မိအေး လေးခါနာ

zaylayJuly 18, 20101min380

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက မကြခဏ မိန့်ကြားသော စကားတော်တခွန်းမှာ-
မောဃံ ကာလံ န ခေပယေ။
မောဃံ ကာလံ-စားကာ အိပ်ကာ ပျော်ရွှင်ကာဖြင့် လိုရာမေးပြီး ခရီးမလှ အချည်းနှီးသောအချိန်ကာလကို။
န ခေပယေ-မကုန်မခန်း မကျွမ်းစေရာ-ဟု ဖြစ်ပါသည်။

အချည်းနှီးသော အချိန်ကာလ ဟူသည်မှာ ကိုယ့်ကိစ္စ ဆောင်ရွက်ရသော အချိန်မဟုတ်၊ သူများကိစ္စကိုသာ ဆောင်ရွက်ပေးရသော အချိ်န်ကို ဆိုလိုပါသည်။ ကိုယ့်ကိစ္စဟူသည်မှာ နေက်တဖန် မအို မနာ မသေ ပဋိသန္ဓေ မနေရအောင် ကျင့့်ကြံအားထုတ်ရမည့် ကိစ္စကို ဆိုလိုပါသည်။

ကိုယ့်ကိစ္စကိုယ် မဆောင်ရွက်မိသောကြောင့် ဒုက္ခရောက်နစ်မွန်းခဲ့ရပုံကို မိအေး လေးခါနာ-ပုံပြင်ဖြင့် မိုးညှင်းဆရာတော်ဘုရားကြီးက ရန်ကုန်မြို့ မိုင်တာကွင်း တရားပွဲတွင် ပထမဦးစွာ စတင် ဟောကြားခဲ့ပါသည်။ ထိုပုံပြင်ကိုပင် ဟံသာဝတီ ကမ္မာဋ္ဌာန်း ပထမဆရာတော် ဘုရားကြီး ဦးဂန္ဓမာ က ထပ်ဆင့်ဟောကြားခဲ့ပါသည်။ ပုံပြင်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

တရံရောအခါက ရွာတရွာတွင် မိ်အေး-ဟုခေါ်သော အမျိုးသမီးတယောက် ရှိခဲ့ပါသည်။ မိအေးသည် နွားတကောင်ကို တန်ဖိုးကြီးကြီးပေး၍ ဝယ်ယူလိုက်ပါသည်။ တန်ဖိုးကြီးကြီးပေးလိုက်ရသောကြောင့် မိအေးတယောက် ပထမဦးစွာ နစ်နာခဲ့သည်ဟု ဆိုရပါမည်။

တန်ဖိုးကြီးသောနွား ဖြစ်သောကြောင့် အခြားသူများနွားကဲ့သို့ ကွင်းပြင်မှာ လွှတ်ပြီး မကျောင်းဝံ့ပေ။ အစာရေစာတို့ကို မကောင်းကောင်းအောင် ရှာကြံ၍ ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံကာ ကျွေးမွေးရပါသည်။ မိအေး ဒုတိယအကြိမ် နစ်နာပြန်ပါသည်။

ဤကဲ့သို့ ကိုယ်တိုင်ကို်ယ်ကျ မကောင်းကောင်းအောင် ရှာကြံကျွေးမွေးနေရသော်လည်း နွားကို မိမိကိုယ်တိုင် မိမိကိစ္စအတွက် မခိုင်းစေရဘဲ မိမိရန်သူက ယူဆောင်ခိုင်းစေနေပါတော့သည်။ မိအေး တတိယအကြိမ် နစ်နာပြန်ပါတော့သည်။

ရန်သူက ခိုင်းပြီးသောအခါ နွားကို မိအေးထံ ပြန်မပို့တော့ဘဲ တိရစ္ဆာန်ထောင်ထဲသို့ ချထားလိုက်ပါတော့သည်။ သည်တကြိမ်တွင်တော့ မိအေး နာလန်မထူနိုင်အောင် နစ်နာသွားပါတော့သည်။ စတုတ္ထအကြိမ်နှင့် နောက်ဆုံးအကြိမ်အဖြစ် အနစ်နာကြီး နစ်နာသွားပါတော့သည်။

ထိုပုံပြင်၏ အနက်အဓိပ္ပါယ်ကို ဆရာတော်ဘုရားကြီးများက အောက်ပါအတိုင်း ထင်ဟပ်ဖွင့်ဆိုလျက် မိန့်ကြားခဲ့ကြပါသည်။

လူ့လောကမှာရှိသည့် လူများသည် လူ့ဘဝအဖြစ်ကို ရရှိအောင် တန်ဖိုးကြီးကြီး ပေးသည့်အနေဖြင့် ဒါန၊ သီလ၊ ဘာဝနာတရားများကို တစိုက်မတ်မတ် ကျင့်ကြံအားထုတ်ခဲ့ရပါသည်။ အိပ်ကာ စားကာ ပျော်ရွှင်ကာနှင့် အချည်းနှီးအလကား မနေခဲ့ရပါ။ လူ့ဘဝ ရအောင် တန်ဖိုးကြီးကြီး ပေးခဲ့ကြရပါသည်။ တနည်းအားဖြင့် အနစ်နာခံခဲ့ရပါသည်။

လူ့ဘဝကို ရောက်ပြန်သောအခါ လူ့အဖိုးတန်ဖြစ်ရန် စားဝတ်နေရေး ကျန်းမာရေးအတွက် အခြားလူများထက် သာလွန်အောင် ပင်ပန်းကြီးစွာ ရှာဖွေစုဆောင်း စွမ်းဆောင်ရပြန်ပါသည်။ မကောင်းကောင်းအောင် စီစဉ်ဆောင်ရွက်သဖြင့် ဖတ်ဖတ်မောအောင် နစ်နာခဲ့ပြန်ပါသည်။ ဒုတိယအကြိမ် နစ်နာခြင်း ဖြစ်ပါသည်။

ထိုသို့နစ်နာနေသော်လည်း မိမိကိစ္စကိုကားမဆောင်ရွက်ရပါ။
ဒါနပြုပါဆိုလျှင် မရှိသေးလို့
သီလဆောက်တည်ပါဆိုလျှင် မအားသေးလို့
ဘာဝနာပွားပါဆိုလျှင် မခင်သာသေးလို့-ဟု ငြင်းပယ်နေပါသည်။
မြတ်စွာဘုရား လက်ထက်တော်အခါက ကျောင်းအမကြီး ဝိသာခါ ပြောသကဲ့သို့ အဟောင်းစား-သာ ဖြစ်ခဲ့ပါသည်။

တဏှာရန်သူက ခိုင်းစေပါက ခြွေရံလင်မယား သမီးသားနှင့် စီးပွားအာရုံ ကာမဂုဏ်တို့အတွက် နေပူမရှောင် မိုးရွာမရှောင် ညဉ့်နက်သန်းခေါင်မရှောင် လင်းအားကြီးမရှောင် မြွေမကြောက် ကင်းမကြောက် ကျားမကြောက် ဆင်မကြောက် ဘေးအန္တရာယ်ဟူသမျှမကြောက် ဒရောသောပါး အပြေးအလွှား ဖတ်ဖတ်မောအောင် ဆောင်ရွက်ရပါသည်။ တဏှာရန်သူက ခိုင်းစေသောအခါ မဆိုင်းမတွ အားပါးတရ လုပ်ဆောင်ပေးရခြင်းသည် တတိယအကြိမ် နစ်နာခြင်းဖြစ်ပါသည်။

ဤသို့ တဏှာရန်သူက အခိုင်းခံရလျက် အခြားသူများ၏ အလုပ်ကိုသာ ကျေးကျွန်သဖွယ် လုပ်နေရသော သူကို နောက်ဆုံးတွင် မိအေး၏ နွားတိရစ္ဆာန်ထောင်ထဲသို့ အချခံလိုက်ရသကဲ့သို့ အပါယ်သံသရာသို့သာ အချခံလိုက်ရပြီ ဆိုကတည်းက မျှော်လင့်ဖွယ်ရာ မရှိလောက်အောင် နစ်မွန်းသွားပါတော့သည်။

လူ့ဘဝသို့ ခေတ္တခဏ ဧည့်သည်အဖြစ်ရောက်ရှိလာသူသည် မိမိ၏ အမြဲတမ်းနေအိမ်ဖြစ်သည့် အပါယ်ဘုံသို့သာ ပြန်လည်ရောက်ရှိသွားပါတော့သည်။
ဤကဲ့သို့ အပါယ်သံသရာသို့ အချခံလိုက်ရခြင်းသည် စတုတ္ထနှင့် နောက်ဆုံးအကြိမ်အဖြစ် အနစ်နာကြီး နစ်နာခြင်းဖြစ်ကြောင်းကို ဆရာတော်ဘုရားကြီးများက ဟောကြားဆုံးမတော်မူခဲ့ကြပါတော့သည်။

ထို့ကြောင့် တရားအားထုတ်နေကြသော ယောဂီများသည်လည်း အပါယ်သံသရာသို့ နောက်တဖန် ပြန်လည်မရောက်ရှိရလေအောင် လူ့ဘဝ ရတုန်းရခိုက်တွင် အချိန်ရှိခိုက် လုံ့လစိုက်လျက် ဒါန သီလ ဘာဝနာ တရားများကို ကျင့်ကြံကြိုးကုတ် အားထုတ်ဆောင်ရွက်ကြရမည်သာ ဖြစ်ပါတော့သည်။