ဘာသာရေး ပြဿနာ ( ၁ ) ( ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည် )

zaylayJuly 18, 20101min1091

ဘာသာရေး ပြဿနာ ( ၁ )
( ဘဒ္ဒန္တ ဝါယာမသာရ ဖြေသည် )

( မေး )
( ကိုးနဝင်းအဓိဋ္ဌာန်နှင့် အရက် )
အရှင်ဘုရား တပည့်တော် ကိုးနဝင်းအဓိဋ္ဌာန် ဝင်ပါသည်ဘုရား၊ အရက်ကိုလည်း ဖြတ်ပြီး ဘုရားမှာလှူပါသည်၊ လှူပြီးမှ ပြန်သောက်လျှင် အပြစ်ရှိ-မရှိ ဖြေကြားပေးတော်မူပါဘုရား။
( မောင်သက်-ကျောက်တန်း )

( ဖြေ )
ဘုရားဂုဏ်တော်များကို ဘယ်လိုပဲပွားပွား ဘယ်လိုပဲ အဓိဋ္ဌာန်ဝင်ဝင် ဂုဏ်တော်များကို ပွားဖြစ် နှလုံးသွင်းဖြစ်ခြင်းသည် အလွန်ကောင်းပါသည်။

အရက်ကိုဖြတ်၍ ဘုရားထံ အပြီးအပိုင် ပေးလှူလိုက်သည်ဆိုသည်မှာ အရက်ဖြတ်ဖြစ်အောင် အချို့ဘုန်းကြီးများက-မင်း သောက်နေတဲ့ အရက်ကို လှူပါ-ဟု အလှူခံသဖြင့် အချို့လှူဒါန်းကြသည်၊ ထိုအခါ အကောင်းဘက်ကို ရောက်အောင် ပို့ဆောင်ပေးသည့်သဘောမျိုး ဖြစ်သွားသည်။

အမှန်တကယ် အရက်ကို ဘုရားမလှူသင့်သလို ဘုန်းကြီးကိုလည်း မလှူသင့်ပါ၊ လှူ၍လည်း အရက်ပြတ်မည်မဟုတ်ပါ၊ ဆေးလိပ်တို့ အရက်တို့ ဖြတ်ချင်လျှင် မိမိစိတ်ကို ယတိပြတ် ဆုံးဖြတ်ပြီး မသောက်ဘဲ အောင့်အည်းသည်းခံ နိုင်လျှင် ပြတ်သွားမည်ဖြစ်ပါသည်။ မိမိစိတ်ကို မထိန်းနိုင်လျှင်တော့ လှူ၍လည်း ပြတ်မည်မဟုတ်ပါ။

ပြန်သောက်သောအခါ အခြားအပြစ်မရှိပါ၊ သို့သော် အရက်သောက်သဖြင့် ရရှိနိုင်သော အပြစ်များတော့ သင့်ပါမည်၊ ထိုအပြစ်များကာ-
မူးယစ်တတ်စွာ သေရည်များကို
မူးယစ်သောက်စား ဘိန်းရှူလို
ဒုစရိုက်တွေ ဖြစ်ပေါ်ကြောင်းမို့
မကောင်းစင်စစ် အကုသိုလ်
လွန်ကျူးမိလျှင် တကယ်ပဲပေါ့ အပါယ်ငရဲ ကျမည်ဆို
လွတ်လာစေဦး လူမေ့မူး အရူးဖြစ်တိုင်းကိုယ်
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
*********************************************************************************

( မေး )
( သင်္ကြန်တွင်း တရားစခန်းဝင်ရာ၌ )
အရှင်ဘုရား သင်္ကြန်တွင်း၌ လူဝတ်ဖြင့် တရားစခန်းဝင်၍ တရားအားထုတ်ခြင်းနှင့်
ရဟန်းဝတ်ဖြင့် တရားစခန်းဝင်၍ တရားအားထုတ်ခြင်းတို့တွင် မည်သည်က ပို၍ အကျိုးရှိပါသနည်းဘုရား။
( မမိုး-သန်လျင် )

( ဖြေ )
ရဟန်းဝတ်ဖြင့် တရားအားထုတ်ခြင်းသည် ရဟန်းသီလကို ထိမ်းသိန်းရခြင်း သီလအကျိုးနှင့် တရားအားထုတ်ရခြင်း ဘာဝနာအကျိုးတို့ကို ရရှိစေနိုင်သဖြင့် ရဟန်းဝတ်က အကျိုးပိုကြီးသည်ဟု ဖြေရပါမည်။
သို့သော် ရဟန်းသိက္ခာပုဒ်များကို မသိနားမလည်ဘဲ ချိုးဖောက်မှုဖြစ်လျှင် တရားအားထုတ်မှုကိုပါ အနှောက်အယှက် ဖြစ်နေတတ်သည်၊ ရဟန်းကျင့်ဝတ်ကို နားမလည်၍ မထိန်းနိုင်လျှင် လူဝတ်ကြောင်ဖြင့် အားထုတ်ခြင်းသာ လွတ်လပ်ပေါပါးစွာ အားထုတ်နိုင်သဖြင့် ပို၍ ကောင်းပါလိမ့်မည်။
*********************************************************************************

( မေး )
( သာသနာငါးထောင် ပိုင်းခြားမှု )
အရှင်ဘုရား သာသနာငါးထောင်ဆိုသည်မှာ မြတ်စွာဘုရား ထားခဲ့သည်စကား ဖြစ်ပါသလား၊
သို့မဟုတ်-ရှေးဆရာကြီးတို့စကား ဖြစ်ပါသလား၊
မည်သူတွေက သတ်မှတ်ထားခဲ့ပါသနည်း၊ သိလိုပါသည်ဘုရား။
( အရှင်ဆေက-ကလေးမြို့ )

( ဖြေ )
သာသနာငါးထောင် ပိုင်းခြားမှုမှာ မြတ်စွာဘုရားရှင် ပိုင်းခြားဟောကြားခဲ့သည် မဟုတ်ပါ၊
ဘုရားရှင်၏ တရားနှင့်အညီ အဋ္ဌကထာဆရာကြီးများ ဖွင့်ပြထားခြင်းသာ ဖြစ်ပါသည်။
ဘုရားရှင်က ပရိယတ် ပိဋကတ်တရားများ ရှိနေသ၍ ပဋိပတ်အကျင့်မြတ် ရှိနေမည်၊
ပရိယတ်စာပေလည်း မသင်ကြား၊ ပဋိပတ်အကျင့်လည်း မကျင့်ကြတော့လျှင် သာသနာကွယ်မည် စသည်ဖြင့်သာ ဟောကြားခဲ့ပါသည်၊
နှစ်အပိုင်းအခြား ဟောကြားထားခြင်း မရှိပါ၊ သိုပသော် ဘုရားရှင်၏ တရားနှင့် ညီညွတ်အောင် အဋ္ဌကထာဆရာ ကြီးများ သာသနာငါးထောင် ပိုင်းခြားထားမှု ရှိခဲ့သည်။

ထိုပိုင်းခြားမှုမှာ ဝိနည်းနှင့် အင်္ဂုတ္တိုရ် အဋ္ဌကထာများအလို-
၁။ ပဋိသမ္ဘိဒါပတ္တ (ရဟန္တာခေတ်-ဝိမုတ္တိခေတ်) တထောင်။
၂။ ဈာန်မရသော သုက္ခဝိပဿက ((ရဟန္တာခေတ်-ဝိမုတ္တိခေတ်) တထောင်။
၃။ အနာဂါမ် အရိယာခေတ် တထောင်။
၄။ သကဒါဂါမ် အရိယာခေတ် တထောင်။
၅။ သောတာပန် အရိယာခေတ် တထောင်။ဟု၎င်း။

ဒီဃနိကာယ် အဋ္ဌကထာအလို-
၁။ ပဋိသမ္ဘိဒါပတ္တ (ရဟန္တာခေတ်-ဝိမုတ္တိခေတ်) တထောင်။
၂။ ဆဠာဘိည (ရဟန္တာခေတ်-ဝိမုတ္တိခေတ်) တထောင်။
၃။ တေဝိဇ္ဇက (ရဟန္တာခေတ်-ဝိမုတ္တိခေတ်) တထောင်။
၄။ သုက္ခဝိပဿက (ရဟန္တာခေတ်-ဝိမုတ္တိခေတ်) တထောင်။
၅။ ပါတိမောက္ခသံဝရသီလခေတ် တထောင်-ဟု၎င်း ပိုင်းခြားသတ်မှတ်ခဲ့ပါသည်။
*********************************************************************************

( မေး )
( ရဟန်းပြုခြင်း )
အရှင်ဘုရား ရဟန်းမဝတ်ချင်ဘဲ အတင်းဝတ်ခိုင်းလျှင် ဝတ်ခိုင်းသူက ရဟန်းဖြစ်လျှင် မည်သို့ အကျိုးအပြစ်ရှိပြီး, ဝတ်ခိုင်းသူက လူဖြစ်လျှင် မည်သို့ အကျိုးအပြစ် ဖြစ်နိုင်ပါသနည်း။
ရဟန်းဝတ်သူကလည်း မဝတ်ချင်ဘဲ ဝတ်ရသည့်အတွက် အကျိုး ရှိနိုင်-မရှိနိုင် ဖြေကြားပေးတော်မူပါဘုရား။
( ပပဝင်း-သာကေတ )

( ဖြေ )
ရဟန်းဝတ်ခြင်းသည် ကောင်းသောအလုပ်ဖြစ်သည်၊
ကောင်းသော ကုသို်လ်အလုပ်ဆိုသည်မှာ မလုပ်ချင်လည်း လုပ်ရ၏၊ လုပ်ချင်လည်း လုပ်ရ၏၊
လုပ်လျှင် ကောင်းကျိုးရ၏၊ မလုပ်လျှင် ကောင်းကျိုးမရပေ။

မကောင်းသည့်အလုပ် အကုသိုလ်အလုပ်ဆိုလျှင် လုပ်ချင်သော်လည်း မလုပ်ဘဲ အောင့်အည်းသည်းခံ၍ နေရ၏၊ သည်းခံ၍ နေနိုင်လျှင် အကုသိုလ် မဖြစ်တော့ပေ။

ရဟန်းမဝတ်ချင်ဘဲ ဝတ်ပြီး နောင်အခါ တရားသိ၍ အကျိုးများစွာ ဖြစ်သွားသည့်ဇာတ်လမ်း ရှိခဲ့သည်၊ ထိုဇာတ်လမ်းကား နန္ဒမင်းသားကို မင်္ဂလာဆောင်မည့်ဆဲဆဲ ဘုရားရှင်က ခေါ်ဆောင်၍ ရဟန်းပြုပေးခြင်း ဖြစ်သည်။
*********************************************************************************

( မေး )
( ပါဏာတိပါတကံ ထိုက်-မထိုက် )
အရှင်ဘုရား ကျန်းမာရေးဂျာနယ်တစောင်တွယ် ဖော်ပြထားသော ဖြစ်ရပ်တခုဖြစ်ပါသည်၊
ဆိုင်ကယ်အတိုက်ခံရသော ကလေးတဦး ဆေးရုံသို့ အချိန်မီရောက်လာပါသည်၊
သို့သော် တာဝန်ကျသူများက အရေးပေါ် ကယ်ဆယ်ရေးကိစ္စများ အချိန်မီ မဆောင်ရွက်နိုင်သဖြင့် ကလေး သေဆုံးခဲ့ရပါသည်၊ ထိုအတွက် တာဝန်ကျပုဂ္ဂိုလ်များ ပါဏာတိပါတကံ ထိုက်-မထိုက် သိလိုပါသည်ဘုရား။
( ဦးကျော်ကြီး-ကယားရိုးမ )

( ဖြေ )
ပါဏာတိပါတကံ မထိုက်ပါ။
သို့သော် တာဝန်ကျသူများသည် မိမိတို့တာဝန်အရ အချိန်မီ မဆောင်ရွက်နိုင်မှုကြောင့် လူ့အသက်တချောင်း ဆုံးရှုံးသွားရခြင်းသည် အလွန်ဝမ်းနည်းစရာကောင်းသောကိစ္စ ဖြစ်ပါသည်။
*********************************************************************************

( မေး )
( ကမ္ဘာကြီးကို မီး-ရေ-လေ တို့ ဖျက်ရာတွင် )
အရှင်ဘုရား မီး-ရေ-လေ တိုပကြောင့် ကမ္ဘာကြီးပျက်စီးသည့်အခါ
မီးကြောင့် ဗြဟ္မာ့ပြည် ပထမဈာန် ၃-ဘုံအထိ၊
ရေကြောင့် ဗြဟ္မာ့ပြည် ဒုတိယဈာန် ၃-ဘုံအထိ၊
လေကြောင့် ဗြဟ္မာ့ပြည် တတိယဈာန် ၃-ဘုံအထိ၊ ပျက်စီးသည်ဟု ဆိုပါသည်။

ထိုသို့ မီး-ရေ-လေ တို့ကြောင့် ပျက်စီးရာ၌-
၁။ မီး ၇-ကြိမ် + ရေ ၁-ကြိမ်
၂။ မီး ၇-ကြိမ် + ရေ ၁-ကြိမ်
၃။ မီး ၇-ကြိမ် + ရေ ၁-ကြိမ်
၄။ မီး ၇-ကြိမ် + ရေ ၁-ကြိမ်
၅။ မီး ၇-ကြိမ် + ရေ ၁-ကြိမ်
၆။ မီး ၇-ကြိမ် + ရေ ၁-ကြိမ်
၇။ မီး ၇-ကြိမ် + ရေ ၁-ကြိမ်
၈။ မီး ၇-ကြိမ် + လေ ၁-ကြိမ်
၈ x ၈ = ၆၄ ကြိမ်မြောက်တွင် လေ-တကြိမ်နေရာတွင် ရေ-တကြိမ် ဖြစ်သင့်ပြီး
၆၅-ကြိမ်မြောက်၌သာ လေ-တကြိမ်ဖျက်၍ ပျက်စီးသည်ဟူသောအဖြစ် ဖြစ်သင့်သည်ဟု ထင်ပါသည်ဘုရား။

ထို့ပြင် မီးxရေ ကြောင့် ပထမဈာန် ၃-ဘုံ၊ ဒုတိယဈာန် ၃-ဘုံတိုပ ပျက်စီးသည်ဟုဆိုလျှင်
နံပါတ် (၁) မီး ၇-ကြိမ် ရေ ၁-ကြိမ် ဖျက်စဉ်ကပင် ပ-ဒု ဘုံတို့ ပျက်စီး၍
နံပါတ် (၂) မှ (၈)အထိ မီး-ရေများ ဖျက်မှုမလိုအပ်တော့ဟု ယူဆရပါသည်၊
ထို့ကြောင့် မည်သို့ယူဆရမည်ကို ညွှန်ကြားပေးပါရန် တင်ပြလျှောက်ထားအပ်ပါသည်ဘုရား။
( မောင်ဝါဝင်း-ရန်ကုန် )

( ဖြေ )
ကမ္ဘာကြီး မီး-ရေ-လေ ဖျက်ရာ၌ မီးအကြိမ်ပေါင်း ( ရ x ၈ = ၅၆ ) ကြိမ်၊
ရေ အကြိမ်ပေါင်း ( ရ ) ကြိမ်၊ လေ ( ၁ ) ကြိမ် စုစုပေါင်း ၆၄-ကြိမ် ဖြစ်ပါသည်။

နံပါတ် (၁) မီး ၇-ကြိမ်+ ရေ ၁-ကြိမ် ဖျက်ရုံဖြင့် ပ-ဒု ဘုံများ အကုန်ပျက်စီသွားသည်မဟုတ်ပါ၊
မီး အကြိမ်ပေါင်း ( ရ x ၈ ) ၅၆-ကြိမ်ခန့် အကြိမ်ကြိမ်လောင်မှ ပထမဈာန် ၃-ဘုံ ကုန်ပါသည်။
ရေ ၇-ကြိမ်မျောလွှင့်မှ ဒုတိယဈာန် ၃-ဘုံ ကုန်ပါသည်။
နောက်ဆုံး လေ ၁-ကြိမ်တိုက်လွှင်မှ တတိယဈာန် ၃-ဘုံ အထိ အကုန်ပျက်စီးပါသည်။

ကမ္ဘာကြီးပျက်နေရသည့်အချိန်သည် ခဏတာလေးမဟုတ်ဘဲ မဟာကပ် တကပ်
( တကမ ္ဘာ ) ၏ လေးပုံတပုံ=အသချေင်္ယျကပ် တကပ်။
အန္တရကပ် ၆၄-ကပ်ခန့်မျှ ကြာပါသည်၊ ထိုကြာညောင်းသည့်အချိန်အတွင်းမှာ မီးအကြိမ် ၂-ကြိမ်၊ ရေအကြိမ် ၂-ကြိမ်၊ ဖျက်ဆီး၍ လေ ၁-ကြိမ် တိုက်လွှင့်ဖျက်ဆီးမှ အားလုံးပျက်စီးခြင်း ဖြစ်လေသည်။

ရေနှင့်လေတို့သည် မီးထက်ပြင်းထန်သော သဘာဝတရားဖြစ်၍ မီးလောက် အကြိမ်မများဘဲ ဖျက်ဆီးနိုင်ခြင်း ဖြစ်ပါသည်၊ ထို့ကြောင့် ၆၄-ကြိမ်မြောက်သည် ရေ-မဟုတ်ဘဲ လေ-သာ အမှန်ဖြစ်ပါသည်။

One comment

  • ဂျေ ဂျူ ဝိုင်

    July 18, 2010 at 7:16 am

    ထိုပိုင်းခြားမှုမှာ ဝိနည်းနှင့် အင်္ဂုတ္တိုရ် အဋ္ဌကထာများအလို-
    ၁။ ပဋိသမ္ဘိဒါပတ္တ (ရဟန္တာခေတ်-ဝိမုတ္တိခေတ်) တထောင်။
    ၂။ ဈာန်မရသော သုက္ခဝိပဿက ((ရဟန္တာခေတ်-ဝိမုတ္တိခေတ်) တထောင်။
    ၃။ အနာဂါမ် အရိယာခေတ် တထောင်။
    ၄။ သကဒါဂါမ် အရိယာခေတ် တထောင်။
    ၅။ သောတာပန် အရိယာခေတ် တထောင်။ဟု၎င်း။

    ဒီဃနိကာယ် အဋ္ဌကထာအလို-
    ၁။ ပဋိသမ္ဘိဒါပတ္တ (ရဟန္တာခေတ်-ဝိမုတ္တိခေတ်) တထောင်။
    ၂။ ဆဠာဘိည (ရဟန္တာခေတ်-ဝိမုတ္တိခေတ်) တထောင်။
    ၃။ တေဝိဇ္ဇက (ရဟန္တာခေတ်-ဝိမုတ္တိခေတ်) တထောင်။
    ၄။ သုက္ခဝိပဿက (ရဟန္တာခေတ်-ဝိမုတ္တိခေတ်) တထောင်။
    ၅။ ပါတိမောက္ခသံဝရသီလခေတ် တထောင်-ဟု၎င်း ပိုင်းခြားသတ်မှတ်ခဲ့ပါသည်။

    ဒါလေးကို သိရတာ ကျေးဇူးတင်ပါတယ်။ ကျန်တဲ့ မေးခွန်းနဲ့ အဖြေတွေအားလုံးကလည်း လူတိုင်း သိသင့်တဲ့ ကိစ္စ တစ်ခုဖြစ်ပါတယ်။

Leave a Reply