တီချယ် ရဲ့ faccebook က ခရမ်းကြွပ်သီးအကြောင်းလေးဖတ်ရင်း
အနော် ငယ်ငယ်က ဖြစ်ခဲ့တဲ့ အနော့် ပေါ့ပေါ့ (ဖေဖေ)နဲ့ အနော့်အကြောင်းလေးကို သတိရသွားမိတယ် ….

ပေါ့ပေါ့က အနော့်ကိုဆို ကြည့်မရပါ
အနော် ဘာလုပ်လုပ် ချီးကျူးစကားထက် ကဲ့ရဲ့ အပြစ်တင် ဝေဖန် နေတာပဲ အနော်ကြုံရပါတယ်…
အနော် ကျောင်းမှာ ပထမဆုရသည့်တိုင်အောင် အနော်တော်လို့မဟုတ်
ကျောင်းက သူငယ်ချင်းတွေ ညံ့လို့သာဆိုပါတယ် …

အနော် စာစီစာကုံးပြိုင်လို့ ဆုရလျှင်
အနော် ဘတ်စကပ်ဘောပြိုင်လို့ ဆုရလျှင်
အနော် ထူးချွန်ပြိုင်လို့ ဆုရလျှင် ….
တခါမှ ပေါ့ပေါ့ လိုက်မပေးခဲ့ပါ …

ချီးကျူး ဪဘာသံအစား … အနော့ကို ရှုပ်ရှုပ် ယှက်ယှက် ဝင်ပြိုင်သည့်အတွက် …
ဆဲဆို ကျိန်းမောင်းနေတာကများပါတယ် ….

ပေါ့ပေါ့စိတ်ကို အနော်မသိခဲ့ပါ…
ပေါ့ပေါ့ အနော့်ကိုချစ်လား မချစ်လားတော့ အနော်မသိ
ပေါ့ပေါ့မြင်ရင် လူက အလိုလိုကြောက်နေတာတော့ အမှန်ပါ (အမြဲဆဲဆိုနေတာကိုး)

တနေ့မှာတော့ ပေါ့ပေါ့က
ခရမ်းကြွပ်သီးလေးတွေ ဈေးထဲက ဝယ်လာပါတော့တယ်
ခရမ်းရောင်လေးသန်းပြီး လက်လက်ဆက်ဆက်လေးဖြစ်နေတဲ့ ခရမ်းကြွပ်သီးလေးက
ထိုနေ့ည အနော်တို့ ညစာထမင်းဝိုင်းမှာ နာမည်ကြီးနေပါတယ်

ရှမ်းပဲပုတ်ချက်လေးကို ငရုတ်သီးများများနဲ့ စပ်စပ်လေးချက်
အတို့ အမြုတ်လေးနဲ စားရတာ ဘယ်လောက် ကောင်းလိုက်သလဲ….

ပေါ့ပေါ့ ဟင်းမနိုက်ခင် ဘယ်သူမှ မဲ့မဲ့ ကအစ မနိုက်ရဲလောက်အောင် ပေါ့ပေါ့က အိမ်မှာ အာဏာကြီးခဲ့ပါတယ်
ပေါ့ပေါ့ ခပ်ပြီးမှ စားလေ ဆိုမှ စားကြရတဲ့ ဘဝလေးကလဲ တမျိုးတော့ တမျိုးလေးပါပဲ …

ပေါ့ပေါ့က ပဲပုတ်ချက်ကို ထမင်းနဲ့ အားရပါးရနယ် … ပြီးတော့ လက်ကြီးနဲ့ ထမင်းဆုတ်ကြီးကြီးစား
တော်တော်လေးစပ်တဲ့ ပဲပုတ်ချက်ကို ပေါ့ပေါ့က ကုလားအော် တတောင့်ကိုပါ ထပ်ကိုက်လို်က်ပါသေးတယ်
ပြီးတော့ ခရမ်းကြွပ်သီးလေးကို ကြွပ်ခနဲ ကိုက်ပြီး တကြွပ်ကြွပ် မြည်အောင် စားပါလေရော

“ ကြွပ် …. ကြွပ် … ကြွပ် ”
အနော် သားရည်တွေ ကျလာတယ်
အဲလို အသံလေးမြည်အောင် စားချင်လိုက်တာ
သို့သော် …. အနော် ဝါးတော့ ဝါးတာပဲ အနော့်ဆီက ထွက်တဲ့ အသံကြီးက သူ့ ဆီကထွကိတဲ့ အသံနဲ့လည်း မတူဘူး
ကျယ်လှောင်ပြီး ဘာသံကြီးမှန်းမသိဘူး
ထပ်စားကြည့်တယ် …. အရသာကောင်းတာတော့မှန်တယ် … အသံကြီးက ဆွဲဆောင်မှုမရှိတဲ့အပြင် .. အနော်စားတဲ့ အသံကြောင့် အနော့် ပေါ့ပေါ့ ထဆဲမှာတောင်ကြောက်နေမိတယ်
ထမင်းဝိုင်းလည်းပြီးရော အနော့ပေါ့ပေါ့ အိမ်ပေါ်တက် အနော် ထမင်းစားခန်းကနေ ပန်းကန်ဆေးရင်း မဲ့မဲ့ကိုပြောလိုက်တယ်
(ဒီမှာ အနော်တို့ တောင်ကြီးက အိမ်တွေက ထမင်းချက်တဲ့ ထမင်းဆောင် တစ်ဆောင် အိမ်က တစ်ဆောင် အိမ်နဲ့ ထမင်းချက်တဲ့ မီးဖိုချောင်နဲ့ မတွဲဘူးဂျ)

အနော် ။။။။။။ “ မဲ့မဲ့ အနော် ပေါ့ပေါ့ကို အရမ်းစိတ်ဆိုးတာပဲ”
မဲ့မဲ့ ။။။။။ “ ဘာလို့လဲ ”
အနော် ။။။။။။ “ သူ ခရမ်းကြွပ်သီးစားတာ အသံလေးက စားချင်စရာလေး အနော်စားတော့ အသံက အဲလိုမထွက်ဘူး
အသံကျယ်ရင်လည်း သူက ဆဲအုန်းမယ် (ဒီမှာလဲ အဲလိုပဲ … အနော်တို့ဘက်မှာ ဆူတာကို ဆဲတယ်လို့ပြောတယ် ဆူတယ်လို့မသုံးဘူး)
တော်ပီ နောက်တခါ ခရမ်းကြွပ်သီး ပါရင် အနော် သူနဲ့ အတူတူထမင်းမစားဘူး”

အဲဒီနေ့ကစလို့ အနော်တို့ထမင်းဝိုင်းမှာ ခရမ်းကြွပ်သီး ပျောက်ချင်းမလှ ပျောက်သွားပါလေရော…( အနော် သတိမထားမိ လိုက်ပေမဲ့ ပေါ့ပေါ့ ဆုံးမှ မဲ့မဲ့ပြောပြမှသိ)

အနော့်အိမ် စီးပွါးရေးက အလှူအိမ်အတွက် ထမင်းပေါင်းပေးတာပါ
ထမင်းချက်တာပဲပေါ့ မချက်ပဲ ပေါင်းယူတာမလို့ ထမင်းပေါင်းတယ်ဆိုတာပါ
အနော်တို့ ရှမ်း ပအိုဝ့်တွေက အရက်သိပ်ကြီုက်ပေါ့
ပေါ့ပေါ့က အရက် အရမ်းသောက်တယ်
ပေါ့ပေါ့က အရင်က အထက်ဂိုဏ်းဆိုလား ဘာလား မသိတဲ့ ဆေးတမျိုးထိုးတာတော့ အရက်သောက်ရင် သွေးဆိုးတယ်တဲ့
ဟုတ်လောက်ပါတယ်
ပေါ့ပေါ့ အရက်သောက်ပြီးရင် အနော်မပြောနဲ့ မဲ့မဲ့တောင် အိမ်မှာမနေရဲဘူး
ဒီတော့ ရှိသမျှ ထမင်းပေါင်းစရာမှန်သမျှ မဲ့မဲ့သာလုပ်ရပါတော့တယ်
မဲ့မဲ့လုပ်ရမှတော့ အနော်တို့လည်း အလကားနေရပါတော့မလား
ကူပြီးလုပ်ရတော့တာပါ့

တခါတလေ ဆန် ပြည် 200 300 လောက် ရှိတဲ့အခါ ညလုံးပေါက် ပေါင်းရတာတွေရှိတယ်
စာမေးပွဲရှိလည်း မတက်နိုင်ဘူး စာကျက်ရင်း ပေါင်း
အဲ ဒီအခါ အခက်တခု တွေ့ပြန်ရော ပေါ့ပေါ့က အလုပ်လုပ်ရင် တခုပြီးမှ တခုလုပ်မှကြိုက်တယ်
စာကျက်ရင်းထမင်းပေါင်းတာမျိုးမကြိုက်
အနော်တို့က ညဘက် အိပ်ချင်လည်းပြေအောင် စာကျက်ရင်းထမင်းပေါင်း
မရဘူး… တွေ့ရင် မီးထဲ လွင့်ပစ်တတ်တယ်

အဲဒီတော့ သူအိပ်မှပေါ့
ဒီလိုနဲ့ ဘဝရဲ့ ဒဏ်ကိုခံရင်း ပေါ့ပေါ့က 2002ခုနှစ် ဝါဆိုလပြည့်နေ့မှာဆုံးသွားပါလေရော …

ပေါ့ပေါ့ဆုံးပြီးတော့ မဲ့မဲ့ကို အားလုံးက ဝဋ်ကျွတ်သွားတယ်လို့ ပြောကြတယ် မဲ့မဲ့တော့ တော်တော်ပေါ့ပြီး …..ပျော်နေမယ်လို့
ဒါပေမဲ့ မဟုတ်ဘူးဂျ
အနော့် မဲ့မဲ့မှာ ထမင်းစားလည်းငို
အိပ်လည်းငို
ထမင်းပေါင်းလည်းငို
ဘုရားရှိခိုးတာတောင် ငိုပါလေရော

အရင်ဆုံး မဲ့မဲ့ စပြောပြတာကတော့ အနော့်အကြောင်းပေါ့
ပေါ့ပေါ့က အနော့်ကို မချီးကျူးတာမဟုတ်ဘူးတဲ့ဂျာ
အနော်က ချီးကျုူးခံရပြီး အောက်ခြေလွတ်ပြီး ဆက်မကြိုးစားမှာကြောက်လို့ဆိုပဲ
လူတကာမှာ ငါ့သမီး နွေးသီးမ က သိပ်တော်တာ သူကအခု အတန်းထဲမှာ ပထမလေ
ခင်ဗျားမသိတာရှိ သူ့မေးနော် သူမရရအောင် ရှာပေးလိမ့်မယ်
အဲလို ချီးကျူးတက်တယ်တဲ့

ဘာကြောင့်လဲဆိုတော့ အနော်က စာဖတ်တာကိုး
နောက် သူသာ ထမင်းပေါင်းလုပ်ငန်း သူတယောက်ထည်း ပေါင်းနေကြည့် အနော့်အမေလည်းမတတ် … အနေ်ာတို့လည်းမတတ်ရင်
သူသေတဲ့အခါ အနော်တို့ ဘာသွားလုပ်စားမလဲ ( အဲဒီထမင်းပေါင်းလုပ်ငန်း နဲ့ပဲ အနော် ဂျီတီစီ … အမ အမ် အက် စီ …. ာီမလေး ဘီအီး အထိ ထားပေးနိုင်ခဲ့တယ်လေ)
ထမင်းပေါင်းဖို့ နာမည်ရနေပေမဲ့ customer ယုံကြည်မှုလိုသေးတယ်လေ
အရသာ ကောင်းမကောင်း
ခုတော့ မဲ့မဲ့ကိုယ်တိုင်ပဲ ပေါင်းနေရတော့ customer တွေက ယုံယုံကြည်ကြည်အပ်လာတယ်လေ
ဒါလည်း ပေါ့ပေါ့လုပ်ပေးခဲ့တာပဲပေါ့

အဆိုးဆုံးကတော့
ခရမ်းကြွပ်သီးလေးပဲဂျ
အနော်က ထမင်းဝိုင်းမှာ မစားတော့ဘူးပြောလို့ ပေါ့ပေါ့က သူစားချင်ရက်နဲ့ အနော်မစားမှာကြောက်ိလို့ ဝယ်မစားတော့ဘူးတဲ့ဂျ
နောက်မှ သိရတာကတော့ ကိုယ်တခုခုဝါးလိုက်ရင် နားနဲ့ ခံတွင်းကနီးနေလို့ အသံအကျယ်ကြီးကြားနေရပေမဲ့
တဘက်သူမှာ တိုးတိုးလေးဘဲ ကြားရတာတဲ့
ညံ့လိုက်တဲ့ငါ
အသုံးမကျတဲ့ငါ
ဒီလောက်စာဖတ်တာတောင် ဒါလေးတောင်မသိပဲ
အနော် စိတ်ဆိုးမိတဲ့အတွက်
ပေါ့ပေါ့ခမျာမှာ … သူစားချင်တဲ့ ခရမ်းကြွပ်သီးလေးကို နောက်ဆုံးချိန်အထိ မစားလိုက်ရပါဘူး ….

တီချယ်ပြောသလိုပဲ အသိနောက်ကျခဲ့လို့ ကောင်းမှုနဲ့ပဲ ကျေးဇူးဆပ်ရင်း
ဒိပိုစ့်အတွက် တီချယ့်ကိုကျေးဇူးပါ …

ခင်မင်လျှက်
တောင်ကြီးသူမ သမ္ဘူလ

About Yin Nyine Nway

Yin Nyine Nway has written 356 post in this Website..

I m web developer