ဒီဇင်ဘာ ၂၁ မတိုင်မီ၊ ဒီဇင်ဘာ ၂၁ နှင့် ကမ္ဘာပျက်အလေ့အကျင့်
– သူရဿဝါ –

ဒီဇင်ဘာ (၂၁) မတိုင်မီ …
——————————-
မောင်ဝါဝါ – ဟယ်လို .. လျှပ်စစ် မီးရုံး ကလားဗျာ

လျှပ်စစ် မီးရုံး – ဟုတ်ကဲ့ .. ပြောပါ

မောင်ဝါဝါ – ဟာ .. ခင်ဗျားတို့ ဘယ်လို လုပ်တာ လဲဗျာ၊ လျှပ်စစ်မီး ၂၄ နာရီ အပြည့် ပေးမယ် ဆိုဗျ၊ အခုတော့ နေ့လည် ဆိုလည်း တစ်နေကုန် ပျက်၊ ညဆိုလည်း အစာပိတ် တစ်နာရီ နှစ်နာရီ လောက် ပျက်နဲ့၊ ခင်ဗျားတို့ ၂၄ နာရီက ခုနစ်ရက် ပေါင်းတာ တောင် အပြည့် မလာဘူး ဖြစ်နေပြီ၊ အဲဒီ ပျက်ကုန်တဲ့ မီးတွေ ခင်ဗျားတို့ ဘယ်နား သွားစု ထားတုန်း

လျှပ်စစ်မီးရုံး – ကျွန်တော်တို့ သေတဲ့အခါ သဂြိုဟ်ဖို့စု .. အုခ်ျ .. အဲ .. မှုတ်ပါဘူး

မောင်ဝါဝါ – ဒီမယ် .. မှုတ်ပါဘူးတွေ၊ မှုတ်ပါတယ်တွေ လုပ်နေရအောင် ကျုပ်က ဘတ်စ်ကားပေါ် ဝေတဲ့ ဝီစီ မဟုတ်ဘူး၊ ဘာလို့ ခင်ဗျားတို့ ကတိမတည်ဘဲ မီးကို အသေအလဲ ဖြတ်နေလဲဗျ၊

လျှပ်စစ်မီးရုံး – အကျင့်လုပ်ပေးတာပါ ဆရာရယ်

မောင်ဝါဝါ – ဘာ .. ဘာဗျ .. ခင်ဗျား ရောမချနဲ့ သေချာပြောပါ

လျှပ်စစ်မီးရုံး – ဒီလိုလေ ၊ ဒီဇင်ဘာ ၂၁ ရက်နေ့ကျ ကမ္ဘာပျက်မယ် ဆိုသမှုတ်လား၊ ဒီတော့ ကမ္ဘာပျက်ရင် ခံနိုင်ရည်ရှိအောင် မီးပျက်တာလေးကနေ စကျင့်ပေးတာ၊ ပြည်သူလူထု အတွက် ကျွန်တော်တို့မယ် အစီအစဉ်တွေ အများကြီး ရှိပါတယ်၊ ဒီဇင်ဘာ ၂၁ မတိုင်ခင် ကမ္ဘာပျက်သလောက်နီးနီး ခံစားရအောင် ဖြည်းဖြည်းချင်း ကြိုကျင့်ပေးသွားမှာ၊ ဘာမှမပူနဲ့ .. အဟဲဟဲဟဲ

မောင်ဝါဝါ – တောက် ဂွပ် (တောက်က တောက်ခေါက်သံ၊ ဂွပ်က ဖုန်းချသံ)
—————————————————————————–

ဒီဇင်ဘာ ၂၁ ရက်နေ့ …
—————————-
မောင်ဝါဝါ – ဟယ်လို … လျှပ်စစ်မီးရုံးကလား

လျှပ်စစ်မီးရုံး – ဟုတ်ကဲ့ .. ပြောပါ

မောင်ဝါဝါ – ခင်ဗျားတို့ ဘယ်လို လုပ်တာလဲဗျ၊ မီးတွေက အခုထိ အသေအလဲပျက်၊ သောက်သောက်လဲပျက်၊ အားအားရှိပျက်၊ ကဒီးကဒီးပျက်၊ ပျင်းတိုင်းပျက်၊ ပျော်တိုင်းပျက်နဲ့ တပျက်ပျက်ကိုနေတာ ခွေးကြီး ထန်းလျက်ခဲ လျက်နေသလိုပဲ

လျှပ်စစ်မီးရုံး – အို .. ဆရာ့ကို ကျွန်တော် ပြောတယ်လေ၊ ကမ္ဘာ မပျက်ခင် ခံနိုင်ရည် ရှိအောင် ကြိုပြီး လေ့ကျင့်ပေးတာ ပါဆိုမှ

မောင်ဝါဝါ – ဟ … ဒီနေ့ ၂၁ လေဗျာ၊ ဘယ်မှာ ကမ္ဘာပျက်လို့တုန်း၊ ကျုပ်တို့ပဲ နစ်နာတယ်၊ ကမ္ဘာမပျက်ဘဲ ခင်ဗျားတို့ ကြိုလေ့ကျင့်ထားလို့ ကျင့်သားရနေတာ အခုဆို သင်္ကန်းကျွန်း ကနေ မင်္ဂလာဒုံ သွားတောင် မှောင်ကြီးမည်းမည်းထဲ အသားကုန် ပြေးဦး .. ခလုတ် တစ်ချက် မတိုက်တော့ဘူး

လျှပ်စစ်မီးရုံး – ဟင် .. ဆရာတို့ တကယ်ကို ကျင့်သားရနေပြီပဲ .. အဟီး

မောင်ဝါဝါ – ဒါပေါ့ဗျ .. ခင်ဗျားတို့ကြောင့်လေ အဲဒါ၊ ကဲဗျာ .. အပိုတွေ ပြောမနေနဲ့ .. ကမ္ဘာလည်း မပျက်တော့ဘူး ဆိုတော့ .. ဘယ်တော့ မီးပြန်မှန်မှာတုန်း .. ပြော

လျှပ်စစ်မီးရုံး – မထူးပါဘူး ဆရာရယ် …. ကျင့်သားရနေပြီးသားပဲဟာ၊ မီးမလာလည်း ဘာအရေးလဲ၊ ဒီအတိုင်းသာ ဆက်နေလိုက်ပါတော့ဗျာ .. ခိ ခိ … ဂွပ်
—————————————————————————–

၂၁ – ဒီဇင်ဘာ – ၂၀၁၂

About သူရဿဝါ

သူ ရ ဿ ဝါ has written 157 post in this Website..

25 Years Old From Yangon | Myanmar | Writer | Blogger | Stand-up Comedian | Freelance Web Designer | Admin Member of Suboo Multi Social Network | Contact Me as Followings, kophonethantkyaw@gmail.com www.thurathawah.net www.facebook.com/ThuRaThaWah www.twitter.com/Thurathawah