ မန်နေဂျာ..
    ဒုတိယ မန်နေဂျာ..
    တတိယ မန်နေဂျာ..
    အို……နံပါတ်စဉ်တိုင်းမှာ မန်နေဂျာ…… ဦးစားပေးခံချင် လေးစားခံချင် အထင်ကြီးခံချင်..
    အိမ်သာတက်ရင်တောင် ဦးစားပေးခံချင်တဲ့ ဟာ…….. ဟိဟိဟိဟိ
    ပြောတော့ဘူး မပြောတော့ဘူး………….ပြောကိုမပြောချင်ဘူး………. :kwi:

  • intro

    December 14, 2012 at 3:32 pm

    နေရာတော်တော်များများမှာ ဒီလိုပါပဲဗျာ… ကိုယ်တိုင် မကြီးကြပ်နိုင်ပဲ မန်နေဂျာနဲ့ လွှဲထားရတဲ့ အလုပ်တွေလဲ များလာတယ်… မန်နေဂျာထဲမှာလဲ အရည်အချင်းမရှိတဲ့လူ၊ အရည်အချင်းရှိပေမယ့် အာဏာပါဝါပြလွန်းတဲ့လူတွေကလဲ မနည်းမနောပါပဲ အစ်မရေ… ဒါပေမယ့် အနည်းစုပါဗျာ…

Leave a Reply