ပြာရီလဲ့မှုန် (ပိုဒ်စုံရတု)

တောက ကိုရင်December 19, 20121min1157

ပာရီလဲ့မှုန်…

ပြာရီလဲ့မှုန် မြိုင်ရဂုံတွင်
လင်းထုံပြက်လက် အုံ့ဆိုင်းလျက်သား
သစ်ခက်ဝါးနွယ် နေခြည်ကွယ်လု
ပင်ထက်နုသစ် ဖူးပုရစ်ဝေ
ပန်းချစ်လိပ်ပြာပျံဝဲကာဖြင့်
နံ့ထုံလွင့်သင်းလေပြည်ညှင်းက
တောင်ထိပ်မှသည် တောင်ခြေဆီခို
ရွက်အိုရွက်ဝါ မြေလွှာဆင်းသက်
အထက်ရှုပ်ချင် အောက်ရှင်းမြင်သည်
တွယ်ရာဖိတ်စမ်း အေးမြသည်…။

ရာသီဖွဲ့တုန် မိုးနွေကုန်ဟောင်း
သည်ချိန်ဆောင်းညချမ်းမြလှိုက်မော
ဖော်ဝေးတောတွင် မိုးကြိုးဆင်လျက­်
နေပြင်းသက်ဝေ မိုးနွေ နွေမိုး
နှင်းကိုခိုးလွမ်း မြူမှုန်လွှမ်းခြုံ
စိတ်ဝယ်ကြုံနိုးဘဝင်စိုးထိတ်
လှောင်ပိတ်ဝန်းကျင် နှင်းကိုမြင်မှ
နှင်းကျနံနက် နေပျော်လျက်လေ
တွေးခက်ပိုဝေး ရောက်နိုင်သေးပြ­ီ
ဘယ်ခါစိတ်ဝမ်း နွေးရမည်…။

ဌာနီလှည့်ကြုံ တစ်ကြိမ်ဆုံခွင်­့
ပြန်ချိန်သင့်နိုး မျှော်ကိုးကြာရှည်
နာရီမိနစ် နေ့သစ်နှစ်ဟောင်း
ချိန်ခါပြောင်းလဲ တမ်းတမြဲတိုင်
ဆုံနိုင်ဝေးကွာ ဆွေမျိုးညာတိ
ကြင်မိသက်ထား လွမ်းနေလားလို့
နေခြည်ပျို့အန် ရောင်ခြည်ပြန်နှင့်
မှာဆင့်လေပြေ ကျန်းမာစေကြောင်း
ဆုခြွေတောင်းရင်း ပြန်ပြောင်းတွေးသည်
ကွယ်ရာစိတ်ပန်း ဆွေးလှပြီ…။ ။

တောက ကိုရင်
၁၄.၀၉.၂၀၁၂

7 comments

  • ဒါကို ဖတ်လိုက်ရတော့ ..
    ငယ်ငယ်က သင်ခဲ့ရဖူးတဲ့ ….
    မဲဇာတောင်ခြေ၊ သဲသာသောင်မြေ၊ ပွဲခါညောင်ရေ …
    ဆိုတဲ့ ရတုကို သွားပြီး သတိရမိတယ် ….

    အားပေးသွားပါတယ် ကိုရင်တောကြီးရေ ….
    ဒီလိုမျိုး ကျုပ်ကို မရေးတတ်ဘူးဗျ …

  • မောင်ပေ

    December 19, 2012 at 8:23 pm

    ပြာရီလဲ့မှုန်
    ဆာသည်ဖဲ့ပုံ
    ကြာရီကဲ့ကုန် (ကြာရီ=လဘက်ရည်)
    မြာကြည်တဲ့ခုန်
    လာအီလဲ့ယုံ

    • တောက ကိုရင်

      December 21, 2012 at 9:14 am

      ပြာရီလဲ့လို့ မှုန်သလား မောင်ပေ
      မြာကြည်လဲ့ဖို့ ခုန်နေငြား
      ကြာရီခါးလို့ ထုံစေ
      မာမီ အားတို့ကုန်ပေမပေါ့

  • mobile (mandalay)

    December 19, 2012 at 9:55 pm

    တောက ကိုရင်ရေ တောဖွဲ့တောင်ဖွဲ့ ရတုလေးဖတ်ရတာ
    သဘောတွေ့လှပါတယ်ဗျ။

  • ဗုံဗုံ

    December 20, 2012 at 11:19 am

    နတ်သျှင်နောင်ရဲ့ စိန်ခြူးကြာညောင်ကိုတောင် လွမ်းသွားတယ် ကိုရင်ရေ 🙂

    • တောက ကိုရင်

      December 21, 2012 at 9:38 am

      မနှိုင်းသင့်ရာ
      မယှဉ်သာဘု

  • တောက ကိုရင်

    December 20, 2012 at 2:20 pm

    နိုင်ငံ ရေမြေ ခြား
    လက်ဝဲသုန္ဒရ အားငယ်
    မဲဇာနယ် တစ်ကိုယ်တည်း
    တောမြိုင်ခြေ ညည်းဖွဲ့ဆိုရ
    အလွမ်းရတုတွေ ရင်မှာခသလို
    တောကကိုရင်လည်း တစ်ကိုယ်တည်း
    ခေတ်သစ်မဲဇာနယ်မြေထဲမှာ
    ဌာနီကိုလေ တမိရှာပေါ့ ။ ။

Leave a Reply