သတိဟူသည် ပိုသည်မရှိ။

Ma MaDecember 19, 20121min22848

ဒေါ် မိ တစ်ယောက် အလုပ်ရှုပ်နေတယ်။

သီတင်းကျွတ်ပြီဆိုတာနဲ့ အရောင်းအဝယ်တွေ ကောင်းလာတာမို့ ရောင်းသူ ဝယ်သူတွေ ကြားထဲမှာ လက်မလည်ဖြစ်နေတယ်။

အဲဒီအထဲမှာမှ လူငယ်လေးတစ်ယောက် ယောင်ပေပေနဲ့ မတ်တပ်ရပ်နေတာကို သတိထားလိုက်မိတယ်။

လူတကာတွေ သူ့ထက်ငါ အလျှင်အမြန် ရောင်းနေ ဝယ်နေကြတဲ့ အထဲမှာ အဲဒီကောင်လေးကတော့ ရပ်လျှက်။

အော်- ဒီကောင်လေးနှယ် အ လိုက်တာ။

ဒီလိုသာ မတ်တပ်ရပ်နေရင် သူ့အလှည့် ဘယ်ကျနိုင်ပါတော့မလဲ။

စိတ်ထဲက တွေးရင်းးးးး

ဒေါ်မိ-ကောင်လေး ဘာလိုချင်လို့လဲ။

လူငယ်- ဒေါ် ကြီးငွေက ကထိန်အလှူအတွက် ငွေစက္ကူအသစ်ရှိရင် လဲပေးပါလို့ ခို်င်းလိုက်လို့ပါ။

အော်- အလုပ်ရှုပ်ရတဲ့အထဲ ငွေလဲချင်တဲ့သူကလည်း တမှောင့်။ ဒါပေမယ့် အလှူအတွက်လည်းဖြစ်ပြန်၊ ဒေါ် ကြီးငွေလည်း ဖြစ်ပြန်ဆိုတော့လည်း လဲပေးလိုက်ပါမယ်လေ လို့ စိတ်ထဲက တွေးပြီး။

ဒေါ်မိ-အေး အေး ၅၀ဝ တန် အသစ်တော့ ရှိတယ်။ လဲမလား။ ဘယ်လောက်လဲချင်တာလဲ။

လူငယ်- ဒေါ် ကြီးငွေက ၂၀ဝ တန်အသစ်လဲခိုင်းလိုက်တာ။ ငါးသောင်းဖိုးလောက်တဲ့။

ဒေါ်မိ-ဟဲ့ ၂၀ဝ တန် အသစ်တော့ မရှိဘူး။ လဲချင်ရင် ၅၀ဝ တန်တော့ရမယ်။ လဲမလား။

လူငယ်-အဲဒါဆိုရင်လည်း ၅၀ဝ တန်ပဲ လဲပေးပါ ဒေါ်ဒေါ်။

၅၀ဝ တန်အသစ် ဘဏ်စည်းတစ်စည်းကို ပေးပြီး လူငယ်ဆီက ၁၀၀ဝ တန် ငါးသောင်းကို စစ်ဆေးယူလိုက်တယ်။

အပိုအလုပ်မို့ ပြီးပြီးချင်းပဲ စောင့်နေတဲ့ ဖောက်သည်တွေနဲ့ ပြောရင်းဆိုရင်း ရောင်းရင်း ဝယ်ရင်း…..

အော်- ဒီကလေးနှယ် ငွေလဲပြီးတာတောင် မသွားသေးပဲ ရပ်နေတယ်။ ဘယ်လို ကောင်လေးလဲ မသိဘူး။ တက်တက်ကြွကြွလည်း မရှိ။ ထူထူထိုင်းထိုင်းနဲ့ ခိုင်းလိုက်တော့လူတော့ စောင့်နေတော့မှာပဲ။

ဒေါမိ- ဟေ့ သူငယ်။ ဘာစောင့်နေတာတုန်း။ လဲပြီးရင်လည်း မြန်မြန်ပြန်လေ။

လူငယ်- ကျွန်တော့ကို ၂၀ဝ တန်လဲခိုင်းလိုက်တာမို့  မလဲပဲ ၁၀၀ဝ တန်ပဲ ပြန်ယူသွားရင် ကောင်းမလားလို့။

ဒေါ်မိ- အေး၊ အဲဒါတော့ မင့်သဘောပဲ။ ပြန်ယူချင်လဲယူ။

ပြောပြောဆိုဆိုနဲ့ အံဆွဲထဲက ငါးသောင်းကို ပေးပြီး…

ဒေါ်မိ- ငွေကို ပြန်စစ်ယူနော်။ နောက်မှ လျော့တယ် မပြောနဲ့။

ကောင်လေးဆီက ၂၀ဝ တန်က တော်တော်နဲ့ ထွက်မလာဘူး။

ဒေါ်မိ- ခပ်သွက်သွက်လုပ်ပါ ကောင်လေးရဲ့။ ငါ့မှာ အလုပ်ရှုပ်နေတဲ့ကြားထဲ မင်းတို့ အလှူလုပ်မယ်ဆိုလို့ စေတနာနဲ့ လဲပေးတာ။

ကောင်လေးဆီက ပြန်ရတော့  ငွေကို ရေတွက်စစ်ဆေး ယူလိုက်တယ်။

ကိစ္စတစ်ခုပြီးသွားတော့ အလုပ်ဆက်လုပ်နေရင်းးးးးးးး

လူငယ်- ဒေါ်ဒေါ် ကျွန်တော့ကို ၂၀ဝ တန်ပဲ ပေးလိုက်ပါလား။

ဒေါ်မိ- တော်တော်ရှုပ်တာပဲ။ ငါလည်း အလုပ်ရှိသေးတယ်။ မင်းကို စေတနာနဲ့ လဲပေးတာကို။ ပေးလိုက် ယူလိုက်နဲ့။

နောက်တစ်ခါ ငွေပေးငွေယူ ထပ်လုပ်ရတော့တာပေ့ါ။

လူလိမ်များလား။ ဒါပေမယ့် ငါက ငွေကို စစ်ဆေးပြီး ယူတာမို့ မှားတော့ မမှားနိုင်ပါဘူး။

ခဏကြာတော့….

လူငယ်- ဒေါ်ဒေါ်ရေ ကျွန်တော် ၁၀၀ဝ တန်ပဲ ပြန်ယူသွားတော့တယ်။ ဒေါ် ကြီးငွေက ၂၀ဝ တန်နဲ့ လဲခိုင်းလိုက်တာ ဆိုတော့ ၅၀ဝ တန် လဲ လာရင် ကျွန်တော့ကို ဆူမှာစိုးလို့။

ဒေါ်မိ- မင်းလို ကောင်ကိုများ ဒေါ် ကြီးငွေ ဘယ်လို ခိုင်းလဲ မသိဘူး။ ချက်ချက်ချာချာ မရှိ၊ ထုံအအ နဲ့။

ပြောပြောဆိုဆိုနဲ့ သူပြန်ပေးတဲ့ ၅၀ဝ တန် တစ်အုပ်ကို ပြန်ယူပြီး ၁၀၀ဝ တန် ငါးသောင်းကို ပြန်ပေးလိုက်တယ်။

ကောင်လေးက ထွက်မသွားသေးပဲ ရပ်နေပါသေးတယ်။

နောက်တစ်ခါ လဲချင်တယ် ဆိုရင် လဲမပေးတော့ဘူးလို့ စိတ်ထဲက တွေးထားပြီး အဲဒီကောင်လေးကို စိတ်ထဲမထားပဲ ဇယ်ဆက်သလို အလုပ်များနေပါတော့တယ်။

လူငယ်- ဒေါ်ဒေါ်

ဒေါ်မိ- တယ်ရှုပ်ပါလား။ ရှုပ်ရှုပ်ယှက်ယှက် ငါလဲ မပေးနိုင်တော့ဘူး။

လူငယ်- ကျွန်တော့ကို ငါးသောင်း ပြန်မပေးရသေးဘူး။

ဒေါ်မိ- ဟေ……ငါပေးပြီး သွားပြီလေ။

လူငယ်- မပေးရသေးဘူးလေ ဒေါ်ဒေါ်။ ငွေပြန်မရသေးလို့ ကျွန်တော် စောင့်နေတာ။ ဒေါ်ဒေါ်  ပြန်စဉ်းစားပါအုံး။

ကောင်လေး ကြည့်ရတာ ထုံထုံထိုင်းထိုင်းနဲ့။ လိမ်တာ ဟုတ်ပါ့မလား။ တကယ်မပေးရသေးပဲနဲ့လည်း အနိုင်အထက် မငြင်းချင်ဘူး။သူလည်း လျော်စရာရှိမှာ မဟုတ်ဘူး။

စိတ်တွေ တော်တော်ရှုပ်ထွေးသွားတယ်။

အပြန်အလှန် ပြန်စဉ်းစားလိုက်တော့လည်း ပေးပြီးသွားတာ သေချာတယ်။

ဒေါ်မိ- မင်းကို ငါ ပြန်ပေးပြီးသွားပြီလေ။ ငါသေသေချာချာ ပေးလိုက်တာ။ မင်းအိတ်ထဲလည်း ပြန်ကြည့်အုံး။

လူငယ်- (ငိုမဲ့မဲ့နှင့်) ကျွန်တော်တကယ် မရသေးတာပါ ဒေါ်ဒေါ်။ ကျွန်တော့ အိတ်ထဲလည်း ကြည့်ပါ။

သူ့အိတ်ကိုလည်း ဖွင့်ပြတယ်။

ပေးပြီးပြီ ထင်နေပေမယ့် သူကလည်း မရသေးဘူးဆိုတော့ ဒေါ်မိ စိတ်နှစ်ခွ ဖြစ်သွားတယ်။

လာလိမ်တယ်လို့ ထင်ရအောင်လည်း လူပုံစံက ထူအအ။

အဲဒီအချိန်မှာ- ကယ်တင်မယ့်သူ ပေါ်လာတယ်။

ဆိုင်က အလုပ်သမားလေးက ခင်ဗျားစောစောက အဒေါ်ကြီးကို ပေးလိုက်တာ ကျွန်တော်တွေ့လိုက်တယ်လို့ ဝင်ပြောလာပါတယ်။

အဲဒီတော့မှ ကောင်လေးဟာ လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။

ဒေါ်မိ- မင်းလာလိမ်နေတာပဲ။ ငါက အလုပ်ရှုပ်နေတဲ့ကြားထဲက စေတနာနဲ့ လဲပေးတာကို။ မင်းနာမည် ဘယ်သူလဲ။ ငါ ဒေါ် ကြီးငွေနဲ့ ပြန်တိုင်မယ်။

ပြောလို့မှ မဆုံးသေးဘူး။ အဲဒီလူငယ် ထွက်ပြေးသွားတယ်။

နောင် ဒေါ် ကြီးငွေနဲ့ ဆုံလို့ ပြောမိတဲ့အခါ သူတခါမှ ဒီလို ငွေမလဲခိုင်းဖူးဘူးလို့ ပြောတယ်။

အဲဒီတော့မှ လိမ်ညာတတ်တဲ့သူလို့ မထင်အောင် ထုံအအပုံစံနဲ့ လိမ်ဖို့ ကြိုးစားတယ်ဆိုတာကို သိလိုက်ရတယ်။

 

လိမ်ညာချင်တဲ့သူဟာ……

၁။ အလုပ်ရှုပ်နေတာကို အခွင့်ကောင်းယူတယ်။

၂။ အူတူတူ အတတ ပုံစံမို့ မလိမ်လောက်ဘူး ထင်စေတယ်။

၃။ အသိနာမည် အသုံးပြုပြီး လိမ်ညာခဲ့တယ်။

ခုရက်ပိုင်း ဖတ်လိုက်ရတဲ့ သတင်းတစ်ခုမှာ …………

ညအမှောင် လုယက်မှုကျူးလွန်သူတွေမှာ အမျိုးသမီးတွေ ပါတဲ့အကြောင်း ကြားရတော့…………

သတိဟူသည် ပိုသည်မရှိ

 

 

 

48 comments

  • ဦးကြောင်ကြီး

    December 19, 2012 at 11:14 am

    သတိပို
    ငပိလို
    စတိငို
    ကလိချို
    အဟိပျို
    တပည့်ခို
    အရှိဂျို
    မသိဆို…

    • MaMa

      December 19, 2012 at 2:01 pm

      တပည့်က သတိရှိပြီး ဝင်ပြောပေးလို့သာ သက်သာသွားတာ။
      တပည့်ခိုရင် ဆရာလျှော်ရပြီ။ :buu:

  • ခိုင်ဇာ

    December 19, 2012 at 11:31 am

    မမရေ၊ ကျနော့ အဲ့တိုင်းလာလိမ်လို့ကတော့ သေချာတယ်။ ဘယ်လောက်ပါသွားမယ်မသိဘူး။
    ပိုက်ဆံ အတွက်အချက်ကို မတရားပိုင်တာဆိုတော့လေ။ :mrgreen:
    ခုဖတ်ရင်းကို မျက်စိလည်နေလို့။

    သတိရှိလို့ သူခိုးဖမ်းမိသော်လည်း ရုပ်ချောလို့ ပြန်လွှတ်ပေးလိုက်တယ်လို့ ပြောဖူးသူ ရုပ်ရှင်မင်းသမီးကြီး တစ်ယောက်ကို အမှတ်ရသွားမိတယ်။ :harr:

    • MaMa

      December 19, 2012 at 2:17 pm

      တကယ်ဆို အလုပ်များနေရင် အဲလို အပိုအလုပ်မျိုး မလုပ်ပေးဘူး။
      ဒါပေမယ့် အူတူတူ အတတ ပုံစံလေးကို လူလိမ်မဖြစ်လောက်ပါဘူးလို့ ထင်မိတာက အမှားပဲ ခိုင်ဇာရေ။

  • Mon Kit

    December 19, 2012 at 11:31 am

    ဟုတ်တယ် မမရေ…
    သတိဆိုတာ ပိုတယ်မရှိပါဘူး…
    လူအမျိုးမျိုး လိမ်နည်း အမျိုးမျိုးလည်းရှိရဲ့…
    လိမ်တဲ့သူများဟာ ကိုယ့်အကြောင်းသိနေတဲ့သူ.. သိအောင်လေ့လာပြီး လိမ်သူများတယ်…
    လူအချင်းချင်း လည့်ပတ် လိမ်ညာခြင်း… ကင်းရှင်းကြပါစေ…

    • MaMa

      December 19, 2012 at 2:27 pm

      လိမ်ချင်တဲ့သူဟာ ကိုယ့်အကြောင်းကို အရင်လေ့လာပြီးမှ လိမ်လေ့ရှိတယ်။
      အဲဒါကိုလည်း သတိထားဖို့ လိုပါတယ်။
      ကိုယ့်ပတ်ဝန်းကျင်မှာ နည်းအမျိုးမျိုးနဲ့ အလိမ်ခံနေရတာတွေကို အများသိအောင် ရှောင်ကျဉ်နိုင်အောင် အသိပညာပေးချင်လို့ နောက်ထပ်လိမ်နည်းတွေ ရေးဖို့ရှိသေးတယ်။

      • nozomi

        December 20, 2012 at 4:54 pm

        အရင်က နေအေး ရဲ့ လိမ်နည်းများ ဆိုတာလို
        နောက်ဆို မမ ရဲ့ လိမ်းနည်းများ စာအုပ် ရောင်းမလောက် ဖြစ်တော့မှာပေါ့

        • MaMa

          December 20, 2012 at 8:29 pm

          Best Seller စာရင်းဝင်ဖို့ ကိုနိုကို ပထမဦးဆုံး အားပေးသူအဖြစ် မှတ်တမ်းတင်ပါ့မယ် :kwi:

  • mobile (mandalay)

    December 19, 2012 at 11:34 am

    ၂၁ ရာစုမှာ လိမ်တဲ့လူတွေ အင်မတန်ပေါးတော့
    လိမ်တဲ့လူနဲ့ အလိမ်ခံရတဲ့လူမှာ လိမ်တဲ့လူ အပြစ်မဟုတ်တော့ဘူးတဲ့
    အလိမ်ခံရတဲ့လူသာ အ လို့အလိမ်ခံရတာ ဖြစ်တဲ့အတွက်
    အလိမ်ခံရတဲ့လူအပြစ်တဲ့ဗျာ…………..

    • MaMa

      December 19, 2012 at 2:59 pm

      ကိုယ်တိုင်ခံယူထားတာတော့….
      ပထမအကြိမ်အလိမ်ခံရတာ လိမ်တဲ့သူအပြစ်။
      ဒီပုံစံနဲ့ပဲ ဒုတိယအကြိမ်ဆိုရင်တော့ အလိမ်ခံရတဲ့သူအပြစ်။
      အကြိမ်ကြိမ် အလိမ်ခံရလောက်တဲ့ထိ မ အ ဖို့ လိုပါတယ်။

  • ခင်ခ

    December 19, 2012 at 11:35 am

    အင်း ဖတ်လိုက်ရပြီး စိတ်တောင်ရှုပ်သွားတယ်၊
    မလွယ်ပါလားနော် လိမ်တဲ့သူတွေကလည်း နည်းလမ်းအမျိုးပါလားဗျာ။
    အမ မမ ရေ သတိဟူသည် ပိုသည်မရှိ ဆိုတဲ့စကားလေးကိုတော့ ကြားဖူးနေပေမယ့်
    အခုလိုရေးပြလို့ သေချာမှတ်မိသွားပြီခင်ဗျ။

    • MaMa

      December 19, 2012 at 3:12 pm

      ကို်ယ်ရေးတာဖတ်ရလို့ လူတစ်ယောက် အလိမ်မခံရဘူး ဆိုရင် ရေးရကျိုးနပ်ပါတယ်။

  • ဆူး

    December 19, 2012 at 11:52 am

    ဗဟုသုတ တခု အနေနဲ့ မှတ်သားသွားပါတယ်။

    • MaMa

      December 19, 2012 at 3:21 pm

      ပျောက်နေတဲ့ ကြားထဲက ဝင်ဖတ်သွားလို့ ဝမ်းသာပါတယ် ဆူးရေ။ :hee:

  • မဟာရာဇာ အံစာတုံး

    December 19, 2012 at 12:07 pm

    အန်တီ ….
    ဦးပါက ၂ ရာတန် သိန်းတစ်ရာဖိုး လဲခိုင်းလိုက်လို့ …။
    အိုက်ဒါ လဲပေးပါလားဟင်င် ..
    မရရင် ကျနော် ပြန်ရဲဘူး …
    ဦးပါက ဆူလိမ့်မယ် …
    (အထက်က ကောင်လေး၏ ပုံစံဖြင့် ပြောသည်) ….. :mrgreen:

    • MaMa

      December 19, 2012 at 3:48 pm

      ဇာတ်ကောင် ဒေါ်မိ နဲ့
      ရွာသူ ဒေါ်မမ မတူဘူး။
      ဒေါ်မမနဲ့ တွေ့ရင်……
      ဟယ်- ဒီကောင်လေး ငါခေါက်လိုက်ရ။ :kwi:

      • အန်တီရေ …

        ထူးထူးခြားခြားဘဲ …
        ကျနော် ကြည့်တဲ့ အချိန်မှာ အန်တီမမက
        ကွန်မန့် ၄၄၄၄ ချိနေဒယ်ဂျို့ …
        အောက်က မင်းနန္ဓာ ဆိုတဲ့ ကိုရွာစား ကတော့
        ၉၉၉ ဆိုပဲဗျ ….
        အိုက်ဒါလေး ကြောဒါဘာ ….
        ဟိုဒင်းး ပိုက်ချံဒေါ့ လဲဒေါ့ဝူးးး
        ခေါင်းခေါက်ခံရမှာ စိုးလို့ …. :mrgreen:

  • ဗုံဗုံ

    December 19, 2012 at 12:14 pm

    လိမ်တဲ့သူကလည်း တော်လိုက်တာနော် အင်း သတိ သတိ ပိုတယ်မရှိ 🙂

    • mobile (mandalay)

      December 19, 2012 at 8:25 pm

      လိမ်တဲ့သူကို ကပ်တောင် ချီးကျုးနေပါလား ကြည့်ရတာ တစ်ဖွဲ့ထဲ ဖြစ်ပုံရတယ်…
      :harr:

      • ဗုံဗုံ

        December 20, 2012 at 10:07 am

        ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်ကြီး ကိုမိုဘိုင်း :harr:

    • MaMa

      December 20, 2012 at 5:51 am

      ဟုတ်တယ် ဗုံဗုံရေ။
      သတိရှိပါတယ်ဆိုတဲ့လူလည်း လူလိမ်ခံရတာတွေ့ဖူးတယ်။

  • kyeemite

    December 19, 2012 at 1:22 pm

    အို..မမ
    အိုး…မမ
    တော်တော်ပဲ ဆန်းကျယ်သား…(ပလေးဘွိုင်းသန်းနိုင်လေသံဖြင့်ဆိုပါ) :harr:
    ပျော်လို့နောက်တာပါနော..သတိထားစရာအတွေ့အကြုံလေးမှတ်သွားပါတယ်ဗျို့.. 🙂

    • MaMa

      December 20, 2012 at 9:54 am

      သီချင်းဆိုနိုင်ပုံထောက်ရင် ငါ့တော့ မလိမ်နိုင်ပါဘူးလို့ အထင်ရောက်ပုံရတယ်။ :harr:

  • မင်းနန္ဓာ

    December 19, 2012 at 2:29 pm

    ထီပေါက်တဲ့ လူတွေ ကို လိမ်တဲ့နည်းလေး တင်အုံးမှထင်တယ်
    ကိုယ်တွေ့လေ..
    ကြားဖူးနေတာ တကယ်မဟုတ်လောက်ဘူးလို့ဟာ
    ကိုယ့်ကို ကိုယ်တွေ့ လိမ်ဖို့ ခွင်ဆင်လာမှ ယုံတော့တယ်

    • MaMa

      December 20, 2012 at 10:03 am

      ရေးပါ မင်းနန္ဓာရေ။
      (ရွာစားကျော်လို့ ခေါ်ရတာကို စိတ်ထဲက ပိုရင်းနှီးတယ်။) :eee:
      ကိုယ်ကြုံခဲ့ရတာကို ရေးပြခြင်းအားဖြင့် တခြားလူတွေလည်း ဗဟုသုတရလို့ အလိမ်ခံရဖို့ အခွင့်အလမ်းနည်းသွားနိုင်တာပေ့ါ။

  • မိုချို

    December 19, 2012 at 3:04 pm

    ဘား လမ်း ထောင့် က ငွေရောင်း ငွေ ဝယ် လုပ်နေတဲ့ ကောင်တွေလည်း အဲဒီ အတိုင်း ပဲ သူတို့ လက်ထဲ တင် မျက်လှည့် ပြ သလို ပိုက် ဆံ ကို ဖျောက် ပစ်တာ။
    ဒီကို ထွက် လာ ခါနီး ဗီဇာ ဝင်ဖို့ သူတို့ အဲလို အကျင့် ရှိ မှန်း ( စာစောင်တွေ ထဲ ဖတ်ဖူးလို့ ) သိသိ ကြီး ကို၊ လမ်းလည်း ကြုံတာနဲ့ ဗီဇာ ၂ စောင် စာ ဆိုတော့ သိပ်လည်း မများ တာနဲ့ လဲ လိုက်တာ။ မိန်း ကလေး တစ်ယာက်တည်း သွား တော့ ထင်တဲ့ အတိုင်း ပဲ ၊ ကိုယ် အတိအကျ ပေး လိုက် ရက်နဲ့ ၈ ထောင် လျော့ နေတယ် လုပ်ရော။
    သူ့ လက် ထဲ ကိုယ် ပေး လိုက်တဲ့ ပိုက်ဆံ ကို ဆက် ကနဲ ပြန် ယူပြီး ရေ လိုက် တာ ၈ထောင် မဟုတ် ပဲ ၁၂၀၀ဝ တောင်လျော့ နေတာ၊ ကျမ အဲလူ ကို နင်လျော့ တာ ဘယ်လောက် လဲ လို့တမင်တကာ ပြန် မေး လိုက် တော့ ၉၀၀ဝ လျော့ တာ လို့ ပြော ပြန်ရော။
    ကျမလည်း အဲလူမျက် နှာ ကြည့် ပြီး နင် ပထမ ပြောတော့ ၈၀၀၀၊ ခုပြောတာ့ ၉၀၀ဝတဲ့ ၊ တစ်ခု မှ မဟုတ်ဘူး ၊ ငါအပြည့် ပေး ပြီး သား ကို နင်တို့ တကယ် နှိုက် ထား တာ ၁၂၀၀ဝ ဟဲ့ ကလိမ်ကျစ် ကောင်ရဲ့ လို့ ပြောလည်း ပြော ၊ အဲလူ အကျင်္ီ လည် ပင်း ဆွဲ ပြီး နင် ခု ရဲ စခန်း လိုက်ခဲ့ ဆိုပြီး ချဲ ပါလေရော။
    အဲတော့ မှ ခင်ဗျား ပိုက် ဆံ အပြည့် ပြန် ယူတော့ ခင်ဗျား ကို လည်း လဲ မပေးတော့ဘူး၊ ကျွန်တော့ ဒေါ်လာ ပြန်ပေး ပါတော့ ဖြစ်သွားရော။ အဲချိန် ကျမ လက်ထဲ မှာ လဲ လိုက် တဲ့ ဒေါ်လာရော၊ ကျမ ပေး လိုက် တဲ့ ပိုက် ဆံ (၁၂၀၀ဝ လျော့ ) ရော ရှိနေတာ။ သူတို့ က အဲလို ကလိမ် ကကျစ် ကျ ဖို့ စိတ်ကူး ရှိ လို့ ပေါက်ဈေး ထက် နည်းနည်း အသာပေးထား တာ။ ခွင် ရိုက် လို့ မရ မှန်း သိတော့ မှ အဲဒီ ဈေးနဲ့ မရ ပါဘူး တွေ ဘာတွေ ဖြစ်ကော။ တကယ် အရှက် မရှိတဲ့ ဟာတွေ။
    ကျမ လည်းဒေါသ တွေ ထွက် လွန်း လို့ နင်တို့ ကောင်တွေ အဲလို ပဲ လုပ်စားနေကြတယ်၊ ရဲစခန်း အကုန် ပို့ ပစ် မယ်နဲ့ တစ်ယောက်ထဲ သောင်း ကျန်း နေ တာ ၊ လူတွေ လည်းဝိုင်း ကြည့် လို့ ၊ ရှက် တာတော့ မရှက် ပါဘူး၊ မဟုတ်တာ လုပ်တာ က သူတို့ ပဲဟာ။
    သွေးအေးတဲ့ အချိန် ပြန် တွေး ကြည့် တော့ နည်းနည်းတော့ ကြောက် မိသား၊ သူတို့ တွေ ကအုပ်စု လိုက်ကြီး ၊ ကိုယ်က တစ်ယောက်ထဲ၊ ရဲ သွားတိုင် မယ် သာ ပြောတာ သူတို့ တွေ က လိုင်း ကြေး ပေး ပြီး လုပ်နေတဲ့ ကောင်တွေ။
    အိမ်က လူကြီး ကို ပြန်ပြော ပြတော့ အဲ လို နေရာ မှာ သွား လဲ ရ ကောင်း လား ဆိုပြီး ဆူလို့ မဆုံး ဘူး။
    မောင်တွေ ကတော့ အမ ကို မြှောက် ပေး တယ် နင့် လက်ထဲ ငွေ ၂ မျိုး လုံး ရှိနေတဲ့ အချိန် တိုင်ချင် ရာ တိုင် ဆို ပြီး သူတို့ ဒေါ်လာ ပြန် မပေး ပဲ လှည့် ထွက် လာ ရ မှာ တဲ့ ။
    အန်တီ မမ ပိုစ့် ထဲမှာ ပိုက်ဆံ ဟို ဘက် ပို့လိုက် ဒီဘက် ပို့ လိုက် နဲ့ လုပ်ပြီး မှ လိမ်တဲ့အကြောင်း ဖတ်ပြီး ကိုယ်ဖြစ်ခဲ့ တာ သတိပြန်ရသွားလို့ လျှာ ရှည် မိ သွား တာ ခွင့် လွှတ် ပါ။

    • amatmin

      December 19, 2012 at 3:19 pm

      အမ မိုချို.ရေးတာက ကိုယ့်ချင်းချင်းတွယ်တတ်တဲ့
      လိမ်တတ်တဲ့ ဘားလမ်းတကြောက လူဒွေ.ပေါ့
      နောက်ပီး နိုင်ငံခြားသားသီးသန့်ကို လိမ်တဲ့ လူတချို့ကတော့
      မြို့ထဲ ဆာကူရာတာဝါ ပတ်လည်တဝိုက်က ဆြာတွေပဲ..
      နိုင်ငံခြားသားတယောက်ဖြတ်သွားတာနဲ့..
      ပွဲစားတယောက်က ဇွတ်အတင်းလိုက်မေးမယ်.
      ပီးရင်ထုံးစံအတိုင်းဘူတာကြီးထဲကိုပတ်ခေါ်သွားတယ်.
      ခနနေရင်. ပါသွားတဲ့နိုင်ငံခြားသားနဲ့ ပွဲစားရဲ့ ပူညံညံသံတွေ မြင်ကြားရဘီ..
      ဒါဆို သူရို့လူတွေ ချက်ချင်းရောက်လာကြပီင်္း
      အဲ့နားမှာ ပတ်လည်ဝိုင်းလိုက်တာပဲ..အများအားဖြင့်တော့ ခံလိုက်ရတဲ့ နိုင်ငံခြားသားက ပေစောင်းစောင်းဆဲဆိုပီး
      ထွက်သွားတာကို မြင်နေရတာပဲ ရယ်..
      တခါတလေများ ထရိတ်ဒါးဟိုတယ်ရှေ့နားမယ် ချထားတတ်တဲ့..
      လုံခြုံရေး ရဲတွေကတောင်လှမ်းကြည့်နေတတ်ပ..
      ကြည့်ရတာ ဝင်ရှင်းပေးချင်ပေမဲ့ စကားမပေါက်လို့နေမယ်ထင်တာပဲ 🙂

      ဆိုတော့ အန်တီမမက အလိမ်ပို့စ်အကြောင်းရေးတာဆိုတော့ ..
      ကြုံတုန်းလေး မြင်နေကျ လိမ်နိုင်သူတွေအကြောင်း
      ဝင်ပွားလိုက်တာပါ နော့

      • MaMa

        December 20, 2012 at 10:12 am

        မိုချိုရေ- ကိုယ်တွေ့တွေကို မျှဝေပြီး သူများတွေ ကိုယ့်လို မခံရစေချင်တာမို့ ခုလည်း လိမ်နည်းတစ်နည်း ထပ်သိလိုက်ရတာ အမြတ်ပဲ။ :hee:

        လိမ်နေ၊ လုပ်စားနေကြမှန်း သိလျှက်နဲ့ မသိချင်ဟန်ဆောင် နေတတ်တဲ့ လုံခြုံရေးရဲတွေ ဆိုတော့ကာ….
        အင်းးးးးးးးး အမတ်မင်း ရေ၊ ဘာပြောရမလဲ။ :eee:

        • pooch

          December 20, 2012 at 11:35 pm

          ဒါမျိုးလေးတွေ မှတ်ထားမှ ငွေလိမ်တာ က ခုထိနည်းမျိုးစုံနဲ့ လိမ်နေတုန်း ။ ဈေးတွေထဲ ပိုဆိုးမပေါ့နော်။
          နိုင်ငံခြားသားတွေကို အဲ့ဒီလို လိမ်တာကနောက်ဆို ပြောစမှတ်ကြီးဖြစ်ပြီး နာမည်ပျက်မှာကြောက်ရတယ်။
          ဆိုင်ရာက သေချာစိစစ်ပြီး အရေးယူပေးရင် ပပျောက်လေမလားမသိဘူး။

        • MaMa

          December 21, 2012 at 6:15 am

          ဟုတ်တယ် မယ်ပုရေ။
          နိုင်ငံခြားသားကို လိမ်တာ၊ အချဉ်ဖမ်းတာက ပိုဆိုးတာပေ့ါ။
          နိုင်ငံရဲ့ အင်းမေ့ချ်ကို ထိခိုက်စေတာမို့ အရေးကြီးတာကို….
          လုံခြုံရေးတွေက မသိချင်ယောင် ဆောင်နေနိုင်တယ် နော်။

        • မောင့်ကျက်သရေ ဂီ့

          December 21, 2012 at 6:49 am

          တခါကဖတ်ဖူးတာလေးပါ ..
          ကော့သောင်းမှာ ဆိုလားပဲ..
          လမ်းဘေး ထမင်းဆိုင် လေးပါ…
          ယပက်လက် ဧည့်တွေ ထမင်းဝင်စားတော့
          မတန်မရာဈေး တောင်းလွှတ်သတဲ့လေ…

          ယပက်လက်တွေခဗျာ ..ဆာကလည်းဆာ..
          ဈေးမှန်ကိုလည်း မသိ..နောက်ပြီး ..
          ဆိုင်ကြီး သွားစားရင်လည်း ဆိုင်ကြီးက ပိုဆိုး မှာ ကြောက်ပြန်တော့
          အဲ့သည့်မှာပဲ စားဖြစ်သွားပါသတဲ့ ..

          ကာယကံမြောက် မဟုတ်တမ်းတရား လုပ်တဲ့အပြင်
          ဝဇီကံမြောက် .. ဆိုင်ရှင်အချင်းချင်း
          ရှမ်းတွေကို ဒီလို နှက် မှ တန်တာ အေ့
          ဆိုပြီး ပြောဆိုနေသေးသတဲ့ …

          စာရေးသူက အဆိုပါ ယိုးဒယား ခရီးသွား အုပ်စုရဲ့
          စကားပြန် သဘောမျိုး ပါဝင်နေသူ (ဆိုင်ရှင်တွေ က ဗမာမှန်းမသိသူ) တဲ့လေ…

          စာရေးသူကို အားကြီး ကိုယ်ချင်းစာမိတယ်…
          ရှက်ထှာဗျာ..

          ထမင်းတနပ် ကို ကလိန်ကကျစ်ကျတဲ့ ခပ်ညံ့ညံ့ လုပ်ရပ်ဟာ
          ဒေသတွင်း ခရီးသွားလုပ်ငန်းကို အတော်လေး ထိခိုက်သွားနိုင်တဲ့
          ခွက်ကျမှု တခုဖြစ်နေတာရယ်ကိုး….

        • MaMa

          December 21, 2012 at 8:08 am

          နယ်ဝေးခရီးသွားတုန်းက မနက်စောစော လမ်းက မြို့လေးမှာ အထမ်းနဲ့ နံနက်စာရောင်းတဲ့ဆီမှာ ဆီထမင်းတပွဲ ဝယ်စားတယ်။
          ကိုယ့်လိုပဲ သူတို့မြို့က လူတစ်ယောက်လည်း ဝင်စားတာတွေ့တယ်။ ပြီးတော့ ၁၀ဝ ပေးသွားတယ်။
          ကိုယ့်အလှည့်ကျတော့ တစ်ပွဲ ၂၀ဝ လို့ ပြောတယ်။
          ဘယ်လိုဖြစ်လို့ ၂၀ဝ ဖြစ်ရတာလဲ။
          စောစောကလူ ရှင်းသွားတာ ၁၀ဝ ပဲ လေ လို့ ပြောတော့။
          ကားပေါ်က ဆင်းလာတာမို့။ နယ်ဝေးသမားမို့တဲ့လေ။
          ငွေ ၁၀ဝ ဆိုတာ ဘာမှ မဟုတ်ပေမယ့် အဲလို ခံရတာတော့ အခံရခက်တယ်။
          အဲဒီ သင်ခန်းစာကြောင့် နောက်ဆို ခရီးသွားရင် ဈေးမေးပြီးမှ စားတော့တယ်။ :eee:

  • ရွာသူ jujuma .

    December 19, 2012 at 3:44 pm

    လိမ်ချင်တဲ့သူက နည်းအမျိုးမျိုးနဲ့ကို လိမ်ဖို့ စဉ်းစားနေတာပဲနော် …..

    သတိဆိုတာပိုတယ်မရှိပါဘူး.. အရာရာတိုင်းမှာ သတိထားသင့်တာပေါ့ဗျာ …

    • MaMa

      December 20, 2012 at 10:30 am

      နောက်ထပ်လိမ်နည်းတွေ ရှိသေးတယ်။
      ခုဟာက အရိုးဆုံးနည်းကို အဦးဆုံး ရေးထားတာ။
      နောက်ထပ်ဆန်းကြယ်တာတွေ ရှိသေးတယ်။

  • အလင်းဆက်

    December 19, 2012 at 4:33 pm

    ဘာပဲပြောပြော
    ဒီစာဖတ်ရတာ တန်သွားပြီ

    သတိထားစရာ တစ်ခု ရလို ့

    အန်တီမမရေ
    ဖတ်ရှုသွားပါတယ်ဗျို ့

    • MaMa

      December 20, 2012 at 10:48 am

      အဲလိုဆိုရင်လည်း ရေးရကျိုးနပ်ပါပြီ။ :hee:

  • သကြားလုုံးကြော်

    December 19, 2012 at 5:10 pm

    လိမ်နည်းအသစ်အသစ်တွေမဆုုံးနိုုင်အောင်ပါလား။ သတိပေးထားတာ ကျေးဇူးပါ အန်တီမမရေ။ ကြားဖူးတာတခုုကတော့ တိုုင်းပြည်မွဲလေလေ လုုလိမ်လူဆိုုးသူခိုုးများလေပဲတဲ့။ လိမ်သူတွေ ပေါနေတဲ့အပြင် နည်းလမ်းသစ်တွေပါ ထပ်တိုုးနေတော့ တိုုင်းပြည်ကပိုုများမွဲလာလိုု့လိုု့ ဆိုုရမလား။

    • MaMa

      December 20, 2012 at 1:58 pm

      အဲ- ဘယ်လို ပြောရမလဲ။
      လိမ်နည်းတွေ ပေါများလာတာ၊ လုယက်လိမ်ညာခံရတာတွေ မကြာခဏ တွေ့လာရလို့ သတိပေးချင်တာနဲ့ ရေးမိတာပဲ။

  • koaung

    December 19, 2012 at 5:56 pm

    နေရာတိုင်းမှာဒီလိုလူမျိုးတွေရှိတယ် ဒီမှာဆိုအသက်အရွယ်ကြီးသူတွေကိုပိုပြီးပစ်မှတ်ထားတတ်တယ် အွန်လိုင်းမှာလဲရှိတယ် ဟိုတလောကသတင်းထဲမှာ အာလူးကျော်၂ထုက်ဝယ်တာ ဒေါ်လှ၅၀၀ဝကျသွားကြောင်း(တကဲ့အဖြစ်အပျက်နော်)
    မလိုအပ်ဘဲအွန်လိုင်းကဝယ်တာမျိုး မလုဎ်သင့်ဘူး မြန်မာအချင်းချင်းပြန်လိမ်တာတွေလဲ ပြည်ပမှာတွေ့ဘူးတယ် အကောင်းဆုံးကဘာမဆိုသတိထားတာမမှားပါ

    • MaMa

      December 20, 2012 at 4:38 pm

      ကိုယ့်ပတ်ဝန်းကျင်က လိမ်နည်းညာနည်းတွေကို ပြန်ဖြန့်ဝေသင့်ပါတယ် ကိုအောင်ရေ။
      ဒါမှ နောက်လူတွေ အသိတရားရလို့ အလိမ်မခံရတော့ဘူးပေ့ါ။

  • မောင်ပေ

    December 19, 2012 at 8:21 pm

    သတိပေးစကား
    စပိဖြေးမမှား
    အမိဈေးအသွား
    မကြည့်ဘေးကုလား

    • MaMa

      December 20, 2012 at 4:41 pm

      ဘေးက မြင်တဲ့သူ ရှိလို့ပဲ မောင်ပေရေ။
      မောင်ပေ့ ကဗျာကိုတော့ လိုက်မမီဘူး။ :harr:

  • kai

    December 20, 2012 at 6:47 am

    ပလပ်စတစ်ပိုက်ဆံ(ဒက်ဘစ်/ခရက်ဒစ်ကဒ်)တွေ.. တွင်ကျယ်အသုံးပြုလာကြတဲ့အခါ.. အခုလိုလိမ်နည်းတွေ.. လျှော့ပျောက်ကုန်မယ်ထင်မိတယ်…

    စာတတ်တဲ့သူတွေက ..လိမ်နည်းအသစ်တွေနဲ့.. လိမ်ကြမယ်ပေါ့…။ :kwi:

    • MaMa

      December 20, 2012 at 4:49 pm

      အဲဒီကျတော့မှပဲ ကိုအောင်ပြောသလို အာလူးကြော်၂ထုပ်ကို ဒေါ်လှ ၅၀၀ဝ နဲ့ ဝယ်စားရလိမ့်မယ်ထင်တယ်။ :kwi:

  • Novy

    December 20, 2012 at 10:57 am

    အစ်မ မမရေ..
    ကိုယ့်အလှည့်ကျရင် မခံရအောင်လို့မှတ်သားသွားပါတယ်
    သတိပေးစကားလေးအတွက်ကျေးဇူးပါနော်

    1သောင်းဖိုးဝယ်ရင် ကားတစ်စီးအပါအဝင် တစ်ခြားပစ္စည်းတွေ
    ပါတဲ့ ကံစမ်းမဲ တစ်စောင်ရမယ်ဆိုလို့
    မလိုအပ်တဲ့ အလှပြင်ပစ္စည်းတွေး ဝယ်မိနေတုံးဘာလားးးးးးး
    ဪ ….ဒုက္ခ..ဒုက္ခ..
    အခုထိ လူပါးပုလင်းထိတုံး

    • MaMa

      December 20, 2012 at 4:57 pm

      လိမ်နည်းကတော့ မျိုးစုံပဲ မနိုရေ။
      ပြောမယ့်သာ ပြောရတယ် ကိုယ်လည်း တနည်းမဟုတ်တနည်းနဲ့တော့ အလိမ်ခံနေရတာပါပဲ။ :eee:

  • အရီးခင်လတ်

    December 21, 2012 at 3:33 am

    ပထမ မကြားရတာကြာနေတဲ့ မမ ရဲ့ Post က အသံလေး ကို ပြန်ကြားရတာ အင်မတန် ဝမ်းသာပါတယ်။
    ဒုတိယ ကတော့ မသိသူ နဲ့ ငွေကြေးရေးရာ လုပ်ရမယ် ဆိုရင် သတိနဲ့ နေဖို့ အသိတရားလေး ရလို့ ကျေးဇူးပါ မမ ရေ။
    :528:

    • MaMa

      December 21, 2012 at 6:42 am

      အသိတစ်ယောက်နာမည်ကို အသုံးချလို့ ယုံကြည်မှုရယူပြီး လိမ်ဖို့ ကြိုးစားသွားတာ။
      အဲလိုမျိုး ကိုယ့်ဘေးနားကလူတွေ တမျိုးပြီး တမျိုး အလိမ်ခံရတာတွေ ကြားနေရလို့ အခြားသူတွေ အလိမ်မခံရအောင် ပြောပြချင်နေတာနဲ့ပဲ ….
      သွေးသောက်ညီအမတွေမို့ အားပေးတာ ကျေးဇူးးးးးး :hee:

Leave a Reply