သီလ၏ အဓိပ္ပါယ်

zaylayJuly 18, 20101min110

သီလ၏ အဓိပ္ပါယ်

သီလဆိုသည်မှာ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့ကို ရုန့်ရင်းကြမ်းတမ်းမှုမရှိစေဘဲ
နူ့ညံ့သိမ်မွေ့အောင် ကောင်းစွာထားတတ်သောကြောင့်လည်းကောင်း၊
ကုသိုလ်တရားတို့ကို
အဆင့်ဆင့်တိုးပွားအောင် ကောင်းစွာလုပ်ဆောင်တတ်သောကြောင့်လည်းကောင်း သီလဟု
ခေါ်ဆိုပါသည်။

တစ်နည်းအားဖြင့် သီသ-ဦးခေါင်းဟူသော စကားမှ ဆင်းသက်ရွေ့လျောလာ၍ သီသမှသီလဟု
ပြောင်းလဲလာခဲ့သည်။
သတ္တဝါများ ဦးခေါင်းပြတ်သွားလျှင် တစ်ကိုယ်လုံးပျက်စီးသွားသကဲ့သို့
လူတစ်ယောက်မှာ
သီလတရားပျက်စီးသွားလျှင်လည်းကောင်း၊ သီလတရားမရှိလျှင်လည်းကောင်း
ကုသိုလ်ဟူသမျှ
မရရှိနိုင်တော့၍ အလုံးစုံပျက်စီးသွားတော့သည်ဟု ဆိုလိုပါသည်။
တစ်နည်းအားဖြင့် လောက၌
အပူအေးငြိမ်းခြင်းကို “သီတလ”ဟု ခေါ်ကြ၏။ ထို“သီတလ”မှ အလယ်အက္ခရာ
(တဝမ်းပူ)ဖြုတ်၍
သီလဟု ခေါ်ကြပါသည်။ သတ္တဝါတို့၏ သန္တာန်၌ ကိလေသာအပူဟူသမျှတို့ကို
ငြိမ်းအေးအောင်
ပြုလုပ်ပေးတတ်သောကြောင့် သီလဟု ခေါ်ဆိုခြင်း ဖြစ်ပေသည်။

ထို့ပြင် သီလဆိုသည်မှာ ကောင်းသောအကျင့်ဟု ဆိုလိုပါသည်။ ကောင်းသော
အကျင့်ဆိုသည်မှာလည်း…..

၁။ မိမိ၏စိတ်ကို ကောင်းစွာထားရှိခြင်း။

၂။ မိမိလုပ်သောအလုပ်သည် ကောင်းသောအလုပ်သာဖြစ်ခြင်းဟု နှစ်မျိုးရှိပါသည်။

မိမိ၏စိတ်ကို ကောင်းစွာထားရှိခြင်း

မိမိ၏စိတ်ကို ကောင်းစွာထားရှိခြင်းဆိုသည်မှာ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့ကို
ဖရိုဖရဲမရှိစေရန် ထိန်းသိမ်းခြင်းကို ဆိုလိုပါသည်။ သီလမစောင့်ထိန်းသောသူ၏
ကာယကံမှု၊
ဝစီကံမှု၊ မနောကံမှုတို့သည် အထိန်းမရှိသောချည်းကဲ့သို့
ဖရိုဖရဲဖြစ်နေတတ်ပါသည်။
သီလစောင့်ထိန်းထားမှသာ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့ကို
ဖရိုဖရဲမဖြစ်အောင်
ထိန်းနိုင်ပါလိမ့်မည်။

စိတ်နေစိတ်ထား ခက်ထန်ကြမ်းတမ်းသူ တစ်ယောက်သည် သီလစောင့်ထိန်းထားပါက အခြားသောသူများ
သည်းမခံနိုင်လောက်အောင် လာရောက်ပြောဆို ရန်စပါသော်လည်း
သီလစောင့်ထိန်း ထားသောကြောင့် အတုန့်အပြန်လက်စားချေလိုသော ကာယကံမှု၊
ဝစီကံမှု၊
မနေကံမှု သောင်းကျန်းးမှုများ မဖြစ်အောင် ကောင်းစွာထိန်းနိုင်ပါလိမ့်မည်။
အကယ်၍
ထိုသို့မဟုတ်ဘဲ သီလဆောက်တည်မထားပါက ထိုသူ၏ ကာယကံမှု၊ ဝစီကံမှု၊
မနောကံမှုတို့သည်
တားမရဆီးမရဖြစ်ပြီး ဖရိုဖရဲ သောင်းကျန်းမှုများ ပြုလုပ်မည်မှာ သေချာသလောက်
ဖြစ်ပေသည်။

မိမိအလုပ်သည် ကောင်းသောအလုပ်ဖြစ်ခြင်း

ကုသိုလ်တရားမှန်သမျှသည် သီလနဲ့မကင်းသောကြောင့် သီလရှိသောသူသည်သာလျှင် ကောင်းသောကုသိုလ်အလုပ်တို့ကို
လုပ်ဖြစ်ပါလိမ့်မည်။ သီလသည် ကုသိုလ်တရားတို့၏ မူလအကြောင်းရင်းဖြစ်၍
သီလကိုအခြေခံပြီး ကောင်းသောအလုပ်တို့ကို လုပ်ကြရပါသည်။ သီလမရှိသောသူသည်
ကောင်းသော အလုပ်တို့ကို လုပ်ဖြစ်ပါသော်လည်း
ထိုလုပ်သောကောင်းမှုကုသိုလ်တို့သည်
သီလရှိပြီးလုပ်သောသူလောက် အကျိုးပေးထက်သန်မှု မရှိပေ။

ထို့ကြောင့် ဒါန သီလ ဘာဝနာဟူသော အကျင့်လမ်းစဉ်၌ ဒါနကိုရှေ့၌ထား၍ ဖော်ပြထားသော်လည်း
သီလကိုအခြေခံ၍ပြုလုပ်သော ဒါနကုသိုလ် ဘာဝနာကုသိုလ်တို့သည်
ပိုမို၍အကျိုးပေးထက်သန်
စည်ပင်ပြန့်ပြောပါသည်။ သို့ဖြစ်၍ အလှူအတန်းများ၌ ရေစက်မချမီ ငါးပါးသီလ၊
ရှစ်ပါးသီလတစ်ခုခု ခံယူဆောက်တည်ပြီးမှ အလှူဒါနကို ရေစက်ချပေးခြင်းသည်
ထိုအလှူဒါနအား အကျိုးပေးထက်သန်အောင် ပြုလုပ်ပေးခြင်း ဖြစ်ပါသည်။

ဒါနထက် သီလမြတ်ပုံ

ဒါနထက် သီလမြတ်သည်ဟုပြောလျှင် သာမန်တွေးတောကြည့်ပါက ဝန်ခံရန် ခဲယဉ်းပေးလိမ့်မည်။
သို့သော်
လေးလေးနက်နက်စဉ်းစားကြည့်ပါက ခိုင်မာသောအကြောင်းအရာ အချက်အလက်တို့ကို
တွေ့ရပါလိမ့်မည်။ ကောင်းမှုကုသိုလ် အလုပ်မှန်သမျှတို့သည်
သူတစ်ပါးမဆင်းရဲအောင်
စောင့်ရှောက်သော အလုပ်နှင့် သူတစ်ပါးချမ်းသာအောင် ကူညီသောအလုပ်များ
ဖြစ်ပါသည်။

ဒါနအလုပ်နှင့် သီလအလုပ်နှစ်မျိုးတွင် ဒါနသည် သူတစ်ပါးချမ်းသာအောင် ပြုလုပ်ပေးသော
အလုပ်ဖြစ်၍
သီလအလုပ်သည် သူတစ်ပါးဆင်းရဲဒုက္ခမရောက်အောင် စောင့်ရှောက်သောအလုပ်
ဖြစ်ပေသည်။
ထိုဒါနအလုပ်နှင့် သီလအလုပ်တို့ကို နားလည်အောင် ရှင်းပြမှသာလျှင် ဘယ်အရာက
ပိုမြတ်ကြောင်းကို သိသာထင်ရှားပြီး နားလည်လိမ့်မည်ဖြစ်သောကြောင့်
ထိုနှစ်မျိုး၏အကျယ်ကို အနည်းငယ်ရှင်းပြလိုပါသည်။

ဒါနအလုပ်ဆိုသည်မှာ

ဒါနအလုပ်ဆိုသည်မှာ “ဘယ်သူမပြု မိမိမှု”ဟု ဆိုသည့်အတိုင်း သတ္တဝါတစ်ဦးတစ်ယောက်သည်
သူကံအားလျော်စွာ
ဆင်းရဲနေသူကို မိမိကကူညီထောက်ပံ့ခြင်း၊ စွန့်ကြဲပေးကမ်းခြင်းသည်
ဒါနအလုပ်ဖြစ်ပါသည်။ ထို့အတူ ပစ္စည်းလေးပါးရှားပါးသော ရဟန်းသာမဏေတို့အား
လှူဒါန်းခြင်းသည်လည်း ကူညီရာရောက်သော ဒါနအလုပ်ပင် ဖြစ်ပါသည်။
ဘုန်းကံကြီးမား၍
ပစ္စည်းလေးပါးပေါများသော ရဟန်းသာမဏေတို့အား ထိုရဟန်းသာမဏေတို့ထံ၌ မရှိသေးသော
ပစ္စည်းအရာဝတ္ထုများကို လှူဒါန်းခြင်းသည်လည်း ကူညီရာရောက်သော ဒါနအလုပ်ပင်
ဖြစ်ပါသည်။

ထို့ကြောင့် ဒါနအလုပ်ဟူသမျှသည် ဆင်းရဲသူများမှအစ ရဟန်းသံဃာအားလုံးအပါအဝင်
ကမ္ဘာပေါ်မှာရှိသော
သတ္တဝါအားလုံးတို့အား ချမ်းသာအောင် ကူညီစောင့်ရှောက်သော အလုပ်ကောင်း
တစ်မျိုးဖြစ်ပါသည်။

သီလအလုပ်ဆိုသည်မှာ

သီလအလုပ်ဆိုသည်မှာ သူတစ်ပါးဆင်းရဲဒုက္ခမရောက်အောင် စောင့်ရှောက်ထိန်းသိမ်းသော အလုပ်ဖြစ်ပါသည်။
ပါဏာတိပါတာဝေရာမဏိစသော သီလသိက္ခာပုဒ်များကို မစောင့်ထိန်းဘဲ တွေ့သမျှသတ္တဝါ
တို့အား
လိုက်၍သတ်နေလျှင် အသတ်ခံရသော ပုဂ္ဂိုလ်သတ္တဝါများ မည်မျှဆင်းရဲ
ဒုက္ခရောက်မည်ကို
စဉ်းစားကြည့်လျှင် သိနိုင်ပါသည်။ “ပါဏာတိပါတ”သိက္ခာပုဒ်မစောင့်ထိန်းဘဲ
သတ်ချင်းတိုင်း သတ်နေကြသည့်အတွက် မြစ်, ပင်လယ်, ချောင်းများ၌ရှိသော
ငါးစသောသတ္တဝါများ၊ မြို့ရွာတို့၌ရှိသော နွား၊ ကျွဲ၊ ဆိတ်၊ ကြက်၊ ဝက်၊
ငှက်အစရှိသော
သတ္တဝါများ အသတ်ခံရ၍ မည်မျှဆင်းရဲရှာကြမည်ကိုလည်းကောင်း၊ လူအချင်းအချင်း
ညှင်းပန်းနှိက်စက်ပြီး ရက်စက်စွာသတ်ဖြတ်မှုမှစ၍ စစ်အကြီးအကျယ်ဖြစ်ပြီး
သွေးယိုစီးကျအောင် သတ်နေကြသည်ကိုလည်းကောင်း၊ ကမ္ဘာအရပ်ရပ်ဝယ်
စစ်ဖြစ်တော့မည်ဟုကြားရလျှင် လူသားများ မည်မျှစိတ်ဆင်းရဲရသည်ကိုလည်းကောင်း
စဉ်းစားကြည့်ပါက ဝမ်းနည်းဖွယ်ကောင်းလှပါသည်။ “ပါဏာတိပါတ”သီလတစ်ပါးကို
မစောင့်ထိန်းနိုင်သောကြောင့် တစ်ယောက်နှစ်ယောက်ကစ၍ ကမ္ဘာပေါ်မှာရှိသော
သတ္တဝါအားလုံး
ဆင်းရဲဒုက္ခရောက်နေကြရသည် မဟုတ်ပါလော။

“ပါဏာတိပါတ”သီလကို စောင့်ထိန်း၍ ရှောင်ကြဉ်လိုက်နာကြပါမှု သတ်ပုတ်ရိုက်နှက်
ညှင်းပန်းနှိက်စက်ခံရ၍ မျက်ရည်တလည်လည်းနဲ့
အားငယ်ကြရသောဆင်းရဲ၊ မချိမဆံ့ခံစားကြရသောဆင်းရဲများမှ
ကယ်ဆယ်ရာရောက်သောကြောင့်
ဤသီလကို စောင့်ထိန်းသင့်ပါသည်။ တစ်ယောက်စောင့်ထိန်းလျှင် တစ်ယောက်အတွက်၊
နှစ်ယောက်စောင့်ထိန်းလျှင် နှစ်ယောက်အတွက်စသည်ဖြင့် ကမ္ဘာပေါ်ရှိသတ္တဝါအားလုံး
စောင့်ထိန်းလျှင် သတ္တဝါအားလုံးအတွက် ထိုဆင်းရဲမျိုးမခံစားရတော့ဘဲ
တွေ့မြင်သမျှသော
သတ္တဝါတို့အပေါ်၌ မေတ္တာ၊ ကရုဏာ၊ မုဒိတာတရားများထားလျှင် အလွန်ကျက်သရေရှိ၍
စိုစိုပြေပြေနဲ့ ပျော်ရွှင်စရာကောင်းသော ကမ္ဘာကြီး ဖြစ်နေမည်မှာ မလွဲဧကန်ပင်
ဖြစ်ပါသည်။