“စစ်မရောက်ခင် မြားချွန်”(EPISODE 22)

nicolus agralDecember 20, 20121min890

အိမ်ထောင်ပြုမယ် ဆုံးဖြတ်ပြီးတော့ ယင်းမာဖေဖေ နဲ့ မေမေလေးတို့ဆီ သူတို့သားမက်လောင်းကို ခေါ်ပြပြီး နောက်တစ်နှစ်ခွဲလောက်ကြာမှ ကာလီဖိုးနီးယားမှာ မင်္ဂလာဆောင်ဖြစ်ပါတယ်။ အိမ်ကတော့ ဘယ်သူမှ မလာနိုင်ခဲ့ပါဘူး။ ဒါနဲ့ သူတို့ကို မြေထဲပင်လယ်အစပ်က မွန်တီကာလိုမှာပဲ အလည်ခေါ်ပြီး ဘော့ပ်နဲ့ နှစ်ယောက်သား လာတွေ့ဖြစ်ပါတယ်။ မေမေလေးတို့က ပါရီကဖေးမှာ ညစာပြန်ဖိတ်ကျွေးသေးတယ်။ ဈေးကြီးသလောက်လည်း ခမ်းနားတဲ့ဆိုင်ပါပဲ။ မေမေလေးတစ်ယောက် ဝတ်ကောင်းစားလှတွေနဲ့ စိန်တွေရှိသမျှ အကုန်ထုတ်ဝတ်လာပုံရတယ်။ ယင်းမာတို့နဲ့ ကပ်လျက်စားပွဲမှာ လီဆာမင်နဲလီကြီး လာထိုင်တော့ ဆိုင်က စားပွဲထိုးကလေးက မေမေလေးအနားမှာ ဟိုဟာလာပေးသလို ဒီဟာလာပေးသလိုနဲ့ ရစ်သီရစ်သီလုပ်လို့ မဆုံးဘူး။ မကြာပါဘူး သူနဲ့မေမေလေးတို့နှစ်ယောက် ကမာ္ဘကျော် ရုပ်ရှင်မင်းသမီးကြီးတစ်ယောက်လုံးကို သတိမထားမိသလို ဟန်တွေထုတ်ပြီး တဟီးဟီးတဟားဟား ထလုပ်ကြပြန်တယ်။ ဖေဖေအပါအဝင် ယင်းမာတို့ သုံးယောက်သားကတော့ မေမေလေး ဘာတွေ ဒီလောက် အူမြူးနေမှန်း နားမလည်နိုင်ခဲ့ဘူး။ တအောင့်နေတော့ ဖေဖေက ဘော့ပ်ကို

“မင်းက ဆေးကျောင်းမှာ အဏုဇီဝဗေဒဆရာတစ်ယောက်ဆိုတော့ ဘာတွေ လုပ်ရတာတုန်း”

“သင်ကြားရေး နဲ့ သုတေသန အလုပ်တွေပေါ့။”

“စာက တစ်နေ့ကို ဘယ်နှစ်နာရီသင်ရတာလဲ။”

“ကလေးတွေကို စာသင်တာ ပြောတာလား။”

“ဟုတ်တယ်လေ။ စာသင်ခန်းထဲမှာ သင်ရတာကို ပြောတာ။”

“ဒီသုံးလပတ်မှာတော့ တစ်ချိန်ကို တစ်နာရီ နဲ့ တစ်ပတ် သုံးကြိမ် ဝင်ရမယ်။”

“တစ်ပတ်မှ သုံးကြိမ်တည်းလား။ ကောင်းလိုက်တာကွာ။ တစ်လမှ ၁၂ ချိန်ပဲ သင်ရုံပေါ့။ ရတဲ့လခ ၁၂ နဲ့ စားလိုက်ရင် တစ်နာရီဝင်ငွေ နည်းမှတ်လို့။ တခြားရော ဘာအခွင့်အရေးတွေ ပေးထားသေးတုန်း။”

“အဲလို မဟုတ်ပါဘူး။ စာသင်ဖို့ အတန်းမရှိတဲ့နေ့တွေမှာ သုတေသနလုပ်ငန်းတွေ လုပ်ရသေးတာပေါ့။ ဓါတ်ခွဲခန်း နဲ့ ဓါတ်ခွဲကျွမ်းကျင်တွေကို ကြည့်ကြပ်ပေးရတယ်။ ပါရဂူကျောင်းသားတွေ စာတမ်းပြုစုနိုင်ဖို့ ထောက်ပံ့ကြေးရအောင်လည်း ရှာပေးရတယ်။ ကိုယ့်အတွက်လည်းကိုယ် သုတေသနလုပ်ရတယ်။ ကိုယ့်ဋ္ဌာနက စာတမ်းတွေ အဆက်မပြတ်ထွက်နေမှ ကောင်းတာ။ ကျန်တာတော့ အစည်းအဝေးတက်တာတို့၊ စာမေးပွဲစစ်တာတို့၊ တခြား ရုံးလုပ်ငန်းတွေလည်း နည်းနည်းပါးပါး ရှိတယ်။ ကလေးတွေကို စာသင်ရတယ်ဆိုတာ အလုပ်ရဲ့ တစိတ်တပိုင်းပဲ ရှိတယ်။”

ယင်းမာက ဝင်ပြီး “ဖေဖေ့အလုပ်နဲ့ သိပ်မကွာပါဘူး။ ဖေဖေလည်း အလုပ်ရုံတွေကို တခါတခါမှ သွားကြည့်ကြပ် စစ်ဆေးပေးရသလို နေမှာပေါ့။”

“အဲဒါလည်း မဟုတ်သေးဘူး။ ငါ့အမြင်မှာတော့ တက္ကသိုလ်ကျောင်းက ဆရာတစ်ယောက်ရဲ့ အလုပ်မှာ ကျောင်းသားတွေကို စာသင်တာလောက် ပညာသားပါတာ မရှိဘူး။ စီးပွားရေးဆိုတာကတော့ ဘယ်ဟာက အရေးကြီးဆုံးလဲဆိုတာရွေးပြီး ပျိုးထားလိုက်ရုံပဲ။ ငါ့မှာ လကုန်ရင် လခပေးစရာ အလုပ်သမားတွေ ထောင်နဲ့ချီပြီးရှိတာပဲ။ အကုန်လုံးအစစအရာရာ လိုက်စီမံနေစရာ မလိုပါဘူး။ စီးပွားရေးလောကမှာ အောင်မြင်ဖို့အတွက် အချိန်ဘယ်လောက်ပေးရသလဲ နဲ့ မဆိုင်ဘူး။ အချိန်ကို ဘယ်လိုစီမံနိုင်သလဲ နဲ့ပဲ ဆိုင်တယ်။

စီးပွားရေး လုပ်တယ်ဆိုတာ စစ်တိုက်တာနဲ့ အတူတူပဲ။ တစ်ယောက်တည်းနဲ့ အောင်ပွဲမရနိုင်ဘူး။ ဒါပေမယ့် တစ်ဖွဲ့လုံးကို အောင်ပွဲရအောင် ဦးဆောင်နိုင်ရမယ်။ ဘာပစ္စည်းကို ထုတ်မှာလဲ ဆုံးဖြတ်ပြီးရင် ဘယ်လိုထုတ်ကြမလဲ စဉ်းစားရမယ်။ တာဝန်တွေ ခွဲဝေပေးရမယ်။ လူမှန် နေရာမှန် ခန့်ဖို့ခိုင်းဖို့ လိုတယ်။ အဲဒါတွေပြီးရင် ကိုယ်လိုက်လုပ်စရာမလိုတော့ဘူး။ အလုပ်သမားတွေကို သူ့တာဝန်နဲ့သူ အလုပ်လုပ်ခိုင်းလိုက်ရုံပဲ။

ရှေးတုန်းက တို့တရုတ်တွေ စစ်တိုက်တဲ့အခါ စစ်သူကြီးတွေက တိုက်ပွဲမစခင် သူ့တဲနန်းထဲကို ဗိုလ်မင်း၊ စစ်ကဲတွေ အကုန်ခေါ်ပြီး စစ်တိုက်မယ့်ဗျူဟာကို ဆွေးနွေးဆုံးဖြတ်ကြတယ်။ စစ်ပွဲရောက်မှ အဆင်ပြေသလို ကြည့်တိုက်ကြတာပေါ့ လို့ ဘယ်တော့မှ မရှိဘူး။ သူတို့တိုက်တဲ့ စစ်ပွဲအရှုံးအနိုင်ဟာ တစုံတယောက်ရဲ့ ရဲစွမ်းသတ္တိ၊ တိုက်ရည်ခိုက်ရည် အပေါ်မှာ တည်တာ မဟုတ်ဘူး။ အဲဒီတဲထဲမှာ ထွက်လာတဲ့ စစ်ဗျူဟာအပေါ်မှာတည်တာ။ ရှီဂျီထဲကလာတဲ့ စကားပုံတစ်ခုရှိတယ်။ “စစ်မရောက်ခင်မှာ မြားချွန်ပါ” တဲ့။ “yun chou wei wo” (Devising strategies within a command tent)

တသက်နဲ့တကိုယ် ဖေဖေနဲ့ အဲသလို စိတ်ထဲရှိသမျှ တိုင်တိုင်ပင်ပင် ဆွေးဆွေးနွေးနွေး စကားပြောခဲ့ဖူးတာ အဲသည်တစ်ခါပဲ ရှိတယ်။ မေးချင်တာတွေ မမေးရဲလို့ မျိုမျိုချခဲ့ရတာချည့်ပဲ။ ပါရီကဖေးမှာ ဖေဖေနဲ့ ဆယ်မိနစ်စာ စကားလက်ဆုံကျခဲ့တာ ဘဝတစ်သက်တာအတွက် အကျိုးရှိတဲ့ အဆုံးအမကို ရလိုက်တယ်။ ဘာဖြစ်လို့ တစ်သက်စာလို့ ပြောရသလဲဆိုတော့ နောက်နှစ်နှစ်ကြာတဲ့အခါ ဖေဖေက အယ်လ်ဇိုင်းမား ရောဂါ စလာပြီး စကားမှ မပြောတော့ပဲကိုး။

ဖေဖေဆုံးပြီးတော့ ဂျိမ်းစ်ကို “ငါ့ ဟယ်။ ဖေဖေ နဲ့ စကားလေးတောင်မှ ဝအောင် မပြောလိုက်ရဘူး။” လို့ ဝမ်းနည်းပက်လက် ပြောမိတော့ ဂျိမ်းစ်က ဘာပြောတယ် မှတ်လဲ။ “ငါ သူနဲ့ တချိန်လုံး စကားတွေ ပြောနေတာပါဟာ။ အလကား။ ဘာမှ အကျိုးမရှိဘူး။ သူငယ်ပြန်ချင်နေလို့ သူမလုပ်ခဲ့မိတာတွေချည့်ပဲ အပ်ကြောင်းထပ်နေတာ။ နင့်အကြောင်းလည်း သူ့ခေါင်းထဲမှာတောင် မရှိပါဘူး။ သူသာ ပြောနိုင်ဆိုနိုင် ကျန်းကျန်းမာမာဆို မေမေလေးထက်အရင် သေပါ့မလား။ စဉ်းစားကြည့်။” တဲ့။

လိပ်ခဲတည်းလည်းနဲ့ လပေါင်းအတော်ကြာပြီးတဲ့နောက်မှာတော့ ရှန်းယု နဲ့ လျူဘန်ဟာ စစ်ရပ်စဲဖို့ ငြိမ်းချမ်းရေး ညှီနှိုင်းလာကြပါတယ်။ ဟန်ကူတံခါးက အနောက်ဘက်ကို လျူဘန်ကယူပြီး အရှေ့ဘက်ကို ရှန်းယုက ယူဖို့ သဘောတူကြတယ်။ တရုတ်တွေက ကမာ္ဘလောကကြီးဆိုတာ အဲဒါ အကုန်ပဲလို့ ယူဆထားတဲ့အချိန်မို့ ကမာ္ဘကြီးကို နှစ်ပိုင်းပိုင်းပြီး ဝေယူလိုက်တယ် လို့ မှတ်တမ်းတင်ကြတယ်။ ရှန်းယုဘက်က လျူဘန့်အဖေနဲ့ မိန်းမကို ပြန်အပ်လိုက်ပြီး နှစ်ဘက်စလုံး ကတိအတိုင်း စစ်ဆုတ်ဖို့ ပြင်ဆင်ကြတယ်။ ရှန်းယုထွက်သွားတာမြင်လို့ လျူဘန်လည်း အနောက်ဘက်ကို ထွက်မယ့်အချိန်မှာ ဆန်းလျန်က “တို့ဘက်က နဂိုကတည်းက တဝက်ကျော် နိုင်ထားပြီးသား မဟုတ်ဘူးလား။ တခြားပြည်နယ်က နယ်စားတွေ အားလုံးလည်း ငါတို့ဘက်မှာ ရှိနေသားပဲ။ ရှန်းယုတစ်ယောက်တည်းကို မှုစရာမလိုတော့ဘူး။ သူ့စစ်တပ်ကလည်း ခြေကုန်လက်ပန်းကျပြီး ရိက္ခာပြတ်လပ်နေတာ ဘယ်လောက်ကြာပြီလဲ။ သူတို့ကို ထောက်ခံမယ့် ပြည်သူလည်း မရှိဘူး။ ဒါမိုးကောင်းကင်က ပေးတဲ့ အခွင့်အရေးပဲ။ ခုချိန်မှာမှ သူ့ကို အပြီးတိုင် မနှိမ်နှင်းနိုင်ရင် နောင်ကို ကျားမြီးဆွဲမိသလို ဖြစ်တော့မယ်။” လို့ ချွန်တွန်းလုပ်သတဲ့။

လျူဘန်က အဟုတ်မှတ်လို့ ဟန်ကျင်းတို့ ဖုန်ယုတို့ဆီ စစ်ကူလှမ်းတောင်းရင်း ရှန်းယုနောက်ကလိုက်သွားတာ ကူလင်းမြို့ရောက်တော့ မီလာပါရော။ ဒါပေမယ့် သူမျှော်လင့်ထားတဲ့ စစ်ကူတွေ ရောက်မလာဘူး။ ရှန်းယုက ခုလေးတင်သစ္စာပြုထားတာ ဘာမှမကြာသေးဘူး ကတိဖျက်ရသလားဆို ဒေါသူပုန်ထပြီး အသေအလဲ ထိုးစစ်ဆင်ပါသတဲ့။ မခံနိုင်လို့ ပြန်ဆုတ်ရင်း “လုပ်ကြပါဦး။ စစ်ကူပေးပါ့မယ် ဆိုတဲ့ အကောင်တွေကလည်း တစ်ကောင်မှ ပေါ်မလာဘူး။ ငါတော့ အခုမှ ကျားမြီးတကယ်ဆွဲမိတာ။” ဆိုတော့ ဆန်းလျန်က “ဘယ်လာပါ့မလဲ။ ရှန်းယုနဲ့ နိုင်ငံတဝက်စီပိုင်းပြီးတာတောင် ကိုယ့်ဘက်က ဟန်ကျင်းတို့ ဖုန်ယုတို့ကို ဘာမှ မချီးမြှောက်ပဲ ထားတာကိုး။ အခုမြေတွေခွဲပေးလိုက် အခုရောက်လာကြမှာ။ ဒီအခြေအနေထိ ရောက်လာတာ သူတို့မပါပဲ ဖြစ်မှမဖြစ်နိုင်တာ။ ဟန်ကျင်းက ချူ ဇာတိဖြစ်တဲ့အတွက် ဟန်ကျင်းကို ချူနိုင်ငံပေးမယ် လို့ ပြောရင် က ပြီးတောင် လာဦးမှာ။ သူတို့ကို ပိုင်နက်နယ်မြေတွေ ခွဲပေးလိုက်ရင် မကူပဲ နေလို့ကိုမရဘူး။ သူတို့မြေကို သူတို့ကာကွယ်ရာ ရောက်တယ်လေ။”

ဆန်းလျန်ဟောရင် လွဲခဲပါတယ်။ မောင်မင်းကြီးသားများ တပ်ထောင်တာဗိုလ်ထုနဲ့ကို ကြွလာတာကြောင့် ရှန်းယုကို ချောင်ပိတ်ပြီးကို ဝိုင်းထားနိုင်တာပေါ့။ အစာရေစာ ပြတ်လပ်တဲ့ ရှန်းယုတပ်မှာ တပ်ပြေးတွေကလည်း တနေ့တခြား များလာပါလေရော။ ချမ်းအေးလှတဲ့ ဒီဇင်ဘာညတစ်ညမှာတော့ ရှန်းယုတစ်ယောက် ညကြီးမင်းကြီး ဖြတ်ကနဲလန့်နိုးပြီး ပြန်အိပ်မရတာ နားထဲမှာ သီချင်းသံတစ်သံ ကြားယောင်လာလို့ပါတဲ့။ အစကတော့ ခပ်တိုးတိုးပဲ။ နောက်တော့ တဖြေးဖြေး ပီပီသသကို ကြားနေရတာ။ စစ်သည်တွေ ထောင်သောင်းမက သီချင်းဆိုနေတဲ့အသံ။ သူတို့ချူနိုင်ငံရဲ့ သီချင်း။ ကလေးဘဝကတည်းက အလွတ်ရလာခဲ့တဲ့ ဇာတိမြေအကြောင်း ဖွဲ့နွဲ့ထားတဲ့သီချင်း။ သူ့စိတ်ထဲမှာ ဒါ လျူဘန်တို့ဘက်က သူ့စစ်သည်တွေကို အိမ်ပြန်ချင်လာအောင်၊ အမိန့်မနာခံတော့အောင် လှည့်စားထားလေသလားဆိုတာတောင် မတွေးနိုင်တော့ပါဘူး။ ရင်ထဲမှာ ဆို့နင့်ဝမ်းနည်းလာတာကြောင့် ရှန်းယုဟာ အိပ်ယာပေါ်ကထပြီး သေရည်တစ်ခွက်သောက်လိုက်ကာ သူ့အချစ်တော် မိန်းမချောကလေး ယုကြည်ကို ကြေကွဲစွာ ပြောလိုက်ပါတယ်။ “လျူဘန့်တပ်ကအကောင်တွေဟာ ငါတို့ ချူ နိုင်ငံတစ်ခုလုံးများ သိမ်းပြီးလေရော့သလား။ ကြည့်စမ်းပါဦး။ သူ့တပ်ထဲမှာ ငါတို့ ချူ ကလူတွေ ဘယ်လောက်တောင် များလိုက်သလဲ။ အဲဒါ ငါတို့ ချူတွေမှ ဆိုတတ်တဲ့ သီချင်း။” ပြောပြောဆိုဆို သူနဲ့ မကွဲမကွာ အတူပါနေကျ အဖြူအနက်ကျား မြင်းချောကြီး ဝူကျွိကို သတိရလာပြန်ရော။ အရက်ခွက်ကို ကောက်မော့လိုက်၊ တဲအပြင်ဘက်ကို ထွက်ပြီးတဲ့နောက် သူကိုယ်တိုင် အဲဒီသီချင်းနောက်က လိုက်ဆိုပါတော့တယ်။

“ငါ့ခွန်အားသည် တောင်ကြီးကိုပင် ဖြိုနိုင်ဘိ

ငါ့သတ္တိသည် နှိုင်းတုယှဉ်သူ ကင်းမဲ့၏။

ကြမ္မာ နှင့် အခါ မူကား ငါ့ဘက်တွင် မရှိ။

မြင်းကောင်းတို့လည်း ခွာလိပ်ကုန်ချိန်

သူရဲကောင်းတို့လည်း အိမ်ပြန်ချိန်

ယုကြည်။ လိုက်မလား။ သွားမယ်။ … အိမ်။”

အရက်သောက်လိုက်၊ သီချင်းကို အပ်ကြောင်းထပ်အောင် အခါခါဆိုလိုက်၊ ယုကြည်ကလေးက ချော့လိုက်၊ တအောင့်နေတော့ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာအောင် ငိုပါလေရော။ အနားကလူတွေလည်း ဘယ်သူမှ မျက်ရည်မဆည်နိုင်ကြဘူး။ မော်လည်း မကြည့်ရဲကြဘူး။

အဲဒီနောက်တော့ အံကိုတစ်ချက် တင်းတင်းကျိတ်လိုက်ပြီးမှ ယုကြည်ကလေးကို နှုတ်ဆက်ပါတယ်။ မြင်းပေါ်တက်ပြီး ညကြီးသန်းကောင် အိမ်ထပြန်သွားတဲ့ စစ်ဘုရင်ကြီးနောက်ကိုတော့ မြင်းသည်တော်ကလေး ရှစ်ရာလောက် လိုက်ကာကွယ်ပေးကြပါတယ်။ မိုးလင်းမှသိတဲ့လျူဘန်က မြင်းသည်တော် ငါးထောင် နောက်ကလိုက်သတ်ဖို့ လွှတ်လိုက်သတဲ့။

ဟွေမြစ်ကို ဖြတ်ပြီးတဲ့အခါမှာတော့ ရှန်းယုမှာ မြင်းသည်တော် တစ်ရာလောက်ပဲ ကျန်တော့တယ်။ ယင်လင်းမြို့အနားမှာ လမ်းပျောက်နေတဲ့အခါ လယ်သမားတစ်ယောက်က သူတို့မှန်းသိလို့ နွံအိုင်တွေ ရှိတဲ့ဘက်ကို တမင်လမ်းညွှန်လိုက်ပါတယ်။ နောက်ကလိုက်လာတဲ့ လျူဘန့်တပ်တွေ မီလာတာပေါ့။ အဲဒီကနေ ဖောက်ထွက်ပြီး အရှေ့ဘက် ဒုံချမ်းမြို့ကို ပြေးတဲ့အခါမှာတော့ မြင်းသည်တော် ၂၈ ယောက်ပဲ ကျန်တော့တယ်။ နောက်မှာလိုက်လာတာက စစ်သည်သောင်းနဲ့ချီနေတာ။ လွတ်လမ်းမမြင်တော့တဲ့အချိန်မှာ ရှန်းယုက သူ့စစ်သည်တွေကို ပြောပါတယ်။

“ချင်ဧကရာဇ်ကို နှိမ်နှင်းပြီးကတည်းက ငါ စစ်တိုက်လာတာ အခုဆို ရှစ်နှစ်ရှိသွားပြီ။ ငါကိုယ်တိုင် ဦးဆောင်ပြီးတိုက်တာ တိုက်ပွဲပေါင်း ၇ဝ ကျော်တယ်။ တစ်ပွဲမှ မရှုံးဖူးဘူး။ အခုတော့ ငါ့မှာခြေသုတ်ပုဆိုး မြွေစွယ်ကျိုးဖြစ်ရပြီ။ အဲဒါ ငါက စစ်မတိုက်နိုင်တော့လို့တော့ မဟုတ်ပါဘူး။ ကံကြမ္မာက ငါ့ဘက်မှာ မရှိတော့လို့ပါ။

ငါ့မှာ သေဖို့ကံပါလာပြီးသားဆိုပေမယ့် မင်းတို့အသက်အတွက်တော့ ငါမသေမချင်း တိုက်ပေးမယ်။ ငါ တပ်ခွဲသုံးခု ရင်ဆိုင်တိုက်ရင် စစ်သည်သုံးယောက် ကျအောင်တိုက်နိုင်တယ်။ သူတို့တတွေ ငါ့အပေါ်မဲနေတုန်း မင်းတို့ လွတ်အောင် ဖောက်ထွက်ပါ။ ဟန်စစ်သည်တစ်ယောက်သတ်ပြီးတိုင်း အလံတစ်ချောင်းစီ ငါချိုးခဲ့မယ်။ ဒါမှ ငါရှုံးတာ လျူဘန့်ကို မဟုတ်ဘူး။ မိုးနတ်မင်းကြီးကို ရှုံးတာဆိုတာ မင်းတို့ သိလာလိမ့်မယ်။”

ရှန်းယုဟာ စစ်သည် ၂၈ ယောက်ကို ရ ယောက်စီ ၄ စု ခွဲလိုက်ပြီး အရပ် ၄ မျက်နှာ ဖြန့်တိုက်စေပါတယ်။ ပတ်ပတ်လည်မှာတော့ ဟန်တပ်တွေ ရံထားတာပေါ့။ ရှန်းယုဟာ ရင်ခေါင်းသံကြီးနဲ့ ကြုံးဝါးလိုက်ပြီး မြင်းကို ကဆုန်နင်းကာ အရပ်လေးမျက်နှာကို ဟောတစ်ယောက် ဟောတစ်ယောက် လိုက်ခုတ်ပါတယ်။ ခုတ်တိုင်းလည်း ကျတာချည့်ပဲ။ ဒီတော့ ဟန်တပ်တွေဟာ ရှန်းယုတက်လာတဲ့ဘက်ဆို နောက်ကို ရှဲကနဲ ဆုတ်ဆုတ်သွားကြတာပေါ့။ လျူဘန့်ဘက်က မြင်းသည်တော်တပ်မှူးတစ်ယောက်ဆို ရှန်းယုအော်ထည့်လိုက်တာနဲ့ လန့်ဖြတ်ပြီး လှည့်ပြေးသွားသတဲ့။ အဲလိုနဲ့ တောင်ခြေကို ရောက်အောင်ဆုတ်လာပြီးတဲ့အခါမှာ သုံးစု ခွဲပလိုက်ရော။ ရှန်းယုက ဘယ်အဖွဲ့မှာ ပါမယ်မှန်းမသိတော့ ရန်သူ့ဘက်ကလည်း ဘယ်သူ့ကိုတိုက်ရမှန်းမသိတာနဲ့ သုံးဖွဲ့ခွဲပြီး ဝိုင်းရတာပေါ့။ ရှန်းယု မြင်းတစ်စီးနဲ့ ပတ်လည်လှည့်တိုက်လိုက်တာ ဟန်ဘက်က စစ်သည် ၉ဝ လောက်ကျတဲ့အချိန်မှာ ချူဘက်က နှစ်ယောက်သာ ကျသတဲ့။

အရှေ့ဘက်ကို ဒုန်းစိုင်းပြေးလာတဲ့ ရှန်းယုဟာ ဝူမြစ်ကမ်းပါးကို ရောက်တော့ အဲဒီမှာ လှေတစ်စင်းနဲ့ စောင့်နေတဲ့ နယ်စားတစ်ယောက်ကို တွေ့တယ်။ “မြစ်အရှေ့ဘက်က ကျန်ဒေါင်းနယ်ဟာ ကီလိုမီတာ ငါးရာလောက်ပဲကျယ်ဝန်းပေမယ့် ကိုယ်ပိုင်နယ်ပယ်တစ်ခု ထူထောင်ဖို့တော့ လုံလောက်ပါလိမ့်မယ်။ လှေပေါ်ကိုတက်တော်မူပါ။ ဒီအနီးအနားပတ်ဝန်းကျင်က လှေမှန်သမျှ ဖျက်ဆီးထားပြီးပါပြီ။ ဟန်စစ်သည်တွေ ရောက်လာရင် ဆက်လိုက်နိုင်မှာ မဟုတ်တော့ဘူး။” လို့ ဆိုသတဲ့။ ရှန်းယုက ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး “သိကြားမင်းတောင် မကယ်နိုင်မှတော့ ဝူမြစ်ကမ်းကို ဖြတ်နေစရာ မလိုတော့ပါဘူး။ အလာတုန်းက ငါ ဒီမြစ်ကို ဖြတ်ခဲ့စဉ်မှာ ငါနဲ့အတူ စစ်သည် ရှစ်ထောင်ပါတယ်။ အခု တစ်ယောက်မှမပါပဲ ငါတစ်ယောက်တည်း ပြန်လာရင် ဘယ်သူ့ကို မျက်နှာသွားပြရမှာလဲ။ သနားလို့ နန်းတင်ပေးတာမျိုးတော့ ဘယ်တုန်းကမှ ငါအလိုမရှိခဲ့ဘူး။ ငါစစ်ရှုံးတဲ့အကြောင်းကို နှုတ်ကဖွင့်ဟပြောရဲတဲ့သူ တစ်ယောက်မှ မရှိရင်တောင် သေသွားတဲ့သူတွေ ဒဏ်ရာရသွားတဲ့ ငါ့စစ်သည်တွေကို မေ့လို့ရမယ် ထင်လို့လား။”

နယ်စားမင်းလည်း ဘာမှ ဆက်မပြောနိုင်တော့ပါဘူး။ ခဏနေတော့ ရှန်းယုက ပြန်လှည့်လာပြီး “မင်းလို သစ္စာရှိတဲ့ နောက်လိုက်တစ်ယောက်ရှိရတာ ဂုဏ်ယူပါတယ်။ ကျေးဇူးလည်းတင်တယ်။ ငါ သည်မြင်းကိုစီးလာတာ ငါးနှစ်ရှိပြီ။ စစ်ပွဲတိုင်းလည်း အောင်ခဲ့တယ်။ ခရီးဘယ်လောက်ဝေးဝေး မမောမပန်းလည်း ပြေးနိုင်တယ်။ မြင်းကောင်းကို ရန်သူ့လက်ကို အပါမခံနိုင်သလို သတ်လည်း မသတ်ရက်ဘူး။ ဒါကြောင့် မင်းကို လက်ဆောင်အဖြစ် ပေးပါတယ်။”

အဲဒီနောက်တော့ ရှန်းယုတို့တစ်ဖွဲ့လုံး မြင်းပေါ်ကဆင်းပြီး လက်နက်ကိုယ်စီနဲ့ ရန်သူကို အနီးကပ်ရင်ဆိုင်တိုက်ခိုက်ကြပါတယ်။ နောက်ထပ် ဟန်စစ်သည် ရာနဲ့ချီသတ်လိုက်ပြီးတဲ့အချိန်မှာ သူလည်း ဒဏ်ရာတွေ ဆယ်ချက်မက ရခဲ့ပြီတဲ့။ တချိန်က သူ့လက်အောက်မှာ တိုက်ဖူးတဲ့ မြင်းသည်တော်တစ်ယောက်ကို မြင်လိုက်တဲ့အခါ “ဟေ့ကောင် မင်း အရင်တုန်းက ငါ့တပ်က မဟုတ်လား။” လို့ မေးလိုက်တော့ အဲဒီမြင်းသည်တော်က လှည့်ပြေးသွားပြီး သူ့တပ်မှူးကို ရှန်းယုဆီ ညွှန်ပြတယ်။

“ငါကြားတာ လျူဘန်က ငါ့ခေါင်းကို ဆက်နိုင်တဲ့သူကို ရွှေဒင်္ဂါးနှစ်ထောင်နဲ့ အိမ်ခြေတစ်သောင်း အခွန်ထွက်တဲ့ ရွာကြီးတစ်ရွာ ချီးမြှင့်မယ် ဆိုပဲ။ ရော့ ဒီမှာ မင်းတို့အတွက် လက်ဆောင် လာယူလှည့်။” လို့ ပြောပြီး သူ့လည်ပင်းသူ ဖြတ်လိုက်တဲ့အခါ အသက်ကလေးမှ ၃၁ နှစ်ပဲ ရှိသေးတာတဲ့။ ရှန်းယုရဲ့ခေါင်းကို ဟန်တပ်က အရာရှိတွေ ဝိုင်းလုလိုက်ကြတာမှ ဝက်ဝက်ကွဲကို ထပ်သေသေးသတဲ့။ နောက်ဆုံး ငါးယောက်ခွဲဝေယူကြမယ်ဆို သဘောတူတော့မှ အေးသွားတယ်။

ရှန်းယုလည်းသေရော လျူဘန်က ဟန်ကျင်းအပေါ် အချိုးပြောင်းသွားရော။ ဟန်ကျင်းကို ချူဘုရင်မင်းမြတ်အဖြစ် ဘိသိက်အခမ်းအနားနဲ့ နန်းတင်ပေးခဲ့ပေမယ့် ဟန်ကျင်းဆီက စစ်တပ်ကိုတော့ ပြန်သိမ်းသွားပြီး သူ့အောက်မှာပဲ ထားတော့တယ်။ ဟန်ကျင်းရဲ့ခြေလှမ်းကိုလည်း သတိနဲ့ မျက်ခြေမပြတ် စောင့်ကြည့်နေတယ်။ တစ်နှစ်လောက်နေတော့ ဘာပြစ်ချက်မှ မပြနိုင်ပဲနဲ့ ဖမ်းလိုက်ပြန်ရော။ ဘုရင်အဖြစ်က နန်းချပြီး နယ်စားအဆင့်နဲ့ သူ့နန်းတော်ခေါ်ပြီး မျက်စိအောက်မှာပဲ ထားတယ်။ နောက် ၄ နှစ်လောက်ကြာတဲ့အခါ သူတို့ချင်း စကားစပ်မိတုန်း လျူဘန်က ဟန်ကျင်းကို မေးတာက

“ မင်းစိတ်ထင် ငါ စစ်တပ် ဘယ်နှစ်တပ်ကို စီမံအုပ်ချုပ်နိုင်မယ်လို့ ထင်သလဲ။”

“လွန်ရောကျွံရော တစ်သိန်းပေါ့။”

“ဒါဆို မင်းကရော။”

“များလေ ကောင်းလေ ပဲလေ။ အကန့်အသတ် မရှိဘူး။”

“ဒါဖြင့်ရင် မင်းက ဘာလို့ ငါ့လက်အောက်က သုံ့ပန်းဖြစ်နေရသလဲ။”

“ဒါကတော့ သင်မင်းကြီးက စစ်သည်တွေကို အုပ်ချုပ်တဲ့နေရာမှာသာ အားနည်းတာ ဗိုလ်ချုပ်တွေကို ညွှန်ကြားတဲ့နေရာမှာတော့ ကျွင်္နုပ်ထက် သာတယ်လေ။ ဒါမျိုးက သင်ယူလို့ တတ်တဲ့ဟာ မဟုတ်ဘူး။ မွေးရာပါ ပါရမီပါမှ ဖြစ်တာ။”

ရှန်းယုသေတုန်းက တစစီဖြစ်နေတဲ့ ရှန်းယုရဲ့အလောင်းကို မှန်မမှန် စစ်ဆေးပြီးတာနဲ့ သူတို့ခေတ်ရဲ့ သူရဲကောင်းတို့ရဲ့ အခမ်းအနားနဲ့ ဈာပနပွဲကို လျူဘန်ကိုယ်တိုင် စီစဉ်တက်ရောက်ခဲ့ပါတယ်။ အသုဘထုံးစံအတိုင်း ပိတ်ဖြူစင်ကြယ်ဝတ်ပြီးမှ သင်္ချိုင်းဂူရှေ့မှာ သည်းသည်းထန်ထန် ငိုကြွေးသတဲ့။ ရှန်းယုဆွေမျိုးတွေကို တစ်ယောက်မှ အဖမ်းအဆီးမရှိ လွှတ်ပေးပြီး သူတို့ထဲက လေးယောက်ကိုတော့ နယ်စားကြီးတွေ ခန့်ပေးလိုက်သတဲ့။ အဲဒီထဲမှာ ငန်းရိုင်းတံခါး ထမင်းစားပွဲတုန်းက သူ့ကို စောင့်ရှောက်ပေးခဲ့တဲ့ စစ်သူကြီး ရှန်းပို လည်း ပါတာပေါ့။ ရှန်းအိမ်က မိသားစုဝင်တွေ အားလုံးကို လျူနံမယ်တွေ တပ်ပေးပြီး အဲဒီအချိန်ကစလို့ သူ့မိသားစုဝင်တွေ အဖြစ် သတ်မှတ်စေသတဲ့။

နန်းတော်ထဲမှာ အောင်ပွဲသဘင်ကြီး ကျင်းပတဲ့နေ့က မူးမတ်တွေကို သူနဲ့ ရှန်းယုနဲ့ နှိုင်းယှဉ်ခိုင်းပြီး နောက်ဆုံးမှာ ဘာဖြစ်လို့ သူ အနိုင်ရတယ် ထင်သလဲလို့ မေးပါတယ်။ ဘယ်သူမှ မဖြေနိုင်ဘူးတဲ့။ (ဘယ်ဖြေနိုင်မလဲ။ သူက ဘယ်လိုအဖြေလိုချင်မှန်းမှ မသိပဲနဲ့။ ကျုပ်သာဆို “Objection Your Honour!” လို့ ကန့်ကွက်ပလိုက်မှာ) ဟုတ်တယ်လေ။ တကယ်တော့ သူဖြေချင်လို့ မေးတာ မဟုတ်ဘူးလား။ ဖြေပစေပေါ့ သူ့ဘာသူ။

“ငါမြင်တာပြောရရင်တော့ စစ်ပွဲတစ်ပွဲရဲ့ အရှုံးအနိုင်ဆိုတာ စစ်မြေပြင်နဲ့ မိုင်ပေါင်းများစွာဝေးတဲ့ စစ်သူကြီးတွေ တဲနန်းထဲမှာ တိုင်ပင်ဆုံးဖြတ်ထားတဲ့ ဗျူဟာအပေါ်မှာသာ မူတည်တာပဲ။ “Yun chou wei wo” (Devising strategies in a command tent) စစ်ဗျူဟာနဲ့ ပတ်သက်လာရင် ငါဟာ ဆန်းလျန်ခြေဖျားတောင် မမီဘူး။ အုပ်ချုပ်ရေးနဲ့ပတ်သက်လာရင် ရှောင်ဟဲလောက် မတော်ဘူး။ စစ်ပွဲတွေ ရင်ဆိုင်တဲ့အခါမတော့ ဟန်ကျင်းကို ဘယ်လိုမှ ယှဉ်မရဘူး။ အဲဒီသုံးယောက်စလုံးဟာ သူတို့နယ်ပယ်မှာ တစ်ဘက်ကမ်းခတ်တဲ့သူတွေချည့်ပဲ။ ဒါပေမယ့် ငါလုပ်နိုင်တာက အဲဒီလူတွေရဲ့ စွမ်းရည်ကို သတိထားမိတယ်။ အားလုံး ငါ့အတွက် နေရာတကျ အလုပ်လုပ်နေအောင် စီမံနိုင်တယ်။ ဒီတစ်ချက်တည်းကြောင့် ငါဟာ ပြိုင်ဘက်ကင်းတဲ့ အုပ်ချုပ်သူတစ်ယောက်ဖြစ်လာတာ။ ရှန်းယုမှာ အကြံပေးဆိုလို့ ဖန်ဘိုးဘိုး တစ်ယောက်ပဲ လောက်လောက်လားလား ရှိတယ်။ ဒါတောင် ဖန်ဘိုးဘိုးရဲ့ အကြံတွေကို သူလက်မခံခဲ့တာ အများကြီးပဲ။ ဒါကြောင့်သူ ရှုံးတာ။”

ဘီစီ ၂၀၁ ခုနှစ် မတ်လမှာတော့ အောက်လက်ငယ်သားများရဲ့ တောင်းဆိုချက်အရ လျူဘန်ဟာ တရုတ်နိုင်ငံ ဟန်မင်းဆက်ရဲ့ ပထမမြောက်ဧကရာဇ် အဖြစ်နဲ့ ဘိသိက်သွန်းပြီး နန်းတက်လာပါတော့တယ်။ သိပ်မကြာပါဘူး။ သူနဲ့လက်တွဲဖော် ဟန်ကျင်းတို့ ဖုန်ယုတို့ကိုပါ တစ်ယောက်ပြီးတစ်ယောက် သုတ်သင်ပါလေရော။ အထူးသဖြင့်တော့ လက်အောက်မှာ စစ်သည်အင်အားများတဲ့ စစ်ဘက်အရာရှိပိုင်းတွေဆို နည်းနည်းလေးမှ မယုံတော့ဘူး။ ရုတ်ရုတ်ရုတ်ရုတ် လုပ်မယ်ထင်တာနဲ့ ဂုတ်ဂုတ်ဂုတ်ဂုတ် မြည်အောင် ဖြုတ်ထုတ်ဖြုတ်ထုတ် သတ်ပလိုက်သတဲ့။ (တေမိဇာတ်တော်ကြီး သတိရမိပါသလေ။ ရှင်ဘုရင်တွေမှ ငရဲမကျရင် ကျမယ့်သူ ရှိမှာတောင် မဟုတ်တော့ဘူး။)

ဘီစီ ၁၉၅ မှာ သူပုန်သူကန်တွေ နှိမ်နှင်းရင်း ရှန်းယန်မြို့တော်အနားက ချန်အန်းမြို့ကို ပြန်တဲ့အခါ သူ့ဇာတိရွာကလေး နံလေးက ဖြတ်ပြန်လာသတဲ့။ ကိုယ့်မွေးရပ်မြေဆိုတာ့ မခွဲနိုင်မခွာနိုင်ဖြစ်ပြိး ခမ်းနားကြီးကျယ်ပေ့ဆိုတဲ့ ထမင်းစားပွဲကြီး ကျင်းပစေသတဲ့။ ပေနိုင်ငံက လူကြီးလူငယ် ကျားမမရွေး၊ ကလေးသူငယ်များပါမကျန် ထမင်းရည်ချောင်းစီး ဝက်ဝက်ကွဲကျွေးတော့တာ။ အလှူလာတဲ့ကလေးတွေနဲ့အတူ သူငယ်ငယ်တုန်းက သီချင်းတွေကို ကိုယ်တိုင် တီးမှုတ် သီဆိုလိုက်သေးသတဲ့။ ကလေးတွေကြားထဲမှာ ဝင်တောင် ကလိုက်သေးတယ် ဆိုပဲ။ တရုတ်ဒုံမင်းလေးကို ဝါးလက်ခတ်ကလေးနဲ့တီးပြီး ကလေးတွေအတွက် သီချင်းတစ်ပုဒ်စပ်ပေးခဲ့သေးတယ်။

“မိုးပေါ်မှာ လေရှိန်လှိုင်းတော့ တိမ်စိုင်းတွေပြေး

သမုဒ်ပြင် သခင်နှိုင်းတော့ မြင်တိုင်းအံ့ငေး

` မွေးမြေရပ်ရွာ

ပေ ကိုက် ထွာ လာမကျူးကျော်နှင့်

ဗောင်းစိုင်းကျော့သွေး။”

ကလေးတွေနဲ့အတူ ဆိုရင်းကရင်း ရင်ထဲမှာ လှိုက်လှိုက်တက်လာပြီး ပီတိမျက်ရည်တွေတောင် တဖြိုင်ဖြိုင်ကျလာပါသတဲ့။ ပေလူကြီးသူမတွေကိုတော့ “လေနှင်ရာလွင့်တဲ့ သစ်ရွက်ပမာ နေရာတကာ ကျင်လည်ကျက်စားနေရပေမယ့် မွေးရပ်မြေအကြောင်း တွေးမိလေတိုင်း ရင်ထဲမှာ တမ်းတဆွတ်ကျင် လာရစမြဲပဲ။ မွေးရပ်ကခွာပြီး ကွမ်ဆောင်းမှာ လူကရောက်နေပေမယ့်လည်း နှလုံးစိတ်ဝမ်းကတော့ သေပြီးရင်တောင် ပေ မှာပဲ ရှိနေဦးတော့မှာ။” လို့ ဆိုသတဲ့။ လျူဘန်တည်ထောင်ခဲ့တဲ့ ဟန်မင်းဆက်ဟာ နှစ်ပေါင်း ၄၀ဝ တိုင်တိုင် ရှည်ကြာခဲ့ပြီး အခမ်းနားဆုံးနေ့ရက်တွေ ဖြစ်ခဲ့တယ်။ သည်ကနေ့ထိတိုင်အောင်တောင် တရုတ်တွေက သူတို့ကိုယ်သူတို့ ဟန်လူမျိုးလို့ သုံးနှုန်းပြောဆိုနေကြဆဲပါပဲ။ ဒါကြောင့် နှလုံးသားက ဟန်နိုင်ငံမှာ လို့ ပြောစမှတ်ရှိကြတာပေါ့။ ဟန် လို့ ပြောလိုက်ရင် တရုတ်စကား၊ တရုတ်အစားအစာ၊ တရုတ်ယဉ်ကျေးမှု၊ လူကြီးသူမ ရိုသေတတ်တဲ့ တရုတ်ထုံးတမ်းစဉ်လာ၊ တရုတ်ပြည်ကိုချစ်တဲ့စိတ်၊ အနာဂတ် တရုတ်နိုင်ငံတော်ကြီးရဲ့ ကောင်းကျိုးချမ်းသာ၊ အားလုံး အကျုံးဝင်ပါတယ်။ ဂျပန်ဘာသာစကား ခန်းဂျီးဆိုတာ တရုတ်လိုပဲရေးရေး၊ ဂျပန်လိုပဲရေးရေး၊ စာလုံးအတူတူပဲ။ အဓိပ္ပါယ်လည်း တစ်ခုတည်းပဲ။ “တရုတ်အရေးအသား” တဲ့။ အသံထွက်ကလေးပဲ ကွဲသွားတာ။ ဒါပေမယ့် “တရုတ်ပြည်” လို့ တရုတ်တွေ သူတို့ကိုယ်သူတို့ ခေါ်တဲ့စကားကတော့ “ကျုံးကော်” လို့ထွက်တယ်။ အဓိပ္ပါယ်က ပြည်မကြီးတဲ့။ အဲဒါကတော့ ပထမဧကရာဇ်ကြီးရဲ့ ချင်အင်ပါယာကို ညွှန်းတာ ဖြစ်လိမ့်မယ်။

တရုတ်ပြည်မှာ ပထမဧကရာဇ်ကြီး ချင်အင်ပါယာကို ထူထောင်တဲ့အချိန်ဟာ ရောမအင်ပါယာကြီးက ဂရိကို အစားထိုးပြီး ဥရောပတိုက်မှာ တန်ခိုးထွားလာတဲ့ အချိန်လည်း ဖြစ်တယ်။ ပိုးလမ်းမကြီးပေါ်က ကုန်သွယ်မှုတွေ စတင်ခဲ့ပြီး ဟန်မင်းဆက်တွေဟာ အနောက်နိုင်ငံတွေနဲ့လည်း အဆက်အသွယ်ရှိစပြုလာပုံ ရပါတယ်။ ဘာဖြစ်လို့ဆိုတော့ ရှေးဟောင်းသုတေသန အထောက်အထားတွေအရ တရုတ်ပိုးထည်တွေ အနောက်နိုင်ငံမှာ တွေ့ခဲ့သလို ရောမဘက်က ဖန် မှန် ရွှေငွေ နဲ့ ပါရှန်းလက်ဝတ်ရတနာပစ္စည်းတွေကို ဟန်ဘုရင်မင်းမြတ်ကြီးရဲ့ သင်္ချိုင်းတော်ထဲမှာ တွေ့ကြရတာကိုး။ တရုတ်ပြည်မှာ စီမာချန်ကြီး ရှီဂျီကျမ်းကို ရေးခဲ့တာဟာ ဂရိသမိုင်းပညာရှင်ကြီးတွေဖြစ်တဲ့ Herodotus တို့။ Thucydides တို့ထက်တော့ နှစ်ပေါင်း ၃၀ဝ လောက် နောက်ကျလိမ့်မယ် ထင်တာပဲ။ ဒါပေမယ့် ရှီဂျီဟာ တရုတ်အမျိုးသားထုရဲ့ ဘိုးစဉ်ဘောင်ဆက် ယဉ်ကျေးမှု၊ အတွေးအခေါ် နဲ့ ရိုးရာဓလေ့ထုံးတမ်းတွေကို သိုမှီးထားရာ ရတနာသိုက်ကြီးတစ်ခုလို့ ပြောရင်တော့ မလွန်ပါဘူး။

၁၉၉၄ က ရှန်ဟိုင်းအိမ်မှာ အန်တီလေးဆုံးခါနီးတော့ သူ့ခမျာ ဆေးသက်ကလေးနဲ့ သတိရတစ်ချက် မရတစ်ချက် ဖြစ်နေတယ်။ တခါတခါ သတိကောင်းနေရင် စကားတွေ တတွတ်တွတ် ပြောသေးတယ်။ “ရဲနီတွေ ငါ့စုဗူးသေတ္တာကလေးကို မီးရှို့လိုက်တုန်းက နှမြောလိုက်တာများအေ။ အဲဒီထဲမှာ နင်ငယ်ငယ်က ရီပို့ကဒ်ကလေးတွေ အကုန်ပါသွားတယ်။ ဖေဖေ့စာတွေလည်း ကုန်ရောပဲ။ ဖေဖေ့ခမျာ အသေတောင် မဖြောင့်ရှာပါဘူး။ သူ့ကိုယ်သူ မပူနိုင်ဘူး။ မြေးတွေကိုပဲ ကြောင့်ကြနေရှာတာ။ အမွေရယ်လို့ တစ်ပြားတစ်ချပ်မှ မထားရစ်နိုင်ခဲ့လို့ နည်းနည်းလေးမှ စိတ်မချမ်းသာဘူး လို့ ပြောတယ်။” စကားတွေ ပလုံးပထွေးပြောပြီးရင် ဆေးတန်ခိုးနဲ့ ပြန်အိပ်ပျော်သွားပြန်ရော။ ယင်းမာသာ သူပေးတဲ့ အတွေးတွေနဲ့ တောင်စဉ်ရေမရ ကျန်ရစ်ခဲ့တာ။ ဥစ္စာရှာဖို့တစ်ခုပဲ သိတဲ့ဖေဖေ၊ မလိုမုန်းထားစိတ်နဲ့ မေမေလေး၊ ညီအမချင်းတောင် စိတ်မချရတဲ့ မမလီဒီယာ၊ လှစ်လျူရှုလွန်းတဲ့ ဂျိမ်းစ်။ အားလုံး အားလုံးပဲ။ ဖိုးဖိုး ဆုံးမခဲ့ဖူးတဲ့ ပညာရွှေအိုး လူမခိုး ဆိုတာလေးလည်း သွားသတိရလိုက်တဲ့အခါ ယင်းမာက အန်တီလေးရဲ့လက်ကို ကိုင်ထားပြီး ပြောမိတယ်။ ကြားနိုင်မယ်တော့ မထင်ပါဘူး။ ဟောက်တောင်နေမှ။ ဒါပေမယ့် မပြောပဲတော့ ဘယ်လိုမှ နေလို့မရဘူး။ “ဘိုးဘိုးက ယင်းမာကို ဘာလို့ အမွေပေးမသွားရမှာလဲ အန်တီလေးရယ်။ အများကြီးကို ပေးခဲ့တာပေါ့။ သူပြောတဲ့ စကားပုံကလေးတွေ၊ စကားပုံနောက်က နောက်ကြောင်းရာဇဝင်ကလေးတွေဟာ ယင်းမာအတွက် ပတ္တမြားဆန်ကျိုး အဖိုးပြည်တန်တွေပေါ့။ အဲဒါ အမွေ မဟုတ်လို့ ဘာလဲ။

ဒီစာအုပ် အဆုံးသတ်ကာနီးတော့ ဖိုးဖိုးအသံလေးတွေ ကြားယောင်နေတယ်။ အားပေးစကားလေးတွေ ကြားချင်နေတယ်။ ကျေးဇူးစကားလေးတွေ ပြောချင်နေတယ်။ “ဟောဒီမှာ ဖတ်ကြည့်ပါဦး ဖိုးဖိုးရယ်။ ဖိုးဖိုးပြောတဲ့စကားပုံလေးတွေကို ယင်းမာ စာအုပ်တစ်အုပ် ရေးထုတ်လိုက်ပြီ။ ဖိုးဖိုး ယင်းမာအပေါ် မျှော်လင့်ချက်ထားရကျိုးနပ်ရဲ့လား။” လို့ မေးချင်နေတယ်။ ခုနေများ ရှိများရှိရင် ဖိုးဖိုးတစ်ယောက် ဂုဏ်ယူကျေနပ်နေမှာပါပဲနော်။

အန်တီလေး တစ်ခါက ယင်းမာကို ပြောဖူးတာ ရှိတယ်။ “တကယ်လို့များ နင့်တသက်မှာ မေမေလေးစကားကို အမြဲတမ်း မပယ်မရှား လိုက်နာခဲ့မယ်ဆိုရင်၊ လီဒီယာ့ကို သူ့ကလေးတွေ အမေရိကားမှာ ကျောင်းတက်ဖို့ အကူအညီ မပေးခဲ့ဖူးဆိုရင်၊ မေမေလေးကလည်း သဘောတွေကျပြိး အမွေမဖြတ်တော့ဘူးဆိုရင်၊ အဲလိုဆိုရင်ကော နင် စိတ်ချမ်းသာနိုင်ပါ့မလား ယင်းမာရယ်။” တဲ့။ တခါမှ အဲသလို တွေးမကြည့်ဖူးတော့ ယင်းမာတောင် အံ့အားသင့်သွားပါတယ်။ ဟုတ်တယ်။ ပျော်နိုင်မှာ မဟုတ်ဘူး။ တသက်လုံး နောင်တရနေမှာ။ ဒါပေမယ့် ယင်းမာ ပြောခဲ့ပြီးပါပြီ။ မေမေလေးကလည်း ယင်းမာကို အမွေပေးခဲ့တယ်။ မာယာတွေ ရန်ငြိုးတွေက ယင်းမာ သူ့ဆီက ရလိုက်တဲ့အမွေ။ “ရွက်ကြွေတော” ကိုရေးဖို့ အဓိက ဇာတ်အိမ်နဲ့ တွန်းအားကို ပေးခဲ့တာ မေမေလေး ကိုယ်တိုင်ပဲ။ သူသာ အခုလို မလုပ်ခဲ့ရင် ယင်းမာလည်း ဆရာဝန်အလုပ်ကို စွန့်ပြီး စာရေးဖြစ်စရာ အကြောင်းမရှိဘူး။

တကယ်တော့ လူတိုင်းလူတိုင်းဟာ ကိုယ့်အထုပ်ကိုယ်ထမ်းပြီး ဘဝခရီးလမ်း လျှောက်လှမ်းကြရတာ။ လမ်းဆုံးတဲ့တနေ့ မသယ်နိုင်လို့ ထားရစ်ခဲ့ရတာတွေက အမွေပေါ့။ အဲဒီအမွေတွေထဲမှာ ပိုက်ဆံဆိုတာက ဘာမှ ပြောပလောက်တာ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်ရဲ့ အဆုံးသတ်တနေ့မှာ ကိုယ်ဟာ ဘာလဲဆိုတာကမှ ကိုယ့်ဘိုးဘွားဆီက ရတဲ့အမွေအနှစ်စစ်စစ်ဖြစ်တယ် မဟုတ်လား။ ဘယ်သူတွေဘယ်လိုပဲ အသိမှတ်ပြုပြု မပြုပြု၊ ယင်းမာဘဝမှာ အရိပ်လိုမှီပီး ပဲ့ပြင်သွန်သင်သွားကြတဲ့ လူကြီးလေးယောက်ရှိခဲ့ပါတယ်။ အန်တီလေးဆီက မေတ္တာတွေ မကုန်နိုင်မခန်းနိုင်ရခဲ့တယ်။ မေမေလေးလက်အောက်မှာ ခေါင်းမာသထက်မာခဲ့တယ်။ ပြတ်သားလာတယ် ဆိုပါတော့လေ။ ဖေဖေ့ဆီကတော့ မွန်တီကာလိုမှာ စီးပွားရေးမျက်စိတွေ ပွင့်လာခဲ့တယ်။ ဖိုးဖိုးဆီကတော့ ဘယ်သူနဲ့မှ မနှိုင်းသာအောင် ကြွယ်ဝတဲ့ တရုတ်ရိုးရာ စကားပုံတွေ ရခဲ့တာပေါ့။

ဒီစာအုပ်ထဲမှာ ယင်းမာရဲ့ ဘဝဇာတ်ကြောင်း တစေ့တစောင်းပါတယ်။ တရုတ်ရာဇဝင်ရဲ့ ပထမမြောက်အင်ပါယာကြီးရဲ့ နေ့စွဲတွေကို စီမာချန်ကြီး သီကုံးထားခဲ့သမျှ ယင်းမာအမြင်နဲ့ ခံစားပြီး ပြန်ရေးပြခဲ့တယ်။ စရေးတုန်းကတော့ ဖိုးဖိုးပါးစပ်က တတွတ်တွတ် ပြောခဲ့သမျှ စကားပုံတွေဟာ ရှီဂျီစာအုပ်ထဲကပါလား ဆိုတာတောင် မသိခဲ့ဘူး။ အခုတော့ ယင်းမာကိုယ်တိုင်တောင် လွန်ခဲ့တဲ့ အနှစ် ၅ဝ က ဘဝတစ်ပါး ကူးပြောင်းသွားတဲ့ ဖိုးဖိုးရဲ့ အသက်အရွယ်နဲ့ မတိမ်းမယိမ်း ဖြစ်လာပြီ။ ဒါကြောင့် ယင်းမာဆီက အဲဒီအမွေတွေကို နောင်လာနောက်သားအတွက် ထားခဲ့ချင်ပြီ။ နောက်ခံဇာတ်ကြောင်းကလေးတွေကလည်း ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းသလဲ။ အတွေးနယ်ချဲ့ဖို့ ကောင်းသလဲ။ ကိုယ့်ရဲ့နေ့စဉ်ဘဝနဲ့ တိုက်ဆိုင်လာတိုင်း ဆီလျော်တဲ့ စကားပုံကလေးတွေနဲ့ ခိုင်းနှိုင်းပြောဆိုတာဟာ ယင်းမာတို့ တရုတ်တွေရဲ့ထုံးစံပါပဲ။ အဲလိုပြောလိုက်ရမှ အဓိပ္ပါယ် ပိုပေါ်လွင်လာတယ်။ အားရပါးရရှိတယ်။ တရုတ်လူမျိုးတွေ ဘယ်လိုတွေးလေ့ရှိတယ်။ ဘာဖြစ်လို့ အဲသလို တွေးရတယ် ဆိုတာ နားလည်နိုင်လာလိမ့်မယ် ထင်ပါတယ်။

credit to Dr Soe Min & Dr Yin Mar