ပါးစပ်နဲ့ လူ၊ နားရွက်နဲ့ လူ

Yin Nyine NwayJuly 17, 20101min50

ptt-welcome

အသက်နှစ်ဆယ်ကျော်ကျော်၊ အစိတ် မပြည့်ခင်မှာ ကျွန်တော်ဟာ ကိုယ့်ဘာသာ ခန့်အပ်တဲ့ ကျူရှင်ဆရာ အလုပ်ကို လုပ်ဖြစ်ခဲ့ပါတယ်။

လုပ်သက်လေး နှစ်နှစ်လောက်ကျတော့ အသံတွေကြားရတယ်။

“သည်ဆရာက စာသင်ကောင်းတယ်”ဆိုတဲ့ စကားမျိုးများ ကြားလိုက်ရရင် တယ် နားဝင်ချိုတာပဲ။ “စာသင်တာတော့ကောင်းပါရဲ့၊ ဒါပေမယ့် တစ်ခါက နှစ်ခါ ထပ်ရှင်းဖို့ကျ ဘယ်တော့မှ စိတ်မရှည်တတ်ဘူးကွ”ဆိုတဲ့ စကားမျိုးကျရင်တော့ နည်းနည်း ကသိကအောက် ဖြစ်သွားရပါတယ်။ ဒါပေမယ့် သူတို့ပြောတာက မှန်နေတော့ အောင့်သက်သက်နဲ့ ငြိမ်နေလိုက်ရတာမျိုးလည်း ရှိတယ်။

“ရုပ်ကလည်း ဖြောင့်တယ်နော်”ဆိုတာမျိုးဆိုရင်တော့ ဂျွမ်းတောင်ပစ်လိုက်ချင်တဲ့စကားမျိုးပေါ့။ “ရုပ်ကတော့ မဆိုးပါဘူး၊ အရပ်က ခွေးပစ်တဲ့ တုတ်လောက်ရှိတာ”ဆိုတာကျရင်လည်း အောင့်သီးအောင့်သက်နဲ့ ခံနေရတာပါပဲ။

အဲလိုနဲ့ ဝေဖန်သံတွေက အမျိုးမျိုး၊ တစ်ခါ တစ်မျိုး၊ မရိုးနိုင်အောင်ပါပဲ။ မျက်လုံးပြူးတာ၊ မျက်ခုံးထူတာ၊ သွားမှာ ဆေးလိပ်ချိုးတွေ ကပ်ပြီး မည်းနေတာ၊ အာကျယ်တာ၊ လေပေါတာ၊ အစုံအစုံ ပြောနေတာတွေ ကြားရပါတယ်။ တချို့တပည့်လေးတွေက ကျွန်တော့်ဘက်က မခံနိုင်ရှာကြလို့ ပြန်လာပြောတာမျိုးလည်း ကြားရတယ်။ တချို့ကျတော့လည်း ကျွန်တော် ပြုပြင်နိုင်စေချင်တဲ့ စေတနာနဲ့ ပြောတာမျိုးလည်း ရှိတယ်။

“ဆရာက အရမ်း အသံအောင်တာပဲ။ လူတစ်ရာလောက်များတော့ မိုက်ခရိုဖုန်း သုံးစရာ မလိုဘူး၊ ကောင်းကောင်း ထိန်းနိုင်တယ်”လို့ ပြောတဲ့သူ ရှိသလို “မင်းတို့ဆရာကလည်းကွာ၊ အာပြဲလိုက်တာ၊ လမ်းမပေါ်ကတောင် သူ့အသံကို အတိုင်းသားကြားရတယ်”ဆိုတာမျိုးလည်း ကြုံတယ်။

“မင်းတို့က ကောင်းလှချေရဲ့ဆိုလို့ လာတက်တာ၊ ဘာမှလည်း မထူးပါ လား”ဆိုတဲ့ ကျောင်းသားသစ်အသံမျိုးလည်း ကြားဖူးတယ်။ “ဆရာက မျက်စိ အရမ်းလျင်တယ်၊ အက်စ်လေး တစ်လုံး၊ ဒီလေး တစ်လုံးလောက် ကျန်ခဲ့တာကအစ တန်းမြင်တာပဲကွ”ဆိုတာမျိုး ရှိသလို “သူမို့ လေ့ကျင့်ခန်းများ မစစ်လိုက်နဲ့၊ စစ်တာနဲ့ ချစ်တီးခေါင်း သန်းရှာသလို စစ်စစ်ပေါက်ပေါက် လျှောက်စစ်တတ်တာမျိုးကွ”ဆိုတာမျိုးလည်း ရှိတယ်။

နောက်ဆုံးမှာတော့ “ဆရာက တကယ်တတ်အောင် သင်ပေးနေတာ”ဆိုတာမျိုးနဲ့ “သည်လောက် သင်စရာ မလိုပါဘူးကွာ၊ အခုသင်နေတာရဲ့ တစ်ဝက်လောက်၊ လေးပုံ တစ်ပုံ လောက်နဲ့တင်ပဲ စာမေးပွဲ အောင်နိုင်ပါပြီ။ အလကား၊ ငါတို့ကို သက်သက်မဲ့ နှိပ်စက်နေတာ”ဆိုတာမျိုးအထိ ကြုံဖူးတယ်။

အသက် ၃ဝ ပြည့်ခါနီးက စပြီး မဂ္ဂဇင်းတွေမှာ စာတွေ ရေးဖြစ်ပြန်တော့ အသံဗလံ ပေါင်းစုံကို တိုးပွားပြီး ကြားရပြန်တယ်။ မဂ္ဂဇင်း စာမျက်နှာတွေပေါ်ကနေ တိုက်ရိုက် ပြောဆိုကြတာတွေလည်း အစုံ၊ အစုံ။

စာရေးတဲ့သူတွေရဲ့သမိုင်းမှာ ကျွန်တော့်လောက် လူပြောသူပြော အခံရများတဲ့ စာရေးသူဆိုတာ ရှိမှရှိပါ့မလား တွေးယူမိတယ်၊ အဲသလောက်။

အချီးမွမ်းခံရရင် လူပီပီ သိပ်ကျေနပ်တယ်။ အဝေဖန်ခံရရင် အောင့်သက်သက်နဲ့ပေမယ့် ပြင်လို့ရတာမျိုးဆို ပြင်ဖို့ကြိုးစားလိုက်တယ်။ အမနာပ အပြောခံရရင် နုစဉ်အခါတုန်းကတော့ အတော့်ကို မခံချိမခံသာဖြစ်မိတယ်။ နောက်ပိုင်းကျတော့ ရိုးသွားပြီး အမနာပတွေကို သနားတတ်လာတယ်။

စာသင်တုန်းကနဲ့ အတူတူပါပဲ။ ကျွန်တော်က ပိုက်ဆံရဖို့သက်သက်ပဲ စာသင်တာမှ မဟုတ်တာ။ ကျွန်တော့်မှာ စေတနာလေးတစ်ခု ရှိတယ်။ အဲဒီ့စေတနာလေးကို အကောင်အထည် ဖော်ကြည့်တာပဲ။

စာရေးတော့လည်း ပိုက်ဆံအတွက် ရေးဖြစ်ခဲ့တာ၊ ရေးဖြစ်နေမဟုတ်ဘူး။ (စာမူခတွေ မတရားအနှိမ်ခံရတာကိုကျတော့ မတရားမှုတစ်ခုအဖြစ် ရေးခဲ့၊ ပြောခဲ့ဖူးပါတယ်။) စေတနာလေးတစ်ခုနဲ့ ရေးဖြစ်နေတာ။

စာသင်တဲ့အလုပ်က လူရှေ့ ထွက်ရပ်ပြရတဲ့အလုပ်၊ ကျောင်းသားဆိုတဲ့ ပရိသတ်နဲ့ တိုက်ရိုက် ထိတွေ့ရတဲ့အလုပ်။ အဲတော့ လက်ခံသူ၊ ကြိုက်သူတွေ ရှိမှာ ဖြစ်သလို၊ လက်မခံနိုင်သူ၊ မကြိုက်သူတွေလည်း ရှိနေမှာ သဘာဝပါပဲ။ ထို့အတူ စာရေးတဲ့အလုပ်ဆိုတာလည်း လူလုံး မပြရသည့်တိုင် ကျွန်တော့် အာဘော်ကို ပရိသတ်ရှေ့မှောက် ချပြရတာပါ။ သည်အခါမှာလည်း လက်ခံသူ ရှိသလို၊ လက်မခံနိုင်သူတွေ ရှိမှာပဲ၊ ကြိုက်သူ ရှိသလို၊ မကြိုက်သူလည်း ရှိမှာပဲ။

အဲတော့ ကျွန်တော့် စေတနာ၊ ကျွန်တော့် လမ်းကြောင်းနဲ့ ကျွန်တော် ဆက်သွားချင်ရင် လူပြောသူပြော ခံနိုင်ဖို့လိုမှန်း စာမရေးခင်၊ စာသင်စားတဲ့ ဘဝကတည်းက ဘဝပေးအသိအနေနဲ့ နားလည်ထားတယ်။

အခုနောက်ပိုင်း ဂျာနယ်တွေမှာ ရေးဖြစ်တော့လည်း ထုံးစံအတိုင်း ဂယက်ကလေးတွေ ပလုံစီတဲ့အခါ စီလာပြန်တယ်။ အကောင်းပြောတဲ့သူ ရှိသလို မကောင်း ပြောတဲ့သူလည်း ရှိတယ်၊ လိုရာ ဆွဲတွေး၊ ရေးထားသမျှ စာတစ်ပုဒ်လုံးရဲ့အနက်ကို မကောက်ဘဲ တစ်လုံး၊ တစ်ကြောင်း၊ တစ်ပိုဒ်တည်းကို ကောက်ယူပြီး ထိုးကြနှက်ကြတာတွေလည်း ရှိတယ်။

ခွေးဟောင်တိုင်း ထကြည့်ရင် အိပ်ရေးပျက်တယ်ဆိုတဲ့ စကားမျိုးနဲ့ တစ်ဖက်သားကို နှိမ့်ချ အနိုင်ပိုင်းတာမျိုးတွေ မပြောချင်ပါဘူး။ ဒါမှမဟုတ် အပင်မြင့်တော့လည်း လေတိုက်ခံရတာပေါ့ဆိုတာမျိုးနဲ့ ဘဝင်တွေလည်း လေမဟပ်မိပါဘူး။ ပြောတဲ့သူက ပြောတယ်ဆိုတာ ပြောစရာ ရှိအောင် ကျွန်တော့်ဘက်က အစွန်းထွက်နေလို့ (ဝါ) ပြောစရာရှိအောင် လုပ်မိလို့လည်း ဖြစ်နေနိုင်ပါတယ်။ ကျွန်တော့်ဘက်က အစွန်းလွတ်အောင် အားထုတ်နိုင်ရင်၊ ပြောစရာ မရှိအောင်နေရင် ဘယ်သူကမှ လေကုန်ခံပြီး ပြောနေမှာ မဟုတ်ဘူးဆိုတာကို တွေးမိနေပါတယ်။

သည်ကြားထဲကမှ ကပ်သတ် ရှာဖွေပြီး ပြောကြသေးတယ်ဆိုရင်လည်း ဘာမှ တုန်လှုပ်စရာ မရှိဘူးလို့ မြင်ပါတယ်။

လူရှေ့ထွက်ရပ်၊ လူလုံးထွက်ပြပြီးခါမှ လူပြော သူပြော မခံရဲရင် သဘောထား သေးသိမ် ယုတ်ညံ့ရာ ကျပါတယ်။ ကျွန်တော်က မိမိကိုယ်ကို ကောင်းအောင် အတတ်နိုင်ဆုံး ကြိုးစားချင်သူပါ။ အထူးသဖြင့် မိမိရဲ့စိတ်သဘောထားကို အကောင်းဆုံး ဖြစ်လာအောင် တလေးတနက် ပျိုးထောင်ယူချင်ပါတယ်။ အဲတော့ အရာရာကို လက်ခံနိုင်အောင်၊ အထူးသဖြင့် ကိုယ်ပြုမိတဲ့ အမှုတစ်ခုခုအတွက် တာဝန်ယူ နားထောင်ရဲတဲ့ နားရွက်မျိုး ရှိနေအောင် အစဉ်တစိုက် ကြိုးပမ်းနေပါတယ်။

တလောဆီက မဂ္ဂဇင်းတစ်စောင်ရဲ့ အမေးအဖြေကဏ္ဍမှာ လူရွှင်တော်တွေ အပေါပြိုင်နေကြတာ ထင်ပါရဲ့လို့ ရေးလိုက်တဲ့အတွက် သက်ဆိုင်ရာ လူရွှင်တော်များက မဂ္ဂဇင်းကို ပြဿနာ ထရှာတာ တွေ့လိုက်ရတော့ စိတ်ထဲ မကောင်းလှဘူး။ ကိုယ့်လူတွေနှယ် စင်ပေါ်သာ တက်နေကြတယ်၊ တယ်လည်း အရေပါးပါလားလို့ တွေးမိရခြင်းနဲ့အတူ အလားတူ အရေပါးသူ အမြောက်အများကိုလည်း မျက်စိထဲ ကွက်ခနဲ မြင်လိုက်မိတယ်။ လူပြော သူပြောမခံချင်ရင် အိမ်တစ်လုံးထဲမှာ တစ်ယောက်တည်းနေပြီး ခေါင်းမြီးခြုံ အိပ်နေရုံသာရှိပါတယ်။ တစ်ယောက်တည်း မဟုတ်ဘဲ၊ အနားမှာ တစ်ယောက်ယောက် ရှိနေလို့ကတော့ ခေါင်းမြီးခြုံ အိပ်တာကိုပဲ “မင့်နှယ် အပျင်းကြီးရန်ကော”လို့ အပြောခံရဦးမှာက သေချာနေသလောက်ပါပဲ။

လူတွေမှာ ပါးစပ်တွေ ပါတယ်။ အဲတော့ ပြောတာ လူ့အလုပ်ဖြစ်သလို ပါးစပ်နဲ့ထပ်တူ လူတွေမှာ နားရွက်တွေလည်း ပါတာမို့ နားထောင်ဖို့ကလည်း လူ့အလုပ်ပါပဲ။ သည်တော့ ဘယ်သူဘာပြောပြော ပြောသမျှကို အသာ နားထောင်နေလိုက်မယ်ဆိုရင် ကိုယ့်အတွက် တစ်စက်မှ အကျိုးမယုတ်နိုင်ပါဘူး။ နားမထောင်ဘဲ နားပိတ်ထားမယ်၊ ပြောသူကို လိုက် ပြဿနာရှာနေမယ်ဆိုရင်သာ ကိုယ့်အတွက် အကျိုးပျက်နိုင်တာပါ။
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

ဆူဒိုနင်/အတ္တကျော်

————————–

[၂၀ဝ၂ ဇန်နဝါရီ ၁ရ ထုတ် မဟာသတင်းဂျာနယ်မှာ ဖော်ပြခဲ့ပြီး ၂၀၀၄ခုနှစ် ဒီဇင်ဘာလအတွင်းက စာမူခွင့်ပြုချက်အမှတ် ၈၈၀/၂၀၀၄(၉)နဲ့ ပထမအကြိမ် ထုတ်ဝေထားတဲ့ အတ္တကျော်ရဲ့ ဖြေတွေးလေးများ စာအုပ် စာမျက်နှာ ၁၉၃ မှာ ဖော်ပြခဲ့တာလေးကို ပြန်လည်တင်ဆက်လိုက်တာပါ။]

?ui=2&view=att&th=124c9ff66dd0c60d&attid=0.1&disp=attd&realattid=ii_124c9ff66dd0c60d&zw