“ ပေးယူတာလား … ပေးကူတာလား ”

ဓမၼ သုေတသီDecember 23, 20121min1664

“လူတွေဟာ ပေးတော့ ပေးကြပါတယ်၊ ဒါပေမယ့် တစ်ချို့လူတွေက ယူဖို့ပေးကြ တယ်။ တစ်ချို့လူတွေက ပူပြီးပေးကြတယ်။ တစ်ချို့လူတွေက စွန့်ပြီးပေးကြတယ်။ တစ်ချို့လူတွေက ကူဖို့ပေးကြတယ်။

သင်ဟာ ပေးနေသူတစ်ယောက်ဖြစ်နေမယ်ဆိုရင် ယူဖို့ပေးတာလား၊ ပူပြီးပေးနေ တာလား၊ စွန့်ပြီးပေးနေတာလား၊ ဒါမှမဟုတ် ကူဖို့ပေးနေတာလား……..”

ဖြောင့်ချက်……

‘ထောင်မြင်လို့ ရာစွန့်၊ ဒီယုံမြင်လို့ ဒီချုံထွင်၊ ဆူးလိုချင်လို့ ဆူးနဲ့ထွင်’ ဆိုသလို သိ သိသာသာ ရလိုမှု၊ တောင်းလိုမှု၊ မသိသော ရလိုမှုတွေနဲ့ ယူဖို့၊ ရဖို့ပေးတဲ့ ဒီလိုပေးခြင်း မျိုးဟာ စီးပွားရေးဆန်ဆန် ပေးခြင်းမျိုးဖြစ်လို့ မသန့်ရှင်း၊ မဖြူစင်တဲ့ ပေးခြင်း၊ မိမိရဲ့အ ကျိုးစီးပွားကို ရှေ့တန်းတင်လွန်းတဲ့ ပေးခြင်းလို့ ဆိုရမှာပါ။

တစ်ဖန် ကိုယ့်ကိုယ်ကို အနစ်နာခံကာ ‘သူတစ်ပါးတွေတော့ ချမ်းသာစေ၊ မိမိမှာ မူ ဆင်းရဲစေ ’ ဆိုတဲ့ ပေးခြင်းမျိုးဟာ မိမိပေးနိုင်တဲ့ အတိုင်းအတာထက် လွန်လွန်ကျွံကျွံ ညှစ်ထုတ်၍ ညှစ်ပေးခြင်းမျိုး၊ ပေးပြီး ပူပန်ရတဲ့ ပေးခြင်းမျိုးဖြစ်လို့ အပြည့်အဝမကောင်း မွန်တဲ့ ပေးခြင်း၊ သူတစ်ပါးရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်လွန်းတဲ့ ပေးခြင်းလို့ ဆိုရမှာ ပါ။

တစ်ဖန် မိမိအတွက် မလိုအပ်တော့လို့ သူတစ်ပါးအတွက် လိုအပ်/မလိုအပ်၊ သင့် လျော်/မသင့်လျော် မစဉ်းစား မသုံးသပ်ဘဲ စွန်းပစ်ပစ္စည်းတစ်ခုလို စွန့်ပေးခြင်းမျိုးကား အသုံးမဝင်တော့သဖြင့် စွန့်ပစ်ခြင်းသဘောမျိုး၊ မိမိပေးနိုင်တဲ့အတိုင်းအတာထက် လျော့လျော့ပေါ့ပေါ့ညစ်၍ ညစ်ပေးပေးခြင်းမျိုးဖြစ်လို့ အကျိုးမရှိတဲ့ ပေးခြင်း၊ မရောင်ရာ ဆီလူးတဲ့ ပေးခြင်းလို့ ဆိုရမှာပါ။

တစ်ဖန် သူတစ်ပါးအတွက်လည်း လိုအပ်၍အကျိုးရှိ၊ မိမိလည်း ပေးနိုင်တဲ့ အ တိုင်းတာအမှန်ရှိသဖြင့် မိမိအကျိုးစီးပွားကို မမြှော်ကိုး မတွက်ချက်ဘဲ သူတစ်ပါးအကျိုး ဖြစ်မည်ကို မျှော်ကိုး၍ ကူညီသောအားဖြင့် ပေးခြင်းမျိုးကား တန်းတူအကျိုးစီးပွားဖြစ်စေ လိုတဲ့ သဘောမျိုး၊ နှစ်ဦးစလုံး မျှတကောင်းမွန်တဲ့ ပေးခြင်းမျိုးဖြစ်လို့ အပြည့်အဝ ကောင်းမွန် အကျိုးရှိတဲ့ပေးခြင်း၊ မျှတတဲ့ ပေးခြင်းလို့ ဆိုရမှာပါ။

ဒီလိုပေးခြင်း(၄)မျိုးမှာ ယူပေးခြင်း၊ ပူပေးခြင်း၊ စွန့်ပေးခြင်းတွေဟာ ပေးခြင်းဖြစ်၍ ကောင်းတဲးအလုပ်များဖြစ်သော်လည်း မှန်ကန်တဲ့ပေးခြင်းမျိုးမဟုတ်၊ ပေးတဲ့အလုပ်မှန် သော်လည်း ရည်ရွယ်ချက်နှင့် ပေးပုံ၊ ပေးနည်းစနစ် မမှန်ကန်၊ မဖြောင့်မတ်လို့ ထိ ရောက်တဲ့ အကျိုးကို ဖြစ်ထွန်းမှုမရှိတဲ့ ပေးခြင်းတွေပါပဲ။ ဒါကြောင့် ပေးမည်ဆိုရင် ပေး သင့်သလား၊ ပေးနိုင်သလား၊ အကျိုးဖြစ်ထွန်းမလား၊ မျှမျှတတဖြစ်ရဲ့လား…စဉ်းစားပြီးမှ ပေးပါ။ ဒီလို မျှမျှတတပေးနိုင်ရင် နှစ်ဦးစလုံး မျှတကောင်းမွန် အကျိုးရှိတဲ့ ပေးခြင်းမျိုး ဖြစ်လို့ သန့်ရှင်းစင်ကြယ်တဲ့ ပေးခြင်း၊ မှန်ကန်ဖြောင့်မတ်တဲ့ ပေးခြင်းဖြစ်ပါလိမ့်မယ်။

တစ်ဖန် ပေးခြင်း(၄)မျိုးကို အမြှော်အကြောက်ဖြင့်ပေးခြင်း၊ အမြှော်အကြောက်မ ရှိ ပေးခြင်းဆိုပြီး တူရာတူရာ ပေါင်းစုလို့ (၂)မျိုးခွဲခြားနိုင်ပါသေးတယ်။ ယူပေးခြင်း၊ ပူ ပေးခြင်း၊ စွန့်ပေးခြင်းတွေဟာ အမြှော်အကြောက်ဖြင့် ပေးခြင်းမျိုးတွေပါ။ ကူပေးခြင်းက တော့ အမြှော်အကြောက်မရှိတဲ့ ပေးခြင်းမျိုးတွေပါ။ ရိုးသားစင်ကြယ် ယဉ်ကျေးမြင့်မြတ် တဲ့ ပုဂ္ဂိုလ်(ဘုရား၊ ရဟန္တာ၊ အရိယာ)တွေရဲ့ ပေးခြင်းမျိုးပါပဲ။

ယခု သင်ကော….ဘယ်လို ပေးနေတာလဲ။ အမြှော်အကြောက်တွေနဲ့ ယူပေး၊ ပူ ပေး၊ စွန့်ပေး..ပေးနေတာလား…..၊ အမြှော်အကြောက်မရှိဘဲ ကူပေး..ပေးနေတာ လား..။

4 comments

  • မှတ်သားလောက်ပါတယ်။
    ကူပေးတွေနည်းပြီး၊ပူပေးတွေများနေတယ်
    ဆင်ခြင်သင့်သော်လည်း ဘဝပေးတွေကြောင့်ဖြစ်ရတယ်

  • မောင်ပေ

    December 23, 2012 at 8:02 pm

    ဘီလ်ဂိတ်သား မဟုတ် ၊ မိုဗစ်သားမဟုတ် ပဲ မြန်မာနိုင်ငံက သာမန် မိသားစုမှာ မွေးဖွားရှင်သန်ကြီးပြင်းလာရတာမို ့ သာမန်လူတစ်ယောက်အနေနဲ ့
    အမြှော်အမြင်နဲ ့ စီးပွားရှာရာမှာ အပူနဲအောင်တော့ တတ်နိုင်သမျှ ဆင်ခြင်ရပါတယ်
    အော်ရီဂျင်နယ် မချမ်းသာတော့ ၊ စားဖို ့သောက်ဖို ့ ၊ လှူဖို ့တမ်းဖို ့၊ နောက်ဆုံး ဓမ္မရှာနိုင်ဖို ့အထိ စီးပွားရှာနေဆဲပါ

  • mobile (mandalay)

    December 24, 2012 at 9:06 am

    မှန်လှပါ အရှင်ဘုရား
    တပည့်တော် သည်တော့ တစ်ခါတစ်ရံ နည်းနည်းမျှော်လင့်၍ ပေးခြင်း
    တစ်ခါတစ်ရံ များများမျှော်လင့်၍ပေးခြင်း
    တစ်ခါတစ်ရံ များသည်ထက်ပိုးများများ မျှော်လင့်၍ပေးခြင်းများ ကိုသာ
    ပြုလုပ်လေ့ရှိကြောင်းပါဘုရားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • ဓမ္မ သုတေသီ

    December 24, 2012 at 1:15 pm

    ကွန်မင့်ပေးသူအားလုံးကို ဝမ်းမြောက်ကျေးဇူးတင်မိကြောင်းနဲ့
    အခြေအနေပေးသလို ပို့စ်များကို တင်သွားမှာဖြစ်ကြောင်းကို
    ပြောလိုပါတယ်။ ကွန်မင့်တွေကို အကျယ်တဝင့်ရေးပြီး ပြောပြချင်ပေမဲ့
    အကြောင်းအခွင့်မသာသေးလို့သာ ဖြစ်ပါကြောင်းလည်း ထပ်တိုးပြီး
    တောင်းပန်လိုက်ပါတယ်။ ကျမ်းမာသုခ၊ ပြည်ဝကြပါစေ….။

Leave a Reply