ခေတ်လူပျိုနှင့် …..သူ

          သူသည်နေ့ ညီ့အခန်းထဲရောက်သည်။ မရောက်တာကြာပြီဖြစ်သော ညီညီအခန်းသည် ရှုပ်ထွေးပွနေ၏။ မှောင်မှောင်မည်းမည်းနှင့် အလင်းရောင်သိပ်မရသော ညီညီ့အခန်းပြတင်းတံခါးတွေကို သူ ဖွင့်လိုက်သည်။ မျက်စိထဲတွင် ထင်းခနဲ လင်းခနဲမြင်လိုက်ရသော မြင်ကွင်းကြောင့် သူ့မျက်လုံးပင် သူရှက်သွားရလောက်အောင် အခန်းနံရံရှိ ပိုစတာတစ်ခုက မြင်ကွင်းထဲ ဝင်လာသည်။ သည်လို ဆန့်ကျင်ဘက် အမျိုးသားနှင့် အမျိုးသမီး ဖက်လည်တကင်း ချစ်တင်းနှောနေပုံမျိုးကို ညီညီမို့ အခန်းနံရံတွင် ကပ်ထားရဲသည်။ နောက် နံရံသုံးဘက်တွင်လည်း ထိုထိုသော မဖွယ်မရာမည်သော ပုံများ ကပ်ထားလိုက်သည်မှာ ခန်းလုံးပြည့်။ ဘုရား။ သူ ညီညီကိုလွတ်လွတ်လပ်လပ်နေပါစေဟု လွှတ်ထားမိသည်မှာ မည်မျှလောက်ကြာခဲ့သနည်း။ နေကုန်နေခမ်း ခြံထဲတွင်သာ အချိန်ကုန်နေပြီး ညီညီတစ်ယောက် ဘာတွေလုပ်လို့ ဘာတွေဖြစ်နေသနည်း သူမသိခဲ့။ ခုတော့ သူ ညီညီကို စစ်ကြောရေးဝင်မှရတော့မည်။

၁။       ။

ညနေ(၄)နာရီကတည်းက ခြံအလုပ်တွေကို လက်စသတ်ပြီး အိမ်ရှေ့ ကြို့ပင်အောက်တွင် ပလက်ကုလားထိုင်တစ်လုံးနှင့် ရေနွေးသောက်ရင်း ညီညီ ပြန်အလာကို သူ စောင့်နေလိုက်သည်။ စောင်းဆိုင်းရသည်ပင် ကြာညောင်းလှသည်ဟု ထင်သည်။ ဟော..။

ဆိုင်ကယ်သံ။ သူမှတ်မိသည်။ ညီညီ ဆိုင်ကယ်စက်သံကို သူ လမ်းထိပ်ကစဝင်လာကတည်းက သိသည်။ ကြည့်ဦး။ ဝင်လာပုံက ယှိုင်တိုင်တိုင်နှင့်။

“ညီ ဒီကိုလာဦး“

“ဗျာ ဟုတ်ကဲ့“

“ဘယ်ကပြန်လာတာလဲ“

“ကျောင်းကလေ“

“ကိုကြီးကို မလိမ်ပါနဲ့။ မင်းကျောင်းကပြန်လာရင် ။ဒီလို ခြေလှမ်းတွေ မယှိုင်လာဘူး။ မှန်မှန်ပြောစမ်း။“

မျက်လုံးကလေး ကလယ်ကလယ်နှင့် သူ ဖိဟောက်လိုက်တော့ ငြိမ်ကျသွားသည်။ ပြေးကြည့်မှ တစ်အိမ်လုံးတွင် သည်အစ်ကိုနှင့် သည်ညီ နှစ်ယောက်တည်းရှိသည်။ သူ့ထက် ဆယ့်နှစ်နှစ်လောက်ကွာသော ညီတစ်ယောက်ကို မေမေ ဖေဖေမရှိတော့ကတည်းက ညီလိုတစ်မျိုး၊ သားလို တစ်မျိုး သူချစ်ခဲ့ အလိုလိုက်ခဲ့ရသည်။ သူ့အလုပ်တွေနှင့်ရှုပ်နေခဲ့သဖြင့် ညီ ခြေလှမ်းတွေ စပြီးပျက်လာခြင်းကို သတိမပြုခဲ့မိ။ တော်ရုံတန်ရုံ သောက်စားသည်ကိုတော့ ယောကျာ်းလေးဖြစ်သည်မို့ သူခွင့်လွတ်ထားခဲ့သည်။ ခု ကျောင်းချိန်တွင်ပင် အနံ့ကလေး တသင်းသင်းဖြင့် ကိုယ်တော်က ထင်တိုင်းကျဲနေပြီ။

“ခေါင်ရည် နဲနဲသောက်လာတာပါ“

“အေး အဲဒါတော့ တစ်ခါတစ်လေ မပြောချင်ပါဘူး။ လာခဲ့ မင်းအခန်းကို ငါရောက်ပြီးပြီ။ ငါ့နောက်ကလိုက်ခဲ့“

“ကိုကြီး ဒီနေ့ဘာဖြစ်နေလဲ။ ညီ့ကို ဆူချင် ဟောက်ချင်နေတာလား“

“မင်းကို ဆူမလိုမဟုတ်ဘူး မေးစရာရှိလို့။ လာစမ်းပါကွာ။ မင်းရဲ့ သိပ်ကိုလှပတဲ့ အခန်းထဲကို“

ခပ်ကုတ်ကုတ်နှင့် ညီညီတစ်ယောက် သူ့နောက်က လိုက်ပါလာခဲ့သည်။ သူခြေလှမ်းတွေ သွက်လွန်းလှသည်ဟု ထင်လေသည်။

၂။       ။

“ဒါဘာပုံတွေလဲ ညီ“

“ဪ ဘာများလဲလို့ ကိုကြီးရာ။ မြင်တဲ့အတိုင်းပဲလေ။“

“ငါ နားရင်းအုပ်ထည့်လိုက်ရ။ ဒီလိုပုံမျိုး လူပျိုလေးအခန်းမှာကပ်စရာလား။ ကိုကြီးတော့ ကိုယ့်မျက်စိကိုယ်တောင် ရှက်လာတယ်။ ဒီပုံတွေက စိတ်ကစားစရာဖြစ်မနေဘူးလား။“

ညီညီက မထုံတက်သေးအမူအရာနှင့် သူ့ကိုကြည့်ပြီးရယ်သည်။

“ကိုကြီး ဒီလိုပုံတွေ မမြင်ဖူးဘူးထင်တယ်။ ဘာဖြစ်လဲ ကိုကြီးရာ ညီ့အခန်း ဘယ်သူဝင်မှာမှတ်လို့။ တစ်အိမ်လုံးမှာ ယောကျာ်းလေးနှစ်ယောက်တည်းရှိတာ။ ထူးဆန်းလွန်းနေလို့လားဗျ။“

“ဟ…အခန်းနံရံမှာ မတကာ ရှုခင်းပုံလှလှလေး။ ဒါမှမဟုတ် ပြက္ခဒိန်တစ်ခုခုချိတ်ထားရင်တော်သေး။ ခု ညီ ကပ်ထားတဲ့ပုံကိုကြည့်စမ်း၊ ဝတ်လစ်စလစ်နဲ့။ ဆန့်ကျင်ဘက် အင်္ဂါနှစ်ခုကို မပေါ်အောင်ရိုက်ထားတာပဲ တော်တော့တယ်။ ညီရာ ခုဖြုတ် အဲဒီပုံတွေ ကိုကြီး မမြင်ချင်ဘူး။“

“ဟာဗျာ ညီကြိုက်လို့ချိတ်ထားတဲ့ပုံကို။“

“ဟေ့ကောင် မရှည်နဲ့ ဖြုတ်ဆိုခုဖြုတ် စကားမရှည်နဲ့။ ကြည့်ဦး တစ်ခန်းလုံးကိုပွနေတာပဲ။ သန့်သန့်ရှင်းရှင်းထားမှာပေါ့“

“အာ ကိုကြီးကလည်း လူပျိုခန်းပဲ ဒီလောက်တော့ ရှုပ်ပွမှာပေါ့“

“ဟေ့ကောင် မင်းအခန်းက ရှုပ်ပွနေတာထက်ကိုပိုနေပြီ။ လမ်းဘေးအမှိုက်ပုံကျနေတာပဲ။ ရှင်းခုရှင်း။“

“ကိုကြီးရာ ညီ ထွေနေတာလေးတောင် ပျောက်ကုန်ပြီ။ ရှင်းမယ်ဗျာ ။ မနက်ဖြန်မှ“

“မလိုချင်ဘူး ခုရှင်း“

ညီညီတစ်ယောက် ဆူပုတ်ပုတ်ဖြင့် ဟိုဟာကောက်ကိုင် သည်ဟာကောက်ကိုင်နှင့် အိပဲ့ပဲ့ အခန်းစရှင်းသည်။ သူက လက်ပိုက်ကြည့်နေလိုက်သည်။ သူထွက်သွားခဲ့လျှင် ညီညီ ဒီအတိုင်း မရှင်းပဲနေမည်ဖြစ်သောကြောင့် သူအခန်းထဲတွင် ရှိနေရခြင်းဖြစ်သည်။ သူ့အကြည့်က ကွန်ပျူတာဆီကို ရောက်သည်။ ညီလိုချင်သည်ဆို၍ သူ ဝယ်ထားပေးခြင်းဖြစ်သည်။ ဖုန်မသုတ် မသင်ထားသဖြင့် ကွန်ပျူတာက ကွန်ပျူတာပုံစံမပေါက်တော့။ CD ခွေတွေ၊ DVDခွေချပ်တွေလည်း ပြန့်ကျဲလို့။ Mirco Lab Box ဆိုလျှင် ဟိုတစ်လုံး ဒီတစ်လုံးနှင့် လဲသည့်အလုံးက လဲနေသေးသည်။

သူ ကွန်ပျူတာ ခုံတွင် ထိုင်ချလိုက်သည်။ ခြေထောက်က ခွေတစ်ခွေကို နင်းမိသဖြင့် ထိုခွေကို လက်ဖြင့် ကောက်ကိုင်ပြီး ခုံပေါ်တင်မည်အပြု။

သူ့မျက်လုံးများ ပြူးကျယ်ကာ ခွေကို ခုံပေါ်ပစ်တင်ပြီး တွေ့ရာစာအုပ်တစ်အုပ်နှင့် အုပ်ထားမိလိုက်သည်။ သူ့ရင်တွေ ခုန်နေသည်။ ဘာခွေကြီးလဲ။ ပုံကြီးက။

သူ ညီညီကိုကြည့်တော့ အခန်းထဲ အလုပ်ရှုပ်နေသည်။ သူ ညီညီအခန်းထဲက ထထွက်လာခဲ့သည်။ မီးဖိုချောင်ထဲ ရေတစ်ခွက်ဝင်သောက်သည်။ စိတ်ထဲတွင် ကတုန်ကယင်ကြီး။ မျက်စိထဲတွင် စောစောက ခွေကာဗာပေါ်က ပုံက ထင်ထင်ရှားရှားကြီး ပြန်ပေါ်လာသည်။ သူ ဒီလိုခွေမျိုး မမြင်ဖူး။ မကြည့်ဖူး။ သူ တီဗွီမကြည့် သည်မှာကြာပြီ။ နေကုန်နေခမ်း ခြံထဲတွင် ပေါက်ပြားတစ်လက်ကိုင်ပြီး အလုပ်သမားတွေနှင့်ရောရော ရောရောနေခဲ့သည်မှာ ကြာပြီ။ မဖြစ် ညီညီ့ကို ပစ်ထား၍ မဖြစ်တော့။

၃။       ။

“မင်း ဒီခွေတွေ ခိုးကြည့်နေတာ ဘယ်လောက်ကြာပြီလဲ“

သူ ညီညီရှေ့သို့ မနေ့ညကခွေကိုကောက်ကိုင်ပြီး ချပြလိုက်သည်။ ညီက ရယ်ကျဲကျဲနှင့် သူ့ကိုကြည့်သည်။

“ဘာများလဲလို့ ခိုးမကြည့်ပါဘူး။ ညီ့အခန်းထဲမှာ ညီကြည့်တာ ဗြောင်ဗြောင်တင်းတင်းပဲလေ။ ဘာဖြစ်လို့လဲ ထူးဆန်းလို့လား။ ဘာမှမဆန်းပါဘူး ကိုကြီးကလဲ။ ယောကျာ်းမှန်ရင် ဒီခွေလူတိုင်းကြည့်တာပဲ။“

သူကပဲ ယောကျာ်းမဟုတ်တော့သလိုမျိုး ညီညီကပြောလာသည်။

“ဘာကွ..။ ဒါ သူများနိုင်ငံက ဖြန့်တဲ့ ညစ်ညမ်းခွေတွေလေ။ လူပျိုက ကြည့်စရာလား။ ကြည့်ဦး။ မနေ့က ပုံတွေကပ်ထားရတဲ့အကြောင်းက ဒီခွေတွေ မင်းကြည့်နေလို့ပေါ့။ ဒီခွေတွေ မင်းစိတ်ကို ကစားအောင်လုပ်နေတာလေ။ အဲဒါ မင်းကိုယ်မင်းမသိဘူးလားညီ“

“မဆိုင်ပါဘူး။ ကိုကြီးရာ။ ညီက ဒီခွေကြည့်တာ ပညာယူချင်လို့ဗျ“

မြတ်စွာဘုရား။ ပညာယူချင်လို့။ ဘယ်ဟာကို ဘယ်လိုကြည့်ပြီး ညီက ပညာယူချင်ရတာပါလိမ့်။ သည်လို ယောကျာ်းနှင့်မိန်းမ ချစ်တင်းနှောနေသော ဗွီဒီယိုကိုကြည့်ပြီး ဘယ်လိုပညာယူမှာပါလိမ့်။ သူ ညီညီ့ကို အံ့ဩခြင်းကြီးစွာနှင့် ကြောင်ကြည့်နေမိသည်။

“ဘာကိုပညာယူရမှာလဲ။ ဒီရှက်ဖွယ်ကိစ္စကိုမင်းက ထိုင်ကြည့်ပြီး ပညာယူရအောင် မင်းက လူပျိုလေ။“

“လူပျိုမို့ ပညာပိုယူရမှာပေါ့။ ဒီလိုခွေတွေ ညီ့ အန်ဆွဲထဲမှာ အများကြီး။ ကိုကြီး ယူကြည့်ချင် ယူကြည့်လေ။ “

“ဘာကွ..။“

“ကိုကြီးက ခြံထဲမှာပဲနေ။ သိလား။ မျိုးကိုကိုရဲ့အစ်ကိုဆို သိပ်မိုက်တာ။ စွံလည်း စွံသလားမမေးနဲ့။ စော်လေးတွေကို ဝိုင်းဝိုင်းလည်နေတာ။ မျိုးကိုကို ဘာလုပ်လုပ် နောက်ကနေ ဖော်လိုလိုက်ပေးတာ။ ကောင်မလေးတွေ အိမ်ခေါ်အိပ်လဲ ဘာမှမပြောဘူး။“

မြတ်စွာဘုရားဟု သူ တလိုက်ရပြန်ပြီ။

“မင်း သူတို့နဲ့ပေါင်းပြီး မကောင်းတာတွေ တတ်နေတာပေါ့ ဟုတ်လား။ ပြောစမ်း။ မင်းဘာတွေလုပ်သလဲ။“

“ဟာဗျာ စောစောစီးစီးကိုကြီးက နားလာပြီး မုဒိန်းကျင့်နေတာပဲ။ ညီ လက်ဘက်ရည်ဆိုင်သွားတော့မလို့။“

သူ့အား သုံးနှုန်းလိုက်သော စကားကိုကြားလိုက်ရသည်နှင့် သူပင် ကြောင်တောင်အတနှင့် ညီကိုကြည့်ပြီး ဘာမှမပြောလိုက်ရ။ ကြားလို့မှမကောင်း။ နားမုဒိန်းကျင့်သတဲ့။ မျက်စိထဲတွင်တော့…။

ဟာကွာ…။

၄။       ။

သူ့အခန်းအတွင်းမှနေ၍ အနံ့တစ်မျိုးရသည်။ ညီညီအခန်းဘက်မှာလာစော အနံ့ဖြစ်ကြောင်း သူသိသည်နှင့် ညီညီအခန်းသို့ သူထွက်လာခဲ့သည်။ ညီညီတစ်ယောက် ဆေးလိပ်သောက်တတ်နေပြီထင်သည်။ ဆေးလိပ်နံ့ကို ဖေဖေမရှိတော့စဉ်ကတည်းက သည်အိမ်တွင် မရတော့။ ခု ညီညီက ဖေဖေ့ခြေရာနင်းပြီထင်၏။ ညီညီအခန်းသည် တိတ်ဆိတ်နေသည်။ ဘာသံမှ မကြား။ ညဆယ့်တစ်နာရီကျော်ပြီမို့ သူအိပ်ပြီအထင်နှင့် ညီညီ ဆေးလိပ်သောက်ခြင်းဖြစ်လိမ့်မည်။ ညီညီ့အခန်းတံခါးသည် အနည်းငယ်ဟနေသည်။ သူ ခြေသံဖွဖွဖြင့် ညီညီ့အခန်းနား တိုးကပ်သွားလိုက်သည်။ အခန်းတံခါး ဟဟလေးကို သူချောင်းကြည့်တော့ ဟာ…။ ဒီကောင်…။

ညစ်ညမ်းကားထိုင်ကြည့်ရင်းဆေးလိပ်သောက်နေသည်။

သူ ဝုန်းဆိုပြီး ညီညီအခန်းထဲဝင်သွားလိုက်သည်။ ညီညီက သူ့ကိုမြင်တော့ ဆေးလိပ်ကို ထိုးချေလိုက်သည်။ သို့သော် မမီတော့။

“မင်း ဆေးလိပ်တွေသောက်နေတယ် ဟုတ်လား။ ကောင်းကွာ။ ဖေဖေ ဘာရောဂါနဲ့ သေသွားသလဲ ။ မင်းမသိဘူးလား။ အဲဒီဆေးလိပ်ကိုသောက်ပြီး အဆုတ်ကင်ဆာနဲ့သေတာကွ။ ကြည့်စမ်း ပြာခွက်တွေ ဘာတွေနဲ့။ မင်းသောက်တတ်နေတာ ကြာပြီလား ဟေ့ကောင်။“

“ကိုကြီးကလဲ အိပ်မှာဖြင့် မအိပ်ဘူး။ ဘာဖြစ်လဲဗျာ ယောကျာ်းလေး ဆေးလိပ်သောက်တာ။ ညီတို့အရွယ်တွေ ဆေးလိပ်သောက်နေတာမှ အများကြီး။ “

“သူများတွေလုပ်တိုင်း လိုက်လုပ်မယ်လို့ ညီတွေးထားတာလား။ မကောင်းတာကို မကောင်းမှန်း သိရတယ်ကွ“

ကွန်ပျူတာ Screen ပေါ်က ရုပ်ရှင်မြင်ကွင်းက သူ့ကို ရှက်စေသည်။ ချက်ချင်းပင်

“ပိတ်စမ်း..။ မင်းညတိုင်း ဒီအခွေတွေကြည့်နေတာလား။ ပေးစမ်း မင်းခွေတွေ။ မီးရှို့ပစ်မယ်။ဘာလဲကွ မောင်နှင့်နှမ၊ သားနှင့်အမိ ကြည့်လို့မှ မတော်တဲ့ကားတွေ။ ကဲ ဘာထူးဆန်းလဲ။ ဘာအရသာရှိလဲ။ ဒါ ဒါပဲ။ ဘာတွေ ကြည့်စရာရှိလို့လဲ။ မင်းမျက်လုံးမင်းမရှက်ဘူးလား“

“ရှက်ပါဘူး။ ကိုကြီးမသိလို့ပါ။ ဒါ ညီတို့ယောကျာ်းတွေအတွက် အာသာပြေဆေးတွေဗျ။“

“ဘာ“

၅။       ။

တစ်နေ့ကစိုက်ပျိုးရေးဆေးဆိုင်တွင် အပင်တွေအတွက် ဆေးဝယ်နေစဉ် ဆိုင်ရှေ့မှ ဖြတ်သွားသော ညီညီ့ကို ဖြတ်ခနဲတွေ့လိုက်ရသည်။ အလွန်လျှင်သည့် သူ့မျက်လုံးတွေက ညီညီ့နောက်မှ ဆိုင်ကယ်ကိုခွစီးကာ ညီညီခါးကိုတင်းကျပ်စွာဖက်ထားသော ကောင်မလေး၏ ပုံစံကို မြင်ဖြစ်အောင်မြင်လိုက်သည်။ ဘောင်းဘီပေါင်လယ်လောက်နှင့် ဒေါက်ဖိနပ်မြင့်မြင့်ကိုစီးထားသော ကောင်မလေး။ နှစ်ဦးသားရယ်လို့မောလို့။

ညီညီတောင်ရည်းစားတွေဘာတွေနဲ့။ သူ ပြန်စဉ်းစားကြည့်သည်။ သူက ခုထိ တစ်ကိုယ်တည်း လူပျိုကြီး။ ခြံထဲ အိမ်ထဲကလွန်လျှင် ခု စိုက်ပျိုးရေးဆေးဆိုင်နှင့် လက်ဘက်ရည်ဆိုင်လောက်သာ သူသိသည်။ လက်ဘက်ရည်ဆိုင်တောင် ရံဖန်ရံခါ စိတ်လာမှ တစ်ခါတစ်ခါ ထိုင်သည်။ မေမေနှင့်ဖေဖေမရှိတော့ကတည်းက သည်ညီတစ်ယောက်အပေါ် သူ့ဘဝကြီးကိုမြုပ်နှံပစ်လိုက်သည်။ လက်လွှတ်လိုက်ရသော ချစ်သူ သိမ့်သိမ့်ပင်လျှင် သူ့ကို နားမလည်နိုင်စွာဖြင့် လမ်းခွဲသွားခဲ့သည်။ သူ့အတွက် အချစ်သည် ဟိုးအဝေးဆုံးတစ်ဖက်မှာရှိသည်။ ညီညီ့အတွက် ၊ ဘာလုပ်လုပ် ညီ့အတွက်သာ သူ့ခေါင်းထဲတွင်ရှိသည်။ သုံးဆယ်ငါးနှစ်အရွယ် လူပျိုကြီးတစ်ယောက် ဆိုခြင်းထက် ရပ်ကွက်ထဲတွင်တော့ သူက ညီတစ်ယောက်ကို အလွန်ချစ်လှပါသော အစ်ကိုကြီးတစ်ယောက်အဖြစ် မှတ်တမ်းအတင်ခံရသည်။ သူ ကျေနပ်ပါသည်။ သို့သော် စောစောတုန်းကမြင်ကွင်းကိုမြင်လိုက်ရတော့ သူ့ရင်ထဲ တမျိုးတမည်ကြီးဖြစ်သွားသည်။ သူ ညီညီကို ထိုသို့သော ခေတ်ပေါ်ဖက်ရှင်နှင့်အသားကျနေသော ကောင်မလေးမျိုးနှင့် တွဲသွားသည်ကို ဘဝင်မကျ။ သိမ့်သိမ့်လို မြန်မာဆန်ပြီး ယဉ်ကျေးသော  မိန်းကလေးမျိုးနှင့်မှသာ ဘဝင်ကျနိုင်လိမ့်မည်။

အိမ်တွင် ညီညီပြန်ရောက်နေသည်။ ဒေါင်ကောင်းကောင်း အသားခပ်လတ်လတ်နှင့် ယောကျာ်းချောချောသော ညီညီတစ်ယောက် ရည်းစားရသည်မှာ ဆန်းသည်တော့မဟုတ်။

“ညီ့ကိုမေးစရာရှိတယ် ထိုင်ဦး“

ညီက မျက်မှောင်ကုတ်ကုတ်နှင့် စိတ်ရှုပ်သည့်ပုံဖြင့် သူ့ကိုကြည့်သည်။

“ကိုကြီးခုတလော အမေးအမြန်း သိပ်ထူတယ်ဗျာ။ ဘာလဲ Interviewer လုပ်မလို့လား။ အေးအေး ခြံစိုက်ပါဗျာ။ ဒါက ချူလည်ချောင်လည်ရှိတယ်။“

“တော်စမ်း ပေါက်ကရတွေ  ကိုကြီးကိုလာမပြောနဲ့..။ မင်း ရည်းစားရနေပြီလား ။ နေ့လည်က ကိုကြီး ညီ့ကို မြို့လည်ခေါင်မှာတွေ့လိုက်တယ်။“

“ဒါများ..။ အဲဒါ နံပါတ်(၅)လေ ကိုကြီး“

“ဘယ်လို …“

“နံပါတ်(၅)လို့ပြောတာ။ ငါးယောက်မြှောက်ရည်းစားလေ။ သူ့နောက်မှာ နောက်ထပ် နှစ်ယောက်ရှိသေးတယ်။ သွားပြီဗျာ ဒါပဲမလား။ ဒီည မျိုးကိုကိုတို့အိမ်မှာ အိပ်မယ်။ “

နံပါတ်(၅)တဲ့။ သူ့တုန်းက။

တစ်ယောက်သောသူ ချစ်သူ သိမ့်သိမ့်တောင် သုံးနှစ်လောက် စောင့်မျှော်ခဲ့ရတာ။ ညီတို့ခေတ်က ဘာလဲ။

၆။       ။

ညီညီတစ်ယောက် မျိုးကိုကိုအိမ်တွင် အိပ်မည်ဆို၍ ခြံတံခါးကို စောစော သော့ခတ်ဖြစ်သည်။ စိတ်လိုလက်ရရှိသဖြင့် စာအုပ်တစ်အုပ်ကိုကိုင်ဖတ်ဖြစ်သည်။ ထို့နောက်ပျင်းပျင်းရှိသည်နှင့် ညီညီ့အခန်းထဲရှိ ဂစ်တာကိုယူပြီး တီးမည်ဟု တွေးမိကာ ထလာခဲ့လိုက်သည်။ ညီညီ့အခန်းထဲရှိ မီးခလုတ်ကို ဖွင့်လိုက်သည်။ အခန်းဒေါင့်တွင် ဂစ်တာတစ်လက်က ထောင်ထားလျှက်။ သူပင် ဂစ်တာ မတီးသည်မှာကြာခဲ့ပြီ။ မှတ်မှတ်ရရ သိမ့်သိမ့်ကိုပိုးတုန်းကနှင့် ချစ်သူဖြစ်ပြီးစ ပူပူနွေးနွေးအချိန်များတွင် သိမ့်သိမ့် အိမ်ရှေ့ အုတ်ခုံလေးမှာ သူငယ်ချင်းတွေနှင့် ထိုင်တီးဖြစ်ခဲ့သည်မှာ နောက်ဆုံးဖြစ်သည်။

ဂစ်တာကို ယူမည်အပြု ညီညီကုတင်ဘေးရှိ စာကြည့်စားပွဲကို မျက်စိက ရောက်သွားခဲ့သည်။ Digital Camera လေးတစ်လုံးတင်ထားသည်ကို တွေ့လိုက်ရသည်။ ညီညီတစ်ယောက် သူမသိအောင် ခိုးဝယ်ထားသလား။ သူငယ်ချင်းဆီကများ ဌားထားသလား။

ကင်မရာဝယ်မပေးလျှင် ဖုန်း Hand Setကောင်းကောင်းတစ်လုံးဝယ်ပေးဟု ပူဆာနေသည်မှာ နှစ်ပတ်လောက်ရှိပြီ။ Hand Set တောင် Touch Screen Android ဖုန်းမှဟူ၍ ဈေးစုံစမ်းကြည့်သောအခါ တစ်သိန်းကျော် နှစ်သိန်းကျော်လောက် သုံးနိုင်မှဆိုသဖြင့် သူ လက်ရှောင်ထားခြင်းဖြစ်သည်။ ဟော ခု ကင်မရာတစ်လုံးကို ညီ ဘယ်ကယူလာသနည်း။ သူ ကင်မရာကိုကောက်ကိုင်ကြည့်လိုက်သည်။ တစ်နေ့က သူ့သူငယ်ချင်း ဇော်ဦးယူလာသော ကင်မရာအမျိုးအစားဖြစ်နေသည်။ ဇော်ဦးကပင် သူ့ကို ဘယ်လိုဖွင့်ဘယ်လိုသုံးဆိုတာကို ပြခဲ့သေးသည်။ သူက ဘွဲ့ရတစ်ယောက်ဆိုသော်လည်း နည်းပညာနှင့် မယဉ်ပါးသဖြင့် တီးမိခေါက်မိမရှိ။ ဒါတောင် ညီညီဝယ်ဝယ်လာသော အင်တာနက်ဂျာနယ်ကို ကောက်ဖတ်ပြီး ညီညီကို မေးမေးထားသဖြင့် သိလာရခြင်းဖြစ်သည်။

သူပင် ခေတ်ကို မမီတော့သည်လားမသိ။ IT နည်းပညာ ဂျာနယ်တွေ အစောင်စောင်ထွက်လာသည်ကိုမသိ။ ခုမြန်မာပြည်မှာ ဖုန်းတွေခေတ်စားလာခြင်းကိုမသိ။ ကွန်ပျူတာတွေ၊ အင်တာနက်တွေမသိ။ ညီညီကတော့ အကုန်သိသည်။ သုံးတတ်သည်။ အင်တာနက်ဆိုတာ ဘာဆိုတာကအစ သူ့ကို ပြန်လည် ရှင်းပြတတ်သည်။ ထို့ကြောင့်ပင် ကွန်ပျူတာဝယ်ထားပေးခဲ့ရပြီးပြီ။

လက်ထဲရှိ ကင်မရာလေးကို သူ ဖွင့်ကြည့်လိုက်သည်။ အော်တို ပရီဗျူးလုပ်ထားသဖြင့် ဘာပုံလဲဟု သူကြည့်နေလိုက်သည်။ ကြည့်ရသည်မှာ ညီညီ သူ့အခန်းသူ ရိုက်ထားသလား။ ညီညီ့ကုတင်ကြီးကို သူမြင်နေရသည်။ သူ ရိုက်ထားသည့်ရက်စွဲကိုကြည့်လိုက်သည်။ 8-12-2012 စနေနေ့။ လွန်ခဲ့သော တစ်ပတ်က။ သူဇော်ကြီး အိမ်တွင် အလှူရှိ၍ ဇော်ကြီးအိမ်တွင် အိပ်ဖြစ်ခဲ့သောနေ့။

ရိုက်ထားသည်က မှန်း။ ဗွီဒီယိုဖိုင်တစ်ခု။ သူစိတ်ဝင်စားစွာဖြင့် တြိဂံဘေးစောင်းပုံ ခလုတ်လေးကိုနှိပ်ချလိုက်သည်။ ဘုရား…..ဘုရား..။ ညီညီ…။ ညီညီ….။

၇။       ။

ကင်မရာလေးအတွင်းမှာ ဗွီဒီယိုပြကွက်က အခန်းမျက်နှာကျပ်ကိုမျက်နှာမူထားသော်ငြား မျက်စိထဲက မပျောက်။ ညီညီနှင့်ကောင်မလေးတစ်ယောက်။ ဝတ်လစ်စလစ်နှင့်  ညီညီကုတင်ပေါ်တွင် ပူးပူးကပ်ကပ်။ ညီညီ့ ကိုယ်ခန္ဓာတစ်ခုလုံး ဗလာကျင်းလျှက်. ။ မိမွေးတိုင်း ဖမွေးတိုင်း ပကတိပြောင်ရှင်းနေသည်။

ဆန့်ကျင်ဘက် လူသားနှစ်ဦး၏ ကမာ္ဘဦးစကအတိုင်းရှိနေခဲ့သည် မြင်ကွင်းကို ညီညီ ဘာကြောင့်မှတ်တမ်း တင်ထားခဲ့သလဲ။ အရှက်တရားဆိုသည်မှာ ညီညီအတွက်ဘာလဲ။ သိက္ခာဆိုသည်မှာ ညီညီအတွက်ဘာလဲ။ မိန်းကလေးကရော ဒီ ဗွီဒီယိုပြကွက်တွေ မှတ်တမ်းတင်ထားသည်ကို မသိဘူးလား။ ထိုမိန်းကလေးသည် မိန်းမကောင်းလား၊ မိန်းမပျက်လား။

သူ အလိုလိုက်ခဲ့ပါသောညီညီတစ်ယောက် ဘာဖြစ်နေပြီလဲ။ ယဉ်ကျေးမှုကူးစက်ခြင်းခံလိုက်ရခြင်းလား။ ထိုသို့သော အကျင့်တွေကို သူကတော့ ယဉ်ကျေးမှုလို့ မသတ်မှတ်။ အရှက်သိက္ခာကိုချစားသော လူမျိုးတွေဆီက ညီညီ ဗိုင်းရပ်စ် ကူးခံလိုက်ရပြီလား။

သူရင်တွေတုန်နေသည်။ သူ သူ့ချစ်သူ သိမ့်သိမ့်ကို စတင်နမ်းဖူးတုန်းကနေ လက်ကလေးကိုင်သည့် အဆင့်မှလွဲ၍ ကျန်သည့်ဘာညာဘာညာတွေ မထိမတွေ့ ဖူးခဲ့။ ကိုင်တွယ်ထိတွေ့ရန်လည်း မစဉ်းစားဖူးခဲ့။ ခု ညီညီက လင်မယားကဲ့သို့ပင် ချစ်တင်းနှောပစ်လိုက်သေးသည်။ သူ့ညီညီ့ကို ထိန်းသိမ်းရန် ဘယ်လို ကြံဆောင်ရမလဲ စဉ်းစားမရတော့။

၈။       ။

မီဒီယာများ၏ အန္တရာယ်တဲ့။

အနောက်နိုင်ငံတွေမှာ တော်တော်လေးဆိုးရွာနေသည်။ လူမှုရေးနက်ဝပ်တွေရဲ့ ပွင့်လင်းမှုတွေကြောင့် ကိုယ့်ကိုကိုယ် သတ်နေကြသတဲ့။ အချို့ ကိုယ့်ရဲ့ လူမသိအပ်သော အကြောင်းတွေ၊ ဗွီဒီယိုဖိုင်တွေ  Social Website တွေပေါ် ပျံ့နှံ့သွားဖြင့် အရှက်ရ၊ အသက်ဆုံးသည်အထိ သေကြောင်းကြံစည်သွားကြသတဲ့။

သူ အလုပ်ရှုပ်နေသည်။ ခုတလော နည်းပညာဆိုင်ရာဂျာနယ်တွေ၊ မဂ္ဂဇင်းတွေနှင့် သူလုံးလားထွေးလား။ ညီညီ နောက်တစ်နေ့အိမ်ပြန်လာသည်ကိုပင် သူ အပြစ်မဆိုမိ။ ဗွီဒီယိုဖိုင်အကြောင်း စကားမဟမိ။ ညီညီ လူကျင့်ဝတ်တွေကို ချိုးဖောက်နေသည်ဟု သူထင်သည်။ ဆိတ်ကွယ်ရာတွင်သာ ပြုမူတတ်ကြသော ယောကျာ်းနှင့် မိန်းမ သွေးသားသောင်းကျန်းမှု တနည်း သံဝါသပြုမှုသည် ညီညီအလှည့်တွင်မှ ကင်မရာအတွင်းသို့ မှတ်တမ်းတင်ထားမှု။ ဒီဗွီဒီယိုဖိုင်တာ အင်တာနက်တွင် တစ်စုံတစ်ဦးကြောင့် ပျံ့နှံ့သွားခဲ့ပါလျှင်။

သူ ရိုးနေ အနေလို့မဖြစ်မှန်းသိသည်နှင့် ကွန်ပျူတာ ကိုင်တတ်အောင် ကျင့်ရသည်။ သင်ရသည်။ ညီညီကို အကျိုးအကြောင်းဆီလျှော်စွာ ရှင်းပြတတ်ဖို့။

လူငယ်များကို မည်သို့မည်ပုံကိုင်တွယ်ရမည်ကအစ သူ စာစောင်တွေ၊ မဂ္ဂဇင်းတွေထဲမှာ ဆောင်းပါးတွေကိုရှာဖတ်သည်။

ထိုနေ့ညက ညီညီ့အခန်းကို ပိုက်စိပ်တိုက် သူလှန်လောရှာဖွေခဲ့သည်။ ရှိသမျှအန်ဆွဲတွေဖွင့်ကြည့်။ စာအုပ်စာစောင်တွေ တစ်အုပ်ချင်းကြည့်။

ညစ်ညမ်းစာအုပ်တွေ  အုပ်နှစ်ဆယ်ခန့်တွေ့သည်။ သူ အံ့ဩရသည်။ မြန်မာနိုင်ငံမှာ သည်လို အကျိုးမပြုသော စာအုပ်တွေရေးတဲ့သူ ရှိသလား။ ဂန္တဝင်စွာ မှတ်တမ်းတင်ရမည် ရသဝတ္ထုကြီးတွေမရေးပဲ သည်လို ညစ်ညစ်ညမ်းညမ်း လိင်အသားပေး စာအုပ်တွေ ရေးသတဲ့လား။ နောက် ခွေတွေ..။

နောက် …..ဓါတ်ပုံတွေ။ ညီညီ ဘယ်ကရသနည်း။ ရနိုင်စရာက အင်တာနက်..။။ဟုတ်သည် အင်တာနက်။ ထို့ကြောင့် သူ အင်တာနက်ကို စိတ်ဝင်စားလာရခြင်းဖြစ်သည်။

ကွန်ပျူတာစားပွဲအောက်ဆုံးအန်ဆွဲကိုဆွဲဖွင့်ကြည့်တော့ ကွန်ဒုံးတွေ။ စတော်ဘယ်ရီ၊ ငှက်ပျော….ချောဆီ။ သူ့သွေးနားထင်တွေထောင်ထလာသည်ဟုပင်ထင်လိုက်ရသည်။

ခုခံအားကျဆင်းသည့်ရောဂါနှင့်သေဆုံးသွားခဲ့သော ဘေးအိမ်က ကိုကျော်ကြီးကိုအမှတ်ရလိုက်သည်။

ဘုရားရေ ညီညီ့ကိုကယ်ပါ..။

၉။       ။

“ညီ့ကို ကိုကြီးပြောရဦးမယ်“

“ပြောလေ..ကိုကြီး..ကင်မရာထဲက ကိစ္စလား“

ဘာမှမထူးဆန်းသည့်ပုံဖြင့် မေးလာခြင်းကို သူအံ့ဩသည်။

“ဟုတ်တယ်ညီ“

“ထင်သားပဲ။ ကိုကြီး ညီညီ့အခန်းကိုမွေထားတယ်။“

“ဒါ ကိုကြီးတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်လို့ ညီသတ်မှတ်ပါ။ ညီညီ့ကို ကိုကြီး ပစ်ထားလို့မရတော့ဘူး။ ညီ အတုမြင်အတတ်သင်ဆိုတာ ကောင်းတာတွေကိုသာ ရှာကြံယူရ သင်ရတာညီ။ ခု ညီက မကောင်းတာကို ပညာယူနေတာ။ ညီ အခု ဘာတွေလုပ်နေသလဲဆိုတာ ကိုကြီးမသိဘူး။ ဒါပေမယ့် ညီ့ကို ကိုကြီးပြောချင်တာက သားသမီးချင်းကိုယ်ချင်းစာဖို့၊ နှမချင်းကိုယ်ချင်းစာဖို့ပြောချင်တာ။“

“ညီ ဘာမှမလုပ်ဘူး ကိုကြီး။ ခု ကိုကြီးမြင်ထားတာလဲ ညီညီ ရည်းစားပဲ။ ညီ မိန်းမပျက်တွေနဲ့ မလွန်ကျူးဘူး မပျော်ပါးဘူး။ ဆေးပညာဗဟုသုတလေးတော့ ညီမှာ ရှိပါသေးတယ် ကိုကြီးရာ။ “

“ညီ မရှက်ဘူးလား။ ညီညီ ဒီလို ဝတ်လစ်စလစ်နဲ့ မိန်းမတစ်ယောက်နဲ့ လွန်ကျူးနေတာ တစ်ယောက်ယောက်က မြင်သွားမှာ မရှက်ဘူးလား။ ခု ဒိကိစ္စကိုကြီး သိနေပြီလေ။ ညီ မရှက်သင့်ဘူးလား။“

ညီညီ ရယ်လေသည်။

“ရှက်စရာလားဗျာ…သူများနိုင်ငံတွေမှာ“

“တော်စမ်း ညီညီ.. သူများနိုင်ငံတွေမှာဆိုတဲ့ စကားကိုမပြောနဲ့ ညီအခုနေနေတာ မြန်မာနိုင်ငံ။ သူများနိုင်ငံတွေမှာ ဘယ်လိုပဲ ပြုမူနေထိုင်သည်ဖြစ်စေ အားလုံးလိုက်အတုခိုးစရာမလိုဘူး။ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ယဉ်ကျေးမှုနဲ့ကိုက်ညီတာကိုပဲ အတုယူသင့်တာ။ ခု ညီညီ လုပ်ထားတဲ့ လုပ်ရပ်ကိုပြန်တွေးကြည့်။ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ပြုလုပ်သင့်သလား မလုပ်သင့်ဘူးလားဆိုတာ၊ အေး သူများနိုင်ငံတွေမှာ ဒီကိစ္စကို ပွင့်လင်းစွာ လက်ခံထားတာ မင်းထင်သလိုဆိုရင် မှန်ပါလိမ့်မယ်။ ဒါပေမယ့် ညီလည်း စာတွေဖတ် အင်တာနက်တွေကြည့်နေတဲ့ သူတစ်ယောက်ပဲ။ ရှက်သင့်တာကို ရှက်တတ်တဲ့သူတွေလည်းရှိတယ်။ မဆိုစလောက် ယောကျာ်းချင်းနမ်းနေမိတဲ့ ပုံကို အင်တာနက်ပေါ်ရောက်သွားလို့ သတ်သေသွားကြတဲ့သူရှိတယ်။ လိင်ကိစ္စဗွီဒီယိုဖိုင်တွေ ပေါက်ကျားသွားလို့ သတ်သေသွားတဲ့သူတွေရှိသေးတယ်။

ကိုကြီးတို့ မြန်မာ လူမျိုးတွေဆိုတာ အင်မတန် အရှက်တရားကြီးတဲ့ လူမျိုးတွေပါ။ ခု ညီ့လုပ်ရပ်ကြောင့် ဒီ ဗွီဒီယိုဖိုင်ကြီး အကယ်၍ အင်တာနက်ပေါ်ကိုပျံ့နှံ့သွားခဲ့မယ်ဆိုပါစို့။ ညီ ဘယ်လိုဖြေရှင်းမလဲ။ ဘယ်သူတွေ အရှက်ရမလဲ။“

“……………………..“

“မပြောတတ်တော့ဘူးမလား…။ ညီ အပေါင်းအသင်းမှားနေတယ်။ အတုယူမှားနေတယ်“

“ကိုကြီး ကို ညီတစ်ခုပြောချင်တယ်။ ညီတို့လူမျိုးတွေလည်း အိမ်ထောင်ပြု ယောကျာ်းနဲ့ မိန်းမ ဆက်ဆံကြတာပဲ လေ ရှက်စရာမှမဟုတ်တာ။ သူများနိုင်ငံတွေနဲ့ကွာတာက လူသိချင်းမသိခြင်းပဲကွာတာလေ“

“တယ်ခက်တဲ့ကောင်ပဲ။ ကိုကြီးတို့လူမျိုးတွေက ဆိတ်ကွယ်ရာမှာပဲ လူမမြင် သူမမြင် နှစ်ဦးသဘောတူ ဆက်ဆံကြတာလေ။ ခုမင်းလုပ်ပုံက ဆက်ဆံတုန်းက လူမမြင် သူမမြင် ပြီးမှာ ကင်မရာထဲက မြင်ကွင်းကို မင်းက ဘာကြောင့်မှတ်တမ်းတင်ထားခဲ့ရသလဲ။ တစ်ဖက်သားမိန်းကလေးကရော သိပါရဲ့လား။ အကယ်၍ သိခဲ့ရင်တောင် လက်ခံမှာ မဟုတ်ဘူး။ ညီ မင်းဘာလို့ အဲဒီလို ကင်မရာနဲ့ရိုက်ထားတာလဲ“

“သူငယ်ချင်းတွေကို ဒီစော်ကို ဒီလိုကွဆိုတာ ကြွားမလို့“

“ဘုရား……..ဒါကြွားစရာလားကွ။ မင်းရဲ့ အရှက်၊ ကောင်မလေးရဲ့အရှက်ကို ကိုယ်တိုင်ခွဲမလို့ပေါ့လေ။ မင်း မှာ အရှက်မရှိရင်တောင် ကောင်မလေးရဲ့အရှက်တရားကို မင့်ထည့်ကိုတွက်ရမယ်။ ကောင်မလေးက မင်းကိုချစ်လွန်းလို့ ။ မင်းပူဆာလွန်းလို့၊ သူ့ရဲ့အရှက်နဲ့ဘဝကို ကြည်ကြည်ဖြူဖြူပေးတာကို မင်းက သူငယ်ချင်းတွေရှေ့မှာ ဒီရှက်ဖွယ်လိလိ ကိစ္စကြီးကိုပြပြီး ကြွားလုံးထုတ်ချင်သေးတာပေါ့ ကဲကွာ ကြွားလုံးထုတ်ချင်ဦး“

သူ တစ်ခါမှာမထိုးဖူးသော ညီညီ့ရဲ့ပါးပြင်ကို လက်သီးတစ်ချက် ပြင်းပြင်းလေး ထိုးလိုက်မိသည်။

“ဒီမယ် ညီ…မင်းတွဲခဲ့ဖူးတဲ့ မိန်းကလေးတွေရဲ့စိတ်ကို မင်းသေသေချာချာဖတ်ကြည့်။ ပြီးရင် ဘယ်မိန်းကလေးရဲ့စိတ်ကို မင်းနားလည်သလဲ။ ဘယ်မိန်းကလေးကရော မင်းကို နားအလည်နိုင်ဆုံးလဲဆိုတာ။ မင်းအခန်းထဲက ခွေတွေ၊ ကွန်ဒုံးတွေ၊ အကုန် ကိုကြီးမီးရှို့ပြီးပြီ။

မင်းဟာ ယောကျာ်းတစ်ယောက်ဆိုရင် ကိုယ်လုပ်ထားတဲ့ လုပ်ရပ်တစ်ခုကို တာဝန်ယူလိုက်စမ်းပါ။ ကိုကြီး ဒါပဲပြောချင်တယ်“

၁၀။     ။

 မောင်လင်းသူရ နှင့် မ မျိုးသီရိ

တို့၏

မင်္ဂလာဧည့်ခံပွဲ

          ဆိုသည့် စာတမ်းလေးကို သူဖတ်နေရင်း စိတ်ကြည်နူးရသည်။

လူကြီးစုံရာနှင့် သူ လက်ထပ်ထိမ်းမြှားပေးခဲ့ပါသော ညီတို့စုံတွဲကတော့ ပျော်လို့ရွှင်လို့။ ပြီးခဲ့သော အပတ်က ညီ ကင်မရာထဲက ဗွီဒီယိုဖိုင်ပါရှိသော ကဒ်ကို မီးရှို့ပစ်လိုက်သည်။ ပြီးတော့ ကောင်မလေး၏အိမ်သို့ ကန့်တော့ပွဲနှင့် မိသားဖသားပီပီ တောင်းရမ်းပေးပါတဲ့။

သူမျက်ရည်ဝဲမိပါသည်။ ညီညီ့အတွက် သိက္ခာ။ ကောင်မလေးအတွက် အရှက်။ နှစ်ခုလုံးကို သူ ထိန်းနိုင်လိုက်သည်။ မင်္ဂလာပွဲတွင် မတွေ့တာကြာပြီဖြစ်သော သိမ့်သိမ့်ကို ပြန်တွေ့သည်။ အရင်လို လှပနေဆဲ။ အတ္တဆန်စွာ သူကျောခိုင်းခဲ့ပါသော ချစ်သူ သိမ့်သိမ့်က သူ့အားနုတ်ဆက်၏။

“အရင်အတိုင်းပဲလား ကိုမျိုးသူရ“

“ဟုတ်ကဲ့…….သိမ့်ရော“

သိမ့်ဟု သူ ဘာကြောင့်များ အဖျားစွတ်ခေါ်ခဲ့မိပါလိမ့်။

“ဟုတ်တယ် အရင်လိုပဲ တစ်ယောက်တည်း“

“ဘယ်မှာနေလဲ….ဟင်“

“အမှတ်…..။……………….လမ်း….။……………….ရပ်ကွက်မှာ“

“ညကျရင် ကိုလာလည်မယ်နော်…..အရင်လို ဂစ်တာတစ်လက်နဲ့လေ….“

သိမ့်သိမ့် ပြုံးပါသည်။ မျက်စိကတော့ ညီညီတို့ စုံတွဲဆီမှာ ဝေ့လည်လျှက်။ သူ မျက်စိထဲမှာတော့ ဖျောက်ဖျက်မရသော မြင်ကွင်းတစ်ခုကိုမြင်နေဆဲ…..။

 

သော်ဇင်(လွိုင်ကော်)

Date-15th-Dec-2012

Time-09:43Am

8 comments

  • အမေ Mobile (MGZ ပါတီ)

    December 15, 2012 at 11:32 am

    အားပေးသွားပါတယ် ကိုသော်ဇင်ရေ
    ယောကျာ်းလေးတွေဆိုတာတော့ ဒီလိုပဲဗျ ဘော်ဒါတွေ ရှေ့မှာ ကြွားလုံးထုတ်ချင်ကြတယ်။
    ဘယ်ဆော်နဲ့ ဘယ်လိုပေါ့ ဘယ်အရက်ဆိုင်မှာ ဘယ်လိုသောက်ကြတယ်ပေါ့ ဘယ်လိုကဲကြတယ်ပေါ့။
    လူပျို တစ်ယောက်ရဲ့ အကြောင်း
    မိန်းမပျိုတစ်ယောက်ရဲ့ အကြောင်းရေးပြီးရင်
    လူပျိုတစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်၏အကြောင်းဆိုပြီး လုပ်ပါ့ဦး …………………………………

  • ဘဲဥ

    December 15, 2012 at 11:34 am

    ဟိုလေ …………
    ဟိုဘက်ပိုစ့်က မမနီနဲ့ ညီနဲ့
    ပီးတော့……
    ညီမမီနဲ့ ကိုမျိုးသူရနဲ့ တွဲကြည့်ခိုင်းလိုက်ရင် ဘယ်လိုဖြစ်လာမလဲမသိဘူးနော်
    ဘာရယ်မဟုတ်ပါဘူးဗျာ စိတ်ထဲရှိတာ ရေးလိုက်တာပါ

    • မောင်ပေ

      December 15, 2012 at 12:23 pm

      ၁ ရစ်ချက်တာစကေးလောက်တော့ ဖြစ်သွားနိုင်မယ် လို ့ ထင်ရှိပါကြောင်း
      ကိုသော်ဇင်ရေ
      ဖတ်ရှုအားပေးသွားပါတယ်ခင်ဗျ

  • athwe lay

    December 15, 2012 at 11:59 am

    ကျေးဇူးပါကိုသော်ဇင်ရေခေတ် ၏လူပျိုုလေးတွေရဲ့လွဲမှားနေတဲ့ အယူအဆတွေကို အသိဝင်အောင်လုပ်ပေးတဲ့အတွက်ပါ အားပေးနေတယ်နော်။

  • သကြားလုုံးကြော်

    December 15, 2012 at 12:08 pm

    ဟင် ဟိုုဘက်က ညီအမနဲ့ တွဲမှာထင်လိုု့။ မင်္ဂလာဆောင်ပြီး ဇတ်လမ်းဆုုံးသွားပြီလား။

  • jullies cezer

    December 15, 2012 at 3:46 pm

    တော်သေးတာပေ့ါ တာဝန်ယူတာလေးနဲ့ဇာတ်သိမ်းသွားလို့ …….

  • Mr. MarGa

    December 15, 2012 at 4:27 pm

    ယောက်ျားတစ်ယောက်ရဲ့ ကိုယ်ကျင့်သိက္ခာကို တွေးမိတယ်။
    ကိုသော်ဇင် ရေ
    ယောက်ျားကောင်း မောင်းမ တစ်ထောင် တဲ့ဗျ
    ဦးမာဃ တို့ရှေ့က ပညာရှိတွေ ပြောသွားတာ
    ဦးမာဃ ကတော့ သူတို့ အားလုံးကို တာဝန်ယူနိုင်ရမယ်လို့ ပြောချင်တယ်ထင်တာပဲ
    တစ်လက်စတည်း
    မိန်းကလေးတွေရော ယောက်ျားလေးတွေရော မိမိတို့ရဲ့ အပျိုစင်၊ လူပျိုစင် ဘဝကို မင်္ဂလာဦးည အထိ ထိန်းသိမ်းထားသင့်ပါတယ်လို့ ဦးမာဃ ထင်ပါတယ် ဆိုတာလေး ပြောချင်တယ်။
    ပို့စ် နဲ့တော့ နည်းနည်း လွဲသွားပြီ ထင်တယ်
    တော်သေးပြီ

    ဦးမာဃ

  • uncle gyi

    December 16, 2012 at 8:15 am

    ကိုသော်ဇင်ရေ
    နီနဲ့ပျို ၂ ခုစလုံးကယနေ့ခေတ်ကာလသားသမီးတွေကိုပြတ်ပြတ်သားသားပုံဖော်လိုက်တာပါပဲ
    ဟုတ်တယ်ဗျ အခုခေတ်ကောင်မလေးတွေဘီယာလောက်မှမသောက်တတ်ရင်လူရာမဝင်တော့သလို
    ၁၅နှစ်မှရီးစားမရှိရင်အချင်းချင်းလူရာမဝင်တော့သလို
    ကိုးရီးယားယဉ်ကျေးမှုလွှမ်းမိုးတယ်ပြောမလားခေတ်မှီလာတယ်ပြောမလား
    ပျက်စီးကုန်တယ်ပြောမလား
    ဒီနေ့ခေတ်ကာလကလည်းရုပ်ဝတ္ထုအားကောင်းတဲ့ခေတ်ဖြစ်နေတော့လူငယ်တွေအကုန်
    ကိုယ့်စိတ်ကိုယ်မထိမ်းနိုင်ပဲရုပ်ဝတ္ထုနောက်လိုက်ကုန်ကြတာတိုးတက်တယ်ပြောမလားဆုတ်ယုတ်တယ်
    ပြောမလား
    အင်တာနက်ထွန်းကားတာကိုတလွဲသုံးနေကြတာ
    လူငယ်တွေစာစဖတ်ကာစအကုန်ဖတ်အချစ်လည်းဖတ်အပျော်လည်းဖတ်စုံထောက်လည်းဖတ်
    သိုင်းလည်းဖတ်နောက်ဖတ်ရင်းဖတ်ရင်းသူ့ဖာသာသူရွေးဖတ်လာမယ်
    အဲလိုပဲအခုမှမြန်မာကစပွင့်ကာစဆိုတော့သုံးရင်းသုံးရင်းကိုယ့်အတွက်တကယ်အကျိုးရှိတာ
    လေးတွေယူသုံးတတ်လာပါစေလို့ပဲမျှော်လင့်ရတာပါပဲ
    နောက်တခုပြောချင်တာကယဉ်ကျေးမှုပုံစံမတူတာကိုတိုက်ရိုက်ကူးချနေကြတာ
    ကိုရီးယားမှာဘီယာသောက်တာဟိုကရာသီကအအေးများတယ်
    ဒီမှာကအပူများတယ်ယူတာလည်းယူကြသင့်တာလေးယူတတ်ကြရင်တော့ကောင်းမယ်နော်
    ဒီနေရာမှာလည်းရှေ့ဆောင်တွေကလိုပြန်ရော
    မြန်မာမင်းသမီးမင်းသား
    စာနယ်ဇင်းတွေဘယ်လောက်ဝင်ရောက်ထိမ်းသိမ်းနိုင်မလဲစိတ်ဝင်စားစရာပါ
    အခုကလွှတ်လိုက်တယ်ဆိုကတည်းကကိုယ့်ငွေရဖို့တခုတည်းကြည့်ပြီးလုပ်ချလိုက်တာက
    ညှို့

Leave a Reply