(၁၃) လမ်း၊ တန်ဆောင်တိုင်ညနှင့် မရယ်ရသော ကာတွန်း

သူရႆဝါDecember 19, 20121min1969

(၁၃) လမ်း၊ တန်ဆောင်တိုင်ညနှင့် မရယ်ရသော ကာတွန်း
– သူရဿဝါ –

(၁)
“ရယ်စရာ မောစရာ ဆိုတဲ့ အတွက် ရယ်စရာ ပြီးသွားရင် မောစရာ ပါလာတယ်”
“တခါတလေမှာ ဟာသ ဆိုတာ တွေ့မြင်ရသူ အဖို့ ရယ်စရာ ကောင်းပေမယ့် အရယ်မော ခံရသူ အဖို့တော့ နာကျင်ဒုက္ခ ဖြစ်နေတတ်တယ်”

(၂)
ကာတွန်း တွေကို ငယ်ငယ်တုန်းကတော့ ကျွန်တော် တို့ရဲ့ ရယ်မော ပျော်ရွှင် လိုစိတ် တစ်ခု အတွက် အသုံးပြု ခဲ့ကြတယ်။ ကလေး ဘဝက ဖတ်ခဲ့ရတဲ့ တွတ်ပီ၊ မောင်မောင်ဇာ၊ ဘဲဥ၊ အရိုင်း အစရှိတဲ့ ကာတွန်း စာအုပ် တွေနဲ့ အဲဒီ အထဲက ဇာတ်ကောင် တွေဟာ ကျွန်တော်တို့ ငယ်ဘဝရဲ့ အရင်းနှီးဆုံး သူငယ်ချင်း တွေသဖွယ် ဖြစ်နေ ခဲ့တယ်။ အဲဒီ ကာတွန်း တွေဟာ ကျွန်တော်တို့ အတွက် ရယ်စရာ၊ ပျော်စရာ အတိ။ အသက် ကြီးလာတော့ ငယ်တုန်းကလို ကလေးဖတ် ကာတွန်းတွေ မဖတ်ဖြစ် တော့ပေမယ့် ကာတွန်း ဆိုတဲ့ ဝေါဟာရနဲ့ ပုံရိပ်တွေ ကတော့ ကျွန်တော်တို့ရဲ့ အဝေးကို ရောက်ရှိ သွားတာ မဟုတ် ပါဘူး။ လစဉ်ထုတ် မဂ္ဂဇင်းတွေ၊ အပတ်စဉ် ထုတ်တဲ့ ဂျာနယ်လ် တွေမှာ ပါဝင်တဲ့ ကာတွန်း တွေကို ဆက်လက် မြင်တွေ့ နေဖြစ် ခဲ့တယ်။ အဲဒီ ကာတွန်း တွေဟာ ကျွန်တော်တို့ရဲ့ ငယ်ဘဝ ကာတွန်း တွေနဲ့ သိပ်ကို ကွာခြား သွားခဲ့ပြီ။ ဒီ ကာတွန်း တွေဟာ ငယ်ငယ် ကလို ရယ်စရာ သက်သက် ကာတွန်းတွေ မဟုတ် တော့ဘူး။ ကျွန်တော်တို့ ပြည်သူတွေ မနေချင်တဲ့၊ မနေနိုင်တဲ့ အခြေအနေ တွေနဲ့ အဆင်မပြေတဲ့ ကိစ္စတွေကို မကျွတ် မလွတ် သေးတဲ့ အတားအဆီးတွေ ရှိတဲ့ ကြားကနေ ရသလောက် ထုတ်ဖော် တင်ပြ ပေးတဲ့၊ ခေတ်နဲ့ စနစ်ကို သရော်တဲ့ “တာဝန်သိ ကာတွန်း” တွေ ဖြစ်နေ ခဲ့ပြီ။

ကျွန်တော်တို့ မြင်နေ ရတဲ့ မဂ္ဂဇင်း၊ ဂျာနယ်လ် တွေပေါ်က ကာတွန်း တွေဟာ ကျွန်တော် တို့နဲ့ လိုက်လျော ညီထွေ မဖြစ်နိုင်တဲ့ ခေတ်၊ စနစ် တွေကို သရော် လှောင်ပြောင်ရင်း သူတို့ကို လေထဲ လွင့်သွားအောင် တိုက်ခတ် ပစ်လိုက်မယ့် စာပေ စိစစ်ရေး ဆိုတဲ့ ယပ်တောင်ကြီး ရှိနေတဲ့ ကြားထဲ ကတောင် အဲဒီ အန္တရာယ် တွေကို လွတ်အောင် ရှောင်ပြီး ကျွန်တော် တို့ရဲ့ စိတ်သန္တာန် အသားစိုင် တွေပေါ် ရောက်တဲ့အထိ ခိုင်ခိုင်မြဲမြဲ တွယ်ကပ်လို့ ခြင်သတ္တဝါ များလို ကျွန်တော်တို့ လက်ဖျံရိုး ထဲမှာရှိတဲ့ ခံစားမှု သွေးစက် တွေကို မရ ရအောင် စုပ်ယူ နိုင်ခဲ့ ကြတယ်။ အချို့ ကာတွန်း တွေဟာ သိပ်ကို ရယ်ရ ပါတယ်။ ဒါပေမယ့် အဲဒီ ရယ်ရတာကို ဆက်ပြီး တွေးမိရင် ရင်မော စရာတွေ အများကြီး။ တချို့ ကာတွန်း တွေဟာ ရယ်စရာ ကောင်းအောင် ရေးဆွဲ ထားပေမယ့် ရယ်စရာကို အရင် မတွေးမိဘဲ မောစရာ တွေကိုသာ အရင်ဆုံး လက်ခံ တွေ့ထိ သွားနိုင် လောက်တဲ့ အခြေအနေပါ။ ရယ်စရာ… ပြီးရင် မောစရာ လာပါသလား။ ဒါမှမဟုတ် မောစရာဟာ ရယ်စရာ တွေနဲ့ အတူတူ ရောထွေး ကပ်ငြိ ပါလာ တတ်သလား။ သေချာတာ ကတော့ ကျွန်တော့်မှာ အဲဒီ ကာတွန်းတွေ အပေါ် မမြင်နိုင်တဲ့၊ ပြောမပြ တတ်တဲ့ စွဲလမ်းတွယ်တာစိတ် တစ်မျိုး ရှိနေခဲ့တယ် ဆိုတာပါပဲ။

အခု ဒီဘက် နှစ်ပိုင်း မှာတော့ ကျွန်တော် ချစ်တဲ့ ကာတွန်း တွေဟာ ပြောင်းလဲ လာတဲ့ နိုင်ငံရေး အခြေအနေ၊ ပြောင်းလဲ လာတဲ့ အုပ်ချုပ်ရေး စနစ် တစ်ခုနဲ့ အတူ အရင်ကထက် စာရင် အတိုင်းအတာ တစ်ခုအထိ လွတ်လပ် ပွင့်လင်းပြီး အားအင် ပြည့်ဝတဲ့ တောင်ပံခတ်သံ တွေနဲ့ ပျံသန်း လာကြတဲ့ “ပြည်သူ့အသံ စစ်စစ်” တွေ ဖြစ်လာ နေခဲ့ ပါပြီ။ မဂ္ဂဇင်း၊ ဂျာနယ်လ် တွေပေါ် ရောက်ရှိ နေတဲ့ ကာတွန်း တွေဟာ ရှိရင်းစွဲ အနုပညာ အဆင့်အတန်း အောက်ကို နိမ့်ကျ မသွားတဲ့ အပြင် ပုံနှိပ် စာမျက်နှာ တွေရဲ့ ပြင်ပကို ရဲရဲဝံ့ဝံ့ တိုးထွက် လာကြတယ်။ တန်ဆောင်တိုင်လို ရာသီ အချိန်အခါ မျိုးမှာ ကျွန်တော်တို့ ငယ်စဉ်က တခုတ်တရ ဖြစ်ခဲ့ကြတဲ့ ဦးဘဂျမ်း ကာတွန်း ပြပွဲလို ကြီးကျယ် မြိုင်ဆိုင်တဲ့ ကာတွန်း ပြပွဲတွေ ပြန်လည် အသက်ဝင် လာခြင်းနဲ့ အတူ အခြားသော နေရာဒေသ အချို့မှာလည်း အဲဒီလို တန်ဆောင်တိုင် မီးထွန်း ကာတွန်း ပြပွဲတွေ ပြုလုပ် လာကြတာကို ဝမ်းသာစရာ တွေ့ရတယ်။ ဒါ့အပြင် အခု ကျွန်တော်တို့ စွဲစွဲလမ်းလမ်း အသုံးပြု နေကြတဲ့ လူမှု ကွန်ယက် ဝက်ဘ်ဆိုက် တစ်ခု ဖြစ်တဲ့ Facebook လို နေရာမျိုး မှာလည်း တဖြည်းဖြည်းနဲ့ ကာတွန်း ဆရာ တွေရဲ့ Personal Account တွေကို မြင်တွေ့ လာရပြီ ဖြစ်သလို သူတို့ရဲ့ ထိမိရှတတဲ့ ကာတွန်း လက်ရာ တွေကိုလည်း သူတို့ ကိုယ်တိုင်ရဲ့ တခုတ်တရ တင်ဆက် ပေးမှုနဲ့ Facebook ထဲမှာတင် မြင်တွေ့ ဖတ်ရှုခွင့် ရလာ ခဲ့ပြီ ဖြစ်ပါတယ်။

ဖန်ကြိုးမျှင် ဆက်သွယ်ရေး ဧရိယာ ဖြစ်တဲ့ အွန်လိုင်း စာမျက်နှာပြင်တွေ ပေါ်မှာတော့ ကာတွန်း တွေဟာ တကယ်ကို အသက်ဝင် လှုပ်ခတ် လာနေ ကြပါပြီ။ နိုင်ငံရေး စီးပွားရေး၊ လူမှုရေး အခြေအနေ တစ်ခု လှုပ်ခတ်ရုန်းကန် လာတိုင်း၊ စိတ်ကသာ ခံစားတတ်ပြီး နားလည်အောင် ပြန်မပြောပြ တတ်တဲ့ ပြည်သူလူထု ကိုယ်စား ကာတွန်း ဆရာ တွေဟာ ကလောင်တံနဲ့ စာရွက် ကနေ ကွန်ပျူတာသုံး နည်းစနစ် တစ်ခု ဖြစ်တဲ့ Scan ဖတ်ပြီးသား Image တစ်ခု ဖြစ်လာတဲ့ အထိ အဆင့်ဆင့် ဖြတ်သန်းပြီး အင်တာနက် စာမျက်နှာ တွေပေါ်ကို အမြန်ဆုံး လွှင့်တင် ပေးလိုက် ကြဖို့ ဘယ်တုန်းကမှ ဝန်လေး မနေ ခဲ့ကြပါဘူး။ အင်တာနက် စာမျက်နှာ တွေပေါ်က ထိမိပြောင်မြောက်တဲ့ ကာတွန်းကွက် ကလေး တွေဟာ အနုပညာ လှံသွားနဲ့ ရန်သူကို တွန်းထိုး တိုက်ခိုက်ဖို့၊ အနုပညာ လွှာဒိုင်းနဲ့ ရန်သူကို ခုခံကာကွယ်ဖို့ ကြိုးစားရင်း အနုပညာ စွမ်းအားနဲ့ ပြည်သူတွေ အပေါ် တာဝန်ကျေ ခဲ့ကြတယ်။ အရေး အကြောင်း တစ်ခုခု ကြုံတိုင်း အွန်လိုင်းပေါ် အချိန်ကိုက် ရောက်လာတဲ့ ကာတွန်း တွေနဲ့ ပရိသတ်ဟာ အချိုးညီ သဘောမျှ နေတဲ့ အတွက် ခေတ်၊ စနစ် အခြေအနေကို ထိထိမိမိ သရော် လှောင်ပြောင် ထားတဲ့ ကာတွန်း ပုံရိပ်များရဲ့ Facebook စာမျက်နှာ တွေဟာ မှတ်ချက် အထွေထွေ၊ ဝေမျှမှု အလီလီနဲ့ စည်ကား သက်ဝင် နေတာမို့ နောက်ဆို Facebook လူမှုကွန်ယက် ဝက်ဘ်ဆိုက် ပေါ်မှာ ကာတွန်း ယဉ်ကျေးမှု လှိုင်းလုံးကြီး တစ်ခု အရှိန် အဟုန်နဲ့ ဖြတ်သန်း ဖြစ်ထွန်း လာနိုင်တယ် လို့တောင် ကျွန်တော်က တွေးတော ယူဆ နေမိပါတယ်။

(၃)
ကာတွန်း တွေအပေါ် သာမာန်ထက် ပိုတဲ့ ခံစားချက် ရှိနေတဲ့ ကျွန်တော်ဟာ ပြီးခဲ့တဲ့ တန်ဆောင်တိုင် မီးထွန်း ပွဲတော် ကာလတုန်းက ရန်ကုန် မြို့လယ်ခေါင် (၁၃)လမ်းမှာ “ဦးဘဂျမ်း ကာတွန်း ပြပွဲ” ရှိတယ်လို့ ကြားရတော့ မပျက်မကွက် ရောက်သွား ခဲ့တယ်။ ဒီနှစ်ဟာ မနှစ်ကထက် ပိုမို ပြောင်မြောက်တဲ့ ကာတွန်း ပြပွဲ တစ်ခု ဖြစ်မှာပဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ သွားခဲ့တဲ့ ကျွန်တော့် အတွက်တော့ တကယ်ပဲ စိတ်ကျေနပ် စရာ ဖြစ်ခဲ့ ပါတယ်။ မနှစ်က ပြပွဲထက် ပိုပြီး ကာတွန်း ဆရာတွေ စုံလာ သလို မမြင်ရတာ ကြာပြီ ဖြစ်တဲ့ (ကျွန်တော် နှစ်သက် သဘောကျတဲ့) ကာတွန်းဆရာ အချို့ရဲ့ လက်ရာ တွေကိုပါ ပြန်လည် ထိတွေ့ခွင့် ရခဲ့လို့ပါ။ လူစုံ တက်စုံ ကာတွန်းပြပွဲ တစ်ခု ဖြစ်ရုံတင် မကပါဘူး။ လက်ရှိ ဖြစ်နေတဲ့ နိုင်ငံတွင်း အခြေအနေတွေ အားလုံးကို ဘက်ပေါင်းစုံ ကနေ ထိထိမိမိ ထင်ဟပ်တဲ့၊ လူ့သဘောကို ရိုက်ခတ်တဲ့ သရော် ရေးဆွဲမှု တွေကိုပါ မြင်တွေ့ခွင့် ရခဲ့ပြန် ပါတယ်။ ကျွန်တော်တို့ ရုတ်တရက် မတွေး ထားမိတဲ့ ရှုထောင့် အမြင်တွေ၊ သပ်ရပ် ထိမိတဲ့ အလိမ် အလှည့် ကလေးတွေ ပါဝင်တဲ့ စကားလုံး ကစားမှုတွေကို ပျော့ပျောင်းပြီး ချစ်စရာ ကောင်းတဲ့ ကာတွန်းရုပ် ကလေးတွေနဲ့ တွဲစပ် ပေးလိုက်တဲ့ အခါမှာ သိပ်ကို ကျစ်လျစ် မာကျောပြီး တိကျထိရှတဲ့ သရော်မှုတွေ၊ စုတ်ချက်တွေ ထွက်ပေါ် လာတာ ပါပဲ။ အဲဒီ ကာတွန်းတွေ တစ်ခုချင်းကို သဘောကျ နှစ်သက်မှုနဲ့ ရယ်မော ဖတ်ရှု နေခဲ့မိတဲ့ ကျွန်တော် ဟာ တစ်နေရာ အရောက်မှာတော့ (ကျွန်တော့် အတွက်) သိပ်ကို စွဲငင်ညှို့ယူမှု ကောင်းတဲ့ ကာတွန်း တစ်ကွက်ကို သွားတွေ့ မိတယ်။

(၄)
“ပန်းကလေးများ ပွင့်တော့မည်၊ ဖူးတံ ဝင့်လို့ချီ၊ နေခြည်မှာ ရွှေရည်လောင်း၊ ငါတို့ စာသင်ကျောင်း” တဲ့။
ကလေး ငယ်လေး သုံးယောက် အပြစ် ကင်းစင်စွာ၊ စိုးရိမ် ကြောင့်ကြ မဲ့စွာ စာကျက် နေကြပုံပါ။ သူတို့ ထိုင်နေကြတဲ့ နေရာ ပတ်ဝန်းကျင်နဲ့ သိပ် အလှမ်း မဝေးတဲ့ နေရာမှာ မီးခိုး ရနံ့တွေ၊ မီးခိုး ငွေ့တွေ ဝေ…လို့။ သူတို့ရဲ့ ခေါင်းပေါ်ကနေ ဒုံး၊ ကျည်ဆန် လက်နက်တွေ လူးလာ ခေါက်တုံ့ ဖြတ်သန်းလို့။ သူတို့ အနားမှာ အသက် အန္တရာယ် သတိပေး ဆိုင်းဘုတ်နဲ့ မြေပြင်ပေါ် ပြန့်ကျဲ နေတဲ့ ဗုံးဆံတွေ၊ အမြောက် ကျည်ခွံတွေ။ သူတို့ စာဆို နေတဲ့ အနားကို လောလော လတ်လတ် ကျလာတဲ့ လက်ပစ်ဗုံး တစ်လုံး။ အဲဒါဟာ တစ်ကွက် ကာတွန်းလေး တစ်ခု ဖြစ်နေတာ ကျွန်တော့် အတွက်ရော၊ ကာတွန်း ထဲက ကလေးငယ်တွေ အတွက်ရော သိပ်ကို ကံကောင်း ပါတယ်။ ဇာတ်လမ်း တစ်ခုထဲမှာ ပါတဲ့ ကာတွန်း တစ်ကွက်သာ ဆိုရင် အဲဒီကနေ ရှေ့ဆက် ရေးဆွဲရမယ့် ကာတွန်းကွက်ဟာ ဘယ်လို ဖြစ်သွား လေမလဲ…။ ကာတွန်းမှန်း သိနေလျက် နဲ့တောင်၊ စိတ်ကူးလေး နဲ့ပဲ ဖြစ်ဖြစ် ကျွန်တော် ဆက်ပြီး မတွေးရဲ ပါဘူး။ ဒီကာတွန်းမှာ ကျွန်တော် မြင်ခဲ့ရတဲ့ အခြေအနေ နောက်ခံ အကြောင်းအရာကို ဖတ်ကြည့်မိရင် “ဒါ .. ဘယ်နေရာ မှာလဲ၊ ဘာဖြစ် နေတာလဲ၊ ဘာကို ဆိုလို ချင်သလဲ” ဆိုတာကို စာဖတ်သူများ သဘောပေါက် ကြမှာပါ။

ကျွန်တော့် ရင်တွေ တဆတ်ဆတ် ခုန်လာတယ်။ အဲဒီ ကာတွန်းဟာ ကျွန်တော့်ရဲ့ မျက်လုံး တွေကနေ တဆင့် ကျွန်တော့် နှလုံးသား ထဲကို ခုန်ပေါက် ဝင်ရောက် သွားတယ်။ အဲဒီ ကာတွန်း လေးကို ကြည့်အပြီးမှာ ကျွန်တော် သိပ်ကို ငြိမ်သက် သွားခဲ့ ပါတယ်။ စာသားလေး အနည်းငယ်သာ ပါဝင်တဲ့ ကာတွန်းကွက် သေးသေး လေးကို ကျွန်တော် အကြာကြီး ရပ်ကြည့် နေမိတယ်။ ဒါပေမယ့် ကျွန်တော့် မျက်လုံး ထဲမှာ အဲဒီ ကာတွန်းကို မြင်မနေ တော့ပါဘူး။ ဒါ့အပြင် ရှေ့မှာ ကြည့်ခဲ့ ရတဲ့ ထိမိပြီး ရယ်ရတဲ့ ကာတွန်း တွေကိုလည်း ဘယ်လိုမှ သတိမရ နိုင်တော့ပါဘူး။ ကျွန်တော့် အတွေး ပေါင်းစုံဟာ ကျွန်တော့် မျက်လုံး ကနေ တဆင့် အဲဒီ ကာတွန်း စာမျက်နှာပေါ် ခုန်ပေါက် ရောက်ရှိပြီး လျှောက်သွား နေခဲ့တယ်။ မဖြစ်နိုင်မှန်း သိလျက်နဲ့ အဲဒီ ကာတွန်း ထဲက ကလေးငယ် တွေရဲ့ လွတ်ရာ လွတ်ကြောင်း၊ သူတို့ရဲ့ အနာဂတ် နဲ့ သူတို့ ဘဝအတွက် ရှေ့ဆက်မယ့် ကံကြမ္မာ မျှော်လင့်ချက် တွေကို တွေးတော နေခဲ့ မိတယ်။ အဲဒီ ကာတွန်းလေး ရှေ့မှာ ကျွန်တော်ဟာ အသက်မရှိ တော့သူ တစ်ဦးလို ငြိမ်သက်မျောပါပြီး အကြာကြီး ရပ်တန့် နေခဲ့တယ်။ သေချာတာက ကျွန်တော် သိပ်ကို ဝမ်းနည်း နေခဲ့ပါတယ်။ အရမ်း ရယ်ရတဲ့ ကာတွန်းတွေ ကြားထဲမှာ အရမ်းကို ဝမ်းနည်းစရာ ကောင်းတဲ့ ကာတွန်းငယ် တစ်ကွက်ဟာ တကယ်ပဲ အထီးကျန် ဆန်ပြီး ကူရာကယ်ရာ မဲ့နေတယ်လို့ ကျွန်တော် ခံစား နေရပါတယ်။

(၅)
“ရယ်စရာ မောစရာ ဆိုတဲ့ အတွက် ရယ်စရာ ပြီးသွားရင် မောစရာ လာပါတယ်” တဲ့။
“တခါတလေမှာ ဟာသ ဆိုတာ တွေ့မြင်ရသူ အဖို့ ရယ်စရာ ကောင်းပေမယ့် အရယ်မော ခံရသူ အဖို့တော့ နာကျင်ဒုက္ခ ဖြစ်နေတတ်တယ်” တဲ့။
ကျွန်တော် ကြားခဲ့ ဖတ်ခဲ့ ဖူးတဲ့ အဆို နှစ်ခုဟာ ကျွန်တော့် မျက်စိ ရှေ့မှာ ရှိနေတဲ့ ကာတွန်းကွက် ကလေးနဲ့ တကယ်ကို အံဝင်ခွင်ကျ တိုက်ဆိုင် နေရုံမက အဲဒီထက် ပိုမိုတဲ့၊ ခက်ခဲတဲ့ အဓိပ္ပါယ်နဲ့ အခြေအနေမှာ ရောက်ရှိ နေခဲ့တယ်။ အဲဒီ ကာတွန်းလေးဟာ ရယ်စရာ ကောင်းပါသလား။ ဒါမှမဟုတ်.. ရယ်ရပြီးနောက် မောရမယ့် အခြေအနေလား။ ဒါမှ မဟုတ် သေးရင် ရယ်စရာနဲ့ တွဲခို ပါလာတဲ့ မောစရာ ကိစ္စလား။ အဲဒီ ကာတွန်းကို ကြည့်ပြီး သူတို့ရဲ့ နာကျင်မှုနဲ့ ခက်ခဲမှုဟာ တွေ့မြင် ရတဲ့ ကျွန်တော်တို့ အတွက် ရယ်စရာ ကောင်းနေ ပါသလား။ ဟင့်အင်း … တစ်ခုမှ မဟုတ်ပါဘူး။ ဒီကာတွန်းဟာ လုံးဝ မရယ်ရတဲ့ ကာတွန်းပါ။ ရယ်စရာ လုံးဝ မပါဘဲ (ရင်)မောစရာ သက်သက်နဲ့ တည်ဆောက် ရေးဆွဲ ထားတဲ့ ကာတွန်းပါ။ သူတို့ရဲ့ နာကျင်ခက်ခဲ မှုဟာ သူတို့နဲ့ ထပ်တူ ထပ်မျှ ကျွန်တော်တို့ ရင်ထဲကို သံရည်ပူ တွေလို စီးဝင် သွားခဲ့ တာပါ။

ဒီကာတွန်းကို ရေးဆွဲသူက ကာတွန်းဒီရေ ပါတဲ့။ ဆရာ ဟာလည်း ဒီကာတွန်းကို ခက်ခက်ခဲခဲ ဝမ်းပမ်းတနည်း ရေးဆွဲ ခဲ့ပုံပါ။ ဒီကာတွန်းကို ရယ်စရာ အဖြစ်အပျက် တစ်ခုလို သဘော ထားခဲ့တာ ဟုတ်ပုံ မရသလို ဖတ်သူတွေ ရယ်ရပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးဆွဲ ခဲ့တာလည်း မဟုတ်နိုင် ပါဘူး။ ဆရာ ဒီရေဟာ သူ့ရဲ့ ရင်ထဲမှာ ရှိနေတဲ့ နာကျင်ခံစားမှု တစိတ် တပိုင်းကို လှစ်ဟ ဖော်ထုတ်ပြီး ကာတွန်း ဖတ်သူ ပရိသတ်နဲ့ မျှဝေ ခံစားချင်တဲ့ သဘောနဲ့ စာရွက်ပေါ် ရေးဆွဲ လိုက်တာ ဖြစ်မှာပဲလို့ ကျွန်တော် တထစ်ချ ယုံကြည်ပါတယ်။ အဲဒီ ယုံကြည်မှုကို ကျွန်တော်ပါ မျှဝေ ခံစား ရရှိတဲ့ အတွက်လည်း ဆရာဒီရေကို ကျေးဇူး တင်သလို သူ့အတွက် လေးစား ဂုဏ်ယူတဲ့ ဘဝင်စိတ်လည်း ဖြစ်မိပါတယ်။ ဆရာ့ အနေနဲ့ ပြည်သူလူထု အတွက် ရယ်စရာ တင်မက အသိပညာနဲ့ ရသတစ်ခုခု ကိုပါ ဝေမျှ ပေးနိုင်တဲ့ အခုလို ကာတွန်းမျိုး တွေကို ရှေ့လျောက် ဆက်လက် ရေးဆွဲ နိုင်ပါစေ လို့လည်း ဆန္ဒ ပြုမိတယ်။

(၆)
လှိုက်လှိုက်လှဲလှဲ … ကျွန်တော် ဆုတောင်းပါတယ်။
ရယ်စရာ မကောင်းတဲ့ ဝမ်းနည်း ရင်မောဖွယ်ရာ သက်သက် အဲဒီ ကာတွန်းလေး တစ်ပုံကို စာဖတ် ပရိသတ်၊ ကာတွန်း ပရိသတ် များနဲ့တကွ ဒီကလေး တွေနဲ့ သက်ဆိုင် ပတ်သက်တဲ့၊ ကလေးတွေရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက် နေတဲ့ အကြောင်းကိစ္စ များနဲ့ ပတ်သက် ဆက်နွယ် သူများလည်း မြင်တွေ့ ခံစား နိုင်ပါစေ။
လူကြီး တွေရဲ့ အာဃာတနဲ့ အမုန်းတရား တွေဟာ အပြစ်မဲ့တဲ့ ကလေးတွေရဲ့ အနာဂတ်နဲ့ ကံကြမ္မာ အပေါ် ဖုံးလွှမ်း မသွား ပါစေနဲ့။
အပြန်အလှန် ရန်ငြှိုး စစ်မက် တွေဟာ အပြစ် မရှိတဲ့ ကလေးငယ် တွေရဲ့ မျက်ရည်နဲ့ အသက်ဇီဝ တွေအပေါ် လောင်ကျွမ်း စွန်းပေ မသွား ပါစေနဲ့။
ကျွန်တော်တို့ရဲ့ ကလေးငယ်တွေ စိုးထိတ် ကြောက်ရွံ့စိတ် ကင်းစွာနဲ့၊ ဖြူစင် သန့်ရှင်း စွာနဲ့ ရှင်သန် နိုင်ပါစေ။
အပြစ်မဲ့ ကလေးငယ် တွေကို ဒုက္ခပင်လယ် ဝေစေတဲ့ ပြည်တွင်းစစ်များ ရပ်တန့်ပြီးဆုံးသွားပါစေ။
မြန်မာပြည် ဘေးဘယာ ပယောဂ ကင်းပါစေ … အနာရောဂါ ကင်းပါစေ..။
မြန်မာပြည် … ငြိမ်း ချမ်း ပါ စေ .. ။

၁ရ – ဒီဇင်ဘာ -၂၀၁၂

9 comments

  • ခိုင်ဇာ

    December 19, 2012 at 10:12 am

    အရင်ကတော့ ကာတွန်းဆိုရင် ရီ စရာ၊ ပျော်စရာ လောက်ပဲလို့သာ တွေးကြတာ။
    ခု ဒီ တစ်ကွက်ကာတွန်းလေးတွေမှာ တော့ ရီစရာ အပြင် မောစရာ၊ တွေးစရာ၊ ငေးစရာ၊ စဉ်းစားစရာတွေပါလာခဲ့ပြီ။
    ဖျော်ဖြေရေးအသွင်ကနေ ပညာပေး၊ အသိဉာဏ်ပေး၊ အဆင့်တွေ အထိ ရောက်အောင် ရေးလို့ ရတယ်နော်။
    ဦးဘဂျမ်း ကာတွန်းတွေကဖြင့် ဒီ ခေတ် အခြေအနေအထိ ထင်ဟပ်နိုင်လွန်းတယ်။

    အတွေးလေးတွေကို အားပေးသွားပါ၏။ တောင်းတဲ့ ဆုတွေလည်း ပြည့်နိုင်ပါစေ။

  • moonpoem

    December 19, 2012 at 11:19 am

    ဒီကာတွန်းလေးထဲကအတိုင်းဆိုရင် ပန်းကလေးတွေလည်း ပွင့်နိုင်မှာ မဟုတ်တော့ဘူးနော်။ နေခြည်မှာ ကျည်ဆံပဲလောင်းနေတာဆိုတော့လည်း ….။ ကံကောင်းကြပါစေ။

  • Thuyazaw

    December 19, 2012 at 11:36 am

    အင်း ဒီကာတွန်းလေးက လူတိုင်းရင်ကို ထိမှန်စေမှာ အသေအချာပဲဗျ…… ကျွန်တော်တောင် စာဖတ်ရင်း ကြည့်လိုက်မိတော့ ဒီကာတွန်းပုံကို အကြာကြီးစိုက်ကြည့်မိတာရယ်……. ကာတွန်းဆရာ ဒီရေရဲ့ စိတ်ကူး လေးကိုလဲ ချီးကျူးမိတာအမှန်……ကိုသူရဿဝါ ငယ်စဉ်က ဖတ်ရှုခဲ့ရတဲ့ ဟာသကာတွန်းနဲ့ ယခု အသက်အရွယ်မှာ အမြင်တမျိုးဖြစ်တဲ့ တာဝန်သိကာတွန်း ဆိုတဲ့ စကားလေးလဲ ထိမိလှပါတယ်ဗျာ……

  • မောင်ပေ

    December 19, 2012 at 12:21 pm

    နင်တစ်လုံး ငါတစ်လုံး
    ပြည်သူ ့မီးခိုးဗုံး…..။

  • kyeemite

    December 19, 2012 at 2:28 pm

    “တခါတလေမှာ ဟာသ ဆိုတာ တွေ့မြင်ရသူ အဖို့ ရယ်စရာ ကောင်းပေမယ့် အရယ်မော ခံရသူ အဖို့တော့ နာကျင်ဒုက္ခ ဖြစ်နေတတ်တယ်” တဲ့။အမှန်ပါဗျား…

  • MaMa

    December 19, 2012 at 5:44 pm

    ကာတွန်းဆရာရဲ့ လက်ချက်က ခံရ ခက်သွားပါလား။
    ချိုင်းထောက်နဲ့ ကလေးလေးက မြေမြှုပ်မိုင်းကို သားမုန်းတယ် လို့ စာရေးတဲ့ ကာတွန်းတစ်ခု မြင်ဖူးတယ်။
    ကြည့်ရတာ အတော် စိတ်ထိခိုက်စရာကောင်းတယ်။ :byae:

  • koaung

    December 19, 2012 at 6:04 pm

    ခံစားရပါတယ်ဗျာ အထူးသဖြင့်မြန်မာကာတွန်းတွေကိုအကြိုက်ဆုံးဘဲ ကာတွန်းတိုင်းမှာ ရသတွေရှိနေတတ်လို့ ဒီကာတွန်းကပိုခံစားရပါတယ်ဗျာ ကိုယ့်လူကိုယ်ပြန်သတ်တဲ့ဇတ်လမ်းတွေဆုံးသင့်ပါပြီ

  • mobile (mandalay)

    December 19, 2012 at 9:24 pm

    ဖတ်ရှု့အားပေးသွားပါကြောင်း ကိုပြာပြာရေ
    ပုံလေးကိုတော့ဖြင့် ကူးယူထားလိုက်ပါတယ်။

  • uncle gyi

    December 19, 2012 at 10:53 pm

    မြန်မာကာတွန်းဆရာတွေမညံ့ပါဖူး
    အလွန်တော်ပါတယ်တကွက်ကာတွန်းဆွဲရတာ
    စာတွေနဲ့ရေးဖွဲ့ပြီးဖတ်သူမြင်အောင်ရေးပြရတာထက်ပို
    ပညာပါပါတယ်
    တကွက်ဆိုတကွက်ထိပါတယ်ဗျာ

Leave a Reply