ကျုပ်နဲ့ မန်းဂဇက် ဒီနေရာမှာ တစ်ခန်းရပ်

ကျုပ်နဲ့ မန်းဂဇက် ဒီနေရာမှာ တစ်ခန်းရပ်

+++++++++++++++++++++++

ကျုပ်ကျုပ်နဲ့ ပြောတာဟာ အညာသားမို့ ဒီလို ပြောတာ ဖြစ်တဲ့အတွက် နားမယဉ်သူများ ခွင့်လွတ်စေချင်ပါတယ်။

ကျုပ်တောင် ဘာလိုလိုနဲ့ ဟောဒီ ဂဇက်ဆိုတဲ့ ရွာကြီးကို အခြေချမိတာ တစ်နှစ်ခွဲ ဝန်းကျင်လောက်တောင် ရှိနေပါပြီ။ သူကြီး ဦးခိုင် (ကိုင်) ဆိုတာလည်း သိတဲ့အတိုင်း ဆွဲဆောင်တတ်တဲ့ နေရာမှာ နှစ်ယောက် မရှိတာကြောင့် တစ်ကြောင်း၊ ဟိုအရင်က ပြောခဲ့သလို ပေါက်ဖော် (စိန်ဗိုက်)၊ မောင်ပေ တို့ရဲ့ တွဲခေါ်မှုကြောင့် တစ်ကြောင်းကြောင့် ကျုပ် ဒီလို အနေကြာခဲ့တာ ဖြစ်ပါတယ်။ တအင်းအင်းနဲ့ ညည်းနေတဲ့ လူနာတစ်ယောက်ကို အချိန်တိုအတွင်း ရောဂါ ပျောက်ကင်းသွားအောင် ကုသနိုင်တဲ့ သမားတော် တစ်ယောက်လို ဟောဒီ ဂဇက်ဆိုတဲ့ ရွာကြီးကလည်း တစ်ခဏတာ အတွင်းမှာပဲ ရွာထဲ အခြေချမိသွားလောက်အောင်ပဲ ဆွဲဆောင်နိုင်လှတယ် ဆိုတာကိုလည်း ပြောခဲ့ချင်ပါသေးတယ်။

ကလေးတစ်ယောက် လူကြီးတွေ စကားဝိုင်းထဲကို ရောက်သွားသလို စရောက်ခါစက မျက်စိသူငယ်၊ နားသူငယ်နဲ့ လူကြီးတွေ ပြောဆို ဆွေးနွေးနေကြတာကို နားထောင်ရင်းနဲ့ပဲ နောက်ပိုင်း ရွာသက်လေး ကြာလာတဲ့အခါမှာ ရွှတ်နောက်နောက် ပုံစံတွေနဲ့ နပန်းလုံးရင်းက အဲ့ဒီ ဝိုင်းတွေမှာလည်း ဘာရယ်မဟုတ် ဟိုပြောဒီပြော လျောက်ပြီးတော့ ပြောဖြစ်လာခဲ့ပါသေးတယ်။

ခခယယ ဘယ်သူ့ကိုမှ လုပ်စရာမလိုပေမယ့် လူကြီးတွေကို လူကြီးတွေလို ရိုသေလေးစားစွာ ဆက်ဆံခဲ့တာတွေ ရှိသလို၊ အကြောင်းမသိ၊ အသက် မသိသေးခင်မှာ ကိုယ့်ထက် အသက်ဂုဏ်ဝါကြီးသူကို သူငယ်ချင်း တစ်ယောက်ကို ပြောသလို နင်ဟယ်၊ ငါဟယ် ပြောဆို ခဲ့မိတာတွေလည်း ရှိနေတဲ့အတွက် ဒါတွေကို ခွင့်လွတ်ပေးဖို့ တောင်းဆိုချင်သလို၊ ဒီအတွက် ကျုပ်အနေနဲ့ တောင်းပန်ခဲ့ပါတယ် ဆိုတာလေး ….။

အရီးလတ်တို့၊ အန်တီ ပဒုမ္မာတို့၊ အန်တီ မမ တို့၊ တီချယ်နုတို့ ပြီးတော့ ဦးခိုင်၊ ဦးပါ၊ ဦးမိုက်၊ ဘဖော၊ ဆရာသစ်၊ လေးပေါက်၊ ဦးဘလက် စတဲ့ စတဲ့ လူကြီးတွေနဲ့ ရင်းနှီး ခင်မင်ခွင့် ရခဲ့တာတွေ၊ ကိုပေ၊ စိန်ဗိုက်၊ ဖရဲသီး၊ ဘဲဥ၊ ကိုဖက်ကက်၊ ကိုအင်ဇာဂီ၊ ကိုမတ်၊ ကိုသူရ၊ ဦးဆာမိ၊ ဦးမာဃ၊ ကိုရွှေတိုက်၊ မအိတုံ၊ မရွှေအိ၊ အမပုခ်ျ၊ မမရွှေကြည်၊ အမခိုင်၊ မအေးမြတ်မွန် စတဲ့  စတဲ့ ခင်မင်စရာ ကောင်းတဲ့ လူများနဲ့ ရင်းနှီး ခင်မင်ခွင့် ရခဲ့တာတွေကိုလည်း အမှတ်ရနေမှာပါ။

နှုတ်ထွက်တယ်၊ နှုတ်ဆက်ခဲ့ပါတယ်၊ လက်ပြကာ ထွက်ခွာခဲ့ပါတယ် .. ဆိုတဲ့ စကားတွေကို မသုံးချင်ပေမယ့်လည်း ကိုယ့်အကြောင်းနဲ့ ကိုယ်မို့ .. ရှိပါစေတော့။

“……………

အမှာတော်များ ပါးခဲ့ချင်ပါသလား … ဟင့်အင်း … ခေါင်းခါပါရစေ .. ဘာလို့လဲဟင် .. ဟုတ် .. ကျုပ်က ဗရုပ်သုတ်ခမို့ …..။

မင်းမို့ ပြောရက်တယ် .. မဟုတ်ရပါကွယ် … ငါလည်း ငါ့အကြောင်း … မင်းလည်း မင်းအကြောင်း … အသစ်နဲ့ အဟောင်း … ဓမ္မတာ ခေါင်းဆောင်ဖြစ်ပေမယ့် … အချိန်မတိုင်ခင် ကြွေလွင့်ခြင်း ဆိုတာလည်း .. ရှိကောင်းကြတာပဲ … ဒါပေမယ့် .. ငါကတော့ အမြဲတမ်း အမှတ်ရနေမှာပါပဲ …။

………………..”

မြေခဖို့ မျက်ရည်တွေ ကြွေကျလာတာ မဟုတ်ပေမယ့်၊ မျက်ရည်တွေ မြေသို့ ခတယ်ဆိုပြီး သုံးတတ်ကြပါတယ်။ “ခဏခဏ မျက်ရည်သုတ်ရတဲ့ လက်၊ အင်အား ချည့်နဲ့နေပြီ .. မောင် …” ဆိုပြီးတော့တောင် ကဗျာဆရာမ မိကောက် က ဖွဲ့ခဲ့ဖူးသေးရဲ့။

မြေပျောက်မှာစိုးတဲ့ မျောက်မျိုး တစ်ညည့်ကို မြေပြင်ဆီ ဆင်းသက်လို့ သုံးခါ စမ်းသလို ဟောဒီ ဂဇက်ဆိုတဲ့ ရွာကြီးထဲမှာ စာတစ်ပုဒ် ရေးတင်လိုက်တိုင်းပဲ ဘယ်သူတွေများ ဘယ်လိုမျိုး မှတ်ချက်ပြုသွားသလဲ ဆိုပြီး ရင်ခုန်စွာ ဖွင့်ကြည့်ခဲ့ရတဲ့ အဖြစ်တွေ၊ ဒီနေ့ ဘာတွေများ ထူးခြားတာတွေ တက်လာမလဲဟဲ့ ဆိုတာတွေနဲ့ပဲ တစ်နေ့တစ်နေ့နဲ့ ရက်ဆက်ပေါင်းများစွာ ရွာတစ်ခွင် လျောက်လို့ လည်ခဲ့တာတွေ၊ ပြီးတော့လည်း မိသားစုသဖွယ် ဖြစ်လာတဲ့ မြင်ဖူး၊ မမြင်ဖူး မိတ်ဆွေ အပေါင်းအသင်းများနဲ့ ရင်းနှီးစွာ ပြောဆိုကြရင်းနဲ့ ကိုယ်တစ်ခု ပြောလိုက်လေတိုင်း ဘယ်သူကများ ငါ့ကို ဘယ်လို ပြန်ပြောသွားမလဲ ဆိုပြီး ကိုယ်ပြောခဲ့တဲ့ ပို့စ်ကို ခဏခဏ ရင်ခုန်စွာ ဝင်ကြည့်ခဲ့ရတာတွေ … ဒါတွေကို ပြန်တွေးမိရင် မျက်ရည် ဝိုင်းလေမလားပဲ။ ဝိုင်းနေတဲ့ မျက်ရည်တွေကြောင့် အမြင်မကြည်ဘူး ဖြစ်လာခဲ့မယ် ဆိုရင်လည်း ကျုပ်အပေါ် အမြင် မကြည်သူများကို တခုတ်တရနဲ့ မေတ္တာ ပို့သနေဦးမှာပါ။

သွားမယ်၊ သွားမယ်နဲ့ ဒီကောင်နှယ် အလွမ်းသယ်လိုက်၊ ဟိုပြောဒီပြော လျောက်ပြောလိုက် လုပ်နေတာ ပြီး မပြီးနိုင်တော့ဘူးလို့ သောက်မြင်ကပ်တဲ့လူတွေက အပြစ်တင်နေတော့မှာဘဲ … :mrgreen: ။ ခင်ခင်မင်မင် ချစ်ရွှင်စွာနဲ့ ဂဇက်မှ ရွာသူားအပေါင်း ကျန်းမာ၊ ချမ်းသာဖို့ အကြောင်း ကိုတော့ဖြင့် ကျုပ်က ဆုမွန်ကောင်း တောင်းပေးလိုက်ပါရစေဦး ခင်ဗျာတို့။ ဟုတ်ဗျာ …… ဒီတစ်ချက်ထဲမှာ ချစ်သူ၊ ခင်သူ၊ မချစ်သူ၊ မခင်သူ၊ သောက်မြင်ကပ်သူ၊ မကပ်သူ အားလုံး အားလုံး ပါပါတယ် ဆိုတာလေးကို နောက်ဆုံးအနေနဲ့ ပြောရင်းနဲ့ ကဲ … ဆရာတို့ရေ နိဂုံးအပြီးတိုင်သွားပါပြီဗျို့ ………….။

 

မန်းဂဇက် ရွာသားဟောင်းကြီး

မဟာရာဇာ အံစာတုံး

++++++++++++++++++++++++++++++

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။