:eee: “ဘာကိုအပြစ်တင်ရမှာလဲ မီးပုံးကားလေးရယ်” :byae:

လမ်းမတစ်ယောက်မှာကြိုးတွေတန်းပြီးမီးပုံးတွေချိတ်ကြတယ်။ရပ်ကွက်လူငယ်တွေစုပေါင်းပြီးပြုလုပ် ကြတာတဲ့။ အိမ်တွေမှာတော့ထုံးစံမပျက်ဖယောင်းတိုင်မျိုးစုံ၊မီးပုံးမျိုးစုံအလှဆင်ထားတာတော်တော်လေးမြိုင်ဆိုင်နေပါတယ်။
မေဝါကတော့ဘုရားစင်မှာဖယောင်းတိုင်၃တိုင်ပူဇော်ပြီး လက်ကျန်ဖယောင်းတိုင်လေးတွေကို ပြတင်းပေါက် ဘောင်မှာစီထွန်းထားလိုက်တယ်။ပြတင်းပေါက်ကနေလမ်းပေါ်ကြည့်မိတော့ လမ်းထဲက ကလေးတွေမီးပုံးကား တွေ၊မီးရှူးတွေ၊ဗျောက်အိုးတွေနဲ့ပျော်မြူးနေလိုက်ကြတာ။ဟော…ဟို၄နှစ်သမီးလေးက သမီးလေးနဲ့ရွယ်တူ ပုံ့ပုံ့လေးပါလား။ပုံ့ပုံ့လေးကိုမြင်မှ သမီးလေးကိုပိုလို့သတိရကာမျက်ရည်တွေကအလိုလိုဝဲလာလေပြီ။ အခုနေများသမီးလေးသာရှိခဲ့ရင် ပုံ့ပုံ့လေးတို့ကလေးတစ်သိုက်နဲ့အတူပျော်ရွှင်နေလောက်ပြီ။မေဝါလည်းအခု လိုမျိုး ပြတင်းတံခါးနားမှာငိုင်နေမှာမဟုတ်ချေ။ကစားနေတဲ့သမီးလေးကိုကြည့်လိုက်၊တစ်ခြံလုံးအနှံ့ ဖယောင်း တိုင်တွေလိုက်ထွန်းလိုက်နဲ့ပီတိတွေဖြာနေမှာသေချာတာပေါ့။မှတ်မှတ်ရရမနှစ်က တော်သလင်း လကွယ်ခါနီး လောက်ကပေါ့..

^^^^^^^^^^^^^^^^^^^^^^^^^^^
“မေမေနဲ့လိုက်မယ်…မေမေနဲ့လိုက်မယ်”

“ဟဲ့..သမီး မေမေနဲ့လိုက်လို့မရဘူးဆိုတာသိရဲ့သားနဲ့ နေ့တိုင်းဒီလိုလုပ်မနေနဲ့ကွာ…ကဲပါကြီးကြီးကသမီးက ခေါ်ပါဦး”

မေဝါ့အကျင်္ ီအနားစကိုအတင်းဆွဲနေသောသမီးလက်ကိုအနည်းဖြည်လွှတ်ရင်း ရွာမှလာနေပေးသောကြီးတော် ထံသမီးကိုထိုးထည့်ရသည်။မေဝါရုံးသွားခါနီးတိုင်းဖြစ်နေကျ သမီးရဲ့အကျင့်ကဘယ်လိုမှဖျောက်လို့မရ။

သူများကလေးတွေဆိုဒီအရွယ်မူကြိုပို့ထားကြပြီး လုပ်ငန်းခွင်ဝင်လို့ရနေပြီ။သမီးကတော့ထိုသို့မဟုတ်။မူကြိုကို ပို့လို့လည်းလုံးဝမရ တစ်ပတ်လောက်ကြိုးစားပမ်းစားပို့ကြည့်သော်လည်းအချည်းအနှီး မူကြိုကဆရာမတွေရုံးကို ဖုန်းဆက်ပြီးလာလာပြန်ခေါ်ခိုင်းသဖြင့် သွားပြန်ခေါ်ရတာတစ်ပတ်လုံးပင်။ရုံးကလူကြီးကပင်အမြင်မကြည် တော့။နောက်ဆုံးတော့ ရွာကကြီးတော်ကိုအတင်းခေါ်ယူကာသမီးနဲ့အတူအိမ်မှာနေစေမှပဲနည်းနည်းအဆင်ပြေ သွားတော့သည်။သမီးရဲ့အဖေကလဲ နောက်အိမ်ထောင်နဲ့အတူလသားကလေးငယ်ပင်ရနေပြီမို့ အပူအကပ်လို တာကြောင့် မေဝါတစ်ယောက်တည်းလောကဓံကိုခါးစည်းခံနေရလေပြီ။

“ရော့ရော့ကြီးကြီးသမီးကိုတစ်ခုခုလိုက်ဝယ်ကျွေးလိုက်နော်…ကြီးကြီးတို့သွားပြီးမှ မေဝါအပြင်ထွက်မယ် သော့တစ်ချောင်းယူသွားလိုက်”
ကလေးနဲ့ကြီးတော်ထွက်သွားပြီးမှ မေဝါ ရုံးသို့ထွက်ခဲ့ရသည်။တစ်နေ့တစ်နေ့ သမီးနဲ့နေချင်ပေမယ့် ကလေးအဖေထံမှ ကလေးစရိတ်မရတာကြောင့် သားအမိနှစ်ယောက်စားဝတ်နေရေးကို မဖြေရှင်းလို့ကမရ။

^^^^^^^^^^^^^^^^^^^^^^^^^^^^^
“မေမေ ဟိုဟာဘာလေးတွေလဲ”

လမ်းဘေးအရုပ်ဆိုင်ရှေ့မှာခင်းထားတဲ့မီးပုံးကားလေးတွေကိုတွေ့တော့သမီးကမေးသည်။သမီးမေးလိုက်မှ ရှေ့လဆိုသီတင်းကျွတ်ခါနီးပြီဆိုတာအမှတ်ရလိုက်မိသည်။

“မီးပုံးကားလေးတွေလေ သမီးကိုသီတင်းကျွတ်ရင်မေမေဝယ်ပေးမယ်နော် အဲဒီထဲကိုမီးထည့်ထွန်းပြီးတွန်းရတာ”

“ဟေး..ပျော်လိုက်တာ…အခုဝယ်ပေးပါလားမေမေ”

ပိုက်ဆံအိတ်ထဲမှာ ထောင်တန်၃ရွက်ခန့်သာကျန်တော့သာကိုယ့်ကိုယ်ကိုယ်အသိဆုံးမို့ သမီးလက်ကိုအသာဆွဲ ကာ ဆိုင်ရှေ့ကလှည့်ထွက်ခဲ့ရသည်။

“လကုန်ရင် မေမေတကယ်ဝယ်ပေးပါမယ်သမီးရယ် သီတင်းကျွတ်ဖို့ကအဝေးကြီးလိုသေးတာ”

“သီတင်းမကျွတ်ရင် မတွန်းရဘူးလားမေမေရဲ့”

“ဟုတ်တယ် သီတင်းမကျွတ်ပဲဝယ်ဆော့ရင်ဘီလူးကြီးဖမ်းစားတတ်တယ်သိလား”

သမီးကမျက်စိလေးကလယ်ကလယ်နဲ့ အမှန်တကယ်ထင်သွားရှာသည်။ဪ…မေဝါမှားမိလေခြင်း။မိမိမှာ ပိုက်ဆံအဆင်မပြေသေးတာနဲ့သမီးလေးကို ထိုသို့တလွဲအယူများမထင်စေသင့် ဆိုတာသိချိန်မှာ….

^^^^^^^^^^^^^^^^
တူမ ရုံးသွားပြီဆိုရင်မြေးလေးက အရမ်းငိုသည်။ဒေါ်ခင်ထွေးမှာ အတော်စိတ်ညစ်ရတာပါ။ကိုယ့်ဟာကိုယ်တော မှာကျပမ်းလေးလုပ်စားနေတာ အေးချမ်းသေးတယ်။ဘယ်တတ်နိုင်မလဲလေ။ကိုယ့်တူမလေးခမျာ မိဘကလည်း မရှိရှာရတဲ့အထဲ အိမ်ထောင်ကပါပျက်နေရှာတော့ တစ်မြို့တစ်ရွာမှာ အတော်ကသီနေရှာတာမို့လား။ကြီးတော် အရင်းမိမိသာ မကူရင် ဘယ်သူကူလိမ့်မလဲ။
တူမခမျာ ရတဲ့လခလေးနဲ့တော်တော်ခက်ခက်ခဲခဲသုံးနေရတာမို့ ကလေးနေအောင်ပေးခဲ့တဲ့မုန့်ဖိုးကတစ်ရာ။

“မြေးလေးရေ ဘာစားမလဲ”

“ကော်ဖီမစ်စားမယ်ဘွားလေး”

“အေးအေး”

တူမပေးခဲ့တဲ့မုန့်ဖိုးနဲ့ တစ်ရာတန်မုန့်ဝယ်ကျွေးရင် ခဏလေးကုန်သွားတတ်တာမို့ ကြာကြာလျက်ခိုင်းထားလို့ ရတဲ့ကော်ဖီမစ်ထုတ်လေးတွေဝယ်ဝယ်ကျွေးထားတတ်တာ ကြာတော့ကလေးကပါစွဲလန်းနှစ်သက်လာပြီ။
အဲဒီလိုကော်ဖီမစ်အမုှန့်လေးတွေလျက်ရင်းငြိမ်နေတဲ့အချိန်တွေမှာမှ ကိုယ်ကအိမ်အလုပ်လေးတွေလုပ်ရမှာ ဆိုပြီးကော်ဖီမစ်ပဲအလွယ်ဝယ်ကျွေးလိုက်တတ်သည်။

^^^^^^^^^^^
“မေမေ သမီးရင်ဘက်ကြီးကနာတယ်”

“ဟော သမီးဘွားဘွားလေးနဲ့အတူဆော့ရင်းမှောက်လဲတယ်မို့လား လာလာမေမေဒဏ်ကြေဆေးလူးပေးမယ်”

“မေမေသမီးကိုမီးပုံးကားလေးဝယ်မပေးသေးဘူးလား”

“ဟော ပြောပြန်ပြီ မေမေသီတင်းကျွတ်ရင်ဝယ်ပေးပါမယ်ဆိုနေ…ခဏခဏပူဆာလို့သမီးရင်ဘက်ကြီးကို ဘီလူးကြီးကတင်းပုတ်နဲ့ထုထုနေတာဖြစ်မယ်”

သမီးကဘာပြောပြော မေဝါကတလွဲထင်ခဲ့မိသည်။မသိနားမလည်တဲ့ကလေးကိုခြိမ်းခြောက်မိသည်။

“သမီးလေးကဗိုက်မကောင်းဖြစ်တာကိုလဲ မပြောတတ်ရှာတာနဲ့တူတယ် ပရုပ်ဆီလေးလိမ်းလိမ်းပေးထားမှ”

“ညည်းသမီးရင်ကြပ်တာနေမှာ သကြားလုံးတွေဝယ်ဝယ်မလာနဲ့ ရင်လူးဆေးလေးလူးပေးထား”

မေဝါတို့တူအရီး ဒေါက်တာရမ်းကု၊မှန်းကုတွေချည့်လုပ်နေလိုက်ကြတာကြာလာတော့။
^^^^^^^^^^^^^^^^^^^^^

သီတင်းကျွတ်ရင်ဌာနဆိုင်ရာလူကြီးတွေထံကန်တော့ခြင်းတွေလိုက်ပို့ဖို့ မေဝါတို့ရုံးမှာ အလုပ်တွေများနေချိန်

“မေဝါ…နင့်အိမဘေးကစတိုးဆိုင်ကဖုန်းဆက်တယ် နင့်သမီးကိုဆေးရုံပို့လိုက်ရတယ်တဲ့”

“ဟင်…..”

ဆေးရုံကုတင်ပေါ်မှာသမီးကနှာခေါင်းပိုက်တန်းလန်းနဲ့ ဆရာဝန်အနီးမှာကြီးကြီးကရပ်ရင်းတရုှံ့ရှုံ့ငိုနေသည်။

“ကလေးကနှလုံးရောဂါဖြစ်နေတာကြာပြီလား”

“ရှင်..သမီးမှာနှလုံးရောဂါရှိနေတာလား ကျွန်မမသိရတာအမှန်ပါဆရာရယ်”

“ခင်ဗျားတို့မိဘတွေတော်တော်ပေါ့ဆတာပဲ..အခုကလေးကတော်တော်လေးအသက်ရုှရခက်နေတယ် အသက်ရှင်ဖို့မသေချာဘူး”

“ရှင်…..ဆရာ…ကျွန်မသမီး..”

“မေ မေ…မီး ပုံး ကား လေး မ ယူ တော့ ပါ ဘူး ဘီ လူးကြီး ကို တင်း ပုတ ်ကြီး နဲ့ ထု မ ခိုင်း ပါ နဲ့ ေ တာ့ နော်”

သမီးလက်ကလေးကို မေဝါဆုပ်လိုက်ချိန်မှာ သမီးနှလုံးခုန်ရပ်သွားခဲ့ပြီ။သူမစိတ်ထဲတကယ်ထင်မှတ်နေတဲ့ ခြိမ်းခြောက်မှုကိုချေဖျက်တဲ့စကားလေးကို အားယူပြီးတစ်လုံးခြင်းပြောသွားရှာသည်။
မေဝါ့မျက်ဝန်းထဲမှာမျက်ရည်တွေထွက်မကျလာနိုင်တော့ သမီးကိုကြည့်ပြီး မေဝါ့နှလုံးတွေပါကြေကွဲထွက် ကုန်တော့မတတ်နာကျင်လာရသည်။ဖြစ်နိုင်ရင် သမီးနဲ့အတူလိုက်သွားချင်တော့သည်။
သမီး…သ..မီး……………..
ကျယ်လောင်စွာအော်ဟစ်ရင်းမေဝါ့အာရုံတွေ မှောင်မိုက်သွားတော့သည်။
^^^^^^^^^^^^^^^^^^^^^

သမီးဆုံးပြီးနှစ်လလောက်နေတော့ ကြီးကြီးကိုရွာပြန်ပို့လိုက်ရသည်။
ကြီးကြီးခမျာလည်းသူ့ရဲ့ဗဟုသုတဉာဏ်ပညာနည်းပါးမှုကြောင့်ကလေးသေဆုံးသွားရသည့်အတွက် တော်တော်လေးစိတ်ထိခိုက်ကြေကွဲသွားရှာတာပင်။ကလေးအဖေကတော့အသုဘချပြီးနောက်ရက်မှ တာဝန်ကျရာဒေသမှအပြေးရောက်လာပြီး တတ်နိုင်သလောက်ပံ့ပိုးသွားပါသည် ရက်လည်ပြီးချိန်အထိ မေဝါနဲ့ကြီးကြီး တမှိုင်မှိုင်တတွေတွေ တစ်ယောက်ကိုတစ်ယောက် စကားမပြောနိုင် ဖြစ်ကြ။ ကြီးကြီးကိုရွာပြန်ပို့လိုက်ပြီးနောက်မေဝါကတော့နေ့စဉ်စက်ရုပ်တစ်ရုပ်လို ရုံးတက်၊ရုံ့းဆင်းပြုမြဲ။
သမီးမျှော်လင့်တဲ့သီတင်းကျွတ်မှာ မေဝါဘာမီးပုံးတွေမှမထွန်းချင်တော့။သမီးလိုချင်တဲ့မီးပုံးကားလေးတွေလုံးဝ မမြင်မတွေ့လိုတော့တာကြောင့် ပြတင်းတံခါးတွေကိုပိတ်ပြီးဖယောင်းတိုင်မီးရောင်သာရှိတဲ့အိမ်ထဲငုတ်တုတ် ထိုင်နေလိုက်မိတော့သည်။ငုတ်တုတ်ထိုင်ရင်းကမေဝါစဉ်းစားလိုက်မိတာက

“ငါမုန်းရမှာ မီးပုံးကားလား၊ကော်ဖီမစ်လား သေသေချာချာစဉ်းစားစမ်း…အမှန်တော့ ငါ့အမှားတွေပါ အားလုံးမေမေ့အမှားတွေပါသမီးလေးရယ်…”
ဘဝတစ်ခုနဲ့တစ်ခုဟာဆက်နွယ်လို့ရရင် သမီးနောက်ကိုမေမေချက်ချင်းလိုက်လာပါတယ်သမီးရယ်….

^^^^^^^^^^^^^^^^^^^^^^^
နန်းတော်ရာသူ ရေးသားသည်။
(အလင်းကမာ္ဘပြိုင်ပွဲဝင် ဆုမရခဲ့တဲ့ ဝတ္ထုတို)

About •*¨နန်းတော်ရာသူ •*¨

•*¨နန်းတော်ရာသူ •*¨ has written 73 post in this Website..

လူအချင်းချင်းမိတ်ဖက်ခြင်းတွင်၊ကိုယ်စိတ်ရွှင်သာ ကြင်နာပါမှ၊နှစ်ဦးနှစ်ဘက် ချမ်းမြေ့တတ်၏။ စိတ်ရင်းအမှန်ဖြင့်ခင်မင်တတ်စွာနဲ့ နန်းတော်ရာသူ