အသွင်တူ၍ ခြားနားသည်

:gee: အသွင်တူ၍ ခြားနားသည် :chee:

အလုပ်ထဲမှာရိုးသားဖြောင့်မတ်စွာတလေးတစားရှိတာကြောင့် ဇင်လင်းကိုအန်တီကြီးကအရေးပေးသည်။ လက်လွတ်မခံချင်။အလုပ်ထဲမှာ ပြဿနာတစ်စုံတစ်ရာဖြစ်ခဲ့ရင်တောင် ဇင်လင်းဘက်ကရပ်တည်လျက် တစ်ဖက်အလုပ်သမားကိုသာအဆုံးရှုံးခံမည့်ပုံ။ခုခေတ်ခါမှာ ရိုးသားပြီးအလုပ်ကောင်းကောင်းလုပ်သည့် လူငယ်မျိုးကရှားပါးတာကြောင့်လည်း အန်တီကြီးအတွက် ဇင်လင်းဟာတန်ဖိုးတစ်ခုလို ဖြစ်နေလောက်တာပါ။

ထိုကဲ့သို့ အလုပ်ရှင်အန်တီကြီးရဲ့ အရေးပေးဂရုပြုမှုတွေကြောင့် ဇင်လင်းအလုပ်ထဲမှာ အနေရခက်လာတော့ပြီ။
နောက်ပိုင်းကာလတွေမှာ ဇင်လင်းရဲ့ကြိုးစားမှုကြောင့် ထိုက်တန်တဲ့နေရာတစ်ခုကိုရလာတာ မှန်သော်ငြား အန်တီကြီးရဲ့ အထူးအရေးပေးမှုကြောင့်ဟု တီးတိုးဝေဖန်လာတဲ့အသိုင်းအဝိုင်းကြား ဇင်လင်းအလုပ်ထဲမှာ စိတ်ပျက်လို့နေလေပြီ။

ဇင်လင်းအလုပ်မသွားတဲ့ရက်တွေဆိုရင် မျက်နှာမကောင်းရှာသောအဖေ၊အမေနဲ့ညီမနှစ်ယောက်ကြောင့် ဇင်လင်းအလုပ်ကိုအပြီးတိုင်မစွန့်ခွာနိုင်သလို၊စိတ်ထဲမှာနောက်ကျိရှုပ်ထွေး အနေခက်နေသည့်ကိစ္စကြီးကို လည်းဖွင့်ပြောဖို့ရန် နှုတ်မရဲ။

အလုပ်ထဲမှာ လက်အောက်ငယ်သားတွေက ဇင်လင်းအပေါ်မချေမငံဆက်ဆံကြသည့်အခါတိုင်း ငါ့ကိုအန်တီကြီးနဲ့အထင်မှားပြီး မလေးမစားလုပ်နေကြတယ် ဟုပင်တစ်ကိုယ်ရည် တွေးတောမိလျက် စိတ်မကောင်းခြင်းတွေဖြစ်ရတာအခါခါ။

စိတ်နှလုံးမချမ်းသာတော့ ကိုယ်ခန္ဓ္ဓာကပါနှုန်းချိလှတာကြောင့် အလုပ်သွားဖို့ဘယ်လိုမှမမတ်နိုင်တဲ့ရက်တွေ များများလာရတော့သည်။တစ်ရက်ကနေနှစ်ရက်တွေကတော့ ညီမတွေက အန်တီကြီးထံဖုန်းဆက်ပြီး ခွင့်ယူ ပေးတတ်ကြသည်။သုံးလေးငါးရက်ဖြစ်လာပြီဆိုရင်တော့ အန်တီကြီးက အိမ်တိုင်ရာရောက် ပေါက်ချလာကာ ဇင်လင်းအလုပ်သို့လာပါမည်ဟု ကတိမပေးမချင်းချော့မော့ခေါ်တော့တာပင်။

ထိုအခါမျိုုးတွေဆို အိမ်ကလူတွေမှာ များစွာအနေခက်အားနာလျက် ဇင်လင်းကိုသာအပြစ်တင်ချင်ကြသည်။ အန်တီကြီးရဲ့ အယုံအကြည်ရဆုံး၊အားအထားရဆုံးဖြစ်နေရတဲ့အလုပ်သမားတစ်ယောက်အနေနဲ့ အန်တီကြီး နဲ့အလုပ်ပေါ် လက်လွတ်စပယ်လုပ်လိုက်ဖို့ ဘယ်တော့မှ ပြတ်သားလို့မရဖြစ်ဖြစ်နေတာကြောင့် နောက်ဆုံးမှာ အန်တီကြီးတောင်းတဲ့ကတိကိုပေးလျက် အလုပ်ထဲပြန်ပြန်ရောက်သွားရပြန်တော့တာအကြိမ်ကြိမ်။

အန်တီကြီးပြောသလို ဘယ်သူ့ကိုမှဂရုစိုက်ဖို့မလိုဆိုတဲ့စကားကိုလည်း စွဲကိုင်ထားလို့မဖြစ်။ ဇင်လင်းဆိုတဲ့ကောင်က အစကတည်းကသူများအငြိုအငြင်အစောင်းအမြောင်းတွေကို နည်းနည်းလေးမှခံနိုင် ရည်ရှိခဲ့တာမဟုတ်။ဘဝရဲ့နိမ့်ကျမှုကြောင့် အမြဲလိုလိုသိမ်ငယ်နေတဲ့စိတ်ကို မာနတစ်ခုနဲ့ဖုံးလွှမ်းထားခဲ့သူ။
ကိုယ်ကျင့်တရားကလွဲလို့ ဘာမှမချမ်းသာတဲ့ဘဝလို့ ကိုယ့်ကိုယ်ကိုဆုံးမပြီး ဘယ်သူ့ရဲ့အထင်အမြင်လွဲ၊ အထင်အမြင်သေးမှုကိုမှအစွန်းမခံချင်လှ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အလုပ်ပျက်ရက်တွေထဲစံချိန်တင်လောက်အောင် တစ်ပတ်လောက်အလုပ်မသွားထားတဲ့ဇင်လင်း အန်တီကြီးရဲ့ အကြိမ်ကြိမ်လာရောက်ခေါ်ယူမှု၊ဖုန်းဆက်မှုတွေကြောင့် နောက်ဆုံးထုံးစံအတိုင်းလက်လျှော့ကာ ဒီနေ့မနက် စောစောခါတိုင်းထက်ပိုစောလျက် မှတ်တိုင်သို့ထွက်လာမိသည်။

[ဟဲ့ ဇင်လင်း နင်ဒီနေ့စောပါလား]

တစ်လမ်းထဲနေတဲ့ အိအိခိုင်ကိုပြုံးပြလျက် လူရှင်းသောခုံတန်းလေးမှာဝင်ထိုင်လိုက်သည်။

[အိခိုင် နင်ကောအလုပ်ထဲမှာအဆင်ပြေရဲ့လား မတွေ့ဖြစ်တာတောင်ကြာပြီ]

[မတွေ့ဆို နင်နဲ့ငါနဲ့က အလုပ်သွားချိန်မတူတာရယ်၊အလုပ်ပြန်တွေနောက်ကျကြတာရယ်ကိုဟ ဒါနဲ့နင်သိလား နင့်တာတာအကြောင်းလေ]

တာတာဆိုမှ သူ့ရင်ထဲမှာ တိတ်တခိုးတွယ်တာဖူးတဲ့ ခင်တွယ်တာဦး အကြောင်းကို စိတ်ဝင်တစားနားစွင့်လိုက်မိ သည်။

[ပြောပါဦးဟ တာတာကအရင်အလုပ်မှာပဲမို့လား အဆင်ပြေလှတယ်ဆို]

အိအိခိုင်က သိပ်မကြည်လင်သောမျက်နှာပေးနှင့်

[အဆင်ကတော့ပြေမှာပေါ့ဟာ ငါတို့တောင်မထင်ထားဘူး အခုသူ့အလုပ်ရှင်အဘိုးကြီးကို အမိအရသိမ်းသွင်းနေ တယ်ဟာ…]

ဇင်လင်းမျက်လုံးတို့ နဂိုထက်ပိုကျယ်သွားအောင်အံ့ဩရသည်။မိမိအဖို့ အလုပ်ရှင်ရဲ့အရေးပေးမှုကြောင့်အနေ အထိုင်ခက်လျက် အလုပ်ထဲမှာမပျော်နိုင်တဲ့အထိဖြစ်နေချိန်မှာ တာတာတစ်ယောက်ကဖြင့် သူမအလုပ်ရှင်ကို မသင့်တော်တာတွေနဲ့ဖျားယောင်းနေတယ်ဆိုပါလား။
အိအိခိုင်လို စိတ်သဘောထားမဆိုးလှတဲ့ကျောင်းနေဘက်တစ်ယောက်ကတော့ သွားပုပ်လေလွင့်ပြောမှာ မဟုတ်လောက် ဟုဇင်လင်းထင်သည်။

[နင်နဲ့မတွေ့ဖြစ်ပေမယ့် ငါတစ်ရက်လောက်နင့်ကိုအသိပေးဖို့စဉ်းစားပါသေးတယ်။ဒါပေမယ့် နင့်အနေနဲ့လည်း တာတာ့ကိုအရင်လိုစိတ်ရှိချင်မှရှိတော့မှာဆိုပြီး သတင်းဖွတယ်ထင်မှာဆိုးလို့နေလိုက်တာဟ..အခုတောင်ကြုံ တုန်းမို့ပြောလိုက်တာ]

[အင်း ငါလည်းတာတာလိုချင်တဲ့ဘဝပုံစံမျိုးနဲ့ ငါ့အခြေအနေက အရမ်းကိုလိုက်လို့မမှီနိုင်တာကြောင့် လက်လျှော့ ထားလိုက်ရတာပါ..သူ့အကြောင်းတွေကိုတော့ကြားချင်သိချင် ရင်ခုန်နေတုန်းပါဟာ ငါ့ကိုသေသေချာချာလေး ပြောပြပါလား နင်အလုပ်နောက်ကျနေမလားအိခိုင်]

[ရပါတယ်ဇင်လင်းရယ် ငါကလည်းနင့်ကိုပြောပြချင်နေတော့ နောက်ကျချင်လည်းနောက်ကျပါစေ တစ်နေ့တလေပဲဟာ]

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇင်လင်းအတွက် အိအိခိုင်နဲ့ဆုံလိုက်ခြင်းဟာ အလုပ်အပေါ်စိတ်ပျက်နေမှုအတွက် ကုစားပေးတဲ့ဆေးတစ်ခွက် ရလိုက်သလိုပါပဲ။
ဇင်လင်း အလုပ်မှာရိုးသားစွာနဲ့ကြိုးစားနေခဲ့တာ ၃နှစ်မကတော့။အန်တီကြီးရဲ့ အလေးပေးမှုဂရုစိုက်မှုကိုရဖို့ တန်တယ်လို့ကိုယ့်ကိုယ်ကိုခံယူလိုက်မိချိန်မှာ အရာရာဟာ ကြည်လင်နေတဲ့ရေမျက်နှာပြင်လို အရောင်ပြောင်း သွားချေပြီ။
လက်အောက်ငယ်သားတွေရဲ့မလေးမခန့်မှုအပေါ် စိတ်မသိုးမသန့်နဲ့စိုးရွံ့နေစရာဘာအကြောင်းရှိလဲဟု ကိုယ့်ကိုယ်ကိုပြန်ဝေဖန်ပြစ်လိုက်ချေပြီ။

ခင်တွယ်တာဦး…
သူမလိုပဲ ဇင်လင်းတို့လည်းဘဝအခြေမြင့်ချင်တာပေါ့။အထူးသဖြင့် သူမလိုမိန်းကလေးတွေ ပိုလိုပင် ကောင်းကောင်းမြင့်မြင့်လိုချင်ကြမည်။
ထိုသို့အမြင့်ကိုတက်လှမ်းချင်တိုင်းသာ အမြင့်ကလူတွေကိုဆွဲချရမယ်ဆိုရင် မိမိဘဝကိုမိမိသတီနိုင်ပါတော့ မလား။

ခင်တွယ်တာဦးရဲ့ အိမ်ထောင်သည်အလုပ်ရှင်အပေါ် ဖျားယောင်းသိမ်းသွင်းမှုတွေကြောင့် သူမလိုချင်တဲ့ဘဝကို သူမသိုသိုသိပ်သိပ်တော့ရနေလောက်ပါပြီ။
အဆင့်တစ်နေရာရောက်နေသော သူမရဲ့လက်အောက်ငယ်သားတွေကြားမှာတော့ သူမလုပ်သမျှအရာတိုင်း အတွက် အမှားလို့ဝိုင်းပြောရင်တောင် ပြန်ချေပဖို့အတော်ခက်ခဲနေချေပြီမဟုတ်ပါလား။

ဇင်လင်းအတွက်ကကော…
အန်တီကြီးရဲ့ အရေးပေးအားကိုးမှုတွေဟာ ခင်တွယ်တာဦးလို အစွန်းအထင်းတွေကြောင့်မှမပါခဲ့ပဲ။
ဒီတော့ ဇင်လင်းအတွက် ဘာကိုကြောင့်ကြ ပူပန် စိတ်ကုန်လက်ပမ်းကျနေစရာလိုလဲ။
ကဲ……ဒီနေ့ကစ ရိုးသားမှုဂုဏ်တစ်ရပ်အတွက် ဘာကိုမှမသိုးမသန့်ဖြစ်ဖို့မလိုတော့ဘူးထင်တယ်ဗျာ…..

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

နန်းတော်ရာသူ ရေးသားသည်။
24-12-2012
7:22(PM)

10 comments

  • မောင်ပေ

    December 24, 2012 at 8:36 pm

    မနန်းတော်ရာသူ ရဲ ့ ဖန်တီးချက်တွေကို ဖတ်ရှုအားပေးသွားပါတယ်ခင်ဗျ

  • ပထမဆုံးဝင်အားပေးခဲ့တာကျေးဇူးပါကိုပေရှင်။
    ကျွန်မရသတွေထဲမှာ အရမ်းတိုပြီးစိတ်ဝင်စားစရာမကောင်းလှတာလေးဆိုပေမယ့်။
    ကျွန်မဆွေမျိုးပတ်ဝန်းကျင်ကတကယ့်ခံစားချက်လေးပါ။
    ခံစားချက်လေးကိုနားလည်စွာမျှယူရေးပေးထားတာလေးပါ။

  • အရီးခင်လတ်

    December 24, 2012 at 11:55 pm

    “အသွင်တူ၍ ခြားနားသည်” ဆိုတဲ့ခေါင်းစဉ်လေးကို သဘောကျပါတယ် မနန်းရေ။

    ဒီ အဖြစ်အပျက် လေးထဲ ကို ဝင်ပြီး ဝေဖန်ရရင်
    လူတစ်ယောက်နဲ့တစ်ယောက် ဆက်ဆံတာ ကို ပုံမှန် မြင်ရုံနဲ့ကို ရိုးရိုးလား၊ ဆန်းဆန်းလား အသိသာကြီးပါ။
    သွေးသားမတော်လဲ ရေစက်ပါရင် ကိုယ့်ဆွေမျိုးရင်းချာလို ခင်မင်သွားတတ်ကြပါတယ်။
    နောက်တစ်ချက်က ခက်ခဲတဲ့ အလုပ်တွေကို အပေးအယူမျှမျှ နဲ့ လုပ်လေ့ရှိကြရင် အဲဒီအလုပ်ကို လုပ်တဲ့ ကျားလဲ ကျားခြင်း၊ မလဲ မခြင်း အင်မတန် ရင်းနှီးချစ်ခင်လေ့ရှိပါတယ်။
    ပြသနာက ကျား နဲ့ မ ဖြစ်ရင်တော့ ပါတ်ဝန်းကျင်က တစ်မျိုးမြင်တတ်မလားဘဲ။
    လူလွတ်ချင်း ဆိုရင်တော့ အကြောင်းမဟုတ်။ အိမ်ထောင်သည် ဖြစ်နေရင်တော့ ဇာတ်လမ်းပိုရှုပ်မယ်။

    တော်ပါသေးရဲ့။
    မနန်း ရဲ့ ဇာတ်လိုက်က အမှန်ကို မြင်သွားလို့။
    ကိုယ်မမှားတဲ့ အကြောင်းကို လိပ်ပြာမလုံစရာ ဘာမှမရှိပါဘူး။
    လုပ်စရာရှိတာ ဆက်လုပ်ပေါ့။
    ဇင်လင်း ဆုံးဖြတ်ချက်မှန်ပါတယ်။

  • kai

    December 25, 2012 at 2:14 am

    အန်တီကြီးမှာကာမပိုင်မရှိ.. ဇင်လင်းမှာကာမပိုင်မရှိဆိုရင်.. သူတို့မှာ Right ရှိပါတယ်..။
    ကာမပိုင်ရှိသူကို သိမ်းသွင်းစည်းရုံးတယ်ဆိုရင်တော့..Right မရှိဘူးပေါ့လေ..။
    ယူအက်စ်မှာဆို.. အိမ်ထောင်သည်ရဲ့မိန်းမက.. သူ့ယောက်ျားကို လွန်ကျူးနေသူကို.. တရားစွဲလို့..တရားရှုံးရင်..ယောက်ျားနား.. ပေ၁ရာအထိမကပ်ရတွေဘာတွေဖြစ်လာမှာ…

    အဲ..
    ပြောရရင်.. ကာမပိုင်တွေဖြစ်ကြ.. လင်မယားဖြစ်ကြလည်း.. မိန်းမ/ယောက်ျားဖြစ်သူက.. အလိုမတူတရားစွဲလို့တရားရှုံးရင်.. အဲဒီမကပ်ရ..မထိရ.. စကားမပြောရ ဥပဒေက အကျိုးသက်ရောက်လာတာပဲ..
    မြန်မာတွေက.. ယူအက်စ်ရဲ့ မိန်းမယောက်ျား တွေရဲ့..Rights နားမလည်လို့.. ဟိုလုပ်ဒီလုပ်နဲ့.. ဥပဒေအရ.. မထိရမကပ်ရတွေဖြစ်ကုန်တာ ခဏခဏကြားရတယ်..။

    ကာမေသု မိစ္ဆာစာရကံ ကိုနားလည်နိုင်ကြစေ…။ :kwi:

  • padonmar

    December 25, 2012 at 3:33 am

    ခင်မင်မှုကို အရောင်ဆိုးချင်ကြတဲ့ အားအားယားယား လူတွေကို သိပ်ဂရုစိုက်နေရင် မှန်တဲ့လမ်းကိုလျှောက်ဖို့ခက်ပါတယ်။
    (ကိုယ့် အတွင်းစိတ်ကလည်း တကယ်ဖြူဖို့တော့လိုတာပေါ့)
    ….
    သူကြီးရဲ့ အံ့ဖွယ်သုတ ကတော့ မကြားစဖူးမို့ တကယ့် အံ့ဖွယ်ပါပဲ။
    (မြန်မာပြည်မှာတော့ လင်ခိုးမှုလို့ မရှိဘူး ထင်တယ်)

  • ခိုင်ဇာ

    December 25, 2012 at 7:59 am

    အရီးလတ်နဲ့ မ ပဒုမ္မာ ပြောတာတွေ သဘူတောပါ၏။
    ညီမလေး နန်းတော်ရာသူ ကို လာ အားပေးသွားပါ၏။

    တော်ကြာ မမန့်ဖြစ်ရင် မဖတ်ဖြစ်ဘူးထင်နေမှာ စိုးလို့။ :harr:

  • Mr. MarGa

    December 25, 2012 at 9:25 am

    ဦးမာဃကတော့ ဒီလိုပြောချင်ပါတယ်
    မှန်တယ်ထင်ရင် လုပ်သာလုပ်
    အဲ
    ကိုယ့်ဘက်ကတော့ မှန်ရမယ်နော်

  • အရီးနဲ့သကြီးရေ အန်တီကြီးကကာမပိုင်မရှိတဲ့ အပျိုကြီးစစ်စစ်ပေမယ့် မြေးအဘွားအရွယ်အထင်ခံရသဖြင့် အလွန်အနေအေးတဲ့ဇင်လင်းမှာ တော်တော်လေး စိတ်ပျက်နေခဲ့ရတယ်။
    ဇာတ်လမ်းအရသာ အဆုံးသတ်ထားပေမယ့် ဇင်လင်းကယခုတိုင်စိတ်ဆင်းရဲနေဆဲပါ။
    ခင်တွယ်တာဦးဆိုတာကတော့ စိတ်ကူးယဉ်ယှဉ်တွဲပေးထားတာပါ။

    အန်တီပဒုမ္မာ၊မမခိုင်ဇာနဲ့ဦးသကြားတို့ရဲ့အားပေးမှုကိုအထူးကျေူးဇူးတင်ပါတယ်ရှင်။
    ကိုယ့်ဘက်ကမှန်နေရက်သားနဲ့ ပတ်ဝန်းကျင်ကြောင့်စိတ်ဓာတ်ကျနေတဲ့ ကလေးတစ်ယောက်အကြောင်း
    လေးကို သေသေချာချာမန့်ပေးတဲ့အတွက်ပါရှင်။

  • mobile (mandalay)

    December 25, 2012 at 11:26 am

    မနန်းတော်ရာသူရဲ့ ပို့စ်လေးကိုရော
    ကွန်မန်းလေးတွေကိုပါ ဖတ်ရှု့အားပေးသွားပါကြောင်းးးးးးးးးးးးးးးးးး

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    December 27, 2012 at 9:12 am

    ဒီကိစ္စကို သေချာပြန်စဉ်းစားကြည့်ရင်…
    မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အလုပ်ရှားပါးမှု… ခိုင်မာသောအလုပ်သမားဥပဒေမရှိမှု နောက်တစ်နည်းပြောရရင်… တရားဥပဒေစိုးမိုးမှုမရှိတဲ့ပြသနာရဲ့ နောက်ဆက်တွဲလို့ပြောရမယ်ထင်ပါ့…

    အခုတွေ့နေရတဲ့ကိစ္စတွေက Froging ကိစ္စတွေ… ကိုယ်ပိုင်အရည်အချင်းနဲ့ လုပ်ငန်းခွင်မှာနေရာရအောင် မလုပ်နိုင်တဲ့အခါ အထက်လူကြီးအကြိုက်လိုက်ပြီး ဖားယား(Froging) လုပ်ပြီးနေရာယူတာတွေကိုတွေ့နေ ရတယ်… အဲဒီရဲ့နောက်ဆက်တွဲက တကယ်အရည်အချင်းလဲရှိပြီး အမှားကို အမှားလို့ပြောရဲဆိုရဲရှိတဲ့ လူတွေနေရာမရတာပါပဲ… လုပ်ငန်းငယ်လေးတွေကျဆုံးရတဲ့ပြသနာတစ်ခု…

    နောက်တစ်ခုက လုပ်ငန်းခွင်အတွင်း ပုဂ္ဂိုဟ်ရေးရာသိသိသာသာအရေးပေးမှု…
    လူမှန်ရင်တော့ ဘက်လိုက်တတ်တာသဘာဝပါပဲ…
    အပေါ်က အကြောင်းအရာကို ကြည့်ရင်…
    လုပ်ငန်းတစ်ခုရဲ့ခေါင်းဆောင်ဖြစ်တဲ့ အန်တီကြီးဆိုသူက လက်အောက်ငယ်သားကို ဘယ်လောက်ပဲ အားကိုးရအားကိုးရ… ဘယ်လောက်ပဲ ယုံကြည်ရ… ယုံကြည်ရ… အဲဒီလောက်အထိအရေးပေး ဆက်ဆံတာ ကျန်တဲ့လူမှုရေးကိစ္စတွေအသာထားဦး… လုပ်ငန်းခွင်အတွက်အကြီးမားဆုံး အနှောက်အယှက်ပဲ… တိကျတဲ့တာဝန်ခွဲဝေမှုမလုပ်ဘဲနဲ့ စိတ်ခံစားမှုနဲ့ဆုံးဖြတ်တဲ့တာဝန်ခွဲဝေမှုက ဖွဲ့စည်းပုံမခိုင်မာတာကို ပြတာပဲ… အတော်ကြီးစိတ်ပျက်စရာကောင်းတဲ့ ဖွဲ့စည်းပုံဖြစ်နေတယ်… အဲဒီဗရမ်းဗဒါကိစ္စကို လူကြားကောင်းအောင် မိသားစုပုံစံအုပ်ချုပ်တယ်လို့ဆိုသတဲ့…
    မိသားစုက မိသားစု… အလုပ်က အလုပ်… ရောမရတဲ့ကိစ္စကို ရောကြပြန်သတဲ့…

    နောက်တစ်ခုက သူဌေးကို အီစီကလီကိစ္စ…
    ကိုယ်ပိုင်အရည်အချင်းမရှိတဲ့သူများ တိုးတက်ရာကို အမေပေးတဲ့အရင်းပြုတဲ့ကိစ္စ…
    ဦးနှောက်မသုံးဘဲ… ခန္ဓာကိုယ်နဲ့ရင်းချင်ရင်… ဆိပ်ကမ်းမှာကုန်ထမ်းတဲ့ အလုပ်ကြမ်းသမားအဆင့်ပဲရှိပါတယ်… ဒါကိုနားလည်သင့်တယ်…
    လုပ်ချင်ရင်တော့လုပ်ပေါ့လေ… သူ့အခွင့်အရေးပါပဲ…

    ပြောချင်တာတော့ပြောပြီးပီ… နန်းတော်ရာသူရေ…
    အားပေးသွားပါတယ်ခင်ဗျား…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

Leave a Reply