ဟာင်းနွမ်းသွားသော ဆန္ဒတစ်ခုဆီသို့….

ကြာခဲ့ပြီ..
အချိန်နာရီတွေ ရွေ့လျား
မင်းရဲ့ ကိုယ်သင်းရနံ့ ပါးပါးလေးကို
တပ်မက်ခဲ့မိတာ
စောင့်စည်းခဲ့ရတဲ့ ဆန္ဒတစ်ခုပါ..
ကြံရာမရတဲ့ အဆုံး
နှလုံးသားကို ထိပ်တုံးခတ်ဖို့
ကြိုးစားလိုက်ရတယ်..
ဒါပေမယ့်လည်း
သော့မခိုင်လို့ ပြုတ်ထွက်ပြန်တော့
ရုတ်တရက် ဦးမော့လာတဲ့ဆန္ဒနဲ့
ကံကြမ္မာစစ်တလင်းမှာ
အချစ်တွေ
စစ်ခင်းကြည့်လိုက်ရင်…

……….
မျှော်လင့်နေပါရစေ..
သံသယတွေကို ပစ်ခွင်းဖို့
အချစ်မြားတစ်စင်းတော့ လိုအပ်လိမ့်မယ်..
မရဏကို မသွားခင်
မင်းရဲ့ ရင်ခွင်ထံပါးမှာ
အချစ်ထုထည် ခပ်များများကို
သိမ်းဆည်းထားခဲ့ချင်တယ်..
ရှိသမျှအချစ်တွေပုံအောပြီး
ရင်ဘတ်ဟောင်းလော­င်းဖြစ်သွားတဲ့အထိ
ချစ်လိုက်ချင်တယ်..
ခွင့်ပြုပါ..
ပုထုဇဉ်လူသားတစ်ယောက်အတွက်
သံသရာကို မခွာနိုင်သေးလို­့
ဆည်းဆာချိန် နေမဝင်ခင်
ငါပိုင်တဲ့ လက်နှစ်ဖက်နဲ့
တစ်သက်စာ ထွေးပွေ့ခဲ့ချင်တယ်..
အတ္တကို စွန့်ပစ်
လောကဓံရှစ်ကောင်ကို မြင်းလုပ်
လူ့ယဉ်ကျေးမှုကိုအတောင်ပံတပ်ပြီး
သံသရာခရီးကို
စီးနင်းလိုက်ကြရအောင်…
*(လာလေ..
နိဗ္ဗာန်ဖြစ်ဖြစ်
ငရဲဖြစ်ဖြစ်
စိတ်မညစ်နဲ့
ခုန်ချလိုက်စို့
အမှောင်ထဲကို.. လာ
မသိမှုရဲ့ ချောက်ထဲမှာ
အသစ်တစ်ခုတော့
ငါတို့အတွက်
တွေ့မှာ အသေအချာ…။)*
ဝေဒနာ ခရီးလမ်း
ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ…
*(နှစ်.. လ.. ရှည်
မျက်ရည်လူး
ငါ…
ရူးရူး.. မရူးရူးပေါ့
နောက်ဘဝမကူးခင်
မင်းနဲ့..
လက်ထပ်ဖူးချင်တယ်…။)*
ရူးသွပ်နေကြသူတွေထဲ
ဆည်းလည်းရိပ်ကိုလည်း မခိုဝင်
ကံကြမ္မာကိုလည်း မငြိုငြင်ဘဲ
ငှက်တစ်ကောင်လို…
*(ထုထောင်းတဲ့ မာန်
လောကဓံကို
အနိုင်လှဲဖို့
အသိုက်ထဲက ထွက်ခဲ့ပါ…။)*
ကိုယ့်ရဲ့ ရင်ခွင်မှာ
တစ်သက်တာ
နွေးထွေးတဲ့ အကြင်နာတွေနဲ့
ဘဝခရီးလမ်း
ကိုယ့်ရဲ့လက်ကိုတွဲပြီး
ရဲရဲကြီး လျှောက်လှမ်းနိုင်ပါစေ….။ ။

တောက ကိုရင်
၂၂.၀၂.၂၀၀၅ (WED)
၁၁း၁၀ (a.m)

မှတ်ချက်။ ။*( )* အငှားသုံးထားသော­စကားလုံးများဖြစ်ပါသီ..။ ။

About တောက ကိုရင်

တောက ကိုရင် has written 40 post in this Website..