“ အသက်ကြီးသော်လည်း ရိုးမြေကျ ကြင်နာကြရအောင်´´

ခင္ခDecember 21, 20121min15017

“ အသက်ကြီးသော်လည်း ရိုးမြေကျ ကြင်နာကြရအောင်´´

အိမ်ထောင်ကျတဲ့ နှစ်ကာလ ကြာရှည်ပြီး အသက်အရွယ် ကြီးလာတဲ့ အခါ အိမ်ထောင်ရေးသုခ ပျောက်ဆုံး လာတယ်လို့ ထင်တတ်ကြပါတယ်။ ပျင်းရိငြီးငွေ့မှု၊ နာမကျန်းမှု၊ ဆေးကုသမှု ခံယူရတာ စတဲ့အကြောင်း ပြချက်တွေကြောင့် တစ်ဦးနဲ့တစ်ဦး ထိတွေ့ချင်စိတ်တွေ လျော့နည်း သွားတတ်ပါတယ်။ ကျန်းမာတဲ့သူတွေက အသက်ကြီးလာတဲ့အထိ ပိုမိုကောင်းမွန်တဲ့ လိင်မှုဘဝကို ရရှိတယ်လို့ လေ့လာသူတွေက ဆို ထားတာကြောင့် သင်တို့ ဇနီးမောင်နှံရဲ့ ချစ်ခရီးလမ်း အမြဲအဆင်ပြေ စေဖို့ သုတေသီတွေ လေ့လာချက်အရ လိုက်နာသင့်တဲ့ အချက်တွေကို ရေးသား လိုက်ရပါတယ်။

၁။ ကျန်းမာအောင် နေထိုင်ခြင်း

အသက်ကြီးတဲ့အထိ ကျန်းမာနေဖို့ အခုကတည်းက နေ့စဉ်မှန်မှန် လိုက်နာသင့်တဲ့အချက် တွေကတော့

-(က) လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပါ

ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှု ကောင်းမွန်နေရင် sex ကိစ္စမှာ ပိုမို အဆင်ပြေတတ်ပါတယ်။ ပုံမှန် အေရိုးဗစ် လေ့ကျင့်ခန်းပြုလုပ်တာက နှလုံးရဲ့ သွေးညှစ်အား ကောင်းမွန်ပြီး သွေးစီးဆင်းအား ကောင်းမွန်စေပါ တယ်။ အနည်းဆုံး တစ်နေ့နာရီဝက်မျှ လမ်းမှန်မှန်လျှောက်ပေးပါ။

– (ခ) အာဟာရမျှတစွာ စားသောက်ပါ

အဆီနဲ့ သကြားဓာတ်နည်းတဲ့ အစာကို စားပြီး အမျှင်ဓာတ်များတဲ့အစာကို စားပေးပါ။ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်များများ၊ အခွံချွတ်မထားတဲ့ ကောက်နှံစာနဲ့ အဆီနည်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတို့ ကို များများစားပေးပါ။ ငါး၊ အဆီနည်းတဲ့ အသား တို့ကို စားပြီး ပရိုတင်းဓာတ်ကို ရယူပါ။

– (ဂ) အိပ်ရေးဝဝ အိပ်စက်ပါ

အိပ်ရေးဝဝ အိပ်စက်အနားယူတာက ခန္ဓာ ကိုယ်ရဲ့ ပင်ပန်းနွမ်းနယ်မှုတို့ ပပျောက်ပြီး ခွန်အား ရရှိစေပါတယ်။

– (ဃ) အကျင့်ဆိုးများကို စွန့်လွှတ်ပါ

ဆေးလိပ်နဲ့ အယ်လ်ကိုဟောဟာ လိင်ပိုင်းဆိုင် ရာ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်ပြီး Sex ကိစ္စအပါ အဝင် အထွေထွေကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

၂။ ကြည်နူးဖွယ်ရာ စကားများ ပြောဆိုခြင်း

သင့်အိမ်ထောင်ဖက်နဲ့ သာယာနှစ်လိုဖွယ် ကောင်းတဲ့ စကားတွေကို ပြောဆိုတာက ပိုမိုပျော်ရွှင် ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးကို ဖြစ်စေပါတယ်။

-(က) နှစ်သိမ့်စကား ဆိုပါ

သင့်အိမ်ထောင်ဖက်က သူ့ခန္ဓာကိုယ်အနေ အထား၊ ရုပ်ရည်တို့နဲ့ ပတ်သက်ပြီး စိတ်ပူပင်သောက ရှိနေရင် အားပေးနှစ်သိမ့်ပေးပါ။

– (ခ) ချီးကျူးပါ

သင့်ဘဝအဖော်ရဲ့ ကောင်းတဲ့ လုပ်ဆောင်မှု တိုင်းအတွက် ချီးကျူးစကားပြောပေးပါ။ သူ့ကို ပိုကောင်းအောင် လုပ်ဆောင်ဖို့ လှုံ့ဆော်ရာရောက် ပါတယ်။

– (ဂ) ပြစ်တင်ရှုတ်ချမှု မပြုလုပ်ပါနှင့်

လူတိုင်း မှားတတ်ကြပါတယ်။ သင်လည်း တစ်ကြိမ်မဟုတ် တစ်ကြိမ်မှာ အမှားကို လုပ်မိချင်လုပ်မိ နိုင်တာပါပဲ။ သင့်အဖော်က သူ့အမှားကို သတိမမူ မိရင် ညွှန်ပြတာမျိုးပဲ ပြုလုပ်သင့်ပါတယ်။ ပြစ်တင် ရှုတ်ချမှု မလုပ်သင့် ပါဘူး။

– (ဃ) သင့်တော်သောအချိန်တွင် ပြောပါ

ချစ်ခင်နေတဲ့ အချိန်မျိုးမှာ စိတ်ပူပင်သောက တွေ၊ အဆိုးမြင်တဲ့ ခံစားချက်တွေနဲ့ စိတ်ဖိစီးစရာ ကိစ္စတွေကို မပြောဆိုပါနဲ့။

၃။ ပျော်ရွှင်ဖွယ်ရာ အပြုအမူများ ဖန်တီးခြင်း

အသက်ကြီးတဲ့အထိ အိမ်ထောင်မှု သုခပြည့်ဝ နေဖို့ရာအတွက်

-(က) ပွေ့ဖက်ပါ

သင့်ဇနီးကို တစ်နေ့အနည်းဆုံး တစ်ကြိမ် ပွေ့ဖက်တာမျိုး ပြုလုပ်ပေးပါ။ ပွေ့ဖက်တာ၊ နမ်းရှုပ်တာ၊ လက်ချင်း ဆုပ်ကိုင်တာတွေက အိမ်ထောင် ရေးကို ပိုမိုပျော်ရွှင်ကျေနပ်မှု ရရှိစေပါတယ်။

-(ခ) ထိတွေ့ပါ

အသက်ကြီးလာပြီဆိုပြီး ချစ်ရေးချစ်ရာကိစ္စ တွေက အရေးမပါတော့ဘူးလို့ မယူဆသင့်ပါဘူး။ တစ်ဦးနဲ့တစ်ဦး ငယ်ငယ်တုန်းက အကြောင်းတွေ နောက်ပြောင်ကျီစယ်ရင်း ထိတွေ့သင့်ပါတယ်။

 

အသက်အရွယ်ကြီးလာကြပြီဆိုရင် ကိုယ့်ဘေးမှာ တွဲဖော်တွဲဖက်ရှိနေစေချင်ကြပါတယ် တစ်ကိုယ်တည်း အထီး ကျန်ဆန်နေတာမျိုးတွေ ဟာ စိတ်ချမ်းမြေ့စေခြင်းထက် စိတ်ဓာတ်ကျလွယ်ခြင်း စိတ်တိုလွယ်ခြင်း ကျေနပ် နှစ်သက်မှု့နည်းစေခြင်းတို့ ဖြစ်တတ်တဲ့သဘာဝရှိပါတယ်။ ဒါကြောင့် အဖိုး အဖွားတွေဟာ မြေးတွေနဲ့ တွဲလျှက် နေကြတဲ့ အပြုအမူတွေဟာ အထီးကျန်ဆန်မှု့ကို မလိုချင်ကြတဲ့ အတွင်းစိတ်အခံများရဲ့ပြယုဒ်ပါ။ တစ်ခါတရံမှာ သားသမီး မြေးတွေ အနားမှာမရှိနိုင်တော့တဲ့ အခြေအနေနဲ့ကြုံရတဲ့ အသက်ကြီးအိမ်ထောင် သည်တွေဟာ တစ်ဦးနဲ့တစ်ဦး အမှီသဟဲပြုပြီးနေကြရတယ်ဆိုတာကို မမေ့ကြဘဲ တစ်ဦးကိုတစ်ဦး ဖေးမခြင်း တွေကိုအခြေခံ လို့ ကြင်နာခြင်းတွေ အပြန်အလှန်ပေးကြခြင်းဖြင့် အိမ်ထောင်သုခကို ရိုးမြေကျ သက်ဆုံးတိုင် ပေါင်းဖက်ကာ နေသွားနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ရင်း မျှဝေရေးလိုက်ပါတယ်ဗျာ။

 

 

ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။

ခင်ခ။

17 comments

  • P chogyi

    December 21, 2012 at 9:35 am

    အိမ်ထောင်ရေးဗဟုသုတတွေ မျှဝေပေးလို့
    ကျေးဇူးပါ။ အစ်ကိုကြီးလည်းပျှော်ရွှင်ချမ်းမြေ့တဲ့
    မိသားစုဘဝကို အသက်ထက်ဆုံးပိုင်ဆိုင်နိုင်ပါစေ
    ဆုတောင်းပေးပါတယ်။

  • ဘဲဥ

    December 21, 2012 at 9:46 am

    သများဂ လူဗျိုဂျီးဆိုဒေါ့ အဲ့ဒါမျိုးတွေကြားရင် နားရှက်တယ်ဗျ :chit:

  • Khaing Khaing

    December 21, 2012 at 9:54 am

    အခုငယ်သေးလို့လားမသိဘူး … အသက်ကြီးချိန်မှာ အဲဒါတွေကို ပြုလုပ်ရမှာ တွေးရှက်မိတယ် …..
    ဒါပေမယ့် … လေးခပြောတဲ့နည်းလေးကိုတော့ မှတ်သားထားပါမယ် …

    စကားမစပ်လေးခရေ … မနေ့ညက အိပ်မက်မက်တယ် … လေးခအိမ်မှာ ထောပတ်ထမင်းနဲ့ကြက်သားကျွေးတယ်လို့ အိပ်မက်မက်တယ် … လေးခက အလှူကို လာစားဖို့ ညီမကို ဖုန်းဆက်ခေါ်တယ်တဲ့ …..

  • Mon Kit

    December 21, 2012 at 10:55 am

    မှတ်သားသွားတယ်နော်.. ကိုခင်ခ..
    ကျေးဇူးလည်းတင်ပါတယ်… :hee:

  • ဗုံဗုံ

    December 21, 2012 at 10:58 am

    မှတ်သားသွားကြောင်းပါ လေးခ ရေ အခုချိန်ကတော့ မှတ်ထားဖို့ဘဲတတ်နိုင်သေးတယ်လေ လေးခလည်း ပြည့်ဝစွာ လိုက်နာလိမ့်မည်ဟု ယုံကြည်ပါကြောင်း :harr:

    • mobile (mandalay)

      December 21, 2012 at 9:36 pm

      အင်းပေါ့ မှတ်ထားဒွေဂ တစ်ချိန်ကျ အသုံးဝင်လာမှာဘာ
      အခုလိုမှတ်သားတတ်တဲ့ အကျင့်လေးရှိတာကို ကျေးဇူးတင်ဗာဒယ်

  • ခိုင်ဇာ

    December 21, 2012 at 11:40 am

    ဝေးခဲ့ပြီ။
    အရိုးဆွေးတဲ့ထိ ငါတို့ပေါင်းရဖို့၊ သံဓိဌန်ချထားခဲ့တာပဲ
    ငါ မင်း ရင်ခွင်မှာ ခေါင်းချဖို့။

    ကိုခ စာဖတ်ပြီး စိုင်းစိုင်း သီချင်းစာသား ခေါင်းထဲ ရောက်လာတယ်။ (ဆိုင်ဆိုင်၊ မဆိုင်ဆိုင် ဗျာ) :harr: :harr:

    • ခင်ခ

      December 21, 2012 at 12:14 pm

      ဦးဆုံးကွန်မန့်နဲ့ ဆုတောင်းပေးသူ P chogyi ရေ ကျေးဇူးဗျာ။

      အော် လူပျိုကြီး ကိုဖိုးစွံ မောင်ဘဲဥ ဆိုတာ ခုတော့တွေ့ပဟ။

      ဟုတ်လား မမခိုင်ရေ မန်းလာဖြစ်မယ်ဆိုပြောဗျာ တကယ်ကျွေးမယ်လေ။

      မှတ်သားသွားသူ မွန်ကစ် နဲ့ ဗုံဗုံ တို့ကိုလည်းကျေးဇူးပါ။

      မခိုင်ဇာရေ အခုမဆိုင်သော်လည်း နောင်များဆိုင်ခဲ့ရင်ပေါ့လေ။

  • Hnin Hnin

    December 21, 2012 at 12:34 pm

    နံပါတ် ၁။ ” ကျန်းမာအောင် နေထိုင်ခြင်း ” နဲ့ ဆက်စပ်နေသလားလို့ပါ။
    လူတိုင်းအတွက်အဆင်ပြေတဲ့ ပေါပေါများများရတဲ့ ရေက အကျိုးများလို့ ပြန်ဝေငှပါတယ်။

    အစောတုန်းက MRTV-4 မှာ ရေနဲ့ပတ်သက်ပြီး သူတို့တွေ့ရှိချက်တွေ ပြောသွားတာက…

    – ရေကို မနက်အိပ်ရာထ သောက်ပေးရင် ခန္ဓာကိုယ်သွေးသားကြည်လင်ပြီး
    သွေးလှည့်ပတ်မှု ကောင်းတယ်။
    – ထမင်းမစားခင် ၁နာရီလောက် ရေတစ်ခွက် သောက်ပေးရင် အစာချေစနစ်ကို
    အထောက်အပံပေးပြီး ကောင်းမွန်စေတယ်။
    – ထမင်းစားပြီး ရေသောက်ရင် အစာချေစနစ်ကို အထောက်အပံ့မပေးဘဲ
    အစာမကြေလွယ်တာ ဖြစ်တတ်တယ်….ရေများများမသောက်သင့်ဘူး။
    – နေ့ခင်း ၂ နာရီကနေ ၄နာရီကြား ရေ ၂ခွက်၊၃ခွက်လောက် သောက်ပေးရင်
    တစ်နေ့တာလုံး မောပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေတယ်။
    – မအိပ်ခင် ရေကို တတ်နိုင်သလောက် သောက်ပေးခြင်းက သွေးလှည့်ပတ်မှု
    ကောင်းပြီး အိပ်စက်ခြင်းကို အထောက်အပံ့ပေးတယ်….(များများသောက်မိတဲ့နေ့
    ဆိုရင်တော့ ရှုးရှုးပေါက်လို့မဆုံးတော့တာတော့ သတိချပ်ရပါမယ်.. :P)
    – အချိုရည်တွေ သောက်သုံးတာထက် ရေကို သောက်ပေးခြင်းက သင့်ကျန်းမာရေးကို
    ပိုအထောက်အကူဖြစ်စေတယ်။

    • ခင်ခ

      December 21, 2012 at 1:14 pm

      မနှင်းနှင်းရေ ရေသောက်ရပုံနဲ့ အကျိုးလေး ဖော်ပြကွန့်ပေးလို့ ကျေးဇူးဗျာ။
      လူတိုင်းမဖြစ်မနေ ပြုသင့်တဲ့အချက်က မနက်အိပ်ယာထလျှင် ရေ သောက်ပေးပါတဲ့။
      အိပ်စက်နေသဖြင့် ခန္ဓာကိုယ်က သွေးတွေဟာအနည်းငယ်ပျစ်နေတဲ့အတွက် ရေဓာတ်လိုအပ်သလို အခြား ကိုယ်တွင်းအင်္ဂါတွေကိုလည်း ရေဓာတ်ငတ်မှု့က ကာကွယ်ရာရောက်တယ်လို့ ဖတ်ဖူးပါတယ်။
      ဂျပန်တိုင်းရင်းဆေးကတော့ မနက်အိပ်ယာထလျှင် ရေဖန်ခွက်တစ်ခွက်အဝသောက်ခြင်းသည် အသက်ရှည် ရောဂါနည်းရာ နည်းလမ်းလို့ဆိုပါတယ် ခင်ဗျ။

  • ဆူး

    December 21, 2012 at 1:13 pm

    အဘိုးကြီး အဖွားကြီး တွေ တယောက်ယောက် မရှိတော့ဘူး ဆိုရင် နောက်တယောက်က မကြာဘူး သေတာများတယ်လို့ ဆေးပညာ စာစောင် တခုမှာ ဖတ်ဖူးတယ်။

    မကြာခင်က သေသွားတဲ့ အဖိုးလည်း အဲ့လိုပဲ.. နားလေး တော့ ပြောတာ ဘာမှ မကြားတော့ သူကို သိပ်မပြောကြပဲ နေကြတာ များတော့ တနေ့ တနေ့ သူ့ အတွေးက အဖွား ကို လွမ်းနေတာလား မသိဘူး.. တခါတလေ သွားလည်တဲ့ မြေးတွေ နဲ့ တွေ့ရင် မင်းတို့ အဖွားက ဘာကြိုက်တာ ဘယ်လို စသဖြင့် ရှေးဟောင်းနှောင်းဖြစ်တွေ သိပ်ပြောတယ်။
    အတူနေတဲ့ မြေးတွေကတော့ အဖိုးက မမေ့ဘူး အရမ်း မှတ်ဉာဏ်ကောင်းတယ်လို့ ပြောကြတယ်။

    ဆူး သုံးသပ်တာကတော့ သူ့စိတ်ထဲမှာ အမြဲတွေးတဲ့ ကိစ္စ ဆိုတော့ တခြား လူတွေ ထက် ပိုပြီး အသေးစိတ် ပို မှတ်မိနေတာ ဖြစ်နိုင်တယ်လို့ ထင်မိတယ်။

    အဘိုးက နေမကောင်းဘူး ဆိုပြီး ဆရာဝန် သွားပြရင် ဆရာဝန်က စမ်းလိုက်ရင် ရောဂါ မရှိဘူးပြောတယ်.. ဆရာဝန် နဲ့ တွေ့ပြီးပြန်သွားရင်လည်း ၁လလောက် ကျန်းမာနေတယ်။ နောက်ပိုင်း ဆရာဝန် ပြပြီးရင် ၁ပတ်လောက် နေကောင်းနေပြန်တယ်။ ဆရာဝန်ကတော့ အဲ့ဒါ အထီးကျန် ရောဂါ ဆိုပြီး သုံးသပ်ပြတယ်။

    နောက်ပိုင်းတော့လည်း လူကြီး နာနဲ့ အသက် ၉၆နှစ်မှာ သေသွားပါလေရောပေါ့။

    အဘိုးကြီး အဖွားကြီးတွေ ချစ်ချစ်ခင်ခင် နဲ့ ရှိနေတာ မြင်ရင် အရမ်းသဘောကျမိတာတော့ အမှန်ပဲ။

    • ခင်ခ

      December 21, 2012 at 1:29 pm

      အိမ်ထောင်သည် ဇနီးမောင်နှံတွေ အသက်ကြီးရင့်လို့ အရွယ်ရလာတဲ့အခါ အထီးကျန်ဆန်တဲ့ နေထိုင်မှု့ မျိုးတွေ မဖြစ်စေလိုတဲ့ အတွေးနဲ့ ရေးထားတဲ့ဒီပိုစ့်လေးကို ဆူး ရဲ့ ကွန်မန့်လေးက ပိုပြီး အားဖြည့်သက်ဝင် စေတဲ့အတွက် ကျေးဇူးပါနော်။

  • မောင်ပေ

    December 21, 2012 at 7:13 pm

    လေးခရဲ ့သည်ပို ့စ်ကို ကူးပြီး ကျုပ်ဆရာသမားဆီကို မေးလ်နဲ ့ပို ့ပါမယ်
    သူရွာထဲဝင်မဖတ်ဖြစ်မှာစိုးလို ့
    ကိုယ်နဲ ့တစ်သက်လုံး ပေါင်းသင်းမယ့် ကိုယ်ချစ်လို ့ယူထားတဲ့မိန်းမ ကို တစ်သက်လုံးချစ်ခင်ကြင်နာရမှာ ယောက်ျားတိုင်းရဲ ့တာဝန်ပါပဲ
    ( မှတ်ချက် … မြန်မာနိုင်ငံအတွက်သာ ရည်ရွယ်ပါသည် ။ လွတ်လပ်သော အခြားနိုင်ငံများတွင်မူ မည်သို ့မသိ ၊ ထို ့ကြောင့် ကျွန်ုပ်၏ ကွန်မင့်သည် မြန်မာနိုင်ငံအတွင်း အတွက်သာ ရည်ရွယ်ပါကြောင်း )

  • mobile (mandalay)

    December 21, 2012 at 9:44 pm

    လေးခရေ
    တားတားနားမလည်ဒါလေး တစ်ခုရှိလို့ပါဂျ
    အက်စ်အီးအိက်စ် ဆိုဒါဂ ဗာဂိုပြောဒါလဲဂျ
    ဖက်ရှု့အားပေးသွားပါတယ်ဗျာ
    လက်တလောအတွက်က အသုံးမလိုသေးလို့ မှတ်သားထားလိုက်ပါတယ်။

    • ခင်ခ

      December 22, 2012 at 9:30 am

      မောင် mobile ရေ sex ရဲ့ အဓိပ္ပါယ်ကို ပြည့်စုံစွာသိချင်ရင် အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာ ရှာကြည့်တာ ပိုကောင်းမယ်ဗျ၊ ကျွန်တော်ရှင်းပြတာထက်စာရင်ပေါ့။

  • လုံမလေးမွန်မွန်

    December 23, 2012 at 7:27 pm

    ဖတ်တော့ဖတ်သွားတယ်..လေးလေးရေ.. ကိုယ့်အတွက်မဟုတ်တောင် သူငယ်ချင်းတွေအတွက် မှတ်သွားတယ်.. :mrgreen:

  • အကျိုးရှိလှပါတယ်အူးခင်ခရေ..
    ကျွန်မတို့အိမ်ထောင်ရေးကတော့ အပြင်လူတွေနဲ့ဆိုခပ်တည်တည်ရှိသင့်သလောက်ရှိကြပေမယ့်။
    ကျွန်မတို့မိသားစုချည့်ရှိနေချိန်တွေဆို ကလေးတွေလိုပြော၊ကလေးတွေလိုဆော့ ပြောင်နောက်နေတာနဲ့ပဲတခြားလူတွေမြင်ရင် ပေါတောတောတွေလို့တောင်ထင်ကောင်းထင်နိုင်ပါတယ်။
    :harr:

Leave a Reply